← Chapters

အခန်း (၂၃၇-၂၃၈)

Vol. 21 Ch. 237-238

အခန်း (၂၃၇-၂၃၈)

Vol. 21 Ch. 237-238

ထာဝရသိုင်းတာအိုအရှင်

အခန်း (၂၃၇) - နတ်ဘုရားနယ်ပယ်

ဘာသာပြန် - အားသစ်

“ဘာ… ခေါင်းဆောင်လား”

“ဒါ တကယ်ကြီး လင်းဖုန်းပဲ။ လင်းဖုန်း ပြေး… မင်း အဲ့မှာ ဘာလုပ်နေတာလဲ”

ဂရီမန်၏ မျက်လုံးများက သွေးရောင်အလား နီရဲနေ၏။ လင်းဖုန်း ဤနေရာတွင် ဘာလာလုပ်သနည်း။ ဤကဲ့သို့သော အချိန်တွင် သူ လာရောက်ခြင်းက သေလမ်းလာရှာသည်နှင့် မတူပေဘူးလော။

ထိုအချိန်တွင် ပုတ်သင်သုံးကောင်လည်း လှည့်ကြည့်လာပြီး လင်းဖုန်းကို နီရဲနေသော မျက်လုံးများဖြင့် စိုက်ကြည့်နေကြသည်။

ဒါက လင်းဖုန်းအစစ်ပင်။ သို့သော် လင်းဖုန်းက ယခုလက်ရှိတွင် တစ်ခုခု မှားယွင်းနေပုံရသည်။ သူ့ခြေထောက် မြေပြင်ပေါ်သို့ ကျရောက်သွားသည်နှင့် ခပ်လေးလေး ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာပြီး ပုတ်သင်သုံးကောင်၏ အာရုံကို အပြည့်အဝ ဆွဲဆောင်သွားသည်။

ဤပုတ်သင်သုံးကောင်ကပင် လင်းဖုန်းကို ပြေးစရာ မြေမရှိသည်အထိ လိုက်လံတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ ယခုအခါတွင် လင်းဖုန်း ဂရီမန်တို့ကို နောက်ဆုံး ပြန်ရှာတွေ့ခဲ့လေပြီ။

လင်းဖုန်း သူတို့ သုံးဦးကို လှမ်းကြည့်လိုက်သည်။ ကံကောင်းထောက်မစွာဖြင့် သူတို့ အရမ်းကြီးဒဏ်ရာပြင်းပြင်း မရခဲ့ကြပေ။ ထို့ကြောင့် လင်းဖုန်း၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လာသည်။

“နောက်ဆုံးတော့ ငါ မင်းတို့ကို ရှာတွေ့ပြီပဲ”

“ဂရား…”

ပုတ်သင်သုံးကောင်က ရန်စခံရသည့်အလား ရုတ်တရက် လင်းဖုန်းထံသို့ ပြေးဝင်လာကြသည်။ တစ်ချိန်က ပုတ်သင်နှစ်ကောင်တည်းနှင့်ပင် လင်းဖုန်းကို ပြေးစရာမြေမရှိအောင် လိုက်လံတိုက်ခိုက်နိုင်ခဲ့ရာ ယခုသုံးကောင်ဆိုလျှင် ပြောစရာပင် မလိုတော့ပေ။

ထိုသားရဲများသည်ကား သတ္တမမြောက် ယဉ်ကျေးမှု၏ နည်းပညာအသီးအပွင့်များ ဖြစ်ကြ၏။ သူတို့ဖန်တီးထားသော ဇီဝပြုပြင်သားရဲများက ထိပ်တန်းနတ်ဆိုးစစ်သူကြီးများနှင့် တန်းတူရှိကြသည်။

“ဟမ့်”

လင်းဖုန်း အေးစက်စက် နှာခေါင်းရှုံ့လိုက်သည်။ တစ်ချိန်တည်းမှာပင် သူ့ခန္ဓာကိုယ်က အမှန်တကယ် အလျင်အမြန် ကျယ်ပြန့်လာသည်။ မူလက သူ့ခန္ဓာကိုယ်ပေါ်တွင် စုတ်ပြဲနေသော အဝတ်အစားများသာ ဖုံးလွှမ်းနေ၏။ ယခု သူ့ခန္ဓာကိုယ် ကြီးထွားလာသည်နှင့်အမျှ သူ့အဝတ်အစားများလည်း ချက်ချင်း စုတ်ပြဲသွားတော့သည်။

လင်းဖုန်း၏ ခန္ဓာကိုယ်က ဆက်လက်ကြီးထွားပြန့်ကားလာသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူ ငါးမီတာကျော်အထိ ကြီးထွားလာပြီး လူသန်ကြီးတစ်ဦးအလား ဖြစ်သွားတော့၏။ သူ ပုတ်သင်သုံးကောင်ကို အေးစက်စက် ငုံ့ကြည့်လိုက်သည်။

ပုတ်သင်သုံးကောင်က အနည်းငယ် အံ့အားသင့်သွားသော်လည်း သူတို့၏ အသိဉာဏ်က ပြောပလောက်သည်အထိ မမြင့်မားပေ။ သူတို့သည် လူသားတို့ ဖန်တီးထားသော ဇီဝပြုပြင်သားရဲများ၊ သတ်ဖြတ်ရန်သာသိသော သတ်ဖြတ်ရေးစက်များသာ ဖြစ်ပြီး လင်းဖုန်းကို သတ်ဖြတ်ရန်သာ လိုလားကြသည်။

“ထွက်သွားစမ်း”

ပုတ်သင်သုံးကောင် ပြေးဝင်လာကြသည်။ လင်းဖုန်း သူ့လက်သီးကို လွှဲယမ်ကာ ထိုသားရဲတို့ကို တိုက်ရိုက်ထိုးချလိုက်သည်။ မည်သည့် နည်းစနစ်မျှမပါဘဲ အကြမ်းတမ်းဆုံးသော ခွန်အားချင်းယှဉ်ပြိုင်မှုသာ ဖြစ်၏။

