အခန်း (၂၄၃-၂၄၄)
Vol. 21 Ch. 243-244
ထာဝရသိုင်းတာအိုအရှင်
အခန်း (၂၄၃) - သူတော်စင်၏ သတိပေးချက်
ဘာသာပြန် - အားသစ်
“အစ်ကိုကြီး... လင်းဖုန်း ပြန်လာနေပြီ။ ဒီနေ့နေ့လယ် ပြန်ရောက်မယ်တဲ့”
ကျောက်ပိုင်ရှန်းတစ်ယောက် ကျောက်မိသားစု ဗီလာသို့ အပြေးအလွှား ပြန်လာသည်။
ကျောက်တုန်ရှန်း ပြန်ရောက်နေသည်မှာ အတန်ကြာပြီဖြစ်ကာ သူပြန်ရောက်သည်နှင့် လင်းမိသားစုအပေါ် စေတနာထားကြောင်းပြသရန် ပြတ်ပြတ်သားသား အရေးတယူပြု ဆောင်ရွက်ခဲ့သည်။ ဤသို့လုပ်ခြင်းက ကျောက်မိသားစု၏ ဂုဏ်သိက္ခာကို ထိခိုက်စေနိုင်သော်လည်း ဂုဏ်သိက္ခာက ဘာတန်ဖိုးရှိသနည်း။ ကျောက်မိသားစု ရှင်သန်ရပ်တည်ရေးထက် မည်သို့နှယ် ပိုအရေးကြီးနိုင်မည်နည်း။
ကျောက်တုန်ရှန်း၏ မျက်နှာက ချက်ချင်း ဝင်းပသွားသည်။ လင်းဖုန်း နောက်ဆုံးတော့ ပြန်လာပြီပဲ။
“အရမ်းကောင်းတယ် ပိုင်ရှန်း။ မင်း လင်းမိသားစုကို အောက်ကျခံခဲ့ရတာ တကယ်ကို ပင်ပန်းသွားပြီ။ ဒါပေမဲ့ ငါတို့လည်း ဘာမှမတတ်နိုင်ဘူး။ တစ်ကမ္ဘာလုံးဆိုင်ရာ သိုင်းပြိုင်ပွဲမှာ ပထမရပြီးတဲ့နောက် သိုင်းသမားတွေကြားမှာ လင်းဖုန်းရဲ့ သြဇာလွှမ်းမိုးမှုက ဘယ်လောက်ကြီးသွားလဲဆိုတာ မင်းသိမှာမဟုတ်ဘူး။ ငါတို့ ကျောက်မိသားစု ဒီတစ်ခါတော့ တကယ်ကို အမှားကြီးမှားခဲ့တာပဲ။ ဒါကို ပြန်ကုစားဖို့တွက် နည်းလမ်းရှာမှဖြစ်မှာ”
“အစ်ကိုကြီး... ဒါတွေအားလုံးက ကျွန်တော့်အပြစ်တွေပါ”
ကျောက်ပိုင်ရှန်းလည်း အလွန်အားနာနေမိသည်။ ကျောက်မိသားစု တိုးတက်ကြီးပွားလာခြင်းမှာ သာလွန်လူသား ကျောက်တုန်ရှန်းကြောင့်သာ ဖြစ်သည်။ မဟုတ်လျှင် ကျောက်မိသားစုအနေဖြင့် ဗဟိုပင်လယ်မြို့တွင် မည်သို့ အခြေချနိုင်မည်နည်း။
“ပိုင်ရှန်း... ဒါ မင်းအပြစ်မဟုတ်ပါဘူး။ ငါတို့ အမှားလုပ်ခဲ့ပြီးမှတော့ ပြန်ပြင်နိုင်ဖို့ပဲ စဉ်းစားရမယ်။ ကံကောင်းတာက ငါ အဖိုးအခတချို့ပေးပြီး ငါတို့အလွတ်တန်း ကျင့်ကြံသူများသမဂ္ဂက နတ်ဘုရားနယ်ပယ် သိုင်းသမားတစ်ယောက်ကို ကြားဝင်စေ့စပ်ညှိနှိုင်းပေးဖို့ ဖိတ်ထားတယ်။ နတ်ဘုရားနယ်ပယ် သိုင်းသမားတစ်ယောက် ရှေ့ထွက်လာရင် လင်းဖုန်းအနေနဲ့ အနည်းဆုံးတော့ မျက်နှာထောက်ရလိမ့်မယ်လို့ ငါယုံကြည်တယ်။ အဲဒီအခါကျရင် ငါတို့ ငြိမ်းချမ်းရေးယူဖို့ ဆွေးနွှေးလို့ရပြီ။ ငါတို့ဘက်က နည်းနည်းလောက်အရှုံးခံရရင်တောင် လင်းဖုန်းရဲ့ သြဇာကြောင့် ငါတို့မိသားစု ဗဟိုပင်လယ်မြို့မှာ ခြေကုပ်ယူလို့မရတော့တဲ့အထိ ဖြစ်လာနိုင်မယ့်အန္တရာယ်ကိုတော့ ရှောင်လွှဲနိုင်လိမ့်မယ်”
“အစ်ကိုကြီးပြောတာက မစ္စတာရှန်းလား”
“ဟုတ်တယ်။ ရှန်းယွမ်ထောင်က ငါတို့သမဂ္ဂထဲမှာ နာမည်ကြီးတဲ့ နတ်ဘုရားနယ်ပယ် သိုင်းသမားတွေထဲက တစ်ယောက်ပဲ။ သူရှိနေရင် ဘာပြဿနာမှ ရှိမှာမဟုတ်ဘူး။ ငါ မစ္စတာရှန်းကို ဆက်သွယ်ပြီး ဗဟိုပင်လယ်မြို့ကို အမြန်ဆုံးလာခဲ့ဖို့ ပြောလိုက်မယ်”
ကျောက်ပိုင်ရှန်း သက်ပြင်းအရှည်ကြီး ချလိုက်မိသည်။ ဤကိစ္စရပ်အားလုံးသည်ကား ကျောက်ဖိန်ကြောင့်သာ ဖြစ်၏။ ထိုသားမိုက်သာ မရှိလျှင် ကျောက်မိသားစုက လင်းမိသားစုနှင့် မည်သို့ကြောင့် ရန်သူဖြစ်လာမည်နည်း။
“အဖေ... ဦးလေး... လင်းမိသားစုနဲ့ ကိစ္စတွေ အဆင်ပြေသွားပြီလား”
ကျောက်ဖိန်မှာ ယခုအချိန်အထိ ပျော့တိပျော့ဖတ် ဖြစ်နေဆဲပင်။ အိပ်ရာက ထလာကာစပုံစံမျိုး ဖြစ်နေကာ စောစောက ဘယ်သွားပြီး လေလွင့်နေသည်မသိနိုင်ပေ။
