← Chapters

အခန်း (၂၃၅-၂၃၆)

Vol. 21 Ch. 235-236

အခန်း (၂၃၅-၂၃၆)

Vol. 21 Ch. 235-236

အခန်း (၂၃၅) - ဒုတိယအကြိမ် အသက်ဝိညာဉ်အသွင်ပြောင်းလဲခြင်း

ဘာသာပြန် - အားသစ်

“ဒါက ဒီရေလှိုင်းတိုက်ပွဲဝင်ခန္ဓာကိုယ်လား”

လင်းဖုန်း သူ့လက်ကို မြှောက်လိုက်သည်။ သူ့လက်သည်ကား လက်ဝါးတစ်ချက်တည်းဖြင့်ပင် တောင်တစ်တောင်ကို အလွယ်တကူ ချေမွပစ်နိုင်သော ဧရာမလက်ကြီးအဖြစ် ပြောင်းလဲသွားခဲ့ပြီ ဖြစ်၏။ ထိုအခိုက်အတန့်တွင် လင်းဖုန်းသည် စွမ်းအင်စက်ရုံထဲ၌ မားမားမတ်မတ် ရပ်နေသော ဒဏ္ဍာရီလာ ဧရာမလူသန်ကြီးတစ်ဦးအလား ဖြစ်နေသည်။

စွမ်းအင်စက်ရုံက ကြီးမားလှသော်လည်း လက်ရှိ သူ၏ ဧရာမခန္ဓာကိုယ်ကြီးဖြင့် လှုပ်ရှားသွားလာရန်က သိပ်ပြီး အဆင်မပြေလှပေ။

အမြင့်မီတာ ၂၀၀ ဆိုသည်က အလွန်ပင် ကြောက်မက်ဖွယ်ကောင်းလှ၏။ ထိုအတိုင်းအတာသည်ကား အထပ်ငါးဆယ်မြင့်သော အဆောက်အအုံတစ်လုံးခန့် ရှိပေသည်။

“ကြယ်တာရာစွမ်းအား မရှိတော့ဘူး၊ တခြား ထူးထူးခြားခြား စွမ်းအားတွေလည်း မရှိဘူး၊ သန့်စင်တဲ့ ခွန်အားတစ်ခုပဲ... တိုက်ပွဲဝင်ခန္ဓာကိုယ်ရဲ့ ခွန်အားပဲ ရှိတော့တယ်”

လင်းဖုန်း တိုက်ပွဲဝင်ခန္ဓာကိုယ်ကို သေသေချာချာ ခံစားကြည့်နေဆဲပင်။ ဤတိုက်ပွဲဝင်ခန္ဓာကိုယ်က စင်စစ်တွင် သူ့ခန္ဓာကိုယ်သာ ဖြစ်၏။ ဤသည်ကား အတုအယောင်များ လုံးဝမပါသည့် အသွေးအသားဖြင့် ဖွဲ့စည်းထားသော အစစ်အမှန်ရုပ်ခန္ဓာပင်။ ဤတိုက်ပွဲဝင်ခန္ဓာကိုယ်သည် လင်းဖုန်း၏ မူလခန္ဓာကိုယ်မှ ဆင့်ကဲတိုးတက်ကြီးထွားလာခြင်းဖြစ်သည့်အတွက် ခန္ဓာကိုယ်အစိတ်အပိုင်းတိုင်းကို သူအပြည့်အဝထိန်းချုပ်နိုင်ပေသည်။

ထို့ပြင် ကြယ်တာရာစွမ်းအား သို့တည်းမဟုတ် အခြားသောစွမ်းအားများရှိသည့် သိုင်းသမားများနှင့်မတူပေ။ တိုက်ပွဲဝင်ခန္ဓာကိုယ်ပိုင်ဆိုင်ထားခြင်းက ကိုယ်ပိုင်ရုပ်ပိုင်းဆိုင်ရာခွန်အားကိုသာ သီးသန့် အားကိုးအားထားပြုသော ထိုကြမ်းကြုတ်သားရဲများနှင့် ဆင်တူပေ၏။ မိမိ၏ကိုယ်ပိုင်ခန္ဓာကိုယ်ကသာ အသန်မာဆုံးနှင့် အယုံကြည်ရဆုံးဖြစ်ပေသည်။

“ကျောက်ဖြစ်စေခြင်းအတတ်”

လင်းဖုန်း ကျောက်ဖြစ်စေခြင်းအတတ်ကို အသုံးပြုရန် ကြိုးစားလိုက်သော်လည်း မည်သည့် တုံ့ပြန်မှုမှ မရှိပေ။

“ချပ်ဝတ်”

မည်သည့် တုံ့ပြန်မှုမှ မရှိသေးပေ။

ထို့နောက် ထက်မြသောဦးချိုကလည်း တုံ့ပြန်မှု မရှိခဲ့ပေ။ တစ်ဖက်တွင် မသေနိုင်သော အစွမ်းသတ္တိအတွက်မူ လင်းဖုန်း၏ တိုက်ပွဲဝင်ခန္ဓာကိုယ်က မသေနိုင်သော အစွမ်းသတ္တိနှင့် ဆင်တူသည့် အံ့ဩဖွယ်ကောင်းသော ပြန်လည်ကုသနိုင်စွမ်း ရှိပုံရသည်။

သို့သော် ဤသည်က မသေနိုင်သော အစွမ်းသတ္တိမဟုတ်ကြောင်း လင်းဖုန်း အတပ်သိ၏။ ဒုတိယအကြိမ် အသက်ဝိညာဉ် အသွင်ပြောင်းလဲမှုအပြီးတွင် သူ၏ ယခင်မွေးရာပါစွမ်းရည်များအားလုံး ပျောက်ကွယ်သွားခဲ့လေပြီ။ တိတိကျကျဆိုရလျှင် ယင်းတို့ကား ပျောက်ကွယ်သွားခြင်းမဟုတ်ဘဲ သူ၏ တိုက်ပွဲဝင်ခန္ဓာကိုယ်ထဲသို့ လုံးလုံးလျားလျား ပေါင်းစပ်သွားခဲ့ခြင်းသာ ဖြစ်ပေ၏။

ဥပမာအားဖြင့် လင်းဖုန်း၏ လက်ရှိတိုက်ပွဲဝင်ခန္ဓာကိုယ်က ကာကွယ်ရေးတွင် အလွန်အမင်း အစွမ်းထက်လှသည်။ သူ ဒဏ်ရာရလျှင်ပင် ချက်ချင်း ပြန်လည် ကောင်းမွန်လာနိုင်သည်။ ဤသည်က ချပ်ဝတ်၊ ကျောက်ဖြစ်စေခြင်းအတတ်၊ မသေနိုင်သော အစွမ်းသတ္တိတို့နှင့် အလွန်ဆင်တူလှ၏။

ယင်းကား လင်းဖုန်းနှင့် အလွန်သင့်တော်လှသော ဒီရေလှိုင်းတိုက်ပွဲဝင်ခန္ဓာကိုယ်၏ ထူးခြားချက်ပင်။

