အခန်း (၂၃၉-၂၄၀)
Vol. 21 Ch. 239-240
ထာဝရသိုင်းတာအိုအရှင်
အခန်း (၂၃၉) - သူတော်စင်များထံမှ ဆုလာဘ်များ
ဘာသာပြန် - အားသစ်
တီ...
လင်းဖုန်း အနီရောင်ခလုတ်ကို နှိပ်လိုက်သည်နှင့် ထိန်းချုပ်ခန်းအတွင်းရှိ ဖန်သားပြင်များအားလုံး လင်းထိန်လာသည်။
“အဲဒါ အပြင်ဘက်က မြင်ကွင်းလား”
“လုံခြုံရေး ကင်မရာတွေ ပွင့်လာပြီပဲ”
“အခန်းတိုင်းမှာ လုံခြုံရေး ကင်မရာတွေ ရှိတယ်။ ဟိုက ကြွက်သားရဲတွေကို ကြည့်စမ်း... သူတို့ အားလုံး ဆုတ်သွားကြပြီ”
“အယ်... ငါ့ရဲ့ ဆက်သွယ်ရေးစက်က လိုင်းပြန်ရနေပြီ ထင်တယ်”
“ကာကွယ်ရေးယန္တရား ပိတ်သွားတာပဲ ဖြစ်ရမယ်ကွ”
လူတိုင်း အလွန်ဝမ်းသာသွားကြသည်။ လင်းဖုန်းသည်လည်း သက်ပြင်းတစ်ချက်ချလိုက်ပြီး သူ့မျက်နှာထက်တွင် အပြုံးတစ်ခု ပေါ်လာသည်။
ယခုအခါ ကာကွယ်ရေးယန္တရား ပိတ်သွားပြီး ဆက်သွယ်ရေးစက်ကလည်း လိုင်းရနေပြီဖြစ်ရာ လူတိုင်း သူတော်စင်ခန်းထံသို့ ချက်ချင်း ဆက်သွယ်လိုက်ကြသည်။
သူတော်စင်ခန်းသည် လင်းဖုန်းနှင့် အခြားသူများထံမှ ဖုန်းခေါ်ဆိုမှုကို လက်ခံရရှိသောအခါ အလွန်အံ့သြဝမ်းသာဖြစ်သွားသည်။ မူလက သူတော်စင်နှစ်ပါးစလုံးသည် လင်းဖုန်းနှင့် အခြားသူများ ကျရှုံးသွားပြီဟု ထင်ထားခဲ့ကြသည်။ တာဝန် အမှန်တကယ် အောင်မြင်သွားလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။
“အဲ့ထဲကပဲ စောင့်နေကြ။ ငါနဲ့ သူတော်စင်ယွမ်ယီ လူတွေ ခေါ်ပြီး ချက်ချင်းလာခဲ့မယ်”
သူတော်စင်ခန်းနှင့် သူတော်စင်ယွမ်ယီတို့နှစ်ယောက် လူအင်အား အမြောက်အမြားကို တတ်နိုင်သမျှ မြန်မြန် စုစည်းကာ အလျင်စလို ရောက်လာခဲ့ကြလေသည်။ မျှော်လင့်ထားသည့်အတိုင်း အပျက်အစီးနယ်မြေ အပြင်ဘက်ရှိ ကာကွယ်ရေးယန္တရားများက မည်သည့် တုံ့ပြန်မှုမျှ မရှိတော့ဘဲ သူတော်စင်များကိုလည်း မခြိမ်းခြောက်နိုင်တော့ပေ။
သူတော်စင်ခန်းသည် သိပ္ပံပညာရှင်များနှင့် သိုင်းသမား များစွာကို ဦးဆောင်ကာ ထိန်းချုပ်ခန်းထဲသို့ ဝင်လာခဲ့သည်။ လင်းဖုန်းကို မြင်သောအခါမှသာ သူတို့ သက်ပြင်းတစ်ချက် ချနိုင်တော့၏။
“သူတော်စင်ခန်း... သူတော်စင်ယွမ်ယီ... ကျွန်တော်တို့ ကံကောင်းထောက်မစွာနဲ့ တာဝန်ကို ပြီးမြောက်ခဲ့ပြီး ကာကွယ်ရေးယန္တရားကို ပိတ်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ အပျက်အစီးနယ်မြေကိုတော့ မထိန်းချုပ်နိုင်သေးပါဘူး။ သူတော်စင်တို့ ခေါ်လာတဲ့ သိပ္ပံပညာရှင်တွေက ဆက်လုပ်ဖို့ လိုပါဦးမယ်။ ပြီးတော့ ဒီတစ်ခေါက် ဝင်လာခဲ့တဲ့ လူဆယ်ယောက်ထဲက ခြောက်ယောက် သေဆုံးသွားပါတယ်...”