“ငမိုက်သား၊ မင်း နောင်လည်း ဒီလိုပဲ နေ့တိုင်း စိတ်ထင်ရာ လျှောက်ကဲနေဦးမယ်ဆိုရင်တော့ ဘယ်သူမှ မင်းကို ကယ်နိုင်မှာမဟုတ်ဘူး”
ကျောက်ပိုင်ရှန်းတစ်ယောက် ကျောက်ဖိန်ကို မထိန်းချုပ်နိုင်တော့ပေ။ သူက သားဖြစ်သူကို ကောင်းစေချင်သော်လည်း ကျောက်ဖိန်၏ လက်ရှိအခြေအနေကို ပြောင်းလဲရန် ဘာမှမတတ်နိုင်တော့ပါချေ။ ထို့ပြင် ကျောက်ဖိန်က ကျောက်မိသားစု၏ တစ်ဦးတည်းသောသား အမွေဆက်ခံသူဖြစ်နေသဖြင့် သူ အလိုလိုက် အကြိုက်ဆောင်ခဲ့သည်။ ဤသည်က သူအလိုလိုက်ခဲ့ခြင်း၏ ရလဒ်ပင်။
“ပိုင်ရှန်း... ကျောက်ဖိန်ကို အမြန်ဆုံး အိမ်ထောင်ချပေးလိုက်။ ကျောက်မိသားစုရဲ့ မျိုးဆက်ကို အမြန်ဆုံး မွေးထုတ်ပေးနိုင်ရင် အကောင်းဆုံးပဲ”
ကျောက်တုန်ရှန်းက ကျောက်ဖိန်ကို အေးစက်စက် လှမ်းကြည့်လိုက်သည်။ သူသည် ထိုတူဖြစ်သူကို လုံးဝ လက်လျှော့ထားပြီဖြစ်သည်။ ကျောက်မိသားစုတွင် တခြား ယောက်ျားလေးမျိုးဆက်သာ ရှိခဲ့လျှင် ကျောက်ဖိန်ကဲ့သို့ အမှိုက်သရိုက်မျိုးကို မောင်းထုတ်လိုက်သည်မှာ ကြာလှပေမည်။
သို့သော် ယခုအချိန်တွင် ကျောက်ဖိန်က အိမ်ထောင်မရှိသေးသဖြင့် သူ ကလေးမရမချင်း ကျောက်ဖိန်ကို ကျောက်မိသားစုက ကာကွယ်ပေးထားရဦးမည်သာ။
...
“အရမ်း သက်သောင့်သက်သာ ရှိတာပဲ။ အသံထက် ငါးဆမြန်တဲ့ အရှိန်မှာတောင် ဒီလောက်ထိ တည်ငြိမ်နေသေးတာလား”
လင်းဖုန်းတစ်ယောက် ကျယ်ဝန်းပြီး သက်သောင့်သက်သာရှိသော ဆိုဖာပေါ်တွင် ထိုင်ရင်း လေသင်္ဘောအပြင်ဘက်မှ ရှုခင်းများကို ငေးမောကြည့်နေသည်။
အမှန်တကယ်တော့ အပြင်ဘက်တွင် အဖြူရောင်များသာ ရှိနေသဖြင့် ကြည့်စရာသိပ်မရှိလှပေ။ ထို့ပြင် အရှိန်ကလည်း အလွန်မြန်လှ၏။ အသံထက် ငါးဆမြန်သော အရှိန်တွင် လှပသော ရှုခင်းများရှိလျှင်ပင် မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားပေလိမ့်မည်။
ဤအရှိန်ဖြင့်ဆိုလျှင် နာရီအနည်းငယ်အတွင်း ဗဟိုပင်လယ်မြို့သို့ ပြန်ရောက်ပေလိမ့်မည်။
ထိုအချိန်တွင် လင်းဖုန်း၏ ဆက်သွယ်ရေးကိရိယာက ရုတ်တရက် မြည်လာသည်။ နံပါတ်စိမ်းတစ်ခုပင်။ သို့သော်ငြား လင်းဖုန်း ကိုင်လိုက်သည်။
“လင်းဖုန်း... မဆိုးဘူး၊ မဆိုးဘူး။ မင်းက တကယ်ကို ငါအထင်ကြီးရကျိုးနပ်တဲ့သူပဲ။ ဟားဟား... မင်းက ငါ့ရဲ့ အနန္တလမ်းစဉ်အကယ်ဒမီနဲ့ ငါ့ကို တကယ်ဂုဏ်တက်အောင် လုပ်ပေးလိုက်တာပဲကွ”
“ကျောင်းအုပ်ကြီး”
လင်းဖုန်း ထိုအသံကို မမှတ်မိဘဲ မနေပေ။ ထိုအသံပိုင်ရှင်ကား အနန္တလမ်းစဉ်အကယ်ဒမီ၏ ကျောင်းအုပ်ကြီး၊ ကမ္ဘာ့သူတော်စင်ကိုးပါးထဲမှ တစ်ပါးအပါအဝင်ဖြစ်သော ပြိုင်ဘက်ကင်းလက်သီးသူတော်စင်ပင်။
“သူတော်စင်ခန်းက ငါ့ကို အခြေခံအကြောင်းအရာတွေကို အကြမ်းဖျဉ်းပြောပြပြီးပြီ။ မင်း ဒီတစ်ခေါက် တကယ်ကို ကောင်းကောင်းလုပ်နိုင်ခဲ့တာပဲ။ အကျိုးကျေးဇူးတွေလည်း အများကြီး ရခဲ့တယ်။ သုံးလခွင့်ကို ငါခွင့်ပြုပေးလိုက်ပြီနော်။ ဗဟိုပင်လယ်မြို့ရဲ့ ကိုယ်စားလှယ်ရာထူးကို လက်ခံဖို့ကိစ္စကလည်း ဘာပြဿနာမှ မရှိဘူး။ မင်းရဲ့ အချက်အလက်တွေကို ဗဟိုပင်လယ်မြို့ရဲ့ ဥပဒေစိုးမိုးရေးအဖွဲ့ဆီ ပို့ထားပြီးပြီ။ မင်း အချိန်မရွေး တာဝန်စထမ်းဆောင်လို့ ရတယ်”
“ကျေးဇူးတင်ပါတယ် ကျောင်းအုပ်ကြီး”
