← Chapters

အခန်း (၂၄၁-၂၄၂)

Vol. 21 Ch. 241-242

အခန်း (၂၄၁-၂၄၂)

Vol. 21 Ch. 241-242

ထာဝရသိုင်းတာအိုအရှင်

အခန်း (၂၄၁) - လေသင်္ဘောတစ်စင်း ဝယ်ယူခြင်း

ဘာသာပြန် - အားသစ်

ဒွီ...ဒွီ

လင်းဖုန်း၏ ဆက်သွယ်ရေးကိရိယာမှ ရုတ်တရက် အသိပေးချက်အသံ ထွက်ပေါ်လာသည်။

“အကျိုးပြုတန်ဖိုး ၁၀,၀၀၀ လွှဲပေးလိုက်ပြီလား”

လင်းဖုန်း သူ့အကောင့်ကို စစ်ဆေးရန် သိုင်းနယ်မြေကွန်ရက်သို့ အလျင်အမြန် ဝင်ရောက်ကြည့်ရှုလိုက်သည်။

မျှော်လင့်ထားသည့်အတိုင်းပင် လင်းဖုန်း၏ အကောင့်ထဲတွင် အကျိုးပြုတန်ဖိုး ၂၇,၃၀၇ မှတ် ရှိနေပြီ ဖြစ်သည်။ ယခင်က သူ့၌ ၁၇,၃၀၇ မှတ်သာ ရှိခဲ့သည်။ သူ တာဝန်ကို ပြီးမြောက်ခဲ့သဖြင့် ဆုလာဘ်အဖြစ် နောက်ထပ် အကျိုးပြုတန်ဖိုး ၁၀,၀၀၀ ထပ်မံ ရရှိခဲ့ခြင်းပင်။

နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူများစွာပင် ဤမျှများပြားလှသော အကျိုးပြုတန်ဖိုးပမာဏကို ရရှိနိုင်ရန် ခဲယဉ်းလှသည်။ သို့ပေသော်ငြား ထိုအမှတ်များဖြင့် သူ ဘာဝယ်ရမည်နည်း။

လင်းဖုန်းအတွက် ယခုအချိန်တွင် ကျင့်စဉ်များ မလိုအပ်တော့ပေ။ သိုင်းပညာရပ်များနှင့် ပတ်သက်၍လည်း လင်းဖုန်းအတွက် အသုံးမဝင်တော့ပေ။ သူသည် စကြဝဠာကျင့်စဉ်စနစ်သို့ ခြေလှမ်းလှမ်းနေပြီဖြစ်ကာ တိုက်ပွဲဝင်ခန္ဓာကိုယ်ကို ကျင့်ကြံနေသူ ဖြစ်သည်။ သူတော်စင်များ အသုံးပြုသော သိုင်းပညာရပ်များပင် လင်းဖုန်းအတွက် အသုံးမဝင်တော့ချေ။

အချို့သော ထူးခြားသည့် ပစ္စည်းများက လင်းဖုန်း၏ စိတ်စွမ်းအားအတွက် အသုံးဝင်နိုင်သော်လည်း လင်းဖုန်း သူ့စိတ်စွမ်းအားကို မြှင့်တင်ရန် လောလောဆယ်ဆယ် အလျင်မလိုသေးပေ။ မည်သို့ပင်ဆိုစေ သူက ဒုတိယအကြိမ် အသက်ဝိညာဉ် အသွင်ပြောင်းလဲမှုကို ပြီးမြောက်ခါစသာ ရှိသေးသည်။ သူ၏ စိတ်စွမ်းအားဖြစ်စေ၊ တိုက်ပွဲဝင်ခန္ဓာကိုယ်ဖြစ်စေ နှစ်ခုစလုံးကို တည်ငြိမ်စေရန်နှင့် ရင်းနှီးကျွမ်းဝင်အောင်လုပ်ရန် သေသေချာချာ လေ့လာပြင်ဆင်ရဦးမည်။

အလွန်တရာ မြန်ဆန်လွန်းခြင်းက အမြဲတစေ ကောင်းမွန်သည့်အရာဟု မဆိုနိုင်ပေ။ လက်ရှိတွင် လင်းဖုန်း သူ၏ ဒီရေလှိုင်းတိုက်ပွဲဝင်ခန္ဓာကိုယ်နှင့်ပင် အပြည့်အဝ ရင်းနှီးကျွမ်းဝင်မှု မရှိသေးပေ။ ဤအရာအားလုံးက အချိန်ယူရမည် ဖြစ်၏။

“ဟုတ်သားပဲ... ဒီတစ်ခေါက် အိမ်ပြန်ဖို့ လေသင်္ဘောစီးရတာက အရမ်းအလုပ်ရှုပ်လွန်းတယ်။ လေသင်္ဘောကိုလည်း စောင့်နေရဦးမယ်။ ငါ လေသင်္ဘောတစ်စင်းလောက် ဝယ်လိုက်ရင်ရော။ ဒါဆိုရင် နောက်ပိုင်း ဘယ်သွားသွား တော်တော်လေး အဆင်ပြေသွားမှာပဲ”

ထိုအတွေးကြောင့် လင်းဖုန်း စိတ်လှုပ်ရှားသွားသည်။ လေသင်္ဘောများ၊ အထူးသဖြင့် လေသင်္ဘောအသေးစားများကို ချမ်းသာကြွယ်ဝသော လူတန်းစားများကသာ ဝယ်ယူနိုင်ပြီး အချို့သော အခွင့်ထူးခံ ပုဂ္ဂိုလ်များသာ ပိုင်ဆိုင်ခွင့်ရှိ၏။

ဥပမာအားဖြင့် အချို့သော သယ်ယူပို့ဆောင်ရေး ကုမ္ပဏီများ၊ အရာရှိကြီးများနှင့် အထင်ကရ ပုဂ္ဂိုလ်တချို့က လေသင်္ဘောများ ဝယ်ယူနိုင်သည်။

သိုင်းသမားများနှင့် ပတ်သက်၍မူ သာမန်သိုင်းသမားများကို ဝယ်ယူခွင့်မပြုပေ။ တစ်ဖက်တွင်မူ အသွင်ပြောင်းနယ်ပယ် သိုင်းသမားများသည် မကြာသေးမီက ထုတ်ပြန်ခဲ့သော သိုင်းသမားများ၏ အဆင့်အတန်းကို မြှင့်တင်ပေးသည့် မူဝါဒအသစ်ကြောင့် ဝယ်ယူခွင့် ရရှိထားကြသည်။