“သူတို့အားလုံးက သူရဲကောင်းတွေပါပဲ။ သူတို့ ခြောက်ယောက်စလုံးကို လူသားမျိုးနွယ်ရဲ့ သူရဲကောင်းတံဆိပ် ချီးမြှင့်မယ်။ မင်းတို့အားလုံးလည်း လူသားမျိုးနွယ်ရဲ့ သူရဲကောင်းတွေပဲ” သူတော်စင်ခန်းက ပြတ်ပြတ်သားသား ပြောလိုက်သည်။
“လူသားမျိုးနွယ်သူရဲကောင်းတံဆိပ် ဟုတ်လား”
ဂရီမန်နှင့် အခြားသူများလည်း အလွန် ဝမ်းသာသွားကြသည်။ လင်းဖုန်းကမူ ယင်းကို သိပ်ပြီး အရေးမကြီးလှဟုသာ ထင်နေသည်။ အဘယ်ကြောင့်ဆိုသော် သူက လူသားမျိုးနွယ်သူရဲကောင်းတံဆိပ်ကို ရရှိထားပြီးဖြစ်၏။ သို့ပေသော်ငြား ဂရီမန်နှင့် အခြားသူများကမူ မရဖူးသေးပေ။
လူသားမျိုးနွယ်သူရဲကောင်းတံဆိပ်မှ ရရှိလာမည့် အကျိုးကျေးဇူး အမျိုးမျိုးကို တွေးမိသောအခါ ဂရီမန်၊ ဖူလင်နှင့် ဒါဒန်တို့အားလုံး ဤခရီးက အမှန်တကယ်ပင် တန်သည်ဟု ခံစားလိုက်ရသည်။ သူတို့သုံးယောက်လုံး အကျိုးပြုတန်ဖိုး ၂၀,၀၀၀ ကို ရရှိခဲ့ရုံသာမက လူသားမျိုးနွယ်သူရဲကောင်းတံဆိပ်ကိုပါ ရရှိခဲ့ကြသေးသည်။
“ဒါနဲ့... မင်းတို့ အပျက်အစီးတွေထဲ ဝင်သွားပြီးတဲ့နောက် ဘာတွေနဲ့ ကြုံတွေ့ခဲ့ရတာလဲ၊ ပြီးတော့လည်း ကာကွယ်ရေးယန္တရားကို ဘယ်လို ပိတ်လိုက်တယ်ဆိုတာ ငါတို့ကို ပြောပြနိုင်မလား”
သူတော်စင်နှစ်ပါးက သူတို့၏ အတွေ့အကြုံအကြောင်း မေးမြန်းမည်ကို လင်းဖုန်း မျှော်လင့်ထားပြီး ဖြစ်သဖြင့် အပျက်အစီးနယ်မြေသို့ ရောက်ရှိလာပြီးနောက် ဖြစ်ပျက်ခဲ့သမျှ အားလုံးကို ရှင်းပြလိုက်သည်။ စွမ်းအင်စက်ရုံမှ စွမ်းအင်များကို စုပ်ယူခြင်းနှင့် သူ တိုက်ပွဲဝင်ခန္ဓာကိုယ်ကို ကျင့်ကြံသည့် ကိစ္စများမှလွဲ၍ ကျန်သည့်အရာအားလုံးကို သူတော်စင်နှစ်ပါးအား အသေးစိတ် ရှင်းပြခဲ့သည်။
“မင်းဆိုလိုတာက... မင်း အခု ဒုတိယအကြိမ် အသက်ဝိညာဉ် အသွင်ပြောင်းလဲမှုကို ပြီးမြောက်ပြီး နတ်ဘုရားနယ်ပယ် သိုင်းသမားတစ်ယောက် ဖြစ်သွားပြီပေါ့”
သူတော်စင်ခန်းတစ်ယောက် လင်းဖုန်းကို စိုက်ကြည့်ရင်း အနည်းငယ် အံ့အားသင့်ဟန်ဖြင့် မေးလိုက်သည်။
“ဟုတ်ပါတယ်... ကျွန်တော် အသက်ဝိညာဉ် အသွင်ပြောင်းလဲမှု နှစ်ကြိမ် ပြီးမြောက်သွားပါပြီ။ မဟုတ်ရင် အဲဒီ နတ်ဆိုးစစ်သူကြီးသုံးကောင်ကို ကျွန်တော် သတ်နိုင်ခဲ့မှာ မဟုတ်ပါဘူး”
လင်းဖုန်း မဖုံးကွယ်ထားပေ။ ထို့ပြင် ဂရီမန်၊ ဖူလင်နှင့် ဒါဒန်တို့ ရှိနေသဖြင့် သူ ဖုံးကွယ်ထား၍လည်း မရနိုင်ပေ။
“အသက် ၂၁ နှစ်အရွယ် နတ်ဘုရားနယ်ပယ် သိုင်းသမား...”
သူတော်စင်ခန်းနှင့် သူတော်စင်ယွမ်ယီတို့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး အချင်းချင်း မျက်လုံးထဲမှ အံ့အားသင့်မှုများကို မြင်လိုက်ကြသည်။
ယခင်က လင်းဖုန်း မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်ပြီး သာလွန်လူသားတစ်ဦး ဖြစ်လာချိန်တွင် တစ်ကမ္ဘာလုံးဆိုင်ရာ သိုင်းပြိုင်ပွဲ၌ သူ၏ တစ်ကြိမ်တည်းသော ပထမဆုံးစွမ်းဆောင်မှုဖြင့် ကမ္ဘာကြီးတစ်ခုလုံးကိုပင် အံ့အားသင့်စေခဲ့သည်။ သို့သော် လက်တွေ့တွင်မူ သူတော်စင်များက ထိုကိစ္စကို သိပ်ပြီး အရေးမကြီးလှဟု ထင်ခဲ့ကြသည်။
အဘယ်ကြောင့်ဆိုသော် လူသားများကြားတွင် ဂရီမန်၊ အတိတ်က လုချန် စသည့် ပါရမီရှင်များစွာ မပြတ်ရှိနေသောကြောင့် ဖြစ်၏။
သို့သော် သူတို့ထဲမှ ဘယ်နှယောက်က စတုတ္ထအကြိမ် အသက်ဝိညာဉ် အသွင်ပြောင်းလဲမှုကို အမှန်တကယ် ပြီးမြောက်နိုင်မည်နည်း။
တစ်ယောက်မျှပင် ရှိအံ့မထင်။ တုန်ဖန်းရှန် တစ်ယောက်သာ မျှော်လင့်ချက် အနည်းငယ် ရှိနေသေးသည်။ သို့သော် တုန်ဖန်းရှန်ပင်လျှင် အသက်သုံးဆယ်အရွယ်တွင်မှ ဒုတိယအကြိမ် အသက်ဝိညာဉ် အသွင်ပြောင်းလဲမှုကို ပြီးမြောက်ပြီး နတ်ဘုရားနယ်ပယ်သို့ ရောက်ရှိခဲ့ခြင်း ဖြစ်သည်။