“ကျေးဇူးတင်စရာ မလိုပါဘူး။ ဒါ မင်းနဲ့ ထိုက်တန်တဲ့အရာပဲ။ ဒါပေမဲ့ မင်းလည်း အချိန်ကို အကျိုးရှိရှိ အသုံးချပြီး ကျင့်ကြံဖို့မမေ့နဲ့ဦး။ ပေါ့ပေါ့ဆဆ မနေနဲ့။ တတိယအကြိမ် အသက်ဝိညာဉ် အသွင်ပြောင်းလဲမှုကို အမြန်ဆုံးလုပ်နိုင်အောင် ကြိုးစားပါ။ အကြီးအကဲခန်းကတော့ မင်းကို ဆယ်ယောက်မြောက် သူတော်စင်ဖြစ်လာဖို့ အခွင့်အရေး အများကြီးရှိတယ်လို့ ယူဆထားတယ်”
လင်းဖုန်းလည်း အံ့အားသင့်သွားသည်။ သူတော်စင်ခန်းက သူ့အပေါ် ဤမျှအထိ အထင်ကြီးလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
“ဒါနဲ့ နောက်ထပ် သတိထားရမယ့် ကိစ္စတစ်ခု ရှိသေးတယ်။ တစ်ကမ္ဘာလုံးဆိုင်ရာသိုင်းပြိုင်ပွဲမှာ မင်း နာမည်ကြီးသွားတာကြောင့် တချို့လူတွေရဲ့ အာရုံစိုက်မှုကို မင်း ခံနေရပြီ။ အထူးသဖြင့် အချိန်တိုအတွင်းမှာ ဒုတိယအကြိမ် အသက်ဝိညာဉ် အသွင်ပြောင်းလဲပြီး နတ်ဘုရားနယ်ပယ် သိုင်းသမား ဖြစ်လာတာမျိုးပေါ့။ သူတော်စင်ခန်းနဲ့ ငါက မင်းကို ကာကွယ်ပေးမှာဆိုပေမဲ့ တစ်ခါတလေကျရင် ငါတို့ လက်လှမ်းမမီတဲ့ အရာတွေ ရှိတတ်တယ်။ ဒါကြောင့် မင်း သတိထားရမယ်။ အလင်းရှိတဲ့နေရာမှာ အမှောင်လည်း ရှိစမြဲပဲ။ ကျွမ်းကျင်သူတိုင်းက ထိပ်ဆုံးကို ရောက်ဖို့အတွက် အခက်အခဲပေါင်းစုံကို ကျော်ဖြတ်ရတယ်။ မင်းလည်း ကျော်ဖြတ်နိုင်မယ်လို့ ငါယုံကြည်တယ်”
“နားလည်ပါပြီ။ သတိပေးချက်အတွက် ကျေးဇူးတင်ပါတယ် ကျောင်းအုပ်ကြီး”
ဆက်သွယ်ရေးကိရိယာကို ပိတ်လိုက်ပြီးနောက် လင်းဖုန်း၏ မျက်နှာက တဖြည်းဖြည်း တည်ကြည်သွားသည်။
ပြိုင်ဘက်ကင်းလက်သီးသူတော်စင်က သူ့ကို ဗဟ်ုပင်လယ်မြို့၏ ကိုယ်စားလှယ်အဖြစ် တရားဝင် ခန့်အပ်လိုက်သည်မှလွဲ၍ အရေးကြီးဆုံးအချက်မှာ အချို့သော လူများနှင့် အဖွဲ့အစည်းများက သူ့အပေါ် တစ်မျိုးတစ်ဖုံ ကြံစည်နေနိုင်ကြောင်း သတိပေးခြင်း ဖြစ်သည်။
လင်းဖုန်း သူတော်စင်ခန်း၊ ပြိုင်ဘက်ကင်းလက်သီးသူတော်စင်တို့နှင့် အကြိမ်အနည်းငယ်သာ ဆုံဖူးသော်လည်း သူတို့ကို အလွန်ယုံကြည်သည်။ အမှန်တကယ်တန်းတွင် သူတော်စင်ခန်းနှင့် သူတော်စင်ယွမ်ယီတို့အနေဖြင့် သူ့ခန္ဓာကိုယ်ထဲတွင် ကြယ်တာရာစွမ်းအား လုံးဝမရှိသည်ကို တွေ့ရှိထားလောက်သော်လည်း သူတို့ ဘာမှမမေးမြန်းခဲ့ကြပေ။
ဤသည်က သူ့ကို ကာကွယ်ပေးနခြင်းသာ ဖြစ်၏။
သို့သော် ဤကမ္ဘာပေါ်တွင် အလင်းရှိလျှင် အမှောင်လည်း ရှိစမြဲဖြစ်သည်။ သူတော်စင်ကိုးပါးက ဂုဏ်သိက္ခာကြီးမားပြီး အစွမ်းထက်ကြကာ သူတို့ ရနိုင်သမျှ အင်အားစုအားလုံးကို စုစည်းရန် အကောင်းဆုံး ကြိုးစားနေကြသည်။ အဖွဲ့အစည်းကြီး ငါးခုကလည်း လူ့အသိုင်းအဝိုင်းကို သိုင်းပညာခေတ်သို့ လုံးဝရောက်ရှိသွားအောင် တွန်းပို့နေကြသည်။
သို့သော်လည်း သူတို့၏ ကိုယ်ပိုင်အကျိုးစီးပွားအတွက် အရာအားလုံးကို လျစ်လျူရှုမည့် အဖွဲ့အစည်းတချို့နှင့် လူတချို့ကမူ အမြဲရှိနေမည်သာ။ ထိုသည်ကား လူသားတို့၏ သဘာဝဖြစ်သဖြင့် ဖယ်ရှားပစ်ရန် မဖြစ်နိုင်ပေ။
ယခင်ကဆိုလျှင် လင်းဖုန်း အနည်းငယ် ထိတ်လန့်မိကောင်း ထိတ်လန့်မိပေလိမ့်မည်။ သို့သော် ယခုမူ... လင်းဖုန်းအနေဖြင့် ဒုတိယအကြိမ် အသက်ဝိညာဉ် အသွင်ပြောင်းလဲမှုကို ပြီးမြောက်ထားပြီး တိုက်ပွဲဝင်ခန္ဓာကိုယ်ကိုလည်း အောင်အောင်မြင်မြင် ကျင့်ကြံထားပြီးဖြစ်သည်။ သူ ဘယ်သူ့ကို ကြောက်ရဦးမည်နည်း။
ထိုလူများ ရောက်မလာလျှင် ကိစ္စမရှိသော်လည်း တကယ်သာ ရောက်လာခဲ့ပါက သူ အလျှော့ပေးလိမ့်မည် မဟုတ်ပေ။