ထို့ကြောင့် အသွင်ပြောင်းနယ်ပယ် သိုင်းသမားများပင် ဝယ်ယူနိုင်လျှင် လင်းဖုန်းကဲ့သို့ နတ်ဘုရားနယ်ပယ် သိုင်းသမားတစ်ဦးအတွက် ပြောနေရန်ပင် မလိုတော့ပေ။

လေသင်္ဘောတစ်စင်းရှိလျှင် လင်းဖုန်း နောင်တွင် ဝင်ရိုးစွန်းအကယ်ဒမီရှိ ချူချန်းထံသို့ပင် မကြာခဏ သွားရောက်လည်ပတ်နိုင်သည်။ တစ်နေ့တည်းနှင့် အသွားအပြန် လုပ်နိုင်ပေလိမ့်မည်။ ထိုအချက်က အမှန်တကယ်ပင် အဆင်ပြေလှ၏။

လင်းဖုန်း ပိုစဉ်းစားလေလေ ပိုစိတ်အားထက်သန်လာလေလေ ဖြစ်သော်လည်း လေသင်္ဘောတစ်စင်း ဝယ်ယူရန် လိုအပ်သော ငွေကြေးပမာဏက အလွန့်အလွန်များပြားလှသည်။ လင်းဖုန်းတွင် ထိုမျှများပြားသော ငွေကြေးမရှိပေ။ သို့သော် သိုင်းနယ်မြေကွန်ရက်တွင် အရာအားလုံးကို ရှာဖွေရရှိနိုင်ပေသည်။ အဓိက အဖွဲ့အစည်းကြီးငါးခုက တင်ရောင်းထားသော ကုန်ပစ္စည်းများက အမျိုးအစားစုံကာ များပြားလှသည်။

ထို့ကြောင့် လင်းဖုန်းသည် ပညာရေးအဖွဲ့အစည်း၏ ကဏ္ဍအောက်တွင် လေသင်္ဘောများကို အလျင်အမြန် ရှာတွေ့သွားသည်။

သိုင်းနယ်မြေကွန်ရက်သည် အမှန်တကယ်ပင် အဖွဲ့အစည်းကြီးငါးခုက ထိန်းချုပ်ထားသော ပလပ်ဖောင်းတစ်ခုဖြစ်သည်နှင့်အညီ လေသင်္ဘောများအပါအဝင် အရာအားလုံးကို ထိုနေရာတွင် တွေ့ရှိနိုင်၏။

ကုန်ပစ္စည်းများ သယ်ယူပို့ဆောင်ရန် အဓိကအသုံးပြုသော လေသင်္ဘောအကြီးစားများမှစ၍ ခရီးသည်တစ်ရာခန့် တင်ဆောင်နိုင်သော လေသင်္ဘောအသေးစားများအထိ မျက်လုံးများပင် ပြာဝေသွားလောက်အောင် များပြားလှသည်။

လူသုံးဆယ်ခန့်သာဆံ့သော အသေးဆုံးအမျိုးအစား လေသင်္ဘောများလည်း ရှိသေးသည်။

ထိုလေသင်္ဘောများထဲတွင် လက်နက်တပ်ဆင်ထားသော လေသင်္ဘောများလည်း ပါဝင်သည်။ ယင်းတို့တွင် တပ်ဆင်ထားသော လက်နက်စွမ်းအားက အတော်လေး အားကောင်းလှပြီး သာမန်နတ်ဆိုးများကိုပင် ခြိမ်းခြောက်နိုင်သည်။ သို့သော် ဤလက်နက်တပ်လေသင်္ဘောများက အလွန်ဈေးကြီးလှ၏။ မည်သို့ပင်ဆိုစေ လူတိုင်းသိကြသည့်အတိုင်း သာမန်သေနတ်များက သားရဲများကို ထိခိုက်မှုမဖြစ်စေနိုင်ပေ။ ထို့ကြောင့် နတ်ဆိုးများကိုပင် အနာတရဖြစ်စေနိုင်သော လက်နက်များက မည်မျှထိ အဖိုးတန်မည်ဆိုသည်မှာ ထင်ရှားလှသည်။

လင်းဖုန်း လေသင်္ဘောအကြီးစားများကို မရွေးချယ်ခဲ့ပေ။ ထိုလေသင်္ဘောကြီးများ၏ ကိုယ်ထည်က အလွန် ကြီးမားလှသဖြင့် ရပ်နားရန်အတွက် အထူးနေရာများ လိုအပ်သည်။ ထိုအချက်က အဆင်မပြေလှပေ။

လက်နက်တပ်လေသင်္ဘောများနှင့် ပတ်သက်၍လည်း လင်းဖုန်း လုံးဝထည့်မစဉ်းစားပေ။ သူ့ခွန်အားဖြင့် လက်နက်များကို အဘယ်အကြောင်းကြောင့် လိုနေဦးမည်နည်း။ ယင်းက ဖြုန်းတီးမှုသက်သက်သာ ဖြစ်ပေလိမ့်မည်။

ထို့ပြင် လင်းဖုန်းလိုအပ်သည်က ခရီးသည်တင်ရန် သို့မဟုတ် စီးပွားရေးလုပ်ရန် မဟုတ်ဘဲ ကိုယ်ပိုင်လေသင်္ဘောတစ်စင်းသာ ဖြစ်သည်။ ထို့ကြောင့် သူ လေသင်္ဘောအသေးစားများကိုလည်း ထည့်မစဉ်းစားခဲ့ပေ။ ကျန်ရှိနေသော အရာများထဲမှ လင်းဖုန်း အသေးဆုံးအမျိုးအစား လေသင်္ဘောတစ်စင်းကိုသာ ရွေးချယ်နိုင်သည်။

ဤအသေးဆုံးအမျိုးအစား လေသင်္ဘောအများစုမှာ အလျား ၁၀ မီတာမှ မီတာ ၁၀၀ ကြား ရှိကြပြီး ခရီးသည် အနည်းငယ်မှသည် ဒါဇင်အနည်းငယ်အထိ တင်ဆောင်နိုင်သည်။

လင်းဖုန်း လိုအပ်သည်က ကိုယ်ပိုင်လေသင်္ဘောဖြစ်၏။ ထိုလေသင်္ဘောက မြန်ဆန်ရမည်။ အတွင်းပိုင်း အပြင်အဆင်များကလည်း ပိုမိုခမ်းနားပြီး သက်သောင့်သက်သာရှိစေလျှင် အကောင်းဆုံး ဖြစ်လိမ့်မည်။ ထိုသို့ဆိုလျှင် ခရီးဝေးပျံသန်းမှုများက အလွန်တရာ ပင်ပန်းနွမ်းနယ်စေမည် မဟုတ်ပေ။