ထိုသို့သော ဧရာမတိုက်ပွဲဝင်ခန္ဓာကိုယ်ကြီးက သာမန်လူသားတို့၏ အမြင်တွင် ကမ္ဘာမြေတစ်ခွင်လုံးကို တုန်လှုပ်စေနိုင်လောက်အောင် ကြီးမားနေပြီဖြစ်ရကား သမိုင်းမတင်မီခေတ်က ဧရာမသားရဲကြီးတစ်ကောင်နှင့်ပင် တူလှပေသည်။ သို့ပေသော်ငြား ကျယ်ပြောလှသော စကြဝဠာကြီးထဲတွင်မူ ထိုမျှလောက်ခန္ဓာကိုယ်ကား သမုဒ္ဒရာထဲမှ ရေတစ်စက်မျှသာဖြစ်ပြီး အလွန်တရာ သေးဖွဲသိမ်နုပ်လှ၏။

စကြဝဠာကျင့်စဉ်စနစ်တွင် တိုက်ပွဲဝင်ခန္ဓာကိုယ်ကသာ ကျင့်ကြံခြင်းအတွက် တစ်ခုတည်းသော အတိုင်းအတာစံနှုန်း ဖြစ်ပေသည်။ ဧရာမတိုက်ပွဲဝင်ခန္ဓာကိုယ်ကြီးမရှိဘဲ ကမ္ဘာကြီးကို ဖျက်ဆီးနိုင်သည့် စွမ်းအားများကို မည်သို့ သိုလှောင်ထားနိုင်မည်နည်း။

ထိုသို့မဟုတ်လျှင် ကျင့်ကြံခြင်းက အဓိပ္ပာယ်မဲ့ပြီး အပေါစားဆန်သွားပေလိမ့်မည်။

နတ်ဘုရားများဟု ခေါ်ကြသူများကား တကယ်တန်းတွင် ဖုန်မှုန့်လေးများကဲ့သို့ သေးဖွဲလှ၏။ သူတို့က ဂြိုဟ်တစ်လုံး သို့မဟုတ် ကြယ်တစ်လုံးကို မည်သို့ ဖျက်ဆီးပစ်နိုင်မည်နည်း။ ယင်းက မဖြစ်နိုင်ပေ။ သက်ရှိတစ်ယောက် မည်မျှပင် ပါရမီရှိပါစေ သူ့ခန္ဓာကိုယ်က ဂြိုဟ်တစ်လုံးကို ဖျက်ဆီးနိုင်သည့် စွမ်းအင်များကို သိုလှောင်ထားနိုင်ရန်ကမူ မဖြစ်နိုင်ပေ။

စကြဝဠာကျင့်စဥ်စနစ်ရှိ ကျင့်ကြံသူများပင်လျှင် တစ်မျိုးတစ်မည်အားဖြင့် သိပ္ပံနည်းကျ နိယာမများကို လိုက်နာကြရသည်။ အဘယ်ကြောင့်ဆိုသော် ကြယ်များအပါအဝင် အရာအားလုံးကို ဝါးမျိုနိုင်သော တွင်းနက်ကဲ့သို့ အစွမ်းထက်သည့် အရာတစ်ခုပင်လျှင် သာမန် ဂြိုဟ်တစ်လုံးထက် အဆပေါင်းများစွာ ပိုမိုကြီးမားနေသေးသောကြောင့်ပင်။

အရွယ်အစားက အရာအားလုံးကို မဆုံးဖြတ်နိုင်သော်လည်း ယင်းကို အခြေအနေတစ်ခုအထိ တိုင်းတာမှုစံနှုန်းတစ်ခုအဖြစ် အသုံးပြုနိုင်သည်။ လင်းဖုန်း၏ မီတာနှစ်ရာမျှသာမြင့်သော တိုက်ပွဲဝင်ခန္ဓာကိုယ်က စကြဝဠာကျင့်စဉ်စနစ်အောက်တွင် ဒုတိယအကြိမ် အသက်ဝိညာဉ် အသွင်ပြောင်းလဲထားသော သက်ရှိတစ်ဦးမျှသာ ဖြစ်ပေသည်။

ဤမျှ ကြီးမားသော ခန္ဓာကိုယ်ကြီးရှိနေစေကာမူ လင်းဖုန်း လှုပ်ရှားသွားလာရာတွင် အဆင်မပြေမှု စိုးစိမျှမရှိပေ။ ထိုအစား သူ အလွန်လျင်မြန်သွက်လက်နေသည်။

သေချာတာသည်က သွက်လက်မှုဆိုသည်မှာ နှိုင်းယှဉ်ချက်အရသာ ဖြစ်၏။

ဒီရေလှိုင်းတိုက်ပွဲဝင်ခန္ဓာကိုယ်၏ အဓိကအားသာချက်များကား ကာကွယ်ရေးနှင့် ခွန်အားသာ။ ခွန်အားအတွက် လင်းဖုန်းသည် ကိုးထပ်ခန္ဓာကိုယ်ကျင့်စဥ်ကို အသုံးပြုရန် ကြိုးစားကြည့်သော်လည်း တုံ့ပြန်မှု မရှိခဲ့ပေ။

အမှန်တကယ်တော့ ကိုးထပ်ခန္ဓာကိုယ်ကျင့်စဉ်က သာမန်လူ့ခန္ဓာကိုယ်ဖွဲ့စည်းပုံကို အခြေခံ၍ ပြိုင်ဘက်ကင်းလက်သီးသူတော်စင် ဖန်တီးထားသော သိုင်းပညာရပ်တစ်ခုသာ ဖြစ်သည်။ လင်းဖုန်း၏ လက်ရှိ မီတာနှစ်ရာမြင့်သော ခန္ဓာကိုယ်အတွက် ဘာအသုံးဝင်နိုင်မည်နည်း။

သို့သော် တိုက်ပွဲဝင်ခန္ဓာကိုယ်အတွက် လျှို့ဝှက်နည်းစနစ်များလည်း ရှိသည်။ တိုက်ပွဲဝင်ခန္ဓာကိုယ် လမ်းညွှန်ကျင့်စဥ်ထဲတွင် တိုက်ပွဲဝင်ခန္ဓာကိုယ်တိုင်း၌ ယင်းတို့၏ ကိုယ်ပိုင် လျှို့ဝှက်နည်းစနစ်များ ရှိကြ၏။ သို့သော် ထိုလျှို့ဝှက်နည်းစနစ်များအားလုံးက ပေါက်ကွဲထွက်ပေါ်စေသော စွမ်းအားအတွက် လျှို့ဝှက်နည်းစနစ်များသာ ဖြစ်ကြသည်။ ဥပမာအားဖြင့် လင်းဖုန်းသာ သူ့အသက်ကို ရင်းပြီး တိုက်ပွဲဝင်လိုပါက ဤပေါက်ကွဲထွက်စေသော လျှို့ဝှက်နည်းစနစ်များကို အသုံးပြုနိုင်သည်။ လင်းဖုန်းအနေဖြင့ ဒီရေလှိုင်းတိုက်ပွဲဝင်ခန္ဓာကိုယ်ကို အသုံးပြုရုံဖြင့် တိုက်ပွဲဝင်ခန္ဓာကိုယ်ထဲတွင် ပါဝင်သော စွမ်းအားအားလုံးကို ချက်ချင်း ထုတ်ဖော်နိုင်ပြီး ထူးကဲလှသည့် စွမ်းအားများကို ထုတ်ဖော်နိုင်ရန် တိုက်ပွဲဝင်ခန္ဓာကိုယ်ထဲရှိ စွမ်းအင် အစိတ်အပိုင်းတစ်ခုကိုပင် စတေးလိုက်နိုင်သည်။