အသံထက် ငါးဆမြန်သော လေသင်္ဘောက လူသားမြို့ကြီးများဆီသို့ အလျင်အမြန် ရောက်ရှိလာပြီး နာရီအနည်းငယ်အတွင်း ဗဟိုပင်လယ်မြို့သို့ ဆိုက်ရောက်လာသည်။
တစ်နှစ်အကြာတွင် လင်းဖုန်း နောက်ဆုံး၌ ဗဟိုပင်လယ်
မြို့သို့ ပြန်ရောက်လာခဲ့လေပြီ။ ရင်းနှီးပြီးသား မြို့ပြ၊ လမ်းမများနှင့် ရှုခင်းများကို ကြည့်ရင်း လင်းဖုန်း စိတ်လှုပ်ရှားမှုကို မထိန်းချုပ်နိုင်တော့ပေ။
ဗဟိုပင်လယ်မြို့မှ ထွက်ခွာခဲ့စဉ်က သူသည် မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်ပြီး မွေးရာပါ ရောဂါဆန်းကို ကုသမည်ဟု ကျိန်ဆိုခဲ့၏။ တစ်နှစ်အတွင်း၌ပင် လင်းဖုန်း မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖြတ်နိုင်ရုံသာမက နတ်ဘုရားနယ်ပယ် သိုင်းသမားတစ်ဦးပင် ဖြစ်လာလိမ့်မည်ဟု မည်သူ ထင်ထားမည်နည်း။
လောကကြီး၏ အခွင့်အလမ်းများက အံ့ဩစရာ ကောင်းလှပေသည်။ ယခု ပြန်စဉ်းစားကြည့်လျှင် လင်းဖုန်းကိုယ်တိုင်ပင် အိပ်မက်မက်နေသကဲ့သို့ ခံစားနေရသည်။
လေသင်္ဘောက အရှိန်လျှော့ကာ အမြင့်ကို နိမ့်ချလိုက်ပြီး လင်းမိသားစု ဗီလာဧရိယာဆီသို့ ဖြည်းဖြည်းချင်းပျံသန်းလာသည်။
မူလကပင် လေသင်္ဘောများမှာ တွေ့ရခဲလှ၏။ ထို့ပြင် ဤလေသင်္ဘောက နက်ပြာလုပ်ငန်းစု၏ နောက်ဆုံးပေါ် မော်ဒယ်ဖြစ်သဖြင့် လေသင်္ဘော၏ ပြောင်လက်လှပသော ပုံစံက အလွန်မျက်စိကျစရာ ကောင်းလှသည်။ မကြာမီ လူများစွာက ပျံသန်းလာသော လေသင်္ဘောကို သတိပြုမိသွားကြသည်။
ဗဟိုပင်လယ်မြို့သည် စီးပွားရေးအရ အလွန်ဖွံ့ဖြိုးပြီး ချမ်းသာသော စီးပွားရေးသမားများစွာ ရှိသဖြင့် လေသင်္ဘောအကြီးစားများကို တွေ့ရလေ့ရှိသော်လည်း ဤကဲ့သို့သော ကိုယ်ပိုင်လေသင်္ဘောအသေးစားကမူ အလွန်တွေ့ရခဲလှသည်။
အထူးသဖြင့် ကိုယ်ပိုင်လေသင်္ဘောဆိုသည်က ငွေရှိရုံနှင့် ဝယ်ယူ၍မရဘဲ အဆင့်အတန်းတစ်ခုရှိရန် လိုအပ်နေသေးသည်။
“ဒါ ဘယ်လိုလေသင်္ဘောမျိုးလဲ။ အရင်က တစ်ခါမှ မမြင်ဖူးဘူး”
“ပုံစံက တကယ်ကို လန်းတာပဲ။ ရှဲ့မိသားစုက အမွေဆက်ခံသူရဲ့ အရုပ်သစ်များလား”
“ဟမ့်... အရုပ်သစ် ဟုတ်လား။ ငါပြောပြမယ်... ဒီလေသင်္ဘောတစ်စင်းတည်းတင် ရှဲ့မိသားစု ပိုင်ဆိုင်မှုရဲ့ ဆယ်ပုံတစ်ပုံလောက် တန်တယ်။ နောက်ပြီးတော့ ငွေရှိရုံနဲ့ ဝယ်လို့ရတာ မဟုတ်ဘူးကွ။ ဒါက နက်ပြာလုပ်ငန်းစုရဲ့ နောက်ဆုံးပေါ် မော်ဒယ်ဖြစ်သလို အခမ်းနားဆုံး လေသင်္ဘောပဲ။ ဒါကို အများပြည်သူကို မရောင်းဘူး။ အစွမ်းထက်တဲ့ သိုင်းသမားတွေ ဒါမှမဟုတ် အဆင့်မြင့် နိုင်ငံရေးသမားတွေကိုပဲ ရောင်းတာကွ”
“မဖြစ်နိုင်တာ... ရှဲ့မိသားစုရဲ့ အမွေဆက်ခံသူတောင် ဒီလေသင်္ဘောကို မဝယ်နိုင်ဘူးလား”
“မဝယ်နိုင်ရုံတင်မကဘူး၊ သူက ဝယ်ဖို့ အရည်အချင်းတောင် မပြည့်မီနေဘူးဟ”
“အစွမ်းထက်တဲ့ သိုင်းသမားတစ်ယောက်က ဝယ်လိုက်တာ ဖြစ်ရမယ်။ အစွမ်းထက်တဲ့ သိုင်းသမားတွေပဲ ဒီလောက်အဆင့်မြင့်တဲ့ ကိုယ်ပိုင်လေသင်္ဘောကို ဝယ်နိုင်လောက်အောင် ကြွယ်ဝကြတာ”
ဗီလာဧရိယာဘက်သို့ ဦးတည်ပျံသန်းလာသော လေသင်္ဘောကို မြင်သောအခါ လူအများအပြားမှာ ဓာတ်ပုံရိုက်ပြီး လေသင်္ဘောနှင့် ပတ်သက်သည့် အချက်အလက်များကို အင်တာနက်ပေါ်တွင် မေးမြန်းစုံစမ်းကြလေတော့သည်။