ထို့ကြောင့် လင်းဖုန်း အသေးဆုံးအမျိုးအစား လေသင်္ဘောတစ်စင်းကို ရွေးချယ်လိုက်သည်။ ထိုလေသင်္ဘော၏ ကိုယ်ထည်မှာ ၁၅ မီတာသာ ရှည်လျားသဖြင့် အလွန်သေးငယ်သည်ဟု ယူဆနိုင်၏။ ထိုလေသင်္ဘောပေါ်တွင် ခရီးသည် ၁၀ ယောက်ကျော်ခန့်သာ လိုက်ပါနိုင်သည်။

ထိုလေသင်္ဘောက အလွန်မြန်ဆန်လှပြီး အသံထက်ငါးဆခန့် ပိုမြန်သော အရှိန်အထိ ရောက်ရှိနိုင်သည်။

ထို့ပြင် အတွင်းပိုင်း အပြင်အဆင်များကလည်း အလွန် ခမ်းနားလှသည်။ အနားယူအိပ်စက်နိုင်သည့် ခုတင်တစ်လုံးပင် ပါသည်။ ဤလေသင်္ဘောကို အလွန်ချမ်းသာသူများနှင့် သာလွန်နတ်ဘုရားနယ်ပယ် သိုင်းသမားများအတွက် အထူးပြင်ဆင်ထားခြင်း ဖြစ်ပေသည်။

ထို့ကြောင့် ဈေးနှုန်းကလည်း အလွန်အင်မတန် မြင့်မားလှသည်။ ဤလေသင်္ဘောတစ်စင်းတည်းကပင် အကျိုးပြုတန်ဖိုး ၁၈,၀၀၀ ကုန်ကျမည် ဖြစ်၏။

နတ်ဘုရားနယ်ပယ် သိုင်းသမားမြောက်မြားစွာ၏ ပိုင်ဆိုင်မှုအားလုံးကို ပေါင်းလိုက်လျှင်ပင် အကျိုးပြုတန်ဖိုး ၁၈,၀၀၀ မပြည့်နိုင်ပေ။ ထိုမျှသာမက သာလွန်နတ်ဘုရားနယ်ပယ် သိုင်းသမားတိုင်းလည်း ဤကဲ့သို့သော လေသင်္ဘောမျိုးကို မဝယ်နိုင်ကြပေ။

သို့သော် လင်းဖုန်း စိတ်လှုပ်ရှားနေမိသည်။ သူ့တွင် လက်ရှိ၌ အကျိုးပြုတန်ဖိုး ၂၀,၀၀၀ ကျော် ရှိနေသဖြင့် ဤလေသင်္ဘောကို အပြည့်အဝ ဝယ်ယူနိုင်သည်။

သူက ယခုအခါ နတ်ဘုရားနယ်ပယ် သိုင်းသမားတစ်ဦးသာ ဖြစ်နေသေးသဖြင့် ဤကဲ့သို့သော လေသင်္ဘောကို ဝယ်ယူခြင်းက အနည်းငယ် ဖြုန်းတီးရာ ရောက်နေနိုင်သည်။ သို့ပေသော်ငြား သူ၏ လက်ရှိခွန်အားဖြင့် နတ်ဆိုးကြီးများကိုသာ အမဲလိုက်မည်ဆိုပါက အကျိုးပြုတန်ဖိုးများအတွက် ဘာစိုးရိမ်စရာ လိုဦးမည်နည်း။

ထို့ပြင် ဤမြန်ဆန်လှသော လေသင်္ဘောရှိခြင်းဖြင့် နောင်တွင် သူ မည်သည့်နေရာကိုမဆို သွားလာရသည်က အလွန်အဆင်ပြေသွားပေလိမ့်မည်။

ဤသို့ တွေးလိုက်မိသောအခါ လင်းဖုန်း ဆုံးဖြတ်ချက် ပြတ်ပြတ်သားသားချလိုက်သည်။

“ငါ ဝယ်လိုက်မယ်ကွာ”

လင်းဖုန်း ထပ်ပြီး တွန့်ဆုတ်မနေတော့ဘဲ ဤလေသင်္ဘောကို ချက်ချင်း ဝယ်ယူလိုက်သည်။ လင်းဖုန်းတွင် လူသားမျိုးနွယ်သူရဲကောင်းတံဆိပ် ရှိနေသဖြင့် အကျိုးပြုတန်ဖိုး ၁၈,၀၀၀ မှ ၂၀ ရာခိုင်နှုန်း လျှော့ဈေး ရရှိသည်။ ထို့ကြောင့် စုစုပေါင်း အကျိုးပြုတန်ဖိုး ၁၄,၄၀၀ သာ ကုန်ကျခဲ့သည်။

“ဒင်...ဝယ်ယူမှုအတွက် ကျေးဇူးတင်ပါတယ်။ လူကြီးမင်း၏ အသေးငယ်ဆုံး အမျိုးအစား လေသင်္ဘောသည် သုံးရက်အတွင်း လူကြီးမင်းနေထိုင်ရာ အခြေစိုက်စခန်းသို့ ရောက်ရှိလာပါလိမ့်မည်။ ကျေးဇူးပြု၍ မှတ်သားပြီး လက်ခံရယူပါ”

လင်းဖုန်း အသိပေးချက်တစ်ခု ရရှိလိုက်သည်။ သူ့အကောင့်ထဲရှိ အကျိုးပြုတန်ဖိုးကို ထပ်မံစစ်ဆေးကြည့်လိုက်၏။ စုစုပေါင်း ၁၂,၉၀၇ မှတ်သာ ကျန်တော့သည်။

လေသင်္ဘောကို ဝယ်ယူပြီးနောက် လင်းဖုန်း သူ မိသားစုအတွက်လည်း ပစ္စည်းတချို့ကို ဝယ်ယူသွားရန် ဆုံးဖြတ်လိုက်သည်။ သိုင်းနယ်မြေကွန်ရက်၏ အွန်လိုင်းအရောင်းဆိုင်ရှိ ပစ္စည်းများက သာမန်နေရာများတွင် ဝယ်ယူ၍ မရနိုင်ကြောင်း သိထားရပေမည်။ ယင်းတို့အားလုံးမှာ အလွန်အဖိုးတန်လှ၏။