လင်းဖုန်းကမူ အသက်နှစ်ဆယ့်တစ်နှစ်သာ ရှိသေးသော်လည်း နတ်ဘုရားနယ်ပယ် သိုင်းသမားတစ်ဦး ဖြစ်နေလေပြီ။ သူကား သမိုင်းတစ်လျှောက် အသက်အငယ်ဆုံး နတ်ဘုရားနယ်ပယ် သိုင်းသမားဖြစ်သည်မှာ အသေအချာပင်။ ရှေးခေတ်ချိန်ခါက နတ်ဘုရားနယ်ပယ် သိုင်းသမားများဆိုသည်မှာ မယုံနိုင်လောက်စရာ စွမ်းရည်အမျိုးမျိုးကို ပိုင်ဆိုင်ထားသည့် နတ်ဘုရားများ ဖြစ်ကြသည်ကို သိထားရပေမည်။
ထို့ပြင် ယခုအချိန်အထိတွက်ကြည့်လျှင် လင်းဖုန်း မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်ခဲ့သည်က တစ်နှစ်သာ ကြာသေးကြောင်း သူတော်စင်ယွမ်ယီနှင့် သူတော်စင်ခန်းတို့ နှစ်ဦးစလုံး သိထားကြသည်။ တစ်နှစ်အတွင်း နောက်ထပ်တစ်ကြိမ် အသက်ဝိညာဉ် အသွင်ပြောင်းလဲမှုပြုနိုင်ခဲ့ခြင်းက မယုံနိုင်စရာပင်။
သို့သော် ဂရီမန်၊ ဖူလင်နှင့် ဒါဒန်တို့ အားလုံးက လင်းဖုန်း အမှန်တကယ်ပင် နတ်ဘုရားနယ်ပယ် သိုင်းသမားတစ်ဦး ဖြစ်လာကြောင်း ကျိန်ဆိုပြောခဲ့ကြသည်။
“လင်းဖုန်း... ဒီတစ်ခါ အပျက်အစီးနယ်မြေရဲ့ ကာကွယ်ရေးယန္တရားကို ပိတ်ရာမှာ မင်းရဲ့ စွမ်းဆောင်မှုက အကြီးမားဆုံးပဲ။ အကျိုးပြုတန်ဖိုး ၂၀,၀၀၀ အပြင် မင်း တခြားဘာလိုချင်တာ ရှိသေးလဲ။ မင်းလိုချင်တာ ဘာပဲဖြစ်ဖြစ် ယွမ်ယီနဲ့ ငါ ဆုံးဖြတ်ပေးနိုင်တယ်”
အမှန်တကယ်ပင် အပျက်အစီးနယ်မြေ၏ ကာကွယ်ရေးယန္တရားကို ပိတ်နိုင်ခဲ့သည့် အကြီးမားဆုံး စွမ်းဆောင်ရှင်က လင်းဖုန်းသာဖြစ်၏။ အကယ်၍ လင်းဖုန်းသာ မရှိပါက ဂရီမန်နှင့် အခြားသူများအားလုံး ဤတစ်ကြိမ်တွင် သေချာပေါက် သေဆုံးသွားလောက်ပြီ ဖြစ်သည်။
ထို့ပြင် လင်းဖုန်းတွင် လူသားမျိုးနွယ်သူရဲကောင်းတံဆိပ် ရှိနှင့်ပြီး ဖြစ်သည်။ သူတော်စင်ခန်းအနေဖြင့် လင်းဖုန်းအား လူသားမျိုးနွယ်သူရဲကောင်းတံဆိပ်နှစ်ခု ချီးမြှင့်၍ မရနိုင်ပေ။ လူသားများအတွက် အမြင့်ဆုံး ဂုဏ်ပြုဆုဖြစ်သော လူသားမျိုးနွယ်အပေါ် အန္တိမစွမ်းဆောင်မှုတံဆိပ်ကိုမူ ယခုအချိန်တွင် လင်းဖုန်းအား ချီးမြှင့်ရန် မဖြစ်နိုင်သေးပေ။
အဘယ်ကြောင့်ဆိုသော် လူသားမျိုးနွယ်အပေါ် အန္တိမစွမ်းဆောင်မှုတံဆိပ် ရရှိသူများအားလုံးမှာ သူတော်စင်များသာ ဖြစ်ကြပြီး ထိုတံဆိပ်ကို ရရှိရန်အတွက် လူသားမျိုးနွယ် တစ်ခုလုံးလောက်နီးပါးကို ကယ်တင်နိုင်သည့် စွမ်းဆောင်မှုမျိုးရှိရန် လိုအပ်သောကြောင့် ဖြစ်သည်။ လင်းဖုန်း၏ လက်ရှိ စွမ်းဆောင်မှုများက ထိုအဆင့်သို့ မရောက်သေးပေ။
ထို့ကြောင့် သူတော်စင်ခန်းနှင့် သူတော်စင်ယွမ်ယီတို့က လင်းဖုန်းကို အခြားလျော်ကြေးတစ်ခု ပေးလိုကြသည်။ သူတို့က လင်းဖုန်းကို သူလိုချင်သည့်အရာကို တိုက်ရိုက်တောင်းဆိုခိုင်းလိုက်သည်။
“ကျွန်တော် ဘာလိုချင်တာလဲဟုတ်လား”
လင်းဖုန်း ခဏမျှ စဉ်းစားလိုက်သည်။ သူ အတိအကျ ဘာလိုချင်သလဲ။ အကယ်၍ သူသာ ဒုတိယအကြိမ် အသက်ဝိညာဉ် အသွင်ပြောင်းလဲမှုကို မပြီးမြောက်သေးပါက သေချာပေါက် အကျိုးပြုတန်ဖိုး တတ်နိုင်သမျှများများ လိုချင်ပေလိမ့်မည်။ အကျိုးပြုတန်ဖိုးဆိုသည်မှာ များလွန်းသည်ဟူ၍ မရှိဘဲ အားလုံးက အသုံးဝင်မည်သာ ဖြစ်သည်။ အနည်းဆုံး စွမ်းအင်အချို့ ဝယ်ယူရန် အသုံးပြုနိုင်သေးသည်။
သို့သော် ယခုအချိန်တွင် သူ၏ အကျိုးပြုတန်ဖိုးများမှာ လုံလောက်နေပြီ ဖြစ်သည်။ ထို့ပြင် တတိယအကြိမ် အသက်ဝိညာဉ် အသွင်ပြောင်းလဲရန်အတွက် အချိန်အများကြီး လိုသေးသည်။ ယခုအချိန်က စွမ်းအင် စုဆောင်းရမည့် အချိန် မဟုတ်သေးပေ။