သေချာတာသည်မှာ ထိုသို့ပြုခြင်းက တိုက်ပွဲဝင်ခန္ဓာကိုယ်ကို ထိခိုက်မှုတချို့ ဖြစ်စေမည် ဖြစ်သော်လည်း သာမန်ထက်ပို၍ ထူးကဲလှစွာ အစွမ်းထက်မည်လည်း ဖြစ်ပေသည်။

နည်းစနစ်များနှင့် ပတ်သက်၍ လက်တွေ့တွင်မူ တိုက်ပွဲဝင်ခန္ဓာကိုယ်များ၌ သီးသန့်နည်းစနစ်များ မရှိပေ။ တိုက်ပွဲဝင်ခန္ဓာကိုယ်၏ လမ်းစဉ်က ထိပ်တိုက်ရင်ဆိုင်ပြီး ခွန်အားဖြင့် ဖိနှိပ်ရန် ဖြစ်၏။ နည်းစနစ်များက မည်သို့နှယ်အသုံးဝင်မည်နည်း။

တိုက်ပွဲဝင်ခန္ဓာကိုယ်နှစ်ခု အချင်းချင်း ရင်ဆိုင်တိုက်ခိုက်ကြသောအခါ ခေါင်းကိုထိခြင်းနှင့် ခန္ဓာကိုယ်ကိုထိခြင်း၏ အကျိုးသက်ရောက်မှုများက အမှန်တကယ်တော့ အတူတူသာဖြစ်၏။ တိုက်ပွဲဝင်ခန္ဓာကိုယ်များတွင် သေစေနိုင်သည့် အားနည်းချက်ဟူ၍ မရှိပေ။ သန့်စင်သော ခွန်အားချင်းယှဉ်ပြိုင်မှုနှင့် တိုက်ပွဲဝင်ခန္ဓာကိုယ်အတွင်းရှိ စွမ်းအင်သုံးစွဲမှုတိုက်ပွဲ သက်သက်သာဖြစ်ပေသည်။

ဒီရေလှိုင်းတိုက်ပွဲဝင်ခန္ဓာကိုယ်၏ ခံနိုင်ရည်က သိသိသာသာ ပိုမိုအားကောင်းသည်။ အထူးသဖြင့် လင်းဖုန်းက အသက်ဝိညာဉ် ပြောင်းလဲမှုအတွက် ဆဲလ်ကွဲပွားခြင်းနည်းလမ်းကို ရွေးချယ်ခဲ့ခြင်းကြောင့် သူ၏ ဒီရေလှိုင်းတိုက်ပွဲဝင်ခန္ဓာကိုယ်ကလည်း သာမန်သက်ရှိများ၏ ဒီရေလှိုင်းတိုက်ပွဲဝင်ခန္ဓာကိုယ်ထက် များစွာပိုမို အစွမ်းထက်နေသည်။

“လင်းဖုန်း... မင်းရဲ့ ဒုတိယအကြိမ် အသက်ဝိညာဉ် အသွင်ပြောင်းလဲမှု အောင်အောင်မြင်မြင် ပြီးမြောက်ပြီးတော့ ဒီရေလှိုင်းတိုက်ပွဲဝင်ခန္ဓာကိုယ်ကို ဖွဲ့စည်းနိုင်ခဲ့တဲ့အတွက် ဂုဏ်ယူပါတယ်”

လောင်ဘီသမ်၏ အသံက လင်းဖုန်း၏ စိတ်ထဲတွင် ထွက်ပေါ်လာသည်။ လောင်ဘီသမ်၏ လေသံက အတော်လေး ပျော်ရွှင်နေသည်မှာ ထင်ရှားလှ၏။ သူ လင်းဖုန်း၏ မွေးရာပါပါရမီကို အထင်မကြီးသော်လည်း လင်းဖုန်းက ဤမျှတိုတောင်းသော အချိန်လေးအတွင်း ဒုတိယအကြိမ် အသက်ဝိညာဉ် အသွင်ပြောင်းလဲမှုကို အမှားအယွင်းမရှိ ပြီးမြောက်ခဲ့ပြီး ဒီရေလှိုင်းတိုက်ပွဲဝင်ခန္ဓာကိုယ်ကိုပင် ဖွဲ့စည်းနိုင်သွားသည့်အတွက် အနည်းငယ် အံ့အားသင့်နေမိသည်။

ပထမဆုံးအကြိမ်အဖြစ် ဘဝ၏ မမြဲခြင်းဆိုသည့် အဓိပ္ပာယ်(အနိစ္စသဘော)ကို သူ နားလည်သွားပုံရသည်။

ကျယ်ပြောလှသော စကြဝဠာကြီးထဲတွင် ပါရမီရှင် သက်ရှိများကား များပြားလွန်းလှ၏။ မွေးကတည်းက စတုတ္ထအကြိမ် အသက်ဝိညာဉ် အသွင်ပြောင်းလဲမှုဖြင့် မွေးဖွားလာပြီး အရွယ်ရောက်လာသောအခါ သဘာဝအတိုင်း ပဉ္စမအကြိမ် အသွင်ပြောင်းလဲမှုကို ရရှိကြသည့် ထိုအားကောင်းလှသည့် သက်ရှိများထဲတွင်ပင် အသက်ဝိညာဉ် ခြောက်ကြိမ် ပြောင်းလဲထားသော ဂြိုဟ်အဆင့် သက်ရှိတစ်ဦး ထွက်ပေါ်လာရန်ကမူ အလွန် ခက်ခဲလှပေသည်။

တစ်ဖက်တွင်မူ အလွန်ညံ့ဖျင်းသော မွေးရာပါပါရမီရှိပြီး အရေးမပါသော သက်ရှိတချို့က သူတို့၏ ကိုယ်ပိုင် ကြိုးစားအားထုတ်မှုများ၊ ရုန်းကန်မှုများနှင့် အခွင့်အရေးအမျိုးမျိုးကို အားကိုးအားထားပြုကာ ကျယ်ပြောလှသည့် စကြဝဠာကြီးထဲတွင် တိုးတက်အောင်မြင်နိုင်ရန် မဆုတ်မနစ် ကြိုးစားအားထုတ်မှုပြုကြသည်။ နောက်ဆုံးတွင် သူတို့ကသာ ဆဋ္ဌမအကြိမ်မြောက် အသက်ဝိညာဉ် အသွင်ပြောင်းလဲမှုကို ပြုလုပ်နိုင်ခဲ့ပြီး ကြီးမြတ်လှသည့် ဂြိုဟ်အဆင့်သက်ရှိများ ဖြစ်လာကြသည်။