ဘုန်း

လင်းဖုန်း ပုတ်သင်တစ်ကောင်ကို လက်သီးတစ်ချက်တည်းဖြင့် လွင့်ထွက်သွားစေလိုက်သည်။ တစ်ချိန်တည်းတွင်ပင် အခြားပုတ်သင်တစ်ကောင်က သွေးဆာဟန်ရှိသော ပါးစပ်ကြီးကိုဟကာ လင်းဖုန်း၏ လက်မောင်းကို လှမ်းကိုက်လိုက်သည်။

သို့သော် လင်းဖုန်း၏ လက်မောင်းက ထပ်မံကြီးထွားလာပြီး အလွန်မာကျောသွားပုံရသည်။ ထိုပုတ်သင်အနေဖြင့် လက်မောင်းကို ပေါက်အောင်ပင် မကိုက်နိုင်ခဲ့ပေ။

“သေစမ်း”

လင်းဖုန်း ထိုပုတ်သင်ကို လက်နှစ်ဖက်ဖြင့် ဖမ်းဆုပ်ကာ ခေါင်းကို လိမ်ချိုးလိုက်သည်။

မူလက သန်မာပြီး အစွမ်းထက်ကာ အဆုံးမဲ့ခွန်အားရှိပုံရသော ပုတ်သင်မှာ ယခုအခါ လင်းဖုန်း၏ လက်ထဲ၌ စက္ကူတစ်ရွက်အလား ဖြစ်နေတော့သည်။ သူ လက်နှစ်ဖက်ဖြင့် အားကုန် လိမ်ချိုးလိုက်သည်။

ဂျွတ်

လင်းဖုန်းတစ်ယောက် ပုတ်သင်၏ ခေါင်းကို တကယ်လိမ်ချိုးလိုက်ခြင်း ဖြစ်သည်။ ယင်းသည်ကား ထိပ်တန်းနတ်ဆိုးစစ်သူကြီးတစ်ကောင်ပင်။

လင်းဖုန်း ခေါင်းပြတ်သွားသော ပုတ်သင်ကို ပစ်ချလိုက်သည်။ ခေါင်းမရှိတော့သော်လည်း ပုတ်သင်၏ အလောင်းက အကြိမ်အနည်းငယ် ရုန်းကန်အကြောဆွဲနေသေးပြီးမှ ငြိမ်သက်သွားသည်။

မပြီးသေးပေ။ တတိယမြောက် ပုတ်သင် ကျန်ရှိနေသေးသည်။ ထိုပုတ်သင်၏ မျက်လုံးများထဲတွင် အမှန်တကယ်ပင် ကြောက်ရွံ့မှုအရိပ်အယောင်တစ်ခု ပေါ်လာသည်။ ထို့နောက် ထိုသားရဲ၏ ခေါင်းပေါ်ရှိ ပင့်ကူအိမ်အလား ထူထပ်လှသော မျက်လုံးများထဲမှ မရေမတွက်နိုင်သည့ မီးခိုးရောင်အလင်းတန်းများ ရုတ်တရက် ထွက်ပေါ်လာသည်။

လင်းဖုန်း၏ ရင်ထဲတွင် ထိတ်ခနဲ ဖြစ်သွားသည်။ ဤမီးခိုးရောင် အလင်းတန်းများအကြောင်း သူ ကောင်းကောင်းသိသည်။ ယင်းတို့သည်ကား အကာအကွယ်အားလုံးကို ဖျက်ဆီးနိုင်ပြီး အလွန် ထူးဆန်းလှ၏။

လင်းဖုန်း ကမန်းကတန်းဖြင့် လက်ကိုမြှောက်၍ ကာလိုက်သည်။ ချက်ချင်းဆိုသလို သူ့လက်ဖဝါးက ယပ်တောင်တစ်ခုအလား ကျယ်ပြန့်သွားပြီး လင်းဖုန်း၏ ခန္ဓာကိုယ်တစ်ခုလုံးကို ကာကွယ်ပေးလိုက်သည်။

ဘန်း ဘန်း ဘန်း

လင်းဖုန်း အပူဟပ်သလို ခံစားလိုက်ရသော်လည်း ယင်းက ခြင်ကိုက်သလောက်သာ ဖြစ်၏။ သူ လက်ကို ပြန်ရုပ်ပြီး သေသေချာချာ ကြည့်လိုက်သည်။ သူ့အရေပြားပင် ပေါက်မသွားပေ။

ထိုအချိန်ရောက်မှသာ လင်းဖုန်းတစ်ယောက် ယခုလက်ရှိ သူ မည်မျှသန်မာနေပြီဖြစ်ကြောင်းနှင့် သူ၏ ဒီရေလှိုင်းတိုက်ပွဲဝင်ခန္ဓာကိုယ်က မည်မျှထိ အစွမ်းထက်ကြောင်း အမှန်တကယ် သိရှိသွားတော့သည်။

“ဟားဟားဟား…တိရစ္ဆာန်ကောင်လေးတွေ… ဒီတစ်ခါတော့ မင်းတို့ ဘယ်ကိုများ ပြေးနိုင်ဦးမလဲ ကြည့်ရသေးတာပေါ့”

လင်းဖုန်း ခေါင်းမော့ကာ ကျယ်လောင်စွာ ရယ်မောလိုက်သည်။ သူ့ခန္ဓာကိုယ်က နောက်ထပ် မီတာအနည်းငယ် ထပ်မံကြီးထွားလာသည်။ ပုတ်သင်နှစ်ကောင်ကား အမှန်တကယ် ထွက်ပြေးချင်နေကြသော်လည်း သူတို့ နောက်လှည့်လိုက်ချိန်မှာပင် လင်းဖုန်းက သူတို့၏အမြီးများကို လက်တစ်ဖက်ဖြင့် ဖမ်းဆုပ်လိုက်၏။ ပုတ်သင်ညိုနှစ်ကောင်မှာ သူတို့၏ ချွန်ထက်လှသည့် ခြေသည်းများဖြင့် မြေပြင်ကို ကုပ်တွယ်ရန် အရူးအမူး ကြိုးစားကြသော်လည်း လင်းဖုန်းက သူတို့ကို နောက်သို့ပြန်ဆွဲမလိုက်သဖြင့် မြေပြင်ပေါ်တွင် နက်နက်ရှိုင်းရှိုင်း ခြစ်ရာများကိုသာ အချည်းနှီး ကျန်ရစ်ခဲ့တော့သည်။

“ဟီးယား...”