ဒါဆို အခု သူ ဘာလိုချင်တာလဲ။
အနည်းငယ်မျှ စဉ်းစားပြီးနောက် လင်းဖုန်းက တွန့်ဆုတ်စွာဖြင့် စကားဆိုလိုက်သည်။
“သူတော်စင်ခန်း... ပြီးခဲ့တဲ့အကြိမ် ကျောက်တုံးမြို့တော်မှာ ဖြစ်ခဲ့တဲ့ ကိစ္စကြောင့် ကျွန်တော်က ပညာရေးအဖွဲ့အစည်းကနေ တောင်ပိုင်းတောင်တန်း အခြေစိုက်စခန်းကို တာဝန်ကျခဲ့ပါတယ်။ ခွင့်ယူဖို့အတွက် အဲဒီမှာ တစ်နှစ်ပြည့်အောင် စောင့်နေရမှာပါ။ ကျွန်တော် အိမ်မပြန်ဖြစ်တာ ကြာပြီမို့လို့ ခွင့်လေးပဲ လိုချင်ပါတယ်”
“ခွင့်ပဲလား”
သူတော်စင်ခန်းနှင့် သူတော်စင်ယွမ်ယီတို့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး စိတ်ပျက်ရမလား ရယ်ရမလားပင် မသိတော့ပေ။ သူတော်စင်နှစ်ပါး၏ ဩဇာအာဏာက လင်းဖုန်းအတွက် ခွင့်လျှောက်ဖို့လောက်သာ တန်ဖိုးရှိသည်လား။
ထိုသို့ တွေးကြည့်ရုံဖြင့်ပင် သိက္ခာကျသလို ခံစားလိုက်ရသည်။
သူတော်စင်ခန်းက ခဏမျှ စဉ်းစားပြီးနောက် “အင်း...မင်းကို ခွင့်ပေးသင့်ပါတယ်။ ပြိုင်ဘက်ကင်းကိုယ်စား ငါ ဆုံးဖြတ်ပေးမယ်။ မင်းကိုငါ သုံးလခွင့်ပေးလိုက်မယ်။ လုံလောက်ရဲ့လား”
“လုံလောက်ပါတယ်... လုံလောက်ပါတယ်ဗျာ။ ကျေးဇူးတင်ပါတယ် အရှင်သူတော်စင်ခင်ဗျ”
သုံးလခွင့်ဆိုသည်က လင်းဖုန်းအတွက် အလွန် တန်ဖိုးရှိလှသည်။ သေချာပေါက် လုံလောက်ပေသည်။ သို့သော် သူတော်စင်ခန်းအတွက်မူ ယင်းက အသေးအဖွဲ ကိစ္စလေးတစ်ခုမျှသာဖြစ်ပြီး လင်းဖုန်း၏ ကြီးကျယ်လှသော စွမ်းဆောင်မှုများအတွက် ဆုချီးမြှင့်သည်ဟု သတ်မှတ်ရန် မလုံလောက်ပေ။
ထို့ကြောင့် သူတော်စင်ခန်းက ဆက်လက်၍ “မင်းက နတ်ဘုရားနယ်ပယ် သိုင်းသမား ဖြစ်နေပြီဆိုတော့ တောင်ပိုင်းတောင်တန်း အခြေစိုက်စခန်းမှာ ဆက်နေဖို့ မသင့်တော်တော့ဘူး။ ဒီလိုလုပ်ရင်ကော... မင်းက မိသားစုနဲ့ အတူနေချင်တာဆိုတော့ ဗဟိုပင်လယ်မြို့ရဲ့ ကိုယ်စားလှယ်လုပ်ပါလား” (ယခင်က သံတမန်ဟု သုံးခဲ့သည်။)
“ဗဟိုပင်လယ်မြို့ရဲ့ ကိုယ်စားလှယ်လား”
လင်းဖုန်း အံ့အားသင့်သွားသည်။ ထိုသည်က ဝမ်းသာစရာ သတင်းကောင်းတစ်ခု ဖြစ်၏။ ရှေ့တန်းတွင် နေရခြင်းက အတော်လေး ကောင်းမွန်သော်လည်း ဗဟိုပင်လယ်မြို့ကြီး၏ ကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်ရင်း မိသားစုနှင့် အတူနေခွင့်ရခြင်းကို မည်သို့ ယှဉ်နိုင်မည်နည်း။
“လင်းဖုန်း... မင်း ဗဟိုပင်လယ်မြို့ရဲ့ ကိုယ်စားလှယ် လုပ်ချင်လား”
“ဟုတ်ကဲ့... လုပ်ချင်ပါတယ်ဗျ”
လင်းဖုန်း လုံးဝမတွန့်ဆုတ်ဘဲ ချက်ချင်း သဘောတူလိုက်သည်။ ဤသည်ကား အလွန်ကောင်းမွန်သော ကိစ္စတစ်ခုပင်။ နတ်ဘုရားနယ်ပယ် သိုင်းသမားများစွာပင် ကိုယ်စားလှယ်အဖြစ် အလွယ်တကူ တာဝန်ထမ်းဆောင်နိုင်ခြင်း မရှိကြရာ မိမိ၏ ဇာတိချက်ကြွေ မွေးရပ်မြေမြို့တွင် ကိုယ်စားလှယ်လုပ်ရမည်ဆိုလျှင် ပြောစရာပင် မလိုတော့ပေ။
လင်းဖုန်း၏ စိတ်လှုပ်ရှားနေသော အမူအရာကို ကြည့်ကာ သူတော်စင်ခန်းလည်း ပြုံးလိုက်သည်။ သူက ဆက်လက်၍ စကားဆိုလိုက်သည်။
“မင်း အပျော်မစောနဲ့ဦး။ အရင်ဆုံး ငါ ရှင်းရှင်းလင်းလင်း ပြောထားမယ်... မင်းက ကိုယ်စားလှယ်အနေနဲ့ အများဆုံး သုံးနှစ်အထိပဲ တာဝန်ထမ်းဆောင်ခွင့်ရှိမယ်။ သုံးနှစ်ပြည့်တာနဲ့ မင်း ရှေ့တန်းကို သွားရမယ်”
“နားလည်ပါပြီ”
လင်းဖုန်းသည် သိုင်းသမားများအတွက် မူဝါဒအသစ်အကြောင်းကို သဘာဝကျကျပင် သိထားသည်။ သူ ကိုယ်စားလှယ် ဖြစ်လျှင်ပင် ရာထူးကို အကြာကြီး ယူထား၍ မရနိုင်ပေ။ သတ်မှတ်ချိန် ပြည့်သွားသည်နှင့် သူလည်း ရှေ့တန်းသို့ သွားရမည်သာ ဖြစ်သည်။
“ကောင်းပြီ... မင်းတို့အားလုံး ပင်ပန်းနေကြပြီ။ အရင်ဆုံး အခြေစိုက်စခန်းကို ပြန်ပြီး အနားယူကြဦး”