ဘဝဆိုသည်ကား မတည်မြဲပေ။ သက်ရှိတိုင်း မည်မျှပင် ပါရမီချို့တဲ့နေပါစေ အဆုံးမဲ့ဖြစ်နိုင်ခြေများ ရှိကြ၏။ စက်မှုသက်ရှိများကို ကျင့်ကြံရန်အတွက် အသင့်တော်ဆုံးမဟုတ်သော သက်ရှိများဟု သတ်မှတ်ထားကြသော်လည်း လောင်ဘီသမ် သိထားသလောက်ဆိုလျှင် အချို့သောစက်မှုသက်ရှိများက ဂြိုဟ်အဆင့်သက်ရှိဖြစ်လာခဲ့ဖူးသည့် သာဓကများလည်းရှိသည်။

အမှန်တကယ်တော့ ထိုမျှော်လင့်ချက် ရောင်ခြည်လေးအတွက်ကြောင့်ပင် လောင်ဘီသမ်တစ်ယောက် ဒုက္ခများစွာကို ခံစားရန်ဆန္ဒရှိခဲ့ခြင်းဖြစ်၏။ ထို့ကြောင့် သူ ဘီမွန်၏ အမွေအနှစ်စောင့်ရှောက်သူအဖြစ် ခံယူကာ အာကာသယာဉ်ကို မောင်းနှင်ပြီး ရေစက်ပါသူကို စကြာစဠာအနှံ့ ရှာဖွေနေခဲ့ခြင်းဖြစ်သည်။

လင်းဖုန်း၏ အနည်းငယ်ဇဝေဇဝါဖြစ်နေပြီး ကလေးဆန်နေသေးသော ရုပ်သွင်ကို ကြည့်ကာ လောင်ဘီသမ်အနေဖြင့် လင်းဖုန်း လက်ရှိအဆင့်သို့ ရောက်ရှိလာခြင်းက ကံတရားကိုချည်း အပြည့်အဝ အားကိုးခဲ့ခြင်း မဟုတ်နိုင်ကြောင်း ပထမဆုံးအကြိမ် ခံစားလိုက်ရသည်။

“လင်းဖုန်း... မင်းရဲ့ တိုက်ပွဲဝင်ခန္ဓာကိုယ်ကို ဘာလို့ အခုထိ ထုတ်ထားသေးတာတုန်း”

လောင်ဘီသမ်၏ သတိပေးမှုကြောင့်သာ တိုက်ပွဲဝင်ခန္ဓာကိုယ်ကို ပြန်သိမ်းနိုင်ကြောင်း လင်းဖုန်း သတိရလိုက်သည်။

ထို့ကြောင့် လင်းဖုန်း တိုက်ပွဲဝင်ခန္ဓာကိုယ်လမ်းညွှန်ကျင့်စဥ်ထဲရှိ နည်းလမ်းကို ချက်ချင်းအသုံးပြုလိုက်သည်။ သူ၏ ဧရာမတိုက်ပွဲဝင်ခန္ဓာကိုယ်မှာ အလျင်အမြန် စတင်ကျုံ့ဝင်သွားပြီး နောက်ဆုံးတွင် လင်းဖုန်း၏ မူလက ခန္ဓာကိုယ်အရွယ်အစားအထိ သေးငယ်သွားသည်။

ဤအရွယ်အစားတွင်လည်း လင်းဖုန်းအနေဖြင့် အသွင်ပြောင်းနယ်ပယ် သိုင်းသမားတစ်ဦးထက် များစွာ သာလွန်သော ခွန်အားကို ပြသနိုင်သေးဆဲပင်။ သူ၏ ရုပ်ပိုင်းဆိုင်ရာ ခွန်အားတစ်ခုတည်းကပင် သာမန်နတ်ဘုရားနယ်ပယ် သိုင်းသမားများထက် များစွာပိုမို သန်မာနေသေးသည်။

သို့သော် ထိုမျှသာပင်။ သူသာ တိုက်ခိုက်ရေးစွမ်းအားကို တိုးမြှင့်လိုပါက တိုက်ပွဲဝင်ခန္ဓာကိုယ်ကို ထုတ်ဖော်ရပေလိမ့်မည်။ သို့ပေသော်ငြား တိုက်ခိုက်ရေးစွမ်းအား အနည်းငယ်တိုးတက်စေရုံမျှဖြင့် သူ၏ တိုက်ပွဲဝင်ခန္ဓာကိုယ် တစ်ခုလုံးကို အပြည့်အဝထုတ်ဖော်ရန် မလိုအပ်ပေ။ တစ်စိတ်တစ်ပိုင်းကိုသာ ထုတ်ဖော်ရုံဖြင့် လုံလောက်ပေ၏။

အစမ်းသဘောဖြင့် လင်းဖုန်း တိုက်ပွဲဝင်ခန္ဓာကိုယ် တစ်စိတ်တစ်ပိုင်းကို ထုတ်ဖော်ကြည့်လိုက်သည်။ နောက်တစ်စက္ကန့်တွင်ပင် လင်းဖုန်း၏ ခန္ဓာကိုယ်က ငါးမီတာ အရွယ်အစားအထိ တဟုန်ထိုး ကြီးထွားလာသည်။ သူ့တစ်ကိုယ်လုံးက ပေါက်ကွဲထွက်လုမတတ် စွမ်းအားများဖြင့် ပြည့်နှက်နေပြီး သူ အရာအားလုံးကို တတ်စွမ်းနိုင်သည်ဟုပင် ခံစားလိုက်ရ၏။

ဤသည်ကား ဒုတိယအကြိမ် အသက်ဝိညာဉ် အသွင်ပြောင်းလဲမှုပင်။ သိုင်းပညာအဆင့်အတန်းခွဲခြားမှုအရ ယခုလက်ရှိတွင် လင်းဖုန်း တကယ့်နတ်ဘုရားနယ်ပယ် သိုင်းသမားတစ်ဦး ဖြစ်နေလေပြီ။

လက်တွေ့တွင် ငါးမီတာသာ မြင့်သော်လည်း လင်းဖုန်း၏ စွမ်းအားက နတ်ဆိုးစစ်သူကြီးများထက်ပင် သာလွန်နေပြီ ဖြစ်သည်။

သူ၏ တိုက်ပွဲဝင်ခန္ဓာကိုယ်ကိုသာ အပြည့်အဝ အသုံးပြုလိုက်လျှင် မည်မျှအထိ သန်မာလာနိုင်မည်ကိုမူ လင်းဖုန်းကိုယ်တိုင်ပင် မသိပေ။ သို့သော် သူတွေ့ဖူးသမျှ သိုင်းသမားများ အားလုံးထဲတွင် သူတော်စင်ခန်းနှင့် သူတော်စင်ယွမ်ယီတို့ကဲ့သို့ သူတော်စင်များမှလွဲ၍ ကျန်သူတိုင်းကို သူ အနိုင်ယူနိုင်သည်ဟု လင်းဖုန်း ယုံကြည်ချက်ရှိသည်။ ထိုအထဲတွင် နတ်ဘုရားနယ်ပယ် သိုင်းသမားများကြား၌ ကြီးကျယ်လှသောစွမ်းအားကြောင့် နာမည်ကြီးသည့် နဂါးစီးသူရဲ ဟောက်ရှီယီပင် ပါဝင်သည်။