လင်းဖုန်း ပုတ်သင်နှစ်ကောင်၏ အမြီးများကို ဆွဲကိုင်ကာ မြေပြင်ပေါ်သို့ ပြင်းပြင်းထန်ထန် ရိုက်ချလိုက်သည်။

ဘုန်း ဘုန်း ဘုန်း ဘုန်း

သူ အကြိမ်ကြိမ် ကိုင်ပေါက်ချလိုက်နေသည်။ လင်းဖုန်းမူကား နတ်ဆိုးစစ်သူကြီးနှစ်ကောင်ကို မဟုတ်ဘဲ သေးငယ်လှသော ကြွက်နှစ်ကောင်ကိုကိုင်ကာ အားကုန် ရိုက်နှက်သုတ်သင်နေသကဲ့သို့ပင်။

ဆယ်ကြိမ် အကြိမ်နှစ်ဆယ်ခန့် ရိုက်နှက်ကိုင်ပေါက်ပြီးနောက် ပုတ်သင်နှစ်ကောင်မှာ ဆိုးဆိုးရွားရွား ကျိုးကြေသွားလေပြီ။ သူတို့၏ခေါင်းများက တစစီကြေမွသွားပြီး အသက်ရှင်နေသည့်လက္ခဏာ တစ်စုံတစ်ရာမျှ မရှိတော့ပေ။

ဘုတ်

လင်းဖုန်း ပုတ်သင်နှစ်ကောင်၏ အလောင်းများကို လွှင့်ပစ်လိုက်ပြီး တံခါးဆီသို့ တန်းတန်းမတ်မတ် လျှောက်သွားသည်။ သူ တံခါးတစ်ဖက်တစ်ချက်စီကို ကိုင်ကာ အားကုန်ဆွဲဖြဲလိုက်သည်။

ဂျီး...ဂျစ်...

ထူထဲလှသော သံတံခါးကြီးမှာ အကြမ်းပတမ်း ဆွဲဖြဲခံလိုက်ရပြီး ဧရာမအက်ကွဲကြောင်းကြီးတစ်ခု ပေါ်လာသည်။

“မင်းတို့ အခု ထွက်လာလို့ ရပြီ”

လင်းဖုန်းက အထဲမှ လူများကို လှမ်းပြောလိုက်သည်။

ဂရီမန်၊ ဖူလင်နှင့် ဒါဒန်တို့ တစ်ယောက်ကိုတစ်ယောက် ကြောင်အစွာ ကြည့်လိုက်မိကြသည်။ သူတို့ အခန်းထဲမှ တစ်ယောက်ပြီးတစ်ယောက် ထွက်လာကြသည်။ သို့သော်လည်း ဧရာမလူသန်ကြီးတစ်ဦးကဲ့သို့ ဖြစ်နေသော လင်းဖုန်းကို မော့ကြည့်လိုက်ရသောအခါ သူတို့အားလုံး အနည်းငယ် မယုံနိုင်ဖြစ်နေကြပြီး အရာအားလုံးက အိမ်မက်တစ်ခုနှယ် အဓိပ္ပာယ်မဲ့နေသည့်အလားပင် ခံစားလိုက်ရသည်။

ယခင်က ရက်စက်ကြမ်းကြုတ်ပြီး အနိုင်ယူ၍မရနိုင်သော ပုတ်သင်သုံးကောင်ကို လင်းဖုန်းက မှော်ဆန်ဆန် အလွယ်တကူ သတ်ပစ်လိုက်သည်ကို သူတို့ ကိုယ်တိုင် မျက်မြင်တွေ့ခဲ့ရသည်။ ထို့ပြင် သူ့နည်းလမ်းများကလည်း အလွန် ရက်စက်ကြမ်းကြုတ်လှ၏။

ထို့အပြင် လင်းဖုန်းက ယခုအချိန်တွင် သိုင်းသမားတစ်ယောက်နှင့် လုံးဝမတူတော့ပေ။

“မင်း… မင်းက တကယ်ပဲ လင်းဖုန်းလား” ဒါဒန်က မယုံကြည်နိုင်စွာဖြင့် ထစ်အလျက် မေးလိုက်သည်။

“ဒါဒန်… မင်း ငါ့ကို မမှတ်မိဘူးလား”

“လင်းဖုန်း… မင်း မျိုးရိုးဗီဇကန့်သတ်ချက်ကို ထပ်ချိုးဖျက်ပြီးတော့ နတ်ဘုရားနယ်ပယ် သိုင်းသမား ဖြစ်သွားတာလား” ဂရီမန် တစ်ခုခုကို တွေးမိသွားသည့်အလား အလျင်စလို မေးလိုက်သည်။

“အမှန်ပဲ… ငါ မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်ပြီး နတ်ဘုရားနယ်ပယ်ကို ရောက်သွားပြီ”

လင်းဖုန်း သူ့ခန္ဓာကိုယ်ကို ချက်ချင်း ကျုံ့လိုက်သည်။ သို့သော် သူကား ကိုယ်လုံးတီး ဖြစ်နေဆဲပင်။ လင်းဖုန်းမှာ သာမန်မဟုတ်သော အတွေ့အကြုံများနှင့် ရင်းနှီးနေသော်လည်း ယခုအချိန်တွင်မူ သူ အနည်းငယ် ရှက်ရွံ့နေမိသေးသည်။ အထူးသဖြင့် ဖူလင်ကဲ့သို့ အမျိုးသမီး သိုင်းသမားတစ်ယောက် ရှိနေသောအချိန်တွင်ဖြစ်၏။

ဖူလင် ကမန်းကတန်း နောက်လှည့်လိုက်သည်။ လင်းဖုန်းက အနေရခက်စွာဖြင့် “ငါ့ကို အဝတ်အစား နည်းနည်းလောက် ပေးလို့ရမလား။ ငါလေ့ကျင့်တဲ့ သိုင်းပညာက နည်းနည်း ထူးခြားတော့လေ…”