သူတော်စင်ခန်းက လက်ဝေ့ယမ်းပြလိုက်ပြီး လင်းဖုန်းနှင့် အခြားသူများကို အပျက်အစီးနယ်မြေမှ ထွက်ခွာကာ အခြေစိုက်စခန်းသို့ ပြန်ခွင့်ပြုလိုက်သည်။
လင်းဖုန်း၏ ထွက်ခွာသွားသော ကျောပြင်ကိုကြည့်ကာ သူတော်စင်ယွမ်ယီက ရုတ်တရက် မေးလိုက်သည်။
“နတ်ဘုရားနယ်ပယ် သိုင်းသမားတစ်ယောက်အတွက် ကြယ်တာရာစွမ်းအားကနေ ဆင်းသက်လာတဲ့ လှုပ်ခတ်မှုတွေက မယုံနိုင်လောက်အောင် ကြီးမားရမှာကို ငါတို့ ဘာလို့များ နည်းနည်းမှမတွေ့ရတာလဲ”
သူတော်စင်များ၏ ထက်မြက်မှုဖြင့် လင်းဖုန်း၏ ထူးခြားချက်ကို မည်သို့ မသတိထားမိဘဲ နေမည်နည်း။
“လင်းဖုန်းမှာ လျှို့ဝှက်ချက်တွေ ရှိတယ်။ ငါ သူ့ခန္ဓာကိုယ်ကနေ ကြယ်တာရာစွမ်းအား လှုပ်ရှားမှုကို မခံစားရဘူး။ ဒါပေမဲ့ သူ့ရဲ့ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ကတော့ အရမ်းကို သန်မာလွန်းတယ်။ ဟိုနတ်ဆိုးစစ်သူကြီးတွေထက်တောင် ပိုပြီးသန်မာသေးတယ်။ သူ အဲဒီနတ်ဆိုးစစ်သူကြီး သုံးကောင်ကို သတ်ခဲ့တယ်ဆိုတာလည်း အမှန်ပဲ။ ကြည့်ရတာ သူက ထူးခြားတဲ့ အမွေအနှစ်တစ်ခုခု ရထားပုံပဲ”
သူတော်စင်ခန်းက မျက်လုံးများကို အနည်းငယ် ကျဉ်းမြောင်းလိုက်ပြီး အဓိပ္ပာယ်ပါပါ ပြောလိုက်သည်။
“မင်းဆိုလိုတာက... လင်းဖုန်းက အရင်တုန်းက ရှေးဟောင်းယဉ်ကျေးမှုတစ်ခုရဲ့ အမွေအနှစ်ကို ရခဲ့တယ်ပေါ့”
“ဖြစ်နိုင်တယ်။ ဒီလောက် တိုတောင်းတဲ့ အချိန်အတွင်းမှာ တက်လာတဲ့ ပါရမီရှင်တစ်ယောက်က ကံကောင်းတဲ့ တွေ့ဆုံကြုံကြိုက်မှုတွေ မရှိဘဲနဲ့ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ငါတို့ သူတော်စင်ကိုးပါးထဲမှာရော ကံကောင်းမှုတွေ မရှိခဲ့တဲ့သူ ဘယ်သူရှိလို့လဲ။ အဲဒီတုန်းက ငါသာ ရှေးဟောင်းယဉ်ကျေးမှုတစ်ခုရဲ့ အမွေအနှစ်ကို မရခဲ့ရင် ငါလည်း စတုတ္ထအကြိမ် အသက်ဝိညာဉ် အသွင်ပြောင်းလဲနိုင်ခဲ့မှာ မဟုတ်ဘူး။ အမှန်ပဲကွ... လင်းဖုန်းရဲ့ လျှို့ဝှက်ချက်ကို ငါတို့ ဘယ်သူမှမသိအောင် လျှို့ဝှက်ထားရမယ်။ ငါကတော့ သူ့ကို အရမ်းအထင်ကြီးတယ်။ သူက တုန်ဖန်းရှန်ထက်တောင် အခွင့်အရေး ပိုများသေးတယ်ကွ”
“ဒသမမြောက်သူတော်စင်ဖြစ်လာဖို့ အခွင့်အရေးကို ပြောတာလား။ အစ်ကိုကြီးခန်း... အကိုကြီးက ဒီကောင်လေးအပေါ် တော်တော်မျှော်လင့်ချက် ကြီးကြီးထားထားတာပဲ”
“ငါတို့ အချိန်သိပ်မကျန်တော့တာလည်း ဖြစ်နိုင်တယ်။ ငါတို့မှာ စွမ်းအားတွေ ပိုရှိလေလေ လူသားမျိုးနွယ်အတွက် မျှော်လင့်ချက် ပိုရှိလေလေပဲ...”
ထိုသို့ ပြောပြီးနောက် သူတော်စင်ခန်း သူ့အကြည့်ကို ပြန်ရုပ်သိမ်းလိုက်သည်။ လောလောဆယ်တွင် ဤအပျက်အစီးနယ်မြေကသာ အရေးအကြီးဆုံး ဖြစ်သည်။
ထာဝရသိုင်းတာအိုအရှင်
အခန်း (၂၄၀) - ပုံပြောင်းခြင်း
ဘာသာပြန် - အားသစ်
လင်းဖုန်းတို့အားလုံး သူတော်စင်ခန်းနှင့် အခြားသူများနေထိုင်ရာ အခြေစိုက်စခန်းသို့ ပြန်လာခဲ့ကြသည်။ လင်းဖုန်း ဂရီမန်တို့ကို နှုတ်ဆက်ပြီးနောက် သူ့အခန်းသို့ ပြန်ကာ အနားယူလိုက်သည်။
လင်းဖုန်း ဤတာဝန်ကို ကျေနပ်ဖွယ်ကောင်းအောင် ပြီးမြောက်ခဲ့၏။ လူများစွာ သေဆုံးခဲ့သော်လည်း ယင်းက လင်းဖုန်း၏ တာဝန်မဟုတ်ပေ။ ထို့ပြင် သူတို့အားလုံး လူသားမျိုးနွယ်သူရဲကောင်းတံဆိပ်ကို ရရှိခဲ့ကြသည်။ သူတို့၏ သေဆုံးမှုက တန်သည်ဟုပင် ယူဆနိုင်ပေသည်။
လင်းဖုန်းသည် ဤတစ်ကြိမ် အပျက်အစီးနယ်မြေထဲသို့ ဝင်ရောက်ခြင်းမှ အကျိုးအမြတ်များစွာ ရရှိခဲ့သည်။ သူ ဒုတိယအကြိမ် အသက်ဝိညာဉ် အသွင်ပြောင်းလဲမှုကို ပြီးမြောက်ခဲ့ရုံသာမက ဒီရေလှိုင်းတိုက်ပွဲဝင်ခန္ဓာကိုယ်ကိုပါ ကျင့်ကြံနိုင်ခဲ့သည်။ သူ မည်မျှအထိ သန်မာနေပြီဆိုသည်ကို လင်းဖုန်းကိုယ်တိုင်ပင် မသိတော့ပေ။