မည်သို့ပင်ဆိုစေ အကျိုးပြုတန်ဖိုး တစ်ခုချင်းစီက အလွန်အဖိုးတန်လှသည် မဟုတ်ပါလော။

လင်းဖုန်း ပစ္စည်းအများအပြား ဝယ်ယူခဲ့သော်လည်း အကျိုးပြုတန်ဖိုး ၇ ခုသာ ကုန်ကျခဲ့သည်။ လေသင်္ဘော၊ ကျင့်စဉ်များ၊ သိုင်းပညာရပ်များအတွက် ကုန်ကျခဲ့သော အကျိုးပြုတန်ဖိုးများနှင့် နှိုင်းယှဉ်လျှင် လင်းဖုန်း သူ့မိသားစုအတွက် ဝယ်ယူခဲ့သော သုံးကုန်ပစ္စည်းများက အံ့ဩစရာကောင်းလောက်အောင် ဈေးသက်သာလှ၏။

သေချာသည်က ယင်းတို့မှာ နှိုင်းယှဉ်ချက်အရသာ ဈေးသက်သာခြင်း ဖြစ်သည်။ ဤပစ္စည်းများကို အပြင်တွင် ဝယ်ယူ၍ မရနိုင်ဘဲ အကျိုးပြုတန်ဖိုး ၇ ခုအထိပင် ကုန်ကျခြင်း ဖြစ်သည်။ လက်တွေ့တွင်မူ ထိုပစ္စည်းတို့မှာလည်း အလွန်ဈေးကြီးလှ၏။ မည်သို့ပင်ဆိုစေ သာမန် အသွင်ပြောင်းနယ်ပယ် သိုင်းသမားတစ်ဦးက ရှေ့တန်းတွင် တစ်နှစ်ပတ်လုံးနေလျှင်မှ အကျိုးပြုတန်ဖိုး ၅ မှတ်သာ ရရှိနိုင်သည်။

လင်းဖုန်း သူ့မိသားစုအတွက် သုံးကုန်ပစ္စည်းတချို့ ဝယ်ရန် အကျိုးပြုတန်ဖိုး ၇ မှတ် သုံးစွဲလိုက်ခြင်းက သာမန် အသွင်ပြောင်းနယ်ပယ် သိုင်းသမားများအတွက်မူ အလွန်အမင်း ဖြုန်းတီးရာ ရောက်နေပေလိမ့်မည်။

မျက်စိတစ်မှိတ်အတွင်း သုံးရက် ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။ လင်းဖုန်း ဝယ်ယူထားသော လေသင်္ဘောကလည်း အခြေစိုက်စခန်းသို့ ရောက်ရှိလာခဲ့လေပြီ။

ဝူး...

တံခါးအပြင်ဘက်မှ ဟိန်းသံတစ်ခုကို လင်းဖုန်း ကြားလိုက်ရသည်။ လှပသပ်ရပ်သည့် အသေးဆုံးအမျိုးအစား လေသင်္ဘောတစ်စင်းက မြေပြင်ပေါ်သို့ ဆင်းသက်လာသည်။ သိုင်းသမားများစွာမှာ ထိုလေသင်္ဘောကို မျက်တောင်မခတ်တမ်း စိုက်ကြည့်ရင်း စိတ်လှုပ်ရှားစွာ ဆွေးနွေးငြင်းခုံနေကြသည်။

“ဘယ်လောက်လှတဲ့ လေသင်္ဘောလဲ”

“ဒါပေါ့... ဒါက နက်ပြာလုပ်ငန်းစုက ထုတ်လုပ်တဲ့ နောက်ဆုံးပေါ် မော်ဒယ်လေ။ ကမ္ဘာပေါ်မှာ အခမ်းနားဆုံး အသေးဆုံးအမျိုးအစား လေသင်္ဘောတွေထဲက တစ်စင်းပေါ့။ သိုင်းနယ်မြေကွန်ရက်ပေါ်မှာဆိုရင် အကျိုးပြုတန်ဖိုး ၁၈,၀၀၀ တောင် ပေးရတာ”

“ဘာ... အကျိုးပြုတန်ဖိုး ၁၈,၀၀၀ ဟုတ်လား။ အိုး... ဘုရားရေ... နတ်ဘုရားနယ်ပယ် သိုင်းသမားတွေတောင် ဒါကို မဝယ်နိုင်လောက်ဘူး။ ငါတို့ အခြေစိုက်စခန်းက ဘယ်သာလွန်နတ်ဘုရားနယ်ပယ် သိုင်းသမားက ဒါကို ဝယ်လိုက်တာလဲ”

“ငါတို့ အခြေစိုက်စခန်းမှာ သာလွန်နတ်ဘုရားနယ်ပယ် သိုင်းသမား နည်းနည်းပဲရှိတာ။ သူတို့ထဲမှာ ဘယ်သူမှ ကိုယ်ပိုင်လေသင်္ဘော မရှိကြဘူး။ ဒီလောက် ဈေးကြီးတဲ့ ကိုယ်ပိုင်လေသင်္ဘောကို သူတို့ ဝယ်လိမ့်မယ်လို့တော့ ငါ မထင်ပါဘူး။ သူတော်စင်ခန်း ဒါမှမဟုတ် သူတော်စင်ယွမ်ယီတို့များ ဝယ်လိုက်တာလား”

လှပခမ်းနားသော လေသင်္ဘောကို ကြည့်ရင်း သိုင်းသမားများစွာ၏ မျက်လုံးထဲတွင် မနာလိုမှုများ ပေါ်လာသည်။ ဤသည်မှာ သာမန်လူများက ထိပ်တန်းစူပါကားများကို ကြည့်နေကြသည့်နှယ်ပင်။ သိုင်းသမားတိုင်းက ဤကဲ့သို့သော လေသင်္ဘောမျိုး ပိုင်ဆိုင်ခွင့်ရရန် အိပ်မက်မက်ကြသည်။

သို့သော် ဤမျှဈေးကြီးလှသော လေသင်္ဘောကို သိုင်းသမား အနည်းအကျဥ်းလောက်သာ ဝယ်ယူနိုင်ဖို့ ကံပါလာခြင်း ဖြစ်သည်။ အဝေးမှ ကြည့်နေရုံမှလွဲ၍ သူတို့ ဘာမှ မတတ်နိုင်ကြပေ။ (သူမနဲ့ ညီကိုတို့လိုပါပဲ)

ထာဝရသိုင်းတာအိုအရှင်

အခန်း (၂၄၂) - ငြိမ်းချမ်းရေး‌ဆွေးနွှေးရန် ကမ်းလှမ်းခြင်း

ဘာသာပြန် - အားသစ်

ပတ်ဝန်းကျင်တစ်ခွင်လုံးတွင် ကြည့်ရှုနေသူများစွာ ရှိနေသည်။ လေသင်္ဘော ဆင်းသက်ပြီးနောက် တံခါးတစ်ချပ်ပွင့်လာကာ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ ထွက်လာကြ၏။ သူတို့၏ ခမ်းနားသည့်ယူနီဖောင်းများကို ကြည့်ရုံဖြင့် နက်ပြာလုပ်ငန်းစုမှ ဝန်ထမ်းများဖြစ်ကြောင်း သိသာလှသည်။