“ငါ့ဟာ ဝတ်လိုက်”

အခြေအနေ သိပ်အနေရမခက်စေရန်အတွက် ဂရီမန်က လင်းဖုန်း ယာယီဝတ်ဆင်နိုင်ရန်အတွက် သူ့အင်္ကျီတစ်ထည်ကို ချွတ်ပေးလိုက်သည်။

မြေပြင်ပေါ်ရှိ သွေးများနှင့် ပုတ်သင်သုံးကောင်၏ အလောင်းများကို ကြည့်ကာ ဂရီမန်နှင့် အခြားသူနှစ်ဦး သက်ပြင်းချလိုက်ကြသည်။ သူတို့ အမြဲတစေ လိုချင်တပ်မက်ခဲ့သော နတ်ဘုရားနယ်ပယ်သို့ လင်းဖုန်းက ပထမဆုံး ရောက်ရှိသွားခဲ့လေပြီ။

လင်းဖုန်း ပထမဆုံးအကြိမ် မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်ခဲ့သည်က တစ်နှစ်သာရှိသေးသည်ကို သိထားရပေမည်။

ဂရီမန်ကို ပါရမီရှင်ဟု ခေါ်ကြသော်လည်း၊ ဖူလင်နှင့် ဒါဒန်တို့ကို ရှားပါးပါရမီရှင်များဟု ခေါ်ကြသော်လည်း လင်းဖုန်းနှင့် ရင်ဆိုင်ရချိန်တွင် သူတို့အနေဖြင့် မနာလိုပင် မဖြစ်နိုင်ကြတော့ပေ။

ဤသည်က သူတို့၏ နားလည်နိုင်စွမ်းထက် များစွာ ကျော်လွန်သွားခဲ့ပြီ ဖြစ်၏။

တစ်နှစ်အတွင်း မျိုးရိုးဗီဇကန့်သတ်ချက်ကို ဒုတိယအကြိမ် မည်သို့နှယ် ချိုးဖျက်နိုင်မည်နည်း။ သူတော်စင်ကိုးပါးပင်လျှင် ဤမျှတိုတောင်းသော အချိန်အတွင်း နတ်ဘုရားနယ်ပယ် သိုင်းသမား ဖြစ်လာနိုင်မည် မဟုတ်ပေ။

သို့သော် မည်သို့ပင်ဆိုစေ လင်းဖုန်း နတ်ဘုရားနယ်ပယ်သိုင်းသမား ဖြစ်လာခဲ့လေပြီ။ ထို့ပြင် သူသည် ထိပ်တန်းနတ်ဆိုးစစ်သူကြီးသုံးကောင်ကို သုတ်သင်သတ်ဖြတ်ပြီး သူတို့သုံးယောက်၏ အသက်ကို ကယ်တင်ခဲ့သည်။

ယခုအခါတွင် သူတို့ တာဝန်ကို ပြီးမြောက်နိုင်ပြီဟု ထင်ရပေသည်။

“ထိန်းချုပ်ခန်းကို ငါ ရှာတွေ့ခဲ့ပြီ။ ငါတို့ ထိန်းချုပ်ခန်းသွားပြီး အပျက်အစီးနယ်မြေရဲ့ ကာကွယ်ရေးယန္တရားကို ပိတ်ဖို့ ကြိုးစားကြည့်လို့ရပြီ”

လင်းဖုန်း သူတို့သုံးဦးကို အတိုချုံး ရှင်းပြပြီးနောက် သူတို့ကို ထိန်းချုပ်ခန်းသို့ ခေါ်ဆောင်သွားလေသည်။

ဂရီမန်တစ်ယောက်သာ လင်းဖုန်း၏ ကျောပြင်ကို အတွေးများစွာဖြင့် စိုက်ကြည့်နေခဲ့၏။

စောစောက လင်းဖုန်း ပုတ်သင်သုံးကောင်ကို တိုက်ခိုက်နေစဉ် ကြယ်တာရာစွမ်းအား လှုပ်ရှားမှု လုံးဝမရှိသည်ကို သူ ထင်ထင်ရှားရှား ခံစားမိခဲ့သည်။ နတ်ဘုရားနယ်ပယ် သိုင်းသမားများကို မဆိုထားနှင့်၊ သာလွန်နတ်ဘုရားနယ်ပယ် သိုင်းသမားများ သို့တည်းမဟုတ် သူတော်စင်တစ်ပါးပင်လျှင် တိုက်ပွဲတွင် ကြယ်တာရာစွမ်းအားကိုသာ အဓိကထား အသုံးပြုရပေမည်။

လင်းဖုန်း၏ ခန္ဓာကိုယ်ပေါ်တွင် ကြယ်တာရာစွမ်းအား လှုပ်ရှားမှုအရိပ်အယောင် လုံးဝမရှိဘဲ ထိပ်တန်းနတ်ဆိုးစစ်သူကြီးသုံးကောင်ကို အလွယ်တကူ သတ်ပစ်နိုင်ခဲ့သည်။ ဤသည်က ဖြစ်နိုင်ပါ၏လော။

ထို့ပြင် စောစောက လင်းဖုန်း၏ ခန္ဓာကိုယ်မှာ ဧရာမလူသန်ကြီးတစ်ဦးကဲ့သို့ ကြီးထွားပြန့်ကားလာခဲ့သေးသည်။ လင်းဖုန်း၏ ရှင်းပြချက်ကမူ သူ အထူးကြယ်တာရာသိုင်းပညာရပ်တစ်ခုကို လေ့ကျင့်ခဲ့သည်ဟူ၏။

ဂရီမန်သည် အတွေ့အကြုံများကာ ဗဟုသုတကြွယ်ဝသော်လည်း လူတစ်ယောက်၏ ခန္ဓာကိုယ်ကို မျက်စိတစ်မှိတ်အတွင်း ထိုမျှမြန်မြန်ဆန်ဆန် ကြီထွားလာစေနိုင်သော ဤကဲ့သို့ အံ့ဩဖွယ်ရာသိုင်းပညာမျိုးကို တစ်ခါမျှ မကြားဖူးခဲ့ပေ။