သို့သော် လက်ရှိအချိန်တွင် သူ့ကို ပိုမိုစိတ်လှုပ်ရှားစေသည်က သူ အိမ်ပြန်ပြီး ဗဟိုပင်လယ်မြို့ကြီး၏ ကိုယ်စားလှယ် ဖြစ်လာနိုင်ခြင်းပင်။ အမိန့်စာကျမလာသေးသော်လည်း သူတော်စင်ခန်း၏ အာမခံချက်ဖြင့် ဗဟိုပင်လယ်မြို့ကြီး၏ ကိုယ်စားလှယ်အဖြစ် ခန့်အပ်သည့် အမိန့်စာက လာမည့်ရက်အနည်းငယ်အတွင်း သေချာပေါက် ရောက်လာပေလိမ့်မည်။
လင်းဖုန်းသည် ဒီရေလှိုင်းတိုက်ပွဲဝင်ခန္ဓာကိုယ်နှင့် လုံးဝ ရင်းနှီးကျွမ်းဝင်ပြီး အသားကျရန် လိုအပ်နေသေးသည်။
သူ လက်ကို ဆန့်ထုတ်လိုက်သည်။ စိတ်ကူးလိုက်သည်နှင့် သူ့လက်မောင်းက မြန်မြန်ဆန်ဆန် ကြီးထွားပြန့်ကားလာတော့သည်။ ယခုအခါ လင်းဖုန်းသည် တိုက်ပွဲဝင်ခန္ဓာကိုယ်ကို သူ၏ ခန္ဓာကိုယ်အစိတ်အပိုင်း တစ်ခုခုတွင်သာ ပေါက်ကွဲထွက်လာစေရန် ထိန်းချုပ်နိုင်နေပြီ ဖြစ်သည်။
တိုက်ပွဲဝင်ခန္ဓာကိုယ်ကို ပြန်လည်ရုပ်သိမ်းလိုက်သောအခါ လင်းဖုန်း အနည်းငယ် နေရခက်သွားသည်။ အမှန်တကယ်တော့ လင်းဖုန်း မျိုးရိုးဗီဇများကို ပြန်လည်ဖွဲ့စည်းပြီးနောက် မီတာနှစ်ရာရှည်လျားသည့် ခန္ဓာကိုယ်က သူ၏ ပင်ကိုယ်ပုံစံစစ်စစ်ဟု ယူဆနိုင်သည်။
သူ၏ လက်ရှိအခြေအနေက ဆဲလ်များကို အတင်းအကျပ် ဖိသိပ်ကာ မူလပုံစံသို့ ပြောင်းလဲထားခြင်းသာ ဖြစ်သည်။ ဤပုံစံကို ထိန်းသိမ်းနိုင်ရန်အတွက် လင်းဖုန်း သူ၏တိုက်ပွဲဝင်ခန္ဓာကိုယ်ကို အချိန်ပြည့် ဖိနှိပ်ထားရသည်။
ကံကောင်းထောက်မစွာဖြင့် လင်းဖုန်း၏ စိတ်စွမ်းအားက အလွန်အားကောင်းလှသဖြင့် ဖိနှိပ်မထားနိုင်မည်ကို သူ မကြောက်ပေ။
ဒီရေလှိုင်းတိုက်ပွဲဝင်ခန္ဓာကိုယ်က အဘက်ဘက်မှ ကောင်းမွန်သော်လည်း လင်းဖုန်း လက်သင့်မခံနိုင်သော အရာတစ်ခု ရှိနေ၏။ သူ ဒီရေလှိုင်းတိုက်ပွဲဝင်ခန္ဓာကိုယ်ကို အသုံးပြုလိုက်သည်နှင့် သူ့တစ်ကိုယ်လုံး ကိုယ်လုံးတီးဖြစ်သွားမည်ဖြစ်ပြီး သူ၏ ခန္ဓာကိုယ် အစိတ်အပိုင်းတိုင်းကလည်း ပိုမိုကြီးမားလာမည် ဖြစ်သည်။
ထိုအချိန်ရောက်လျှင် သူ လုံးဝကိုယ်လုံးတီး ဖြစ်နေပေလိမ့်မည်။ အချို့သော အရာများကား မျက်စိစူးလွန်းလှ၏။ ထိုအချိန်က အပျက်အစီးနယ်မြေထဲတွင် လင်းဖုန်း ကိုယ်လုံးတီးဖြစ်နေသဖြင့် ဖူလင်၏ မျက်နှာတစ်ခုလုံး နီရဲသွားခဲ့ရသည်။ ထိုအဖြစ်ကား အလွန်ရှက်စရာ ကောင်းလှ၏။
“လောင်ဘီသမ်... ငါ့ရဲ့ တိုက်ပွဲဝင်ခန္ဓာကိုယ်ကို ကိုယ်လုံးတီးမဖြစ်ဘဲ သုံးလို့ရမယ့် နည်းလမ်းရှိလား”
မည်သို့ပင်ဆိုစေ လင်းဖုန်းက လူသားတစ်ဦးသာဖြစ်ပြီး ကိုယ်ကျင့်တရားနှင့် ရှက်တတ်သည့်စိတ် ရှိသေးသည်(ဟီရိဩတ္တပ္ပတရား)။ တိုက်ပွဲတိုင်းတွင် ထိုကဲ့သို့ ကိုယ်လုံးတီး ဖြစ်နေရခြင်းက အလွန်အနေရခက်လှ၏။
“မင်းတို့ လူသားတွေရဲ့ ကိုယ်ကျင့်တရား ရှုမြင်ပုံအရဆိုရင် ကိုယ်လုံးတီးဖြစ်နေတာက တကယ်ပဲ သိပ်ပြီးတော့ မသင့်တော်ဘူး။ ဒါပေမဲ့ ဒီကိစ္စကို ဖြေရှင်းဖို့က အရမ်း လွယ်ပါတယ်။ ကြီးမြတ်တဲ့သခင်ကြီးက တိုက်ပွဲဝင်ခန္ဓာကိုယ်ကို အသုံးပြုတိုင်း သူ ကိုယ်လုံးတီး ဖြစ်နေတာကို ငါတို့ မမြင်ဖူးပါဘူး။ မင်းက ဆဲလ်တွေကို ပြန်ဖွဲ့စည်းပြီး ထိန်းချုပ်နိုင်နေပြီပဲကို။ ချပ်ဝတ်တစ်လွှာလောက် ဖန်တီးဖို့က အဲလောက် ခက်လို့လား”
“ချပ်ဝတ်လား။ ဒါပေမဲ့ ငါ့ရဲ့ မွေးရာပါစွမ်းရည် ချပ်ဝတ်က အလုပ်မလုပ်တော့သလိုပဲ”
“ဒီလောက်က ဘာလို့ မွေးရာပါစွမ်းရည် လိုနေမှာလဲ။ မင်းရဲ့ တိုက်ပွဲဝင်ခန္ဓာကိုယ်က အရမ်း သန်မာနေတာပဲဟာ။ ဆဲလ်တွေကို နည်းနည်းလောက် ပြန်စီစဉ်ဖို့က မင်းအတွက် အဲလောက် ခက်ခဲလို့လား”