အင်တာနက်ပေါ်တွင် တကယ်ကို တတ်သိနားလည်သူများစွာ ရှိနေကြသည်။ လုပ်ငန်းခွင်မှ ဝါရင့်ပုဂ္ဂိုလ်တစ်ဦးက ဤလေသင်္ဘောမှာ မည်မျှအဖိုးတန်ကြောင်း ရှင်းပြသည်။ တစ်ခဏအတွင်းတွင်ပင် လူတိုင်း၏ အာရုံစိုက်မှုက ထိုလေသင်္ဘောပိုင်ရှင်ဆီသို့ ရောက်ရှိသွားတော့သည်။
ဗဟိုပင်လယ်မြို့မှ မည်သူက ဤမျှ အဖိုးတန်သော ကိုယ်ပိုင်လေသင်္ဘောကို ဝယ်ယူနိုင်စွမ်းရှိသနည်း။
ထာဝရသိုင်းတာအိုအရှင်
အခန်း (၂၄၄) - ငါ ပြန်ရောက်ပြီ
ဘာသာပြန် - အားသစ်
အချိန်ကား နေမွန်းတည့်ချိန်ပင်။ လင်းမိသားစု ဗီလာတွင် လင်းဇနီးမောင်နှံနှစ်ဦးက လင်းဖုန်း ပြန်လာမည့်အရေးအတွက် တစ်မနက်လုံး ပျားပန်းခက်မျှ ပြင်ဆင်နေကြသည်။
လင်းချန်သည်လည်း အထူးတလည်ပင် လှပအောင် ပြင်ဆင်ထားသည်။ သူမတွင် အစ်ကိုသုံးယောက် ရှိသည့်အနက် တတိယအစ်ကိုဖြစ်သူ လင်းဖုန်းနှင့်က အရင်းနှီးဆုံး ဖြစ်၏။ ထို့ပြင် လင်းဖုန်းက သူမကို အသက်ဘေးမှ ကယ်တင်ပေးခဲ့ဖူးသည် မဟုတ်ပါလော။
အစ်ကိုကြီးဖြစ်သူ လင်းယုံပင် ကုမ္ပဏီမှ အစည်းအဝေးများကို ရွှေ့ဆိုင်းကာ လင်းဖုန်းကို ကြိုဆိုရန် အိမ်သို့ အထူးတလယ် ပြန်လာခဲ့သည်။
“အခု နေ့လယ်တောင် ရောက်နေပြီ။ တတိယညီက ဘာလို့ ငါတို့ကို အကြောင်းမပြန်သေးတာပါလိမ့်” အကြီးဆုံးသား လင်းယုံက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
လင်းချန်က ရုတ်တရက် ပြောလာသည်။ “အဖေနဲ့ အမေ... အစ်ကိုငယ်ရဲ့ကို အရင်မေးကြည့်ပါလား၊ သူ လေသင်္ဘောပေါ်က ဘယ်အချိန် ဆင်းမလဲဆိုတာလေ။ သမီးတို့ သွားကြိုလို့ ရတာပေါ့”
“ဟုတ်သားပဲ... ငါတို့က ဝမ်းသာအားရ ဖြစ်နေတာနဲ့ ဘယ်အချိန် လေဆိပ်ကို ရောက်မလဲဆိုတာတောင် မေးဖို့ မေ့သွားတယ်၊ အခုချက်ချင်း ဆက်လိုက်မယ်” အဖေလင်းက သူ့နဖူးကို ပုတ်ရင်း ပြောလိုက်သည်။ သူတကယ်ပျော်ရွှင်နေခြင်းပင်။ လင်းဖုန်း ပြန်လာမည်ဆိုလျှင် လေသင်္ဘော စီးလာမည်မှာ သေချာသည်။ သို့သော် အဖေလင်းက အချိန်ကိုလည်း မမေးမိသလို မည်သည့်လေဆိပ်သို့ ဆင်းမည်ကိုလည်း မမေးမိခဲ့ပေ။
ဗဟိုပင်လယ်မြို့တွင် လေဆိပ်စုစုပေါင်းသုံးခု ရှိသည် မဟုတ်ပါလား။
အဖေလင်းက လင်းဖုန်းထံ ဆက်သွယ်ရန် ပြင်နေစဉ်မှာပင် အပြင်ဘက်မှ လူများစွာက အိမ်ရှေ့သို့ အပြေးအလွှား ရောက်ရှိလာကြသည်။ သူတို့၏ မျက်နှာပေါ်တွင် စိတ်လှုပ်ရှားမှု အရိပ်အယောင်များပင် တွေ့နေရသည်။
“ဘာဖြစ်ကြတာလဲ”
လင်းမိသားစုဝင်များအားလုံး အနည်းငယ် ဇဝေဇဝါ ဖြစ်သွားကြသည်။ ထို့နောက် လင်းချန်က အပြင်သို့ ထွက်ကာ ခေါင်းမော့ကြည့်လိုက်သည်။ သူမ ချက်ချင်း ပါးစပ်အဟောင်းသား ဖြစ်သွားကာ အံ့ဩတကြီး အော်ဟစ်လိုက်သည်။ “အဖေနဲ့ အမေ... အမြန်လာကြည့်ကြပါဦး။ ဘယ်လောက်တောင် လှလိုက်တဲ့ လေသင်္ဘောလဲ”
“လေသင်္ဘောလား... ငါတို့ ဗီလာဧရိယာထဲမှာ ဘာလို့ လေသင်္ဘော ရှိနေရတာလဲ”
လင်းမိသားစုမှာ အလွန်အံ့အားသင့်သွားကာ အိမ်တံခါးအပြင်ဘက်သို့ အားလုံး ထွက်ကြည့်လိုက်ကြသည်။
ထိုအချိန်တွင် သူတို့အားလုံး မလှမ်းမကမ်းတွင် ပျံသန်းလာနေသော ၁၀ မီတာကျော်ခန့်မြင့်သည့် လေသင်္ဘောတစ်စင်းကို တွေ့လိုက်ရသည်။ ဤကဲ့သို့သော လေသင်္ဘောအသေးစားမျိုးက တွေ့ရခဲသော်လည်း လင်းမိသားစုမှာ သာမန်လူများ မဟုတ်ကြပေ။ ထို့ကြောင့် ဤလေသင်္ဘောက အဆင့်အတန်း မြင့်မားကြောင်း တစ်ချက်ကြည့်ရုံဖြင့် သိလိုက်ကြသည်။
ဒါက ကိုယ်ပိုင်လေသင်္ဘော ဖြစ်ရမယ်။
ဗဟိုပင်လယ်မြို့တစ်ခုလုံးတွင် ကိုယ်ပိုင်လေသင်္ဘော ပိုင်ဆိုင်နိုင်သည့် လူအရေအတွက်က လက်ချိုးရေတွက်၍ပင် ရသည်။