မည်သို့ပင်ဆိုစေ နောက်ဆုံးတွင် လင်းဖုန်းက သူ့ကို ကယ်တင်ခဲ့ခြင်း ဖြစ်၏။ ဂရီမန်အနေဖြင့် ထိုသံသယများကို သူ့စိတ်ထဲ၌သာ မြှုပ်နှံထားနိုင်တော့သည်။

ထာဝရသိုင်းတာအိုအရှင်

အခန်း (၂၃၈) - တာရန်ယဉ်ကျေးမှု

ဘာသာပြန် - အားသစ်

လင်းဖုန်းသည် ဂရီမန်၊ ဖူလင်နှင့် ဒါဒန်တို့ကို ထိန်းချုပ်ခန်းသို့ ဘေးမသီရန်မခစေဘဲ အောင်အောင်မြင်မြင် ခေါ်ဆောင်လာနိုင်ခဲ့သည်။ လမ်းခရီးတွင် သူတို့ မည်သည့်အန္တရာယ်နှင့်မျှ မကြုံခဲ့ရပေ။

လောင်ဘီသမ် ပြောခဲ့သည့်အတိုင်းပင် ဤအပျက်အစီးနယ်မြေက သတ္တမမြောက် ယဉ်ကျေးမှု၏ သုတေသနဌာနတစ်ခု ဖြစ်ရမည်။ အတွင်းပိုင်းရှိ အားအကောင်းဆုံး ကာကွယ်ရေးယန္တရားမှာ စောစောက ပုတ်သင်သုံးကောင်သာ ဖြစ်ပေလိမ့်မည်။

လင်းဖုန်းက ထိုပုတ်သင်သုံးကောင်ကို ရှင်းလင်းပြီးနောက် သဘာဝကျကျပင် သူတို့အားလုံး ထိန်းချုပ်ခန်းသို့ အနှောင့်အယှက်မရှိ ရောက်ရှိလာနိုင်ခဲ့သည်။

“ဒါ ထိန်းချုပ်ခန်းလား”

ဖူလင်နှင့် အခြားသူများအတွက် ဤထိန်းချုပ်ခန်းသို့ ရောက်ဖူးခြင်းက ပထမဆုံးအကြိမ် ဖြစ်၏။ သူတို့သုံးယောက်သား ခလုတ်ပေါင်းများစွာကို ကြည့်ကာ အံ့ဩတကြီးဖြစ်နေကြသည်။ ဤကဲ့သို့ သိပ္ပံစိတ်ကူးယဉ်ဆန်လှသော ထိန်းချုပ်ခန်းမျိုးကို သူတို့ ဘယ်တုန်းကမှ မမြင်ခဲ့ဖူးပေ။

ထို့ကြောင့် သူတို့ သူတော်စင်ခန်း ပေးထားသော ချစ်ပ်ပြားကို ချက်ချင်း ဖွင့်လိုက်ကြပြီး ထိုထဲမှတစ်ဆင့် ဖြေရှင်းနည်းများကို ရှာဖွေတွေ့ရှိနိုင်ရန် မျှော်လင့်နေကြသည်။

ဂရီမန်က ဆက်သွယ်ရေးစက်မှတစ်ဆင့် ဆက်သွယ်ရန် ကြိုးစားသော်လည်း မည်သည့် လိုင်းမျှမရှိပေ။

လင်းဖုန်းကမူ ထိန်းချုပ်ခန်းရှိ ဧရာမမျက်နှာပြင်ကြီးရှေ့သို့ တည်တည်ငြိမ်ငြိမ်ဖြင့် လျှောက်သွားလိုက်သည်။ ထိုအချိန်တွင် လောင်ဘီသမ်က လင်းဖုန်း၏ ဆက်သွယ်ရေးစက်အတွင်းသို့ ပြန်လည်ဝင်ရောက်လာပြီး လင်းဖုန်း၏ စိတ်ထဲမှ ပြောလိုက်သည်။

“ဒီအပျက်အစီးနယ်မြေက တကယ်ကို သုတေသနဌာနတစ်ခုပဲ။ နောက်ဆယ်မိနစ်လောက်နေရင်တော့ ငါ ကာကွယ်ရေးယန္တရားကို လုံးဝပိတ်ပစ်နိုင်လိမ့်မယ်”

“ကောင်းပြီ... မင်း ဒီအပျက်အစီးနယ်မြေကို ထိန်းချုပ်ဖို့တော့ မလိုပါဘူး။ အချိန်တန်ရင် ငါ သူတော်စင်ခန်းကို ဆက်သွယ်ပြီးတော့ ကျွမ်းကျင်သူတွေကို ဒီထဲလွှတ်ခိုင်းလိုက်မယ်။ ဒါနဲ့... ကာကွယ်ရေးယန္တရားကို ပိတ်တဲ့အခါ ပိုပြီးတော့ သဘာဝကျအောင်လုပ်ဦး။ ဘယ်သူမှ ရိပ်မိမသွားစေနဲ့”

“အဲဒါတွေအတွက်ကတော့ စိတ်မပူပါနဲ့။ ငါ သိပါတယ်။ ဒါပေမဲ့ ဒီအပျက်အစီးနယ်မြေထဲမှာ မင်းအတွက် အကျိုးရှိစေမယ့် အရာတွေ အများကြီးရှိနေတယ်။ ပြီးတော့ ပုန်းကွယ်နေတဲ့ သတင်းစကားတစ်ခုလည်း ရှိသေးတယ်။ မင်း သိချင်လား”

“ဘာသတင်းစကားလဲ”

“တာရန်ယဉ်ကျေးမှု ဒါမှမဟုတ် သတ္တမမြောက် ယဉ်ကျေးမှုနဲ့ ပတ်သက်တဲ့ အချက်အလက်တချို့ပဲ။ သူတို့ကတော့ သူတို့ကိုယ်သူတို့ တာရန်ယဉ်ကျေးမှုလို့ ခေါ်ကြတယ်။ တာရန်ယဉ်ကျေးမှု ပျက်စီးသွားရတဲ့ အကြောင်းရင်းနဲ့ ပတ်သက်တဲ့ အချက်အလက်တချို့လည်း ပါတယ်”