လင်းဖုန်းတစ်ယောက် အနည်းငယ် မှင်သက်သွားသည်။ မှန်ပေ၏။ တိုက်ပွဲဝင်ခန္ဓာကိုယ်က အလွန် ကြီးမားလှပြီး သူ၏ အားကောင်းသော စိတ်စွမ်းအားဖြင့် ဆဲလ်အနည်းငယ်ကို ပြန်လည်စီစဉ်ခြင်းက တိုက်ပွဲဝင်ခန္ဓာကိုယ်အပေါ် လုံးဝ သက်ရောက်မှုရှိမည် မဟုတ်ပေ။
သို့သော် ထိုသည်က သူ့ခန္ဓာကိုယ်အစိတ်အပိုင်းတချို့ကို အလွန်ကောင်းမွန်စွာ ဖုံးကွယ်ထားနိုင်ပေလိမ့်မည်။
“အင်းအင်း...ငါနားလည်ပြီ”
လင်းဖုန်း သဘောပေါက်သွားသဖြင့် စိတ်ကူးလိုက်သည်နှင့် တစ်ပြိုင်နက် သူ့လက်မောင်းပေါ်တွင် အနက်ရောင် အကြေးခွံအလွှာတစ်ခု ချက်ချင်း ပေါ်လာသည်။ ယင်းတို့က ချပ်ဝတ်အလွှာတစ်ခုကဲ့သို့ ထူထပ်နေပြီး လင်းဖုန်း၏ ခန္ဓာကိုယ်တစ်ခုလုံးကို အလျင်အမြန် ဖုံးလွှမ်းသွားသည်။
“မွေးရာပါစွမ်းရည်တွေဆိုတာ တကယ်တော့ ဆဲလ်အဆင့်မှာ အစီအစဉ်ပြောင်းလဲမှုတချို့ ဖြစ်သွားတာပဲ။ မင်းရဲ့ ကြမ်းကြုတ်သားရဲမျိုးရိုးဗီဇတွေ အားလုံးက မင်းရဲ့ တိုက်ပွဲဝင်ခန္ဓာကိုယ်ထဲမှာ ပေါင်းစပ်သွားပြီ။ မင်း ဆဲလ်တွေကိုလည်း ထိန်းချုပ်နိုင်နေပြီ။ ဒီလောက် အသေးအဖွဲ မွေးရာပါစွမ်းရည်လေးက ဘာမှမဟုတ်ပါဘူး။ မင်းသာ သားရဲတချို့ရဲ့ ဆဲလ်အစီအစဉ်ကို နားလည်ရင် မင်းကိုယ်မင်း သားရဲတစ်ကောင်အဖြစ်တောင် ပြောင်းလဲပစ်နိုင်တယ်”
“ပုံပြောင်းတာလား”
လင်းဖုန်း အံ့အားသင့်သွားသည်။ အမှန်ပင်။ သူ ယခုအခါ ဆဲလ်အဆင့်ပြောင်းလဲမှုများကို ကိုယ်တိုင်ကိုယ်ကျ ထိန်းချုပ်နိုင်နေပြီ ဖြစ်သည်။
အကယ်၍ သူသာ နွားရိုင်းတစ်ကောင်၏ ဆဲလ်အစီအစဉ်ကို နားလည်နိုင်ပါက သူ့ဆဲလ်များကို ထိန်းချုပ်ကာ နွားရိုင်းတစ်ကောင်အဖြစ်ပင် ပြောင်းလဲနိုင်သည်။ ထို့ပြင် ယင်းက နွားရိုင်းအစစ် ဖြစ်ပေလိမ့်မည်။ အချို့သော အတုအယောင်များနှင့် လုံးဝ ကွဲပြားပြီး အတွင်းပိုင်းမှ အပြင်ပိုင်းအထိ ပုံစံပြောင်းလဲသွားကာ တကယ့် နွားရိုင်းတစ်ကောင်နှင့် မခြားဖြစ်သွားပေလိမ့်မည်။
အကယ်၍ ကွာခြားချက်တစ်ခုခု ရှိမည်ဆိုလျှင် ယင်းက မျိုးရိုးဗီဇကွာခြားချက်သာ ဖြစ်နိုင်ပေလိမ့်မည်။
မည်သည့်အရာအဖြစ်မဆို ပြောင်းလဲနိုင်သည့် စွမ်းရည်က ဒဏ္ဍာရီလာစွမ်းရည်တစ်ခု ဖြစ်သော်လည်း လူသားများအနေဖြင့် အမှန်တကယ်ပင် မည်သည့်အရာအဖြစ်မဆို ပြောင်းလဲနိုင်ပါသလော။ အနည်းဆုံးတော့ လင်းဖုန်း လောင်ဘီသမ်ပြောခဲ့သည့် သားရဲများအဖြစ် ပြောင်းလဲခြင်းကိုမူ လုပ်ဆောင်နိုင်ပေသည်။
သို့သော် ထိုသားရဲများ၏ ဆဲလ်အစီအစဉ်က မည်မျှထိပင် ရှုပ်ထွေးမည်နည်း။ သားရဲတစ်မျိုးတည်းကို လေ့လာရန်ကပင် အလွန်ခက်ခဲလှရာ ထိုသားရဲ၏ ဆဲလ်အစီအစဉ်ကို မှတ်သားထားရန်ဆိုလျှင် ဆိုဖွယ်ရာပင် မရှိတော့ပေ။
ထို့ပြင် လင်းဖုန်း နွားရိုင်းတစ်ကောင်အဖြစ် ပြောင်းလဲသွားလျှင်ပင် ဘာအသုံးဝင်မည်နည်း။
အသစ်အဆန်းမြင်ကွင်းတစ်ရပ် ဖြစ်ခြင်းမှလွဲ၍ ဘာစွမ်းနိုင်မည်နည်း။
“လောင်ဘီသမ်... စကြဝဠာထဲမှာ သဘာဝအတိုင်းဖြစ်တည်လာတဲ့ ဂြိုဟ်အဆင့်သက်ရှိတွေ ရှိတယ်လို့ မင်း ပြောခဲ့တယ် မဟုတ်လား။ တကယ်လို့ ငါသာ ဂြိုဟ်အဆင့် သက်ရှိတွေရဲ့ ဆဲလ်အစီအစဉ်ကို သေသေချာချာ လေ့လာနိုင်ရင် ငါလည်း ဂြိုဟ်အဆင့် သက်ရှိတစ်ယောက်အဖြစ် ပြောင်းလဲသွားနိုင်မလား”
လင်းဖုန်းတစ်ယောက် ကျင့်ကြံခြင်းတွင် ဖြတ်လမ်းတစ်ခုကို အလျင်အမြန် တွေးမိလိုက်သည်။
သူ ဆဲလ်များကို ထိန်းချုပ်နိုင်သည်။ သာမန် သားရဲတစ်ကောင်အဖြစ် ပြောင်းလဲခြင်းက သေချာပေါက် တန်မည် မဟုတ်ပေ။ အကျိုးကျေးဇူး လုံးဝမရှိပေ။ သို့သော် ထိုဂြိုဟ်အဆင့် သက်ရှိများအဖြစ် ပြောင်းလဲခြင်းကရော။