“ဘယ်လောက် လှတဲ့ လေသင်္ဘောလဲ။ အစ်ကိုကြီး... အစ်ကိုကြီးကရော ဒီလိုလေသင်္ဘောမျိုး ဘယ်တော့ ဝယ်နိုင်မှာလဲ။ ကျွန်မကို ကိုယ်ပိုင်လေသင်္ဘောဆိုတာ ဘယ်လိုမျိုးလဲဆိုတာ ပျော်ပျော်ကြီး ကြည့်ခွင့်ပေးပါဦး” လင်းချန်က အားကျစွာ ပြောလိုက်သည်။
လင်းယုံက ခပ်ဖျော့ဖျော့ပြုံးရင်း ခေါင်းခါပြလိုက်သည်။ “ကိုယ်ပိုင်လေသင်္ဘော ဝယ်နိုင်လောက်အောင် အစ်ကို့မှာ ပိုက်ဆံအများကြီး မရှိပါဘူး။ ပြီးတော့ ကိုယ်ပိုင်လေသင်္ဘောဆိုတာ ပိုက်ဆံရှိရုံနဲ့ ဝယ်လို့ရတဲ့အရာ မဟုတ်ဘူး။ အစွမ်းထက်တဲ့ သိုင်းသမားတွေပဲ ဝယ်လို့ရတာ။ ဒါပေမဲ့ အဲဒါတွေက အခြေခံအားဖြင့် နတ်ဘုရားနယ်ပယ် သိုင်းသမားတွေပဲလေ။ ဥပမာအနေနဲ့ ဗဟိုပင်လယ်မြို့ ကိုယ်စားလှယ်တော်ရဲ့ ကိုယ်ပိုင်လေသင်္ဘောကို အစ်ကို မြင်ဖူးတယ်”
လင်းယုံမှာ အတွေ့အကြုံ ဗဟုသုတ ကြွယ်ဝသူ ဖြစ်သည်နှင့်အညီ ကိုယ်ပိုင်လေသင်္ဘော ပိုင်ဆိုင်ခြင်းက မည်သည့် အဓိပ္ပာယ်ရှိကြောင်း သူ သိသည်။ ယင်းက ငွေရှိရုံနှင့် ဝယ်ယူ၍ ရနိုင်သောအရာ မဟုတ်ပေ။
ဗဟိုပင်လယ်မြို့ရှိ သာမန်သူဌေးကြီးများက စူပါကားများကိုသာ ပြိုင်ဆိုင်နိုင်ကြသော်လည်း ပြိုင်ကားတစ်စီး မည်မျှပင် မြန်နေပါစေ၊ ကိုယ်ပိုင်လေသင်္ဘောနှင့် ယှဉ်လျှင် ဘာမှမဟုတ်ပါချေ။ ယင်းတို့နှစ်ခုကား နှိုင်းယှဉ်၍ပင် မရချေ။
“ဟင်... အဲဒီလေသင်္ဘောက ဘာလို့ ငါတို့ ဗီလာရှေ့မှာ ဆင်းနေတာလဲ”
လေသင်္ဘော တဖြည်းဖြည်း ဆင်းသက်လာပြီး လင်းမိသားစု ဗီလာရှေ့တွင် ရပ်လိုက်သည်ကို လင်းချန် တွေ့လိုက်ရသည်။
ဤကဲ့သို့သော လေသင်္ဘောက ဗီလာဧရိယာအတွင်းရှိ လုံခြုံရေးဝန်ထမ်းများ၏ အာရုံစိုက်မှုကို သဘာဝကျကျပင် ဆွဲဆောင်နိုင်လိုက်သည်။ ပုံမှန်အခြေအနေအရ အပြင်ကားများပင်လျှင် ဗီလာဧရိယာအတွင်း ဝင်ရောက်ရန်အတွက် အထောက်အထားပြရသည်။ မည်သို့ပင်ဆိုစေ ဤနေရာက အဆင့်မြင့်ဗီလာနယ်မြေ ဖြစ်သည်မဟုတ်ပါလော။ ဤနေရာတွင် နေထိုင်သူများအားလုံးမှာ ချမ်းသာသူများ မဟုတ်လျှင် အဆင့်အတန်း မြင့်မားသူများ ဖြစ်ကြသဖြင့် လုံခြုံရေးအရ ပေါ့ပေါ့ဆဆလုပ်၍ မရနိုင်ပေ။
သို့သော် ထိုလုံခြုံရေးဝန်ထမ်းများက ဤကိုယ်ပိုင်လေသင်္ဘောနောက်သို့ လိုက်လာခဲ့ကြသော်လည်း အနားသို့ မချဉ်းကပ်ဝံ့ကြပေ။
ဝူး...
ရုတ်တရက် လေသင်္ဘောက အနည်းငယ် တုန်ခါသွားပြီး တံခါးပွင့်လာသည်။ ထို့နောက် လေသင်္ဘောအတွင်းမှ လူရိပ်တစ်ခု ထွက်ပေါ်လာသည်။
“ဒါက...”
“သိုင်းသမားတစ်ယောက်ပဲ၊ သာလွန်လူသားတစ်ယောက်ဟ”
“ဟုတ်တယ်... သာလွန်လူသားတွေပဲ လေထဲမှာ လမ်းလျှောက်နိုင်တာ။ ဒါပေမဲ့ ဒီလူက ဘာလို့ ဒီလောက် ငယ်နေရတာလဲ။ ပြီးတော့ သူ့ကြည့်ရတာ အရမ်းရင်းနှီးနေသလိုပဲ”
“ဟားဟား... ရင်းနှီးရုံတင် ဘယ်ကမလဲ။ သူက ငါတို့ ဗဟိုပင်လယ်မြို့ကြီးရဲ့ ဂုဏ်ဆောင်လေ။ တစ်ကမ္ဘာလုံးဆိုင်ရာ သိုင်းပညာပြိုင်ပွဲကို မေ့သွားပြီလား”
“တစ်ကမ္ဘာလုံးဆိုင်ရာသိုင်းပညာပြိုင်ပွဲ ဟုတ်လား...အေး ဟုတ်သားပဲကွ၊ မင်းပြောမှ မှတ်မိတော့တယ်။ ဒါက လင်းဖုန်းပဲဟ။ တစ်ကမ္ဘာလုံးဆိုင်ရာသိုင်းပြိုင်ပွဲရဲ့ ပထမဆုရှင်လေကွာ။ သူက ဗဟိုပင်လယ် လင်းမိသားစုက ထင်တယ်”
“တကယ်ကြီး လင်းဖုန်းပါလား။ သူ ပြန်လာပြီပဲ။ သူက ဒီလို ကိုယ်ပိုင်လေသင်္ဘောမျိုးကိုတောင် ပိုင်ဆိုင်ထားတာလား။ ဒါက ရိုးရိုးရှင်းရှင်းကိစ္စတော့ ဟုတ်မယ်မထင်ဘူးနော်...”