နတ်ဘုရားနယ်ပယ် သိုင်းသမားများက လင်းဖုန်း၏ ပြိုင်ဘက် မဟုတ်တော့သည်မှာ သေချာသလောက်ပင်။ သာလွန်နတ်ဘုရားနယ်ပယ် သိုင်းသမားများ သို့တည်းမဟုတ် သူတော်စင်များအတွက်မူ လင်းဖုန်း သူတို့နှင့် တိုက်ခိုက်ကြည့်ပြီးမှသာ သိနိုင်ပေလိမ့်မည်။

ထာဝရသိုင်းတာအိုအရှင်

အခန်း (၂၃၆) - နတ်ဆိုးမဟုတ်

ဘာသာပြန် - အားသစ်

လင်းဖုန်း တိုက်ပွဲဝင်ခန္ဓာကိုယ်ကို ကျွမ်းကျင်ပိုင်နိုင်သွားပြီးနောက် သူ့ခန္ဓာကိုယ်အပေါ် ထိန်းချုပ်မှုက အထူးကောင်းမွန်လာ၏။ ယခင်က သူ့ဆဲလ်များကို ပြန်လည်ဖွဲ့စည်းနေစဉ်အတွင်း သူ့ခန္ဓာကိုယ်ထဲတွင် ပြင်ပမှ အရာတစ်ခုခု ရှိနေသည်ကို သူ ခံစားမိခဲ့သည်။

လင်းဖုန်း လက်ကို ဆန့်ထုတ်လိုက်ရာ သူ့လက်ထဲတွင် သတ္တုလုံးလေးတစ်ခု တဖြည်းဖြည်း ပေါ်လာသည်။ ယင်းကား မျိုးရိုးဗီဇပေါင်းစပ်ကိရိယာပင်။

မျိုးရိုးဗီဇပေါင်းစပ်ကိရိယာသည် အသက်ဝိညာဉ်အသွင်ပြောင်းလဲခြင်း လေးကြိမ်နှင့် လေးကြိမ်အောက် ပြုလုပ်ထားသော သိုင်းသမားများအတွက် အထောက်အကူပြုနိုင်သည့် အစွမ်းသတ္တိရှိ၏။ သို့ပေသော်လည်း တိုက်ပွဲဝင်ခန္ဓာကိုယ်ကို ကျင့်ကြံထားသည့် လင်းဖုန်းကမူ ထိုသတ်မှတ်ချက်ထဲတွင် အကျုံးမဝင်ပေ။ လင်းဖုန်းအနေဖြင့် တိုက်ပွဲဝင်ခန္ဓာကိုယ်ကို ကျင့်ကြံပြီးနောက် လက်ရှိမျိုးရိုးဗီဇပေါင်းစပ်ကိရိယာက သူ့အတွက် အထောက်အကူ မပေးနိုင်တော့ပေ။

လောင်ဘီသမ် ပြောခဲ့သလိုပင်။ ဤမျိုးရိုးဗီဇပေါင်းစပ်ကိရိယာသည်ကား အထောက်အကူပြုပစ္စည်းတစ်ခုမျှသာဖြစ်၏။ ယင်းက အသက်ဝိညာဉ် အသွင်ပြောင်းလဲမှုအတွက် တိုက်ရိုက်အထောက်အကူ မဖြစ်စေပေ။ တစ်ဖက်တစ်လမ်းမှ ပံ့ပိုးမှုကိုသာ ပေးစွမ်းနိုင်သည်။

လင်းဖုန်း ပထမဆုံးအကြိမ် အသက်ဝိညာဉ် အသွင်ပြောင်းလဲမှုကို ပြုခဲ့စဉ်ကလည်း သူ မျိုးရိုးဗီဇပေါင်းစပ်ကိရိယာကို အားမကိုးခဲ့ရပေ။ ထိုအစား အသက်အန္တရာယ်နှင့် ကြုံတွေ့ရချိန်တွင် သူ့ကိုယ်ပိုင် နားလည်သဘောပေါက်မှုအပေါ်၌သာ အားကိုးအားထားပြုခဲ့ရသည်။ သို့မှသာ နောက်ဆုံးတွင် မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်ပြီး သူ၏ ပထမဆုံးအကြိမ် အသက်ဝိညာဉ် အသွင်ပြောင်းလဲမှုကို ပြီးမြောက်ခဲ့ခြင်း ဖြစ်သည်။

မျိုးရိုးဗီဇပေါင်းစပ်ကိရိယာ၏ အကြီးမားဆုံး အသုံးဝင်မှုသည်ကား အခြားကြမ်းကြုတ်သားရဲများ၏ မျိုးရိုးဗီဇများနှင့် ပေါင်းစပ်ကာ သိုင်းသမားတစ်ဦး၏ ခန္ဓာကိုယ်ကို ပိုမို သန်မာလာစေရန် ဖြစ်၏။ ယခုအချိန်တွင်မူ လင်းဖုန်း တိုက်ပွဲဝင်ခန္ဓာကိုယ်ကို ပိုင်ဆိုင်နေပြီ ဖြစ်သည်။ မည်သည့်သားရဲက သူ၏ တိုက်ပွဲဝင်ခန္ဓာကိုယ်ထက် ပိုမိုသန်မာနိုင်မည်နည်း။

ထို့ကြောင့် လက်ရှိတွင် မျိုးရိုးဗီဇပေါင်းစပ်ကိရိယာသည် လင်းဖုန်း၏ နောက်ထပ် အသက်ဝိညာဉ် အသွင်ပြောင်းလဲမှုများအတွက် အထောက်အကူ မပေးနိုင်တော့သလို သူ၏ ခန္ဓာကိုယ်ကြံ့ခိုင်မှုကိုလည်း မတိုးမြှင့်ပေးနိုင်တော့ပေ။ သဘာဝကျကျပင် ယင်းက လက်ရှိလင်းဖုန်းအတွက် အသုံးမဝင်တော့ပေ။ စက်မှုယဉ်ကျေးမှုအတွက်မူ မျိုးရိုးဗီဇပေါင်းစပ်ကိရိယာဆိုသည်က သေးဖွဲသိပ်နုပ်လှသော ပစ္စည်းလေးတစ်ခုမျှသာဖြစ်၏။

“လောင်ဘီသမ်... ငါ့ရဲ့ ဒီမျိုးရိုးဗီဇပေါင်းစပ်ကိရိယာကို တခြားတစ်ယောက်ယောက် သုံးလို့ရသေးလား”

အမှန်တကယ်တန်းတွင် လင်းဖုန်း၌ အကြံတစ်ခု ရှိနေသည်။ ဤမျိုးရိုးဗီဇပေါင်းစပ်ကိရိယာက သူ့အတွက် အသုံးမဝင်တော့သော်လည်း ပရော်ဖက်ရှင်နယ် သိုင်းပညာရှင်များနှင့် ပထမဆုံးအကြိမ် အသက်ဝိညာဉ် အသွင်ပြောင်းလဲမှုပြုထားသော သိုင်းသမားများအတွက်ပင် အလွန်အသုံးဝင်နေဆဲ ဖြစ်သည်။