“မင်းရဲ့ စိတ်ကူးက တော်တော် ကောင်းပါတယ်။ မင်းလည်း သိပ်တော့ မတုံးဘူးပဲ။ မင်းက အဲဒီဂြိုဟ်အဆင့် သက်ရှိတွေအဖြစ် တကယ်ပဲ ပြောင်းလဲနိုင်ပါတယ်။ ဒါပေမဲ့ အဲဒီဂြိုဟ်အဆင့် သက်ရှိတွေအားလုံးမှာ စိတ်ကူးကြည့်လို့တောင်မရနိုင်တဲ့ ဆဲလ်အရေအတွက်ရှိတယ်။ မင်းမှာ အခုရှိနေတဲ့ ဆဲလ်အရေအတွက်ကို ထားလိုက်ဦး၊ မင်း နောက်ထပ် အသက်ဝိညာဉ် အသွင်ပြောင်းလဲမှု တစ်ကြိမ် လုပ်နိုင်ရင်၊ ဒါမှမဟုတ် သုံးလေးကြိမ်လောက် လုပ်နိုင်ရင်တောင် မင်းက ဂြိုဟ်အဆင့် သက်ရှိတစ်ဦးနဲ့ ယှဉ်နိုင်ဖို့က အဝေးကြီး လိုပါသေးတယ်။ မင်းမှာ ဆဲလ်လုံလုံလောက်လောက်တောင် မရှိရင် ဘယ်လိုလုပ် ပြောင်းလဲနိုင်မှာလဲ။"
“ဂြိုဟ်အဆင့် သက်ရှိတစ်ဦး ဖြစ်လာမှသာ မင်းက အဲဒီသဘာဝ ဂြိုဟ်အဆင့်သက်ရှိတွေအဖြစ် ပြောင်းလဲနိုင်မယ်။ ဒါပေမဲ့ အဲဒီချိန်ကျရင် ဘာအသုံးဝင်တော့မှာလဲ။ မင်း ကျင့်ကြံထားတဲ့ တိုက်ပွဲဝင်ခန္ဓာကိုယ်က မင်းအတွက် အသင့်တော်ဆုံးပုံစံဖြစ်နေပြီလေ။ တခြား ဂြိုဟ်အဆင့်သက်ရှိတွေအဖြစ် ပြောင်းလဲတာက ဘာအဓိပ္ပာယ် ရှိတော့မှာလဲ”
လင်းဖုန်း တိတ်ဆိတ်သွားသည်။ သေသေချာချာ စဉ်းစားကြည့်သောအခါ ယင်းက အဓိပ္ပာယ်ရှိလှသည်။ တိုက်ပွဲဝင်ခန္ဓာကိုယ်က လုံလုံလောက်လောက် အစွမ်းထက်နေပြီဖြစ်ပြီး ယင်းက သူနှင့် အသင့်တော်ဆုံးပုံစံလည်း ဖြစ်သည်။ အခြားသက်ရှိတစ်ဦးအဖြစ် ပြောင်းလဲခြင်းက ထွေထွေထူးထူး အဓိပ္ပာယ်မရှိချေ။
စကြဝဠာထဲမှ တချို့သူများသည်လည်း ဤကဲ့သို့ အံ့ဩဖွယ်ရာ စိတ်ကူးစိတ်သန်းများကို တွေးမိခဲ့သည်မှာ ကြာပြီဖြစ်သော်လည်း ထိုအရာအားလုံးက လက်တွေ့မဆန်လှပေ။
“တကယ်တော့ အဲဒါက လုံးဝလက်တွေ့မဆန်တာတော့ မဟုတ်ဘူးကွ။ သဘာဝ ဂြိုဟ်အဆင့်သက်ရှိတချို့က အထူးအခြေအနေတွေအောက်မှာ အရမ်းအသုံးဝင်နိုင်တဲ့ အရမ်းထူးခြားတဲ့ စွမ်းရည်တချို့ ရှိတယ်။ ဒါပေမဲ့ ဂြိုဟ်အဆင့်သက်ရှိတစ်ဦးကို သေသေချာချာ လေ့လာဖို့က အရမ်းခက်ခဲလွန်းပြီး အချိန်တွေအများကြီး ယူရနိုင်တယ်။ အဲဒါကြောင့်မို့ မင်းမှာသာ အချိန်ရှိရင် မင်းရဲ့ အသက်ဝိညာဉ် အသွင်ပြောင်းလဲမှုတွေကို ဘယ်လို ဆက်လုပ်မလဲဆိုတာကို စဉ်းစားတာက ပိုကောင်းလိမ့်မယ်”
လောင်ဘီသမ်ပြောသည်က ဟုတ်လား မဟုတ်လားဆိုသည်ကို လင်းဖုန်း မသိပေ။ သားရဲတချို့၏ ဆဲလ်အစီအစဉ်ကို လေ့လာရန် အချိန်အနည်းငယ်ယူပြီး မည်မျှ ရှုပ်ထွေးသည်ကို သေချာကြည့်ရန် သူ စီစဉ်ထားသည်။
သို့သော် လောင်ဘီသမ်၏ သတိပေချက်ကြောင့် လင်းဖုန်း ဆဲလ်တချို့၏ အစီအစဉ်ကို အလွယ်တကူ ပြောင်းလဲကြည့်နိုင်ခဲ့သည်။ သူ့ခန္ဓာကိုယ်တစ်ခုလုံး အနက်ရောင်အကြေးခွံလွှာတစ်ခုဖြင့် အလျင်အမြန် ဖုံးလွှမ်းသွားသည်။
အနည်းဆုံးတွင် ထိုအလွှာက လင်းဖုန်း တိုက်ပွဲဝင်ခန္ဓာကိုယ်ကို အသုံးပြုတိုင်း ကိုယ်လုံးတီးဖြစ်နေရသည့် ပြဿနာကို ဖြေရှင်းပေးနိုင်၏။ အမှန်တကယ်တော့ အနက်ရောင် အကြေးခွံများကလည်း သိပ်ကြည့်မကောင်းပေ။ သားရဲများနှင့်ပင် ဆင်တူနေသည်။ လင်းဖုန်း ခဏမျှ ဆက်လက်လေ့လာပြီးနောက် နောက်ဆုံးတွင် မီးခိုးရောင်ချပ်ဝတ်အလွှာတစ်ခုအဖြစ် ပြောင်းလဲလိုက်သည်။
ထိုချပ်ဝတ်အလွှာက သိပ်ပြီး အချိုးမကျသလို မဖြစ်တော့ပေ။ သူ တိုက်ပွဲဝင်ခန္ဓာကိုယ်ကို အသုံးပြုတိုင်း မည်မျှပင် ကြီးမားနေပါစေ သူ့ခန္ဓာကိုယ်က ဤခန့်ညားသည့် ချပ်ဝတ်ဖြင့် ဖုံးလွှမ်းနေမည် ဖြစ်၏။
ဤချပ်ဝတ်က တိုက်ပွဲတွင် အမှန်တကယ် အသုံးမဝင်လှပေ။ ယင်းက ရိုးရိုးရှင်းရှင်း အလှဆင်ခြင်းသက်သက်သာ ဖြစ်သည်။
သို့သော် အနည်းဆုံး လင်းဖုန်း တိုက်ခိုက်နေချိန်တွင် အခြားသူများရှေ့၌ ယခင်ကကဲ့သို့ နေရခက်စရာ မလိုတော့ပေ။