“ခွင့်ပြုပါခင်ဗျ... ဒီအခြေစိုက်စခန်းမှာ မစ္စတာလင်းဖုန်း ရှိပါသလားခင်ဗျာ”

ထိုအမျိုးသားက ပတ်ဝန်းကျင်ရှိ လူများကို မေးမြန်းလိုက်သည်။

“လင်းဖုန်းလား”

“တစ်ကမ္ဘာလုံးဆိုင်ရာသိုင်းပညာပြိုင်ပွဲက ပထမဆုရှင် လင်းဖုန်းများလား”

“မဖြစ်နိုင်တာ... လင်းဖုန်းက ဒီလောက်ဈေးကြီးတဲ့ လေသင်္ဘောကို ဘယ်လိုလုပ် ဝယ်နိုင်မှာလဲ”

“ဟာ...ဟျောင့်... သူ တကယ်ဝယ်နိုင်ရင်လည်း ဝယ်နိုင်မှာပေါ့ကွ။ လင်းဖုန်းက တစ်ကမ္ဘာလုံးဆိုင်ရာသိုင်းပြိုင်ပွဲမှာ ပထမရခဲ့တော့ ဆုလာဘ်အနေနဲ့ အကျိုးပြုတန်ဖိုး ၁၀,၀၀၀ ရထားပြီးသားပဲ။ ဒီတစ်ခေါက်လည်း လင်းဖုန်းတို့က သူတော်စင်ခန်းနဲ့ သူတော်စင်ယွမ်ယီတို့နောက်ကို လိုက်ပြီး အဲဒီလျှို့ဝှက်အပျက်အစီးနယ်မြေဆီ သွားခဲ့ကြတာဆိုတော့ ဆုလာဘ်တစ်ခုခုမရဘဲ နေပါ့မလားဟ”

“ဟုတ်သားပဲ... ကြည့်ရတာ တကယ်ပဲ လင်းဖုန်း ဝယ်လိုက်တာ ဖြစ်နိုင်တယ်နော်။ ဒါပေမဲ့ လေသင်္ဘောတစ်စင်းအတွက်နဲ့ ဒီလောက် အကျိုးပြုတန်ဖိုးအများကြီး သုံးပစ်တာကတော့ ဖြုန်းတီးရာကျလွန်းပါတယ်ကွာ။ ဒီလောက် အကျိုးပြုတန်ဖိုးအများကြီးနဲ့ဆိုရင် သိုင်းနယ်မြေကွန်ရက်မှာ ကျင်ကြံခြင်းရင်းမြစ်တွေ ဘယ်လောက်တောင် ဝယ်လို့ရလိမ့်မလဲ”

“တကယ်ကို ဖြုန်းတီးတာပဲ။ အဲဒီပါရမီရှင်တွေက အကျိုးပြုတန်ဖိုးရှာရတာ ဘယ်လောက်ခက်တယ်ဆိုတာ နားမလည်ကြဘူး ထင်တယ်”

ဤလျှို့ဝှက်အခြေစိုက်စခန်းရှိ သိုင်းသမားများအားလုံး ထိုအပျက်အစီးနယ်မြေအကြောင်း သိထားကြသည်။ လင်းဖုန်းနှင့် အခြားသူများကို သူတော်စင်နှစ်ပါးက ခေါ်ဆောင်လာကြောင်းလည်း သိကြသည်။ လျှို့ဝှက်တာဝန်တချို့ကို ထမ်းဆောင်ရန် လာကြခြင်း ဖြစ်ပေလိမ့်မည်။

သို့သော် လင်းဖုန်း ဤမျှခမ်းနားသော လေသင်္ဘောကို ဝယ်ယူလိုက်ခြင်းက သူတို့အတွက်မူ အလွန်ဖြုန်းတီးရာ ရောက်နေဆဲပင်။

“ဟုတ်... ကျွန်တော် လင်းဖုန်းပါဗျ”

ရုတ်တရက် လူအုပ်ထဲမှ လူရိပ်တစ်ခု ထွက်လာသည်။ ထိုသူကား လင်းဖုန်းပင်။

သူ လေသင်္ဘောကို မြင်ပြီးသားဖြစ်သည်။ လေသင်္ဘော၏ပုံပန်းသဏ္ဌာန်က သူ ကျေနပ်လောက်သည်အထိ လှပလွန်းလှသည်။ အလျား ၁၅ မီတာရှိသော ကိုယ်ထည်က အလွန်မကြီးမားလှပေ။ အနည်းငယ် ကျယ်ဝန်းသော ခြံဝင်းထဲတွင်ပင် ဆင်းသက်နိုင်သည်။

ထို့ပြင် အသွားအပြန်လုပ်ရန်လည်း အလွန်အဆင်ပြေသည်။

“လေးစားအပ်ပါသော မစ္စတာလင်းဖုန်းခင်ဗျ... ဒါကတော့ လူကြီးမင်းဝယ်ယူထားတဲ့ အသေးဆုံးအမျိုးအစား လေသင်္ဘော ဖြစ်ပါတယ်။ ကျွန်တော်တို့ လွှဲပြောင်းမှု လုပ်ငန်းစဉ်တွေ လုပ်ပေးဖို့လာတာပါခင်ဗျ။ ကျေးဇူးပြုပြီး လေသင်္ဘောထဲဝင်ပြီး စစ်ဆေးကြည့်ပါဦး”

လင်းဖုန်း ခေါင်းညိတ်ပြလိုက်ပြီး လေသင်္ဘောထဲသို့ လျှောက်ဝင်သွားသည်။

လေသင်္ဘောအတွင်းရှိ အသုံးအဆောင်များက အမှန်တကယ်ပင် ခမ်းနားလှသည်။ ဧည့်ခန်း၊ ပုံရိပ်ယောင်အခန်း၊ ဧရာမဖန်သားပြင်တစ်ခုနှင့် ပရိုဂျက်တာတို့ ပါဝင်သည်။ အနားယူခန်းနှင့် ခမ်းနားလှသော ခုတင်တစ်လုံးလည်း ရှိသေးသည်။

အဆင့်မြင့်ဟိုတယ် တစ်ခုကဲ့သို့ပင် လိုအပ်သမျှ အရာအားလုံး ရှိနေသည်။

ခရီးသည်ဆယ်ယောက်ကျော် တင်ဆောင်နိုင်သည်ဟု ဆိုသော်လည်း လက်တွေ့တွင် အရေးပေါ်အခြေအနေမျိုး၌ လူအယောက်ပေါင်း ဒါဇင်နှင့်ချီ၍ မည်သည့်ပြဿနာမျှမရှိဘဲ တင်ဆောင်နိုင်၏။