“အဲလို သတင်းစကားမျိုး ရှိသေးတာလား... ငါ့ကို ပြ”

ထို့နောက် လင်းဖုန်း၏ စိတ်ထဲတွင် သတင်းစကားတစ်ခု ချက်ချင်း ပေါ်လာသည်။ ယင်းက လင်းဖုန်း နားလည်နိုင်သော စာသားများအဖြစ် အလိုအလျောက် ဘာသာပြန်ပြီးသား ဖြစ်၏။

ဤသတင်းစကားက ထိုသုတေသနဌာနမှ သာမန်သုတေသနပညာရှင်တစ်ဦး ချန်ထားခဲ့ခြင်း ဖြစ်သည်။

မူလက တာရန်ယဉ်ကျေးမှုသည် အထွတ်အထိပ်သို့ ရောက်ရှိနေခဲ့ပြီး နယ်မြေများစွာကိုပင် သိမ်းပိုက်နိုင်ခဲ့သည်။ အချို့သော သားရဲအုပ်စုများကိုပင် တာရန်ယဉ်ကျေးမှုက ထိန်းချုပ်ထားနိုင်ခဲ့ပြီး သူတို့ ကောင်းကင်မျက်နှာကျက်ကို ဖောက်ထွက်ရန်ပင် ကြိုးစားခဲ့ကြသည်။

သို့သော် တစ်နေ့တွင် ဘယ်ဆီဘယ်ဝယ်ကမသိ ကြောက်မက်ဖွယ်ကောင်းလှသည့် ဧရာမသတ္တဝါကြီးတစ်ကောင် ပေါ်လာသည်။ သတင်းစကားထဲတွင် ဧရာမသတ္တဝါကြီး(Behemoth)ဟူသော စကားလုံးကို အသုံးပြုထားသည်။ ဖော်ပြချက်အရ ထိုသတ္တဝါကြီးက မည်မျှထိ ကြီးမားသည်ကို စိတ်ကူးကြည့်ရန်ပင် ခက်ခဲလှသည်ဆို၏။

ထိုသတ္တဝါကြီး ပေါ်လာသည်နှင့်တစ်ပြိုင်နက် တာရန် ယဉ်ကျေးမှုကို စတင်ဖျက်ဆီးတော့သည်။ ထို့ပြင် ထိုသတ္တဝါကြီးက အခြားသော သားရဲများကိုလည်း အမိန့်ပေးနိုင်စွမ်း ရှိပုံရသည်။ ထို့ကြောင့် မရေမတွက်နိုင်သော သားရဲများနှင့် ထိုဧရာမသတ္တဝါကြီး၏ ဝိုင်းရံတိုက်ခိုက်မှုအောက်တွင် တာရန်ယဉ်ကျေးမှုမှာ သေရေးရှင်ရေး အခြေအနေသို့ ရောက်ရှိသွားခဲ့ရသည်။

တာရန်ယဉ်ကျေးမှုတစ်ခုလုံး၏ နေ့စဉ် လုပ်ငန်းဆောင်တာများကို ထိန်းချုပ်သည့် ဗဟိုကွန်ပျူတာတစ်လုံး ရှိ၏။ ယင်းက တာရန်ယဉ်ကျေးမှု၏ အသိဉာဏ်ရင်းမြစ်ပုံဆောင်ခဲ ဖြစ်သည်။ သို့သော် ထိုဧရာမသတ္တဝါကြီးက တော်ဝင်မြို့တော်ကို နင်းခြေဖျက်ဆီးပြီး ဗဟိုကွန်ပျူတာကို ဖျက်ဆီးလိုက်သောအခါ တာရန်ယဉ်ကျေးမှုသည်လည်း မျက်စိတစ်မှိတ်အတွင်း ပြိုလဲသွားခဲ့ရတော့သည်။

ထို့နောက် တာရန်ယဉ်ကျေးမှုရှိ လူတိုင်းကို တိုက်ပွဲဝင်ရန် ဆင့်ခေါ်ခဲ့၏။ ဤသုတေသနဌာနရှိ လူတိုင်းသည်လည်း ဌာနမှ အလျင်စလို ဆုတ်ခွာသွားခဲ့ကြသည်။ ထို့နောက် သူတို့ ကာကွယ်ရေးယန္တရားကို အသက်သွင်းခဲ့ပြီး မည်သည့်အခါတွင်မှ ပြန်မလာနိုင်ခဲ့ကြတော့ပေ။

ဤသတင်းစကားသည်ကား အလွန်တိုတောင်းပြီး ရိုးရှင်းလှသော်လည်း ထိုထဲမှ အချက်အလက်တချို့က လင်းဖုန်းကို တုန်လှုပ်သွားစေသည်။

တာရန်ယဉ်ကျေးမှုက အဆင့်မြင့်နည်းပညာယဉ်ကျေးမှုတစ်ခု ဖြစ်ခဲ့သည်မှာ ယုံမှားသံသယဖြစ်ဖွယ်မရှိပေ။ ဤသုတေသနဌာနနှင့် သူတော်စင်များကိုပင် ခြိမ်းခြောက်နိုင်သော ကာကွယ်ရေးယန္တရားကို ကြည့်ရုံဖြင့် တာရန်ယဉ်ကျေးမှုက လက်ရှိလူသားယဉ်ကျေးမှုထက် သေချာပေါက် ပိုမိုအစွမ်းထက်မည်ဖြစ််ကြောင်း ထင်ရှားလှသည်။

သို့သော် ထိုမျှထိ အစွမ်းထက်လှသော ယဉ်ကျေးမှုက အမှန်တကယ် ပျက်စီးသွားခဲ့ရသည်။ ထို့ပြင် ထိုသုတေသနပညာရှင်များသည်လည်း ထွက်သွားပြီးနောက် ပြန်မလာနိုင်ခဲ့ကြတော့ပေ။ တာရန်ယဉ်ကျေးမှု၏ အကြွင်းအကျန်များ အားလုံး ပျောက်ကွယ်သွားခဲ့ပုံရသည်။