လူများစွာက လေသင်္ဘောပေါ်မှ ဆင်းလာသော ပုံရိပ်ကို ချက်ချင်းပင် မှတ်မိသွားကြသည်။
ထိုသူကား ဗဟိုပင်လယ်မြို့၏ ဂုဏ်ဆောင် လင်းဖုန်းပင်။ တစ်ကမ္ဘာလုံးဆိုင်ရာသိုင်းပညာပြိုင်ပွဲတွင် ပထမရရှိခြင်းက မည်သည့် အနုပညာရှင်ထက်မဆို များစွာ ပိုမိုကျော်ကြားစေသည်။ ဗဟိုပင်လယ်မြို့တွင် လင်းဖုန်းကိုမသိသူ တစ်ဦးမှမရှိပေ။
လေသင်္ဘောပေါ်မှ ဆင်းလာသူမှာ လင်းဖုန်း ဖြစ်သည်ကို မြင်လိုက်ရသောအခါ လင်းဇနီးမောင်နှံ၊ လင်းယုံနှင့် လင်းချန်တို့အားလုံး ကြောင်အမ်းသွားကြသည်။
လင်းချန်က ရုတ်တရက် အံ့ဩတကြီးဖြင့် အော်ဟစ်လိုက်မိသည်။ “အစ်ကိုငယ်... ဒါ တကယ်ပဲ အစ်ကိုလား”
လင်းယုံသည်လည်း သတိပြန်ဝင်လာကာ လေထဲမှ လူရိပ်ကို စေ့စေ့စပ်စပ် ကြည့်လိုက်သည်။
လင်းဖုန်း... ဟုတ်ပေသည်။ ထိုသူက သူ၏ တတိယညီလေး လင်းဖုန်းပင်။
ယခင်ကနှင့် နှိုင်းယှဉ်လျှင် လင်းဖုန်း၏ ရုပ်သွင်ကား နုပျိုနေဆဲ ဖြစ်သော်လည်း သူ့အကြည့်များကမူ အလွန် တည်ငြိမ်နက်ရှိုင်းနေသည်။ သူ့ခန္ဓာကိုယ်မှ တစ်မျိုးတစ်မည် ထူးကဲလှသော အရှိန်အဝါများ ထွက်ပေါ်နေသည်။ ယုံကြည်မှု၊ ခွန်အားနှင့် ရဲရင့်မှုတို့၏ အရှိန်အဝါပင်။
သူ ပြောင်းလဲသွားခဲ့လေပြီ။ ယခင်က ပိန်ပိန်ပါးပါးနှင့် ယဉ်ကျေးသိမ်မွေ့သော ပုံစံနှင့်ဆိုလျှင် မိုးနှင့်မြေလို လုံးဝခြားနားနေတော့သည်။
“ဖုန်းအာ... ဒါ တကယ်ပဲ မင်းလား” အမေလင်းတစ်ယောက် မျက်ရည်မကျဘဲ မနေနိုင်တော့ပေ။
ထိုစဉ်က လင်းဖုန်း အနန္တလမ်းစဉ်အကယ်ဒမီသို့ သွားမည်ကို သူမ သဘောမတူခဲ့ပေ။ လင်းဖုန်း၏ ခန္ဓာကိုယ်က အလွန်အားနည်းလှပြီး ထူးဆန်းသည့် ရောဂါတစ်မျိုးကိုလည်း ခံစားနေရသည်။ အနန္တလမ်းစဉ်အကယ်ဒမီတွင် အရာရာတိုင်းကို သူတစ်ယောက်တည်း ရင်ဆိုင်ရုန်းကန်ရမည်ဆိုပါက မည်မျှ ခက်ခဲလိုက်မည်နည်း။
မိခင်တစ်ဦးအနေဖြင့် အမေလင်းသည် လင်းဖုန်း ဤကဲ့သို့ ခက်ခဲကြမ်းတမ်းလှသည့် ဘဝအား ဖြတ်သန်းရမည်ကို မကြည့်ရက်နိုင်ခဲ့ပေ။
သို့သော် လင်းဖုန်းက နောက်ဆုံးတွင် သူမကို စိတ်မပျက်စေခဲ့ပေ။ လင်းမိသားစုကိုလည်း မျက်နှာမငယ်စေခဲ့ပေ။ သူ မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်ပြီး သူ၏ ရောဂါဆန်းကို ကုသနိုင်ခဲ့ရုံသာမက တစ်ကမ္ဘာလုံးတွင်ပင် ကျော်ကြားလာခဲ့သည်။ သူက ကမ္ဘာပေါ်ရှိ ပါရမီရှင်များစွာကို ရင်ဆိုင်အနိုင်ယူကာ တစ်ကမ္ဘာလုံးဆိုင်ရာသိုင်းပညာပြိုင်ပွဲတွင် ပထမဆုကို ဆွတ်ခူးနိုင်ခဲ့သည် မဟုတ်ပါလော။
အမေလင်းသည် ဤကဲ့သို့သော အောင်မြင်မှုနှင့် ဂုဏ်ယူမှုမျိုးကို အိပ်မက်ထဲ၌ပင် မမက်ရဲခဲ့ဖူးပေ။
လင်းဖုန်း လေထဲမှ တစ်လှမ်းချင်း ဆင်းလာသည်။ သူ့ရှေ့တွင်ရှိသော ရင်းနှီးသည့် မျက်နှာများကို စေ့စေ့စပ်စပ် ကြည့်လိုက်သည်။ သူ့မိဘများ၊ အစ်ကိုကြီးနှင့် ညီမလေး...သူတို့အားလုံးက သူ၏အရင်းနှီးဆုံး မိသားစုဝင်များပင်။
“အဖေ၊ အမေ... ကျွန်တော် ပြန်ရောက်ပါပြီ”
...
ဧည့်ခန်းထဲတွင် လင်းဖုန်း၊ သူ့မိဘများ၊ အစ်ကိုကြီး လင်းယုံနှင့် ညီမလေး လင်းချန်တို့ စုဝေးနေကြသည်။
လင်းဖုန်းက လေသင်္ဘောပေါ်မှ လက်ဆောင်ပစ္စည်း အများအပြားကို သယ်ချလာသည်။ ယင်းတို့အားလုံးက သူ့မိသားစုအတွက်ပင်။ သာမန်လူများအနေဖြင့် ထိုအရာများကို လိုချင်လျှင်ပင် ဝယ်ယူ၍ မရနိုင်ပေ။ သက်တမ်းရှည်စေသည့် ဆေးဝါးများနှင့် နုပျိုမှုကို ထိန်းသိမ်းပေးမည့် အရာများလည်း ပါဝင်၏။ ယင်းတို့ကို သူ့မိဘများအတွက် အထူး ပြင်ဆင်လာခဲ့ခြင်း ဖြစ်သည်။
ထို့ပြင် အလှစိုက်ပန်းပင်တချို့လည်း ပါသေးသည်။ ထိုအပင်တို့မှာ ပြင်ပနယ်မြေ၏ နက်ရှိုင်းသော နေရာများမှ ရရှိထားသည့် ရှားပါးပြီး အဖိုးတန်သော မျိုးစိတ်များ ဖြစ်ကြသည်။ လင်းချန်တစ်ယောက် ထိုပန်းပင်များကို အလွန်သဘောကျနေကာ လက်မှပင် မချနိုင်တော့ပေ။