“မစ္စတာလင်းဖုန်း... ဒီလေသင်္ဘောက ကျွန်တော်တို့ နက်ပြာလုပ်ငန်းစုရဲ့ နောက်ဆုံးပေါ် မော်ဒယ်ပါ။ သူက အလိုအလျောက် ပျံသန်းနိုင်တဲ့စနစ် ပါပါတယ်။ လူကြီးမင်း သွားချင်တဲ့နေရာကို ထည့်ပေးလိုက်ရုံနဲ့ လေသင်္ဘောက အလိုအလျောက် ရောက်အောင် သွားပေးမှာပါ။ ပျံသန်းမှုကလည်း အရမ်းတည်ငြိမ်ပါတယ်။ လေသင်္ဘောပေါ်မှာ အနားယူနေရင်တောင် ဘာမှ သက်ရောက်မှု ရှိမှာမဟုတ်ပါဘူး။ အကယ်လို့ လူကြီးမင်းက ကိုယ်တိုင်မောင်းနှင်ရတဲ့ အရသာကို ခံစားချင်တယ်ဆိုရင်လည်း အရမ်းလွယ်ကူပါတယ်။ တစ်ပိုင်းအလိုအလျောက် မောင်းနှင်တဲ့စနစ်ကို ဖွင့်လိုက်ရုံပါပဲ။ မောင်းနှင်ရာမှာ အမှားအယွင်းရှိခဲ့ရင်တောင် စနစ်က အလိုအလျောက် ဝင်ရောက်ထိန်းညှိပေးပြီး ပျံသန်းမှုပုံစံကို အချိန်မရွေး ပြုပြင်ပေးနိုင်ပါတယ်...”

အမျိုးသမီးဝန်ထမ်းက လေသင်္ဘော၏ လုပ်ဆောင်ချက်အမျိုးမျိုးနှင့် မောင်းနှင်ပုံနည်းလမ်းများကို လင်းဖုန်းအား အသေးစိတ် ရှင်းပြပေးနေသည်။

“အရမ်းကောင်းပါတယ်။ ကျွန်တော် သဘောကျတယ်”

လင်းဖုန်းသည် သဘာဝကျကျပင် ကျေနပ်သွားကာ လေသင်္ဘောကို လက်ခံရရှိကြောင်း လက်မှတ်ထိုးလိုက်သည်။

“လေးစားအပ်ပါသော မစ္စတာလင်းခင်ဗျ... ကျွန်တော်တို့ နက်ပြာလုပ်ငန်းစုရဲ့ ထုတ်ကုန်ကို ဝယ်ယူအားပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။ လူကြီးမင်းရဲ့ မြင့်မြတ်တဲ့ အဆင့်အတန်းကို ထောက်ထားပြီး ကျွန်တော်တို့ ကုမ္ပဏီရဲ့ ဝန်ဆောင်မှုအမျိုးမျိုးကို ခံစားနိုင်ဖို့ နက်ပြာ VIP ကတ်ကို လက်ဆောင်အဖြစ် ပေးအပ်ပါတယ်ခင်ဗျ”

လင်းဖုန်း ထို VIP ကတ်ကို သိမ်းထားလိုက်သည်။ သူ ယခုမသုံးဖြစ်သော်လည်း နောင်တွင် သူ၏ ဆွေမျိုးသားချင်းများနှင့် သူငယ်ချင်းများက သုံးနိုင်ပေလိမ့်မည်။

ထိုနှစ်ယောက် ထွက်သွားပြီးနောက် လင်းဖုန်းက လောင်ဘီသမ်ကို မေးလိုက်သည်။ “လောင်ဘီသမ်... ဒီလေသင်္ဘောမှာ တစ်ခုခုမှားနေတာမျိုး ရှိ၊ မရှိ စစ်ဆေးပေးလို့ ရမလား”

လင်းဖုန်းသည် ထိုဝန်ထမ်းနှစ်ယောက် ပြောသွားသည်ကိုသာ အပြည့်အဝ မယုံကြည်ပေ။ လောင်ဘီသမ်သည် လေသင်္ဘောကဲ့သို့ နည်းပညာထုတ်ကုန်များကို ကောင်းကောင်း သိနားလည်သူဖြစ်သည်။

လောင်ဘီသမ် ခဏမျှ စစ်ဆေးပြီးနောက် ပြောလာသည်။ “ဒီလေသင်္ဘောရဲ့ တည်နေရာကို နက်ပြာလုပ်ငန်းစုဆီ အမြဲတမ်း ပေးပို့နေတာကလွဲရင် တခြားဘာပြဿနာမှမရှိပါဘူး”

“တည်နေရာလား... ဆိုလိုတာက နက်ပြာလုပ်ငန်းစုက ဒီလေသင်္ဘောရဲ့ တည်နေရာကို သိနေမှာပေါ့။ ဒါဆိုရင် နောင်မှာ ငါဘယ်သွားသွား သူတို့က သိနေမှာ မဟုတ်ဘူးလား”

“ဟုတ်တယ်”

ထိုသည်က အလုပ်ရှုပ်စရာ ကိစ္စတစ်ခု ဖြစ်သည်။ နက်ပြာလုပ်ငန်းစုအနေဖြင့် ဝယ်ယူသူများ၏ လုံခြုံရေးအတွက် ထိုသို့လုပ်ထားခြင်းဖြစ်နိုင်ပြီး လေသင်္ဘော တစ်ခုခုဖြစ်ခဲ့လျှင် ကူညီကယ်ဆယ်နိုင်ရန် ဖြစ်ပေလိမ့်မည်။

သို့သော် လင်းဖုန်းအတွက်မူ သူ၏တည်နေရာကို တစ်စုံတစ်ယောက်က စောင့်ကြည့်နေခြင်းက စိတ်ထဲတွင် မသက်မသာ ခံစားရစေသည်။

“အဲဒီ တည်နေရာပြစနစ်ကို ဖျက်ပစ်လို့ ရမလား”

“ရတာပေါ့”

လောင်ဘီသမ် ခဏမျှ လုပ်ဆောင်လိုက်ပြီးနောက် နောက်ဆုံးတွင် တည်နေရာပြစနစ် ပြဿနာကို ဖြေရှင်းလိုက်သည်။ ယခုအခါ နက်ပြာလုပ်ငန်းစုအနေဖြင့ ဤလေသင်္ဘော၏ သွားရေးလာရေးကို စောင့်ကြည့်နိုင်တော့မည် မဟုတ်ပေ။