လင်းဖုန်းအနေဖြင့် ထိုကိရိယာကို သူ၏ မိဘနှစ်ပါး သို့မဟုတ် ညီမဖြစ်သူနှင့် အစ်ကိုများကို ပေးနိုင်သည်။ ထိုကိရိယာ၏ အကူအညီဖြင့်ဆိုလျှင် သူတို့ထဲမှ မည်သူပင်ဖြစ်စေ သူတို့ခွန်အားကို တိုးတက်စေနိုင်ပြီး သိုင်းပညာလေ့ကျင့်ရာတွင် အားစိုက်ထုတ်မှု နည်းနည်းဖြင့် အောင်မြင်မှု ပိုမိုရရှိနိုင်ပေလိမ့်မည်။ သူတို့အနေဖြင့် မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်နိုင်ရန် အခွင့်အရေးပင် ရှိလာနိုင်သည်။

သို့သော် လောင်ဘီသမ်က ခေါင်းခါကာ ပြောလိုက်သည်။ “ဒီမျိုးရိုးဗီဇပေါင်းစပ်ကိရိယာတွေ အားလုံးကို သော့ခတ်ထားတယ်။ မင်း အသက်ဝိညာဉ် လေးကြိမ် အသွင်ပြောင်းလဲပြီးတော့ စစ်မှန်တဲ့ အမွေအနှစ်ကို လက်မခံမချင်း တခြားဘယ်သူမှ ဒီမျိုးရိုးဗီဇပေါင်းစပ်ကိရိယာကို သုံးလို့မရဘူး။ သေချာတာကတော့ မင်း သေသွားရင်တော့ အဲလိုမျိုး ကန့်သတ်ချက်တွေ ရှိတော့မှာ မဟုတ်ဘူးပေါ့”

လင်းဖုန်း အနည်းငယ် စိတ်ပျက်သွားသည်။ သူက သူ့မိဘများနှင့် ညီမဖြစ်သူတို့ကို အသုံးပြုစေချင်ခဲ့ခြင်း ဖြစ်သည်။ သို့သော် ထပ်မံစဉ်းစားကြည့်သောအခါ ထိုသည်က လုံးဝမဖြစ်နိုင်သည်တော့ မဟုတ်ပေ။ ယခုလက်ရှိ သူသည်ကား အသက်ဝိညာဉ် အသွင်ပြောင်းလဲမှု နှစ်ကြိမ်ပြီးမြောက်ခဲ့ပြီ ဖြစ်၏။ သူသာ မဆုတ်မနစ် ကြိုးစားအားထုတ်ပြီး ဘီမွန်၏ အစစ်အမှန် အမွေအနှစ်ကို ရရှိရန် စတုတ္ထအကြိမ်မြောက် အသက်ဝိညာဉ် အသွင်ပြောင်းလဲမှု ပြုနိုင်ခဲ့ပါက မျိုးရိုးဗီဇပေါင်းစပ်ကိရိယာများအားလုံး သော့ပွင့်သွားပေလိမ့်မည်။ ထိုအချိန်ရောက်လျှင် ဘယ်သူသုံးလို့ရမလဲဆိုသည်က သူ့အပေါ်တွင်သာ မူတည်တော့မည် မဟုတ်ပါလော။

“သုံးလေးရက်လောက် ကြာသွားပြီ။ အခုဆို ဂရီမန်တို့ ဘယ်လိုနေမလဲ မသိဘူး။ ငါ မြန်မြန် ထွက်မှဖြစ်မယ်”

ယခုလက်ရှိတွင် လင်းဖုန်းသည် ဒုတိယအကြိမ် အသက်ဝိညာဉ် အသွင်ပြောင်းလဲမှု ပြီးမြောက်ပြီး တိုက်ပွဲဝင်ခန္ဓာကိုယ်ကိုလည်း ပိုင်ဆိုင်ထားပြီဖြစ်၏။ သူ့ခွန်အားကလည်း အဆပေါင်းများစွာ တိုးတက်လာခဲ့လေပြီ။ သဘာဝကျစွာပင် ထိုပုတ်သင်သုံးကောင်ကို သူ ကြောက်စရာ မလိုတော့ပေ။

ထို့ကြောင့် လင်းဖုန်းက လောင်ဘီသမ်အား စွမ်းအင်စက်ရုံတံခါးကို ဖွင့်ခိုင်းလိုက်သည်။

ဂြိမ်း...

တံခါးပွင့်သွားသောအခါ လင်းဖုန်းတစ်ယောက် ပုတ်သင်များ ပျောက်နေကြောင်း သတိပြုမိလိုက်သည်။

“ပုတ်သင်နှစ်ကောင် ဘယ်များရောက်သွားတာလဲ”

လွန်ခဲ့သောသုံးရက်က လင်းဖုန်း ပုတ်သင်နှစ်ကောင်၏ သဲကြီးမဲကြီး လိုက်လံတိုက်ခိုက်မှုကို အလူးအလဲ ခံခဲ့ရသည်။ စင်စစ်တွင် သူ စွမ်းအင်စက်ရုံထဲ၌ ပုန်းအောင်းနေစဉ်ကာလအတွင်း ပုတ်သင်နှစ်ကောင်သည်ကား တံခါးအပြင်ဘက်တွင် အချိန်မရွေး ပေါ်လာတတ်၏။ ယခုအချိန်တွင်မူ အဘယ်အကြောင်းကြောင့် ထိုသားရဲနှစ်ကောင်ကို အရိပ်အယောင်မျှပင် မတွေ့ရသနည်း။

“ဂရီမန်တို့ကို အရင်လိုက်သတ်ဖို့ ထွက်သွားတာများလား”

လင်းဖုန်း ဖြစ်နိုင်ခြေတစ်ခုကို တွေးမိလိုက်သည်။ အကယ်၍ ဂရီမန်တို့သာ သူတို့တည်နေရာကို ဖော်ပြလိုက်မိပါက ပုတ်သင်များ၏ လိုက်လံတိုက်ခိုက်မှုကို သေချာပေါက် အလွယ်တကူ ခံရနိုင်သည်။

ထိုသို့ တွေးမိသည်နှင့် လင်းဖုန်း နောက်ထပ် အချိန်ဖြုန်းမနေတော့ပေ။ သူ ချက်ချင်း ပြေးထွက်သွားတော့သည်။ များမကြာမီ သူ ထိန်းချုပ်ခန်းသို့ ရောက်လာသည်။

မျှော်လင့်ထားသည့်အတိုင်းပင် ထိန်းချုပ်ခန်းမှာလည်း အလွတ်ဖြစ်နေ၏။ ပုတ်သင်တစ်ကောင်တစ်လေ၏ အရိပ်အယောင်အနည်းငယ်မျှပင် မတွေ့ရပေ။

“လောင်ဘီသမ်... မင်းကို ငါ ဒီထိန်းချုပ်ခန်းထဲမှာ ထားခဲ့ရင် ဒီအပျက်အစီးနယ်မြေကို ထိန်းချုပ်ဖို့အတွက် အချိန်ဘယ်လောက်လောက်ယူရလိမ့်မလဲ”

“ငါ အတိအကျတော့ မပြောနိုင်ဘူး။ ဒါပေမဲ့ အပြင်ဘက်က ကာကွယ်ရေးလက်နက်တွေကို ပိတ်ပစ်ဖို့သက်သက်ကတော့ သိပ်ပြဿနာ မရှိပါဘူး။ နာရီဝက်လောက်ပဲ ကြာမယ်”

“ကောင်းပြီလေ...အဲ့ဒါဆိုလည်း မင်း အပြင်က ကာကွယ်ရေးလက်နက်တွေကို အရင်ပိတ်လိုက်။ ငါ ဂရီမန်တို့ကို သွားရှာလိုက်ဦးမယ်”

ထိုသို့ပြောပြီးနောက် လင်းဖုန်း လောင်ဘီသမ်ကို ထိန်းချုပ်ခန်း၏ ထိန်းချုပ်ရေးဗဟိုချက်ထဲသို့ ဝင်ရောက်စေလိုက်သည်။ လောင်ဘီသမ်၏ စွမ်းရည်နှင့်ဆိုပါက ပြဿနာ မရှိသင့်ပေ။ ယခုအချိန်တွင် လင်းဖုန်း ဂရီမန်တို့အတွက် စိုးရိမ်နေရသည်။ သူတို့အားလုံး အဆင်ပြေကြဖို့သာ သူ မျှော်လင့်မိသည်။

...