သတင်းစကားထဲတွင် ဧရာမသတ္တဝါကြီးအကြောင်းကို ထပ်ခါတလဲလဲ ဖော်ပြထားသည်။ ထိုသတ္တဝါကြီးကပင် တာရန်ယဉ်ကျေးမှုကို အမြစ်ပြတ်ဖျက်ဆီးခဲ့ခြင်း ဖြစ်နိုင်ပါသလော။

မည်သို့ပင်ဆိုစေ တာရန်ယဉ်ကျေးမှုက ပြင်ပအင်အားစုတစ်ခုကြောင့် ပျက်စီးသွားခဲ့ခြင်း ဖြစ်၏။ ထိုမျှထိပင် အစွမ်းထက်လှသော ယဉ်ကျေးမှုကို ဖျက်ဆီးပစ်နိုင်သည့် ဤအဖျက်အင်အားစုက မည်မျှအထိ အစွမ်းထက်ပေလိမ့်မည်နည်း။

လင်းဖုန်း ထိုအကြောင်းကို ဆက်မတွေးဝံ့တော့ပေ။

“လောင်ဘီသမ်... ငါတို့ရဲ့ လက်ရှိ နည်းပညာစွမ်းရည်နဲ့ ဒီအချက်အလက်တွေကို ဘာသာပြန်နိုင်မလား”

“သေချာပေါက် ဘာသာပြန်နိုင်ပါတယ်။ ဒီသတင်းစကားက အဲဒီလောက် မရှုပ်ထွေးပါဘူး။ သုံးလလောက်အတွင်းမှာ ဘာသာပြန်လို့ ပြီးနိုင်ပါတယ်”

“ဘာသာပြန်နိုင်တယ်ဆိုရင်တော့ ဒီအတိုင်းပဲ ထားလိုက်ပါ။ ဘာမှ ပြင်မနေနဲ့တော့”

လင်းဖုန်း စဉ်းစားနေမိသည်။ တာရန်ယဉ်ကျေးမှုက ဘာကြောင့် ပျက်စီးသွားခဲ့ရတာလဲ။

ဒါမှမဟုတ် အရင်တုန်းက ယဉ်ကျေးမှုရှစ်ခုစလုံး ဘာကြောင့် ပျက်စီးသွားခဲ့ရတာလဲ။

ယဉ်ကျေးမှုတစ်ခုဟု သတ်မှတ်ခံရသည့် မည်သည့်မျိုးနွယ်မဆို နေထိုင်သူ ဧရာမပမာဏရှိရမည်ဖြစ်ကြောင်း သိထားရမည်။ သူတို့တွင် အစွမ်းထက် စစ်ရေးအင်အားလည်း ရှိရပေမည်။ ဥပမာအားဖြင့် လက်ရှိ ပြင်ပနယ်မြေတွင် သားရဲများစွာ ရှိနေသော်လည်း သူတို့ကို သားရဲယဉ်ကျေးမှုဟု မသတ်မှတ်နိုင်ပေ။

အကယ်၍ ယဉ်ကျေးမှုတစ်ခု ပျက်စီးခြင်းက တစ်ကြိမ်တည်းသာ ဖြစ်ခဲ့လျှင် ယင်းက သဘာဝကပ်ဘေးကြောင့် ဖြစ်နိုင်ပေသည်။ သို့သော် ယဉ်ကျေးမှုပေါင်း ရှစ်ခုစလုံး ပျက်စီးခဲ့ခြင်းကမူ သာမန်မဟုတ်တော့ပေ။ ယခင်ယဉ်ကျေးမှုရှစ်ခုစလုံး ပျက်စီးခဲ့ရလျှင် လူသာယဉ်ကျေးမှုသည်လည်း တစ်ချိန်ချိန်တွင် ပျက်စီးသွားနိုင်ပါသလော။

“လောင်ဘီသမ်... မင်း ဒီကမ္ဘာမှာ ရှိနေတာ ကြာပြီပဲ။ တာရန်ယဉ်ကျေးမှု ပျက်စီးသွားရတဲ့ တကယ့် အကြောင်းရင်းကို မင်း သိမှာပေါ့။ ဒါမှမဟုတ် အရင် ယဉ်ကျေးမှုရှစ်ခုစလုံး ပျက်စီးခဲ့ရတဲ့ တကယ့် အကြောင်းရင်းကို မင်း သိလား”

လင်းဖုန်း လောင်ဘီသမ်ကို မေးလိုက်သည်။ လောင်ဘီသမ် မသိဘဲ မနေနိုင်ကြောင်း သူ ယုံကြည်သည်။

လောင်ဘီသမ် ခဏမျှ တိတ်ဆိတ်သွားပြီးနောက်မှ ဖြည်းဖြည်းချင်း ပြန်ဖြေလာသည်။ “မင်းတို့ရဲ့ ကမ္ဘာက နည်းနည်းတော့ ထူးခြားတယ်။ အဲဒီချိန်တုန်းက ငါ မင်းတို့ကမ္ဘာကို ရောက်လာတဲ့အချိန်မှာ မင်းတို့ကမ္ဘာက ဒုတိယယဉ်ကျေးမှုရဲ့ အဆုံးသတ်မှာပဲ ရှိသေးတယ်။ ပျက်စီးသွားရတဲ့ အကြောင်းရင်းကိုတော့ ငါ သိပါတယ်။ ဒါပေမဲ့ အဲဒါက မင်း အခုကိုင်တွယ်နိုင်မယ့် အရာမဟုတ်သေးဘူး။ တစ်နေ့နေ့ မင်း စတုတ္ထအကြိမ် အသက်ဝိညာဉ် အသွင်ပြောင်းလဲနိုင်ခဲ့ရင် ငါ သိထားသမျှ အရာအားလုံးကို မင်းကိုပြောပြမယ်”