“အင်း... မဆိုးပါဘူး။ လေသင်္ဘောလည်း ရပြီဆိုတော့ ငါလည်း အိမ်ပြန်ဖို့ အချိန်တန်ပြီ။ ဒါပေမဲ့ မပြန်ခင် ဂရီမန်၊ ဖူလင်နဲ့ ဒါဒန်တို့ကိုတော့ နှုတ်ဆက်ရဦးမယ်”

ထို့ကြောင့် လင်းဖုန်း လေသင်္ဘောပေါ်မှဆင်းကာ ဂရီမန်တို့ သုံးယောက်ကို ရှာဖွေပြီး နှုတ်ဆက်လိုက်သည်။

ဂရီမန်တို့က လင်းဖုန်းနှင့်အတူ သေဘေးမှ အတူတူ လွတ်မြောက်လာခဲ့ကြသည့် သူငယ်ချင်းများဟု ဆိုနိုင်သည်။ လူဆယ်ယောက်ထဲတွင် သူတို့လေးယောက်သာ အသက်ရှင်ကျန်ရစ်ခဲ့သည်။ သူတို့တွင် သေခြင်းရှင်ခြင်းကို အတူတူ ရင်ဆိုင်ခဲ့ကြသည့်အတွက် သံယောဇဉ်များလည်း ရှိနေကြ၏။ ထို့ကြောင့် သူတို့လေးယောက် ဆက်သွယ်ရန်လိပ်စာများကို အပြန်အလှန် ဖလှယ်ခဲ့ကြသည်။ အားလုံးကို နှုတ်ဆက်ပြီးနောက် လင်းဖုန်း ထွက်သွားတော့သည်။

လင်းဖုန်းသည် မိသားစုအတွက် ဝယ်ယူထားသော လက်ဆောင်ပစ္စည်းများ အားလုံးကို လေသင်္ဘောပေါ် တင်ဆောင်ပြီးနောက် ထွက်ခွာရန် ပြင်ဆင်လိုက်သည်။ သို့သော် ပြန်စဉ်းစားကြည့်ရာ သူ အိမ်မပြန်ရသည်က တစ်နှစ်ထိပင် ရှိပြီဖြစ်သည်။ သူ့မိသားစုကို အရင်ဆက်သွယ်သင့်သည်။ မဟုတ်ပါက သူ ရုတ်တရက် ရောက်သွားခြင်းက ပျော်ရွှင်စရာထက် တုန်လှုပ်စရာ ဖြစ်သွားနိုင်ပေသည်။

ထို့ကြောင့် သူ ဆက်သွယ်ရေးကိရိယာကို ထုတ်ကာ ဖခင်ဖြစ်သူထံ ဖုန်းဆက်လိုက်သည်။

...

လင်းမိသားစု၏ ဗီလာတွင် လင်းဇနီးမောင်နှံနှင့် ကျောင်းပိတ်သဖြင့် အိမ်ပြန်ရောက်နေသော လင်းချန်တို့ ဧည့်ခန်းထဲတွင် ရှိနေကြသည်။

ယနေ့တွင် လင်းမိသားစု ဗီလာသို့ ထူးခြားသည့် ဧည့်သည်တစ်ဦး ရောက်ရှိနေသည်။

သခင်ကြီးလင်း၏ မျက်နှာက အနည်းငယ် ပျက်နေသော်လည်း မတတ်သာသည့်အဆုံး ပြောလိုက်သည်။ “မစ္စတာကျောက်... ကျွန်တော် ပြောပြီးပြီပဲ။ လင်းဖုန်း ဘယ်တော့ ပြန်လာမလဲဆိုတာ ကျွန်တော်တို့လည်း တကယ်မသိပါဘူး”

ထိုထူးခြားသည့်ဧည့်သည်မှာ ကျောက်ဖိန်၏ ဖခင် ကျောက်ပိုင်ရှန်း ဖြစ်နေသည်။

ကျောက်ပိုင်ရှန်းသည် လင်းမိသားစုထံ သုံးရက် ဆက်တိုက် လာရောက်ခဲ့ခြင်း ဖြစ်၏။ သူသည် လင်းမိသားစုဗီလာ အပြင်ဘက်တွင် သုံးနာရီတိတိ မတ်တတ်ရပ်ပြီး စောင့်ဆိုင်းခဲ့သဖြင့် သူ့တွင် ရိုးသားမှု အပြည့်ရှိသည်ဟုပင် ဆိုနိုင်သည်။

လင်းမိသားစုလည်း မတတ်သာသည့်အဆုံး ကျောက်ပိုင်ရှန်းကို ဧည့်ခံလိုက်ရခြင်း ဖြစ်သည်။

ကျောက်ပိုင်ရှန်း လင်းမိသားစုထံ ဘာလာလုပ်သနည်း။ အလွန်ရိုးရှင်းပေသည်။ သူ ငြိမ်းချမ်းရေး‌ဆွေးနွှေးရန် လာခြင်းပင်။

အမှန်ပင်။ ကျောက်မိသားစု ကြောက်နေကြပြီဖြစ်ကာ ကျောက်ပိုင်ရှန်းလည်း အတူတူဖြစ်သည်။ အမှန်တကယ်တော့ ကျောက်ပိုင်ရှန်း၌ တခြားနည်းလမ်းသာ ရှိခဲ့လျှင် လင်းမိသားစုထံ လာရောက်ပြီး အရှက်အကွဲခံမည် မဟုတ်ပေ။ လွန်ခဲ့သည့် သုံးရက်က သူကိုယ်တိုင် လာခဲ့သော်လည်း လင်းမိသားစုက တံခါးဖွင့်မပေးဘဲ သူ့ကို အပြင်တွင် သုံးနာရီကြာအောင် ထားခဲ့သေးသည်။

ကျောက်ပိုင်ရှန်း ဒေါသထွက်လုနီးပါး ဖြစ်ခဲ့သော်လည်း သူ မတတ်နိုင်ခဲ့ပေ။ သူ အတော်လေး သည်းခံခဲ့ရသည်။ ကျောက်မိသားစုသည် ယခုအခါ အလွန်ခက်ခဲသော အခြေအနေနှင့် ရင်ဆိုင်နေရကြောင်း သူ သိသည်။ ယခုတစ်ကြိမ်တွင် သူ့အစ်ကိုကြီး ကျောက်တုန်ရှန်းက လင်းမိသားစုကို အညံ့ခံရမည်ဟု တင်းတင်းကျပ်ကျပ် အမိန့်ပေးထားသည်။