ဤသုံးရက်အတွင်း ဂရီမန်တစ်ယောက် သူ့ကြယ်တာရာစွမ်းအားများကို အပြည့်အဝပြန်လည်ရရှိလာခဲ့သည်။

လင်းဖုန်းက သူ့ကို လွတ်မြောဖို့ အခွင့်အရေးရရန်အတွက် ပုတ်သင်နှစ်ကောင်ကို တစ်ယောက်တည်း မျှားခေါ်သွားခဲ့သည်ကို တွေးမိသောအခါ ဂရီမန် အလွန် ဝမ်းနည်းမိ၏။ ထို့ကြောင့် သူ့ကြယ်တာရာစွမ်းအားအားလုံး ပြန်လည်ရရှိလာသည်နှင့်တစ်ပြိုင်နက် သူ လင်းဖုန်း ပြေးထွက်သွားသော ဦးတည်ရာဘက်သို့ ချက်ချင်း လိုက်ပါသွားခဲ့လေတော့သည်။

မည်သို့ပင်ဆိုစေ လင်းဖုန်းတစ်ယောက် အဆင်ပြေမပြေကို သူ သွားကြည့်ရပေမည်။ အကယ်၍ လင်းဖုန်း အဆင်ပြေနေသေးသည်ဆိုပါက သူ လင်းဖုန်းကို ကူညီနိုင်သေးသည်။

ဂရီမန် ထိန်းချုပ်ခန်းသို့ ရောက်လာသောအခါ ပုတ်သင်နှစ်ကောင်က ထိန်းချုပ်ခန်းပတ်ပတ်လည်တွင် လှည့်လည်သွားလာနေသော်လည်း လင်းဖုန်း၏ အရိပ်အယောင်ကိုမူ စိုးစိမျှပင် မတွေ့ရကြောင်း သတိပြုမိလိုက်သည်။ သူ့ရင်ထဲတွင် ထိတ်ခနဲ ဖြစ်သွားသည်။ လင်းဖုန်း တစ်ခုခုများ ဖြစ်သွားပြီလား။

ထိုသို့ တွေးမိသောအခါ ဂရီမန်၏ ရင်ထဲတွင် အလွန် နာကျင်သွားရသည်။ လင်းဖုန်းက သူ့အတွက် အသက်ပေးသွားခဲ့ရသည်ဟု သူ တွေးထင်မိ၏။

မူလက ဂရီမန်တစ်ယောက် လင်းဖုန်းကို ဆက်လက် ရှာဖွေချင်ခဲ့သော်လည်း များမကြာမီ သူ့တည်နေရာကို ပုတ်သင်နှစ်ကောင်က ရှာဖွေတွေ့ရှိသွားခဲ့သည်။ ဂရီမန်အနေဖြင့် ထွက်ပြေးရန်မှတပါး အခြားရွေးချယ်စရာ မရှိတော့ပေ။

ကံကောင်းထောက်မစွာဖြင့် အပျက်အစီးထဲတွင် လမ်းခွဲများက အလွန်များပြားလှ၏။ ထို့ပြင် လမ်းကြောင်းများမှာ အရပ်မျက်နှာ အသီးသီးသို့ ဖြန့်ကြက်သွားခြင်းဖြစ်သည်။ အဆက်မပြတ် ဟိုဟိုဒီဒီ ပြေးလွှားပုန်းရှောင်နေခြင်းဖြင့် ဂရီမန်တစ်ယောက် ပုတ်သင်များ၏ ရှာဖွေတွေ့ရှိခြင်းမှ အချိန်အတန်ကြာသည်အထိ ရှောင်ရှားနိုင်ခဲ့သည်။

ထိုသို့ဖြင့် နှစ်ရက်အကြာတွင် သူ ဖူလင်နှင့် ဒါဒန်တို့ကိုလည်း ရှာတွေ့သွားသည်။

သို့သော် ဖူလင်နှင့် ဒါဒန်တို့ နှစ်ဦးသည်ကား စိတ်ပျက်ဖွယ် အခြေအနေတွင် ရှိနေကြ၏။ နှစ်ဦးစလုံး ပြင်းပြင်းထန်ထန် ဒဏ်ရာရထားကြသည်။ ဒါဒန်က လက်တစ်ဖက်ဆုံးရှုံးခဲ့ရပြီး ဖူလင်သည်လည်း ခြေထောက်တွင် ဒဏ်ရာရထားကာ ထော့နဲ့ထော့နဲ့ဖြစ်နေသည်။

သူတို့သုံးယောက်သားဆုံမိကြကာ အခန်းငယ်လေးတစ်ခုအတွင်း၌ အတူတကွ ပုန်းအောင်းနေခဲ့ကြသည်။

တတိယမြောက်နေ့သို့ ရောက်ခါမှသာ ပုတ်သင်များက သူတို့သုံးဦးကို ရှာတွေ့သွားကြသည်။ သူတို့ကို မည်သို့ ရှာတွေ့သွားသည်ကိုမူ မည်သူမျှ မသိကြပေ။ ဖူလင်နှင့် ဒါဒန်တို့၏ သွေးရာများကို ခြေရာခံခြင်း ဖြစ်နိုင်သော်လည်း မည်သို့ပင်ဖြစ်စေ ပုတ်သင်များက သူတို့ သုံးဦးကို ရှာတွေ့သွားခဲ့ပြီ ဖြစ်၏။

ခိုင်ခံ့မာကျောလှသည့် တံခါးကိုမှီကာ သူတို့သုံးဦးစလုံး အစွမ်းကုန် ခုခံနေကြသည်။

သို့သော် တံခါးက တစ်ချက်ပြီးတစ်ချက် ဆောင့်တိုက်ခံရသည်နှင့်အမျှ တဖြည်းဖြည်း ကျိုးပဲ့လာသည်။ နောက်ဆုံးတွင်မူ သူတို့သုံးဦးစလုံး သေရေးရှင်ရေး အခြေအနေသို့ ရောက်ရှိသွားကြတော့သည်။

“ဒီတစ်ခါတော့ တကယ်ပဲ ငါတို့အတွက် လမ်းဆုံးပြီ”