လင်းယုံသည်လည်း ပုတီးစေ့တစ်ကုံးကို ရွေးချယ်လိုက်သည်။ ထိုပုတီးကုံးကို ဝတ်ဆင်ထားခြင်းဖြင့် စိတ်ကို ကြည်လင်လန်းဆန်းစေပြီး တက်ကြွမှုကို ခံစားရစေသည်။
ဤပစ္စည်းများက ဈေးနှုန်းသတ်မှတ်ထားသော်လည်း ဈေးကွက်တွင် ဝယ်ယူ၍ မရနိုင်ပေ။ ချမ်းသာသော သူများစွာအတွက် ငွေမည်မျှရှိပါစေ ဝယ်ယူဖို့ မဖြစ်နိုင်ကြပါချေ။ သူတို့အနေဖြင့် သိုင်းနယ်မြေကွန်ရက်သို့ ဝင်ရောက်ခွင့်ပင် မရှိသဖြင့် ဤပစ္စည်းများကို ဝယ်ယူရန် ဆိုသည်က ပို၍ပင် မဖြစ်နိုင်တော့ပေ။
သိုင်းသမားများက ထိုပစ္စည်းများကို အထူးတလည် ရောင်းချခြင်း ရှိ၊ မရှိ ဆိုသည်ကလည်း မဖြစ်နိုင်သလောက်ပင်။ အကျိုးပြုတန်ဖိုး တစ်ခုချင်းစီက သိုင်းသမားများအတွက် အလွန်အရေးကြီးလှသည်။ မည်သူက ငွေအနည်းငယ်အတွက်နှင့် အကျိုးပြုတန်ဖိုးများကို ဖြုန်းတီးပစ်မည်နည်း။
“ဖုန်းအာ... ဒီတစ်နှစ်အတွင်း မင်း တကယ်ကို ပင်ပန်းခဲ့မှာပဲ” အမေလင်းက လင်းဖုန်းကို သေချာကြည့်ရင်း ပြောလိုက်သည်။ လင်းဖုန်း အများကြီး ဒုက္ခခံခဲ့ရသည်ဟု သူမ ခံစားနေရသည်။
အဖေလင်းက ကျေနပ်စွာဖြင့် ပြောလာသည်။ “ဖုန်းအာ... မင်း တကယ်ကို ကြိုးစားခဲ့တာပဲ။ မင်း အိမ်ပြန်မလာနိုင်ခဲ့ပေမဲ့ မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်နိုင်ခဲ့ပြီး တစ်ကမ္ဘာလုံးဆိုင်ရာသိုင်းပညာပြိုင်ပွဲမှာလည်း ပထမရခဲ့တယ်။ လင်းကော်ပိုရေးရှင်းလည်း အခုဆို အများကြီး အခြေအနေကောင်းလာတယ်”
ဤသည်က ကျော်ကြားခြင်း၏ အကျိုးသက်ရောက်မှုပင်။
လင်းယုံတစ်ဦးသာ ပါးစပ်ဟလိုက်သော်လည်း ဘာမှ ပြောမထွက်ပေေ။
“အစ်ကိုကြီး... ဘာပြောချင်လို့လဲ”
လင်းဖုန်းက သူ့အစ်ကိုကြီး ပုံမှန်မဟုတ်သည်ကို သတိပြုမိသဖြင့် တိုက်ရိုက် မေးလိုက်သည်။
“လင်းဖုန်း... မင်း အခု သာလွန်လူသားတစ်ယောက် ဖြစ်နေပြီဆိုတာ အစ်ကိုသိပါတယ်။ ဒါပေမဲ့ အပြင်က လေသင်္ဘောက အရမ်းကို ထင်ပေါ်လွန်းနေတယ်။ သိုင်းပညာ အသိုင်းအဝိုင်းက ဘယ်လိုယူဆကြသလဲ အစ်ကို မသိပေမဲ့ ဗဟိုပင်လယ်မြို့မှာ သာလွန်လူသားတွေ အများကြီးရှိပေမဲ့ လေသင်္ဘောပိုင်တဲ့သူက လက်ချိုးရေလို့ ရတယ်။ ဗဟိုပင်လယ်မြို့ရဲ့ ဥပဒေစိုးမိုးရေး အဖွဲ့တစ်ခုလုံးမှာတောင် ကိုယ်စားလှယ်တော်တစ်ယောက်ပဲ လေသင်္ဘောရှိတာ၊ အဲဒါတောင် နှစ်ပေါင်းများစွာ စုဆောင်းပြီးမှ ဝယ်နိုင်တာလို့ သိရတယ်”
လင်းယုံက လင်းဖုန်းအတွက် စိုးရိမ်စိတ်ဖြင့် ပြောနေခြင်း ဖြစ်သည်။ အလွန်အမင်း ထင်ပေါ်လွန်းခြင်းက ကောင်းသည့်အရာ မဟုတ်ပေ။ လင်းဖုန်းမှာ သာမန် အသွင်ပြောင်းနယ်ပယ် သိုင်းသမားတစ်ဦးသာ ဖြစ်နေသေးသည်။ အကယ်၍ သူ ပိုင်ဆိုင်ထားသော လေသင်္ဘောက ကိုယ်စားလှယ်တော်ထက် သာလွန်နေမည်ဆိုပါက ကိုယ်စားလှယ်တော်၏ ဂုဏ်သိက္ခာကို ထိခိုက်စေနိုင်သည် မဟုတ်ပါလော။
လင်းဖုန်း၏ ကျော်ကြားမှုက ကြီးမားလှသော်လည်းအသွင်ပြောင်းနယ်ပယ် သိုင်းသမားတစ်ဦးသာ ဖြစ်သည်ဟူသော အချက်ကိုမူ မပြောင်းလဲနိုင်ပေ။
အဖေလင်းသည်လည်း ခေါင်းညိတ်ထောက်ခံလိုက်သည်။ သူက စီးပွားရေးလောကတွင် ဆယ်စုနှစ်များစွာ ကျင်လည်ခဲ့သူ ဖြစ်သည်။ သိုင်းသမားများ၏ အခြေအနေကို သူ မသိသော်လည်း သိုင်းသမားများသည်လည်း လူသားများပင် ဖြစ်ကြ၏။ ဤသည်က လူသားအချင်းချင်း ဆက်ဆံရာတွင် လိုက်နာရမည့် စည်းမျဉ်းသာ ဖြစ်သည်။ အလွန်အမင်း ထင်ပေါ်နေ၍ မရပေ။
မဟုတ်ပါက မလိုမုန်းထားသူများ ပေါ်လာဖို့က ပိုမို
လွယ်ကူပေလိမ့်မည်။
လင်းဖုန်းက စိတ်ထဲမထားဘဲ ပြုံးလျက် ပြောလိုက်သည်။
“အဖေတို့ စိုးရိမ်တာက ဟုတ်တော့ ဟုတ်ပါတယ်။ ဒါပေမဲ့ အခု ကျွန်တော်က ကိုယ်ပိုင်လေသင်္ဘော ပိုင်ဆိုင်ဖို့ အရည်အချင်း ပြည့်မီနေပါပြီ”
“ကျွန်တော်က ဗဟိုပင်လယ်မြို့ကြီးရဲ့ ကိုယ်စားလှယ်တော်အသစ်လေ”