ယခင်က လင်းဖုန်းမှာ သာမန် အသွင်ပြောင်းနယ်ပယ် သိုင်းသမားတစ်ဦးသာ ဖြစ်စဉ်က ကျောက်မိသားစုအနေဖြင့် ခုခံနိုင်စွမ်း ရှိသေးသည်။ နှစ်ဖက်စလုံးက သာလွန်လူသားများ ရှိကြသည်။ လင်းဖုန်းက ကျောက်တုန်ရှန်းကို အမှန်တကယ် သတ်နိုင်လိမ့်မည် မဟုတ်ပေ။

ကျောက်မိသားစုက သာလွန်လူသားတစ်ယောက်၏ မိသားစုဖြစ်သဖြင့် သိုင်းသမား မူဝါဒအသစ်အောက်တွင် မည်သူက သူတို့ကို အခက်တွေ့အောင် လုပ်ဝံ့မည်နည်း။

သို့သော် လင်းဖုန်းက တစ်ကမ္ဘာလုံးဆိုင်ရာသိုင်းပညာပြိုင်ပွဲတွင် ပထမဆု ရရှိကာ တစ်ကမ္ဘာလုံးကို တုန်လှုပ်သွားစေပြီးနောက်တွင်မူ ကျောက်မိသားစု ငြိမ်မနေနိုင်တော့ပေ။ ကျောက်တုန်ရှန်းကိုယ်တိုင်ပင် လင်းမိသားစုနှင့် ကျောက်မိသားစုကြားမှ ရန်ငြိုးကို အပြတ်ရှင်းရန် ပြန်ရောက်လာခဲ့သည်။

သေချာတာသည်က ရန်ငြိုးကို ရှင်းချင်လျှင် လင်းဖုန်းနှင့် ဆွေးနွေးရမည် ဖြစ်သည်။ ထို့ကြောင့် ကျောက်ပိုင်ရှန်းက လင်းဖုန်း ဘယ်တော့ပြန်လာမလဲ သိချင်သောကြောင့် လင်းမိသားစုထံ နေ့တိုင်း လာရောက် နှောင့်ယှက်နေခြင်း ဖြစ်သည်။

ကျောက်ပိုင်ရှန်း မတ်တတ်ရပ်ကာ ပြုံးလျက် ပြောလိုက်သည်။ “ရပါတယ်။ ကျွန်တော် မနက်ဖြန် ထပ်လာခဲ့ပါဦးမယ်”

ကျောက်ပိုင်ရှန်းတွင် ရွေးချယ်စရာ မရှိပေ။ ယခုတစ်ကြိမ်တွင် သူ ခေါင်းငုံ့ရပေမည်။ ကျောက်တုန်ရှန်းက ကြားဝင်စေ့စပ်ပေးရန် နတ်ဘုရားနယ်ပယ် သိုင်းသမားတစ်ဦးကိုပင် အဖိုးအခ အမြောက်အမြားပေး၍ ဖိတ်ကြားထားပြီးပြီ ဖြစ်သည်။

ကျောက်တုန်ရှန်း၏ အဆိုအရ လင်းဖုန်းသည် နတ်ဘုရားနယ်ပယ်သို့ မရောက်သေးပေ။ အကယ်၍ ကျောက်မိသားစုက ထိုနတ်ဘုရားနယ်ပယ် သိုင်းသမားကို ဖိတ်ခေါ်နိုင်လျှင် လင်းဖုန်းကို ဖိအားပေးနိုင်လိမ့်မည်။ ထိုအချိန်ရောက်လျှင် နှစ်ဖက်စလုံး ငြိမ်းချမ်းရေးဆွေးနွှေးကြမည် ဖြစ်သည်။ လင်းဖုန်းအနေဖြင့် နောင်တွင် နတ်ဘုရားနယ်ပယ် သိုင်းသမား ဖြစ်လာလျှင်ပင် သူပေးထားသည့် ကတိကိုဖျက်ကာ ကျောက်မိသားစုကို တိုက်ခိုက်လိမ့်မည် မဟုတ်ပေ။

ထို့ကြောင့် လင်းဖုန်း အိမ်သို့အမြန်ဆုံး ပြန်ရောက်လာရန်သာ သူတို့မျှော်လင့်နေကြသည်။ သို့မှသာ သူတို့ အမြန်ဆုံး ငြိမ်းချမ်းရေးတွေးနွှေးနိုင်ပေလိမ့်မည်။

သို့သော် ကျောက်ပိုင်ရှန်း သုံးကြိမ်တိုင်တိုင် လာခဲ့သော်လည်း အဖြေအတိအကျ မရရှိခဲ့ပေ။

ထိုအချိန်တွင် သခင်ကြီးလင်း၏ ဆက်သွယ်ရေးကိရိယာက ရုတ်တရက် မြည်လာသည်။

“ဖုန်းအာ... မင်း ဒီနေ့နေ့လယ် ပြန်လာမှာလား။ ငါမပျော်ဘဲ နေမလားကွာ။ မင်းအမေက မင်းပြန်လာမှာကို စောင့်နေတာ ကြာပြီ။ အင်း... အခု ပြန်လာမယ်ဆိုတော့ အရမ်းကောင်းတာပေါ့ကံ။ ငါ မင်းအမေကို ဟင်းကောင်းကောင်းလေးတွေ ပြင်ခိုင်းထားလိုက်မယ်... ဟားဟားဟား”

ဆက်သွယ်ရေးကိရိယာကို ပိတ်လိုက်ပြီးနောက် သခင်ကြီးလင်း၏ မျက်နှာက ပျော်ရွှင်မှုများဖြင့် ပြည့်နှက်သွားသည်။

“အဖေ... အစ်ကိုငယ် ပြန်လာမှာလား”

“ဟုတ်တယ်... ဖုန်းအာ ပြန်လာတော့မယ်။ နေ့လယ်ကျရင် အိမ်ရောက်မှာ”

ထိုအချိန်တွင် သခင်ကြီးလင်းက ကျောက်ပိုင်ရှန်းကို လှမ်းကြည့်လိုက်သည်။

ကျောက်ပိုင်ရှန်း နားလည်သွားပြီး ချက်ချင်း နှုတ်ဆက်လိုက်သည်။ “လင်းဖုန်း ပြန်လာပြီဆိုတော့ ကျွန်တော်နဲ့ အစ်ကိုကြီးတို့ နောက်နေ့မှ ကိုယ်တိုင်လာခဲ့ပါ့မယ်”

ထိုသို့ပြောပြီး ကျောက်ပိုင်ရှန်း လှည့်ထွက်ကာ အလျင်အမြန် ထွက်ခွာသွားလေတော့သည်။

All Chapters