ဖူလင်ကား အနည်းငယ် မောပန်းနေပုံရ၏။ သူမ ရက်အနည်းငယ်ကြာသည်အထိ ထွက်ပြေးနေခဲ့ရသည်။ နောက်ဆုံးတွင်မူ သေခြင်းတရားမှ မည်သို့မျှ ပြေးမလွတ်နိုင်တော့ကြောင်း မမျှော်လင့်ဘဲ သိလိုက်ရသည်။

“ခေါင်းဆောင်သာ ဒီမှာရှိရင် သိပ်ကောင်းမှာပဲ။ ဂရီမန်... မင်း ခေါင်းဆောင်ရဲ့ အလောင်းကို တွေ့ခဲ့လား မတွေ့ခဲ့ဘူးလား” ဒါဒန်က အံတင်းတင်းကြိတ်ကာ မေးလိုက်သည်။

“ငါ ဘာအလောင်းမှ မတွေ့ခဲ့ရဘူး။ ဒီကောင်တွေရဲ့ ဝါးမျိုတာ ခံလိုက်ရတာလည်း ဖြစ်နိုင်တယ်။ ဒါပေမဲ့ သူ အသက်ရှင်နေသေးတာလည်း ဖြစ်နိုင်တာပဲ။ ဘာပဲဖြစ်ဖြစ် အခုလိုအခြေအနေမျိုးမှာ သူ အသက်ရှင်နေတော့ရော ဘာများထူးဦးမှာလဲကွာ”

“အမှန်ပါပဲ။ ခေါင်းဆောင်ဆိုလည်း ဒီပုတ်သင်သုံးကောင်ကို အနိုင်မယူနိုင်မှာမဟုတ်ဘူး။ ဒါပေမဲ့ ခေါင်းဆောင် အသက်ရှင်နိုင်ပါစေလို့ ငါ မျှော်လင့်မိတယ်။ ဒီပုတ်သင်သုံးကောင်က ငါတို့ဆီကို အာရုံရောက်နေတုန်း သူက အပျက်အစီးနယ်မြေရဲ့ ကာကွယ်ရေးယန္တရားကို ပိတ်ပြီးတော့ တာဝန်ကို ပြီးမြောက်အောင် လုပ်နိုင်ရင်တော့ အကောင်းဆုံးပဲ”

“အေး...ဟုတ်တယ်။ ဘာပဲဖြစ်ဖြစ် ငါတို့ တာဝန်ကိုတော့ ပြီးမြောက်အောင် လုပ်ရမယ်”

ဂရီမန်နှင့် အခြားသူများကား အသက်ပေးရန် ပြင်ဆင်ပြီးဖြစ်ကြ၏။ သူတို့ ပုတ်သင်တစ်ကောင်ကိုပင် ယှဉ်နိုင်စွမ်းမရှိရာ သုံးကောင်ကိုဆိုလျှင်မူ ပြောနေစရာပင် မလိုတော့ပေ။

ဘုန်း ဘုန်း ဘုန်း

ပုတ်သင်သုံးကောင်က တံခါးကို ထပ်တလဲလဲ ဝင်တိုက်သည်နှင့်အမျှ တံခါးမှာ ပို‌မိုပြင်းထန်စွာ တုန်ခါလာသည်။

ဂျောင်း

ရုတ်တရက် တံခါးက ပွင့်ထွက်သွားသည်။ ပုတ်သင်သုံးကောင်၏ ရက်စက်ကြမ်းကြုတ်ဟန်ရှိသည့် မျက်လုံးများက ဂရီမန်နှင့် အခြားသူများအပေါ်သို့ ချက်ချင်း ကျရောက်လာသည်။

သူတို့သုံးဦး တစ်ယောက်ကိုတစ်ယောက် ကူကယ်ရာမဲ့စွာ ကြည့်လိုက်မိကြသည်။ ဤတစ်ကြိမ်တွင်မူ သူတို့ သေချာပေါက် သေရတော့မည်ဖြစ်ကြောင်း သိလိုက်ကြသည်။

“အသက်နဲ့ရင်းပြီး တိုက်ကြရအောင်။ ဒီတစ်ခါ ငါ့ရဲ့ မွေးရာပါစွမ်းရည်ကို ထုတ်ဖော်ပြီး သူတို့ကို ထိန်းထားမယ်။ မင်းတို့ တတ်နိုင်သမျှ ဝေးဝေးပြေးကြ။ ဒါပေမဲ့ ဒီတစ်ကြိမ် လွတ်ဖို့အခွင့်အရေး ရမရကတော့ မင်းတို့ရဲ့ ကံတရားအပေါ်မှာပဲ မူတည်တယ်”

ဂရီမန် သက်ပြင်းပြင်းပြင်း တစ်ချက်ရှိုက်လိုက်သည်။ သူ ဖူလင်နှင့် ဒါဒန်တို့ ထွက်ပြေးချိန်ရရန်အတွက် သူ့စွမ်းရည်ကို အားကုန်ထုတ်ဖော်ရန် ပြင်လိုက်သည်။ ထိုနှစ်ဦး လွတ်မြောက်နိုင်သည်ဖြစ်စေ မလွတ်မြောက်နိုင်သည်ဖြစ်စေ ဂရီမန် သေရမည်ကတော့ သေချာနေလေပြီ။

“ငါ သုံးအထိ ရေမယ်။ တစ်... နှစ်... သုံး... သွား...”

မျက်စိတစ်မှိတ်အတွင်းပင် ဂရီမန် သူ၏မွေးရာပါစွမ်းရည်ကို ထုတ်ဖော်လိုက်သည်။ မမြင်ရသော စွမ်းအားတစ်ခုက ပုတ်သင်သုံးကောင်၏ ခန္ဓာကိုယ်များကို လွှမ်းခြုံသွားသည်။

သို့သော် ဖူလင်နှင့် ဒါဒန်တို့ ထွက်ပြေးရန် အစွမ်းကုန် ကြိုးစားတော့မည့်အချိန်တွင် ပုတ်သင်သုံးကောင်၏ နောက်ဘက်ဆီမှ ခပ်အုပ်အုပ်ပေါက်ကွဲသံတစ်ခု ကျယ်လောင်စွာ ထွက်ပေါ်လာသည်။

ဘုန်း

အသံကား ဧရာမသားရဲကြီးတစ်ကောင် မြေပြင်ကို ဆောင့်နင်းလိုက်သကဲ့သို့ပင်။ လမ်းကြောင်းတစ်လျှောက်နှင့် အခန်းတစ်ခုလုံးပင် ပြင်းပြင်းထန်ထန် တုန်ခါသွားရသည်။

ပိုပြီး အစွမ်းထက်တဲ့ နတ်ဆိုးတစ်ကောင်များလား။

“မဟုတ်ဘူး... ဒါ နတ်ဆိုးမဟုတ်ဘူး။ အဲဒါ... အဲဒါ ခေါင်းဆောင်ပဲ”

တံခါးကြားမှတစ်ဆင့် ဖူလင် ပုတ်သင်သုံးကောင်၏ နောက်ဘက်ဆီမှ ရင်းနှီးနေနေသည့် ပုံရိပ်ကို မြင်လိုက်ရသည်။ သူမ၏ လေသံက အလွန်အမင်း စိတ်လှုပ်ရှားမှုကြောင့် တုန်ရီနေ၏။

All Chapters