လင်းဖုန်း စဉ်းစားနေမိသည်။

လောင်ဘီသမ်က ယခင်ယဉ်ကျေးမှုရှစ်ခုစလုံး ပျက်စီးရသည့် တကယ့်အကြောင်းရင်းကို သိနေသည်မှာ ထင်ရှားလှ၏။ အမှန်တကယ်တော့ လောင်ဘီသမ်က မပြောလိုခြင်း သို့တည်းမဟုတ် ပြောရန် ကြောက်ရွံ့နေခြင်း ဖြစ်သည်။ ဆိုလိုသည်က လင်းဖုန်း၏ လက်ရှိ ဒုတိယအကြိမ် အသက်ဝိညာဉ် အသွင်ပြောင်းလဲမှုနှင့် ဒီရေလှိုင်းတိုက်ပွဲဝင်ခန္ဓာကိုယ် ကျင့်ကြံမှုဖြင့်ပင် ဤအကျပ်အတည်းကို မဖြေရှင်းနိုင်သေးဟု ဆိုလိုခြင်းပင်။

လောင်ဘီသမ်က မပြောလိုသဖြင့် လင်းဖုန်းလည်း အတင်းအကျပ် မမေးတော့ပေ။ သို့သော် သူ့ရင်ထဲတွင်မူ အန္တရာယ်အရိပ်အယောင်တစ်ခုကို မသဲမကွဲ ခံစားနေရသည်။

သူတော်စင်ကိုးပါးကလည်း တစ်ခုခုကို သိထားပုံရပြီး ထို့ကြောင့်ပင် သူတို့က လူသားတို့၏ စုစုပေါင်း အင်အားကို မြှင့်တင်ရန် ရှေးဟောင်းယဉ်ကျေးမှုများမှ နည်းပညာများကို အသည်းအသန် ရှာဖွေရန် ဤမျှအထိ စိတ်အားထက်သန်နေကြခြင်း ဖြစ်နိုင်သည်။

“ကာကွယ်ရေးယန္တရားကို ပိတ်လိုက်ပြီ။ လင်းဖုန်း... မင်း ဟိုဘက်က အနီရောင်ခလုတ်လေးကို မတော်တဆလိုလိုနဲ့ နှိပ်လိုက်ရုံပဲ။ အဲဒီအခါ ကာကွယ်ရေးယန္တရားက လုံးဝပိတ်သွားလိမ့်မယ်။ အဲဒီအချိန်ကျရင် ဆက်သွယ်ဖို့က ပြဿနာမဟုတ်တော့ဘူး”

လင်းဖုန်း အတွေးနက်နေစဉ်မှာပင် လောင်ဘီသမ်၏ အသံ ထပ်မံထွက်ပေါ်လာသည်။ ကာကွယ်ရေးယန္တရားကို ပိတ်ချရန် အသင့်ဖြစ်နေပြီ ဖြစ်သည်။

လောင်ဘီသမ်ပြောသည့် အနီရောင်ခလုတ်လေးကို လင်းဖုန်း မြင်လိုက်ရသည်။ လောင်ဘီသမ်ကို ကာကွယ်ရေးယန္တရား တိုက်ရိုက်ပိတ်ခိုင်းရမည့်အစား ဤသို့ လုပ်ခိုင်းခြင်းက မလိုအပ်သည့် သံသယများကို ရှောင်လွှဲရန်သာ ဖြစ်၏။

ထို့ကြောင့် လင်းဖုန်းသည် မျက်မှောင်ကြုတ်ကာ စဉ်းစားနေကြသော ဂရီမန်နှင့် အခြားသူများကို ပြောလိုက်သည်။

“ဒီဘက်ကို မြန်မြန် လာကြဦး”

“ဘာဖြစ်လို့လဲ”

ဖူလင်နှင့် အခြားသူများ လျှောက်လာကြပြီး လင်းဖုန်းကို ဇဝေဇဝါဖြင့် ကြည့်လိုက်ကြသည်။

လင်းဖုန်းက အနီရောင်ခလုတ်လေးကို ညွှန်ပြကာ လေးနက်သော အမူအရာဖြင့် ပြောလိုက်သည်။ “ခုနက ငါ ကြည့်လိုက်တော့ ဒီမှာ ကိရိယာတွေ အများကြီး ရှိပေမဲ့ ဒီအနီရောင်ခလုတ်လေးက အလယ်မှာ ရှိနေပြီး အရမ်းသိသာနေတယ်။ ဒါက ထိန်းချုပ်ရေးဗဟိုချက် ဖြစ်မယ်လို့ ငါ သံသယ ရှိတယ်။ ငါတို့ ဒါကို နှိပ်ပြီး စမ်းကြည့်ကြမလား”

ဂရီမန်နှင့် အခြားသူများက အနည်းငယ် တွန့်ဆုတ်နေကြသည်။ အကယ်၍ ထိုခလုတ်က အလွန်အန္တရာယ်များသည့်အရာ တစ်ခုခုဖြစ်နေပါက ဘယ်လိုလုပ်မည်နည်း။

သို့သော် လင်းဖုန်းက နတ်ဘုရားနယ်ပယ်သို့ ရောက်ရှိနေပြီဖြစ်ပြီး သူ ပြသခဲ့သည့် ခွန်အားအရ အန္တရာယ် တစ်စုံတစ်ရာ ရှိခဲ့လျှင်ပင် လင်းဖုန်း ကိုင်တွယ်နိုင်ပေလိမ့်မည်။ မည်သို့ပင်ဖြစ်စေ သူတို့လည်း ပိုကောင်းသည့်အကြံမရှိ၊ ဘာမှလည်းမသိကြသဖြင့် စမ်းကြည့်ရန်မှလွဲ၍ အခြားရွေးချယ်စရာ မရှိတော့ချေ။

“ငါ သဘောတူတယ်။ စမ်းကြည့်ရအောင်”

“ဟုတ်တယ်... ငါလည်း သဘောတူတယ်”

ဂရီမန်နှင့် အခြားသူများအားလုံး သဘောတူလိုက်ကြသည်။ ထို့ကြောင့် လင်းဖုန်း နောက်ထပ် အချိန်ဆွဲမနေတော့ဘဲ လက်ကို ဆန့်ထုတ်ကာ အနီရောင်ခလုတ်ကို နှိပ်လိုက်လေတော့သည်။

All Chapters