အခန်း ၂၁
Vol. 3 Ch. 21
Chapter 21
သုံးဦးထဲတွင် ယုံကျာတစ်ဦးသာ တည်ငြိမ်နေသေးသည်။ သူ ဝမ်သိုက်၏ မျက်စောင်းထိုး ကုလားထိုင်တွင် ထိုင်လိုက်ကာ ကိုယ်ကို အရှေ့သို့ကိုင်းလျက် လက်နှစ်ဖက်ကို ပေါင်ပေါ်တင်ထားသည်။ သူ့မျက်လုံးများ ဝမ်သိုက်ကို ကြည့်နေပြီး အသံမှာလည်း တိုးညှင်းလှသည်။
"နင် တွေ့လိုက်တဲ့လူ ရွာသူကြီးရဲ့သား အားကျန့် ဖြစ်လိမ့်မယ်၊ သူ အသက် ၃၀ နား နီးနေပြီ၊ မိန်းမမရှိဘူး၊ ရွာထဲမှာ အမျိုးသမီးတွေကို နှိပ်စက်တာ တစ်ခါ၊ နှစ်ခါ မဟုတ်ဘူး၊ ငါ့အမေအရွယ် အဒေါ်ကြီးတွေကနေ ကျောင်းတက်ကာစ မိန်းကလေးငယ်လေးတွေအထိ သူ မနှောင့်ယှက်တာ မရှိဘူး၊ တကယ်တော့၊ ငါတို့ အမြဲသံသယရှိခဲ့တာက အရင်တုန်းက စမ်းချောင်းမှာ သေသွားတဲ့ မုဆိုးမကိုလည်း သူပဲ သတ်တာ"
"ဒါကို တခြားရွာသားတွေ ဘာမှ မပြောကြဘူးလား"
ဝမ်သိုက် မယုံနိုင်အောင် ဖြစ်ရသည်။ ဤကဲ့သို့ တောနက်ထဲတွင် ရိုးသားသင့်သော ကျေးလက်ဓလေ့များ မရှိတော့ဘဲ အာဏာရှိသူများ လက်ဝါးကြီးအုပ် စိုးမိုးထားသောနေရာ ဖြစ်နေချေပြီ။
"မပြောရဲကြဘူး၊ ဘယ်သူမှ မဆွေးနွေးရဲကြဘူး၊ ပြောရင် တောင်မှ အိမ်ထဲမှာပဲ တိုးတိုးတိတ်တိတ် ပြောကြတာ၊ အရင်တုန်းက အဲ့ဒီမုဆိုးမ သေခါစမှာ လူတစ်ယောက် ရွာသူကြီးကို အမှုဖွင့်ဖို့ အကြံပေးဖူးတယ်၊ ဒါပေမဲ့ ရွာသူကြီးက အမှုဖွင့်တာဟာ ပြင်ပလူတွေကို ငါတို့ရွာထဲဝင်လာပြီး စော်ကားခွင့်ပေးတာပဲလို့ ပြောတယ်”
“အာဏာပိုင်တွေ လူတစ်ယောက်ကို စွပ်စွဲပြီး ဖမ်းသွားမှာပဲ၊ အဲ့ဒါဆိုရင် ငါတို့အားလုံးလွတ်မှာမဟုတ်ဘူးလို့ ခြိမ်းခြောက်တယ်၊ ပညာတတ်တဲ့လူတွေ အာဏာပိုင်တွေကို ယုံပေမဲ့ ငါတို့ရွာက အပြင်နဲ့ ဆက်သွယ်ဖို့ ဘယ်လောက်ခက်လဲဆိုတာ နင် မြင်သားပဲ၊ ရွာထဲက လူအများစု စာမတတ်ကြတော့ အနည်းစုက ဘာမှ မတတ်နိုင်ဘူးလေ"
ယုံကျာ ခါးသီးစွာ ပြောလိုက်ရင်း သူ့မျက်လုံးများထဲတွင် ဟန်ဆောင်အပြုံးတစ်ခု ပေါ်လာသည်။
"ငါကတော့ ငါတို့ရွာမှာ ပညာအတတ်ဆုံးပဲ၊ အထက်တန်းအောင်ခဲ့တယ်၊ တကယ်တော့ တက္ကသိုလ် တက်ခွင့်ရခဲ့ပေမဲ့၊ အိမ်က ဆင်းရဲတော့ နှစ်ယောက်လုံးကို ကျောင်းထားပေးဖို့ မလွယ်ဘူး၊ နောက်ပြီး ငါသာ ထွက်သွားရင် ငါ့ညီမလေး အန္တရာယ်ရှိနိုင်တယ်၊ ငါ ယောက်ျားလေးပဲ၊ စာတတ်တတ်၊ မတတ်တတ် အရေးမကြီးပါဘူး၊ အဓိကက မိသားစုကိုလုပ် ကျွေးဖို့ ပိုက်ဆံရှာရမှာပဲ”
“ငါ့ညီမလေးကိုပဲ ကျောင်းထားပေးချင်တယ်၊ ငါကတော့ ဒီရွာက ထွက်သွားနိုင်သည်ဖြစ်စေ၊ မထွက်သွားနိုင်သည်ဖြစ်စေ မကြောက်ပါဘူး၊ သူ မိန်းကလေးလေ၊ ဒီနေရာ မိန်းကလေးတွေအတွက် မကောင်းဘူး၊ သူ့ကို လွတ်သွားစေချင်တယ်၊ ငါကတော့ ငါ့ညီမလေးကို ငှက်ကလေးတွေလိုပဲ အဝေးဆုံးကို ပျံသန်းသွားစေချင်တယ်"
မျက်နှာကြက်မှ မီးရောင် သူ့မျက်လုံးပေါ်သို့ ကျရောက်နေသည်။ ထိုအလင်းရောင် မျက်ရည်စများလား၊ မီးရောင်လားဆိုသည်ကို မသိနိုင်ပေ။
သိုလန် ထိုစကားများကို ကြားရသောအခါ ရင်ထဲတွင် ဝမ်းနည်းသွားကာ မျက်ရည်များကို သုတ်နေရှာသည်။
ရှောက်သီးတစ်လုံးကို အခွံနွှာလိုက်ပြီး ကိုက်လိုက်သကဲ့သို့ ချဉ်စူးစူး ခံစားချက်ကြီး တစ်ကိုယ်လုံးသို့ ပျံ့နှံ့သွားသည်။
ဝမ်သိုက်လည်း မျက်ရည်မကျမိအောင် ထိန်းထားရသည်။ ထိုစဉ် ယုံကျာ ဆက်ပြောသည်။
"နင့်ကို အန္တရာယ်ထဲ ဆွဲသွင်းမိလို့ တောင်းပန်ပါတယ်၊ ဒါပေမဲ့ ငါတို့ နင့်အကူအညီလိုအပ်တယ်၊ နာထုန်ကို နှိပ်စက်ခဲ့တဲ့ တရားခံအစစ်ကို သိချင်တယ်၊ ရွာထဲမှာ ကြောက်စရာကောင်းတဲ့လူ ရွာသူကြီးနဲ့ အားကျန့်တင် မဟုတ်ဘူး၊ ငါတို့ နာထုန်နဲ့လည်း စကားပြောချင်သေးတယ်၊ သူ တစ်ခုခုပြောပြနိုင်မလားလို့ပေါ့၊ ငါတို့မှာ သက်သေလိုအပ်တယ်"
"ရပါတယ်၊ ကျွန်မ ဝမ်းမြောက်ဝမ်းသာ ကူညီပါ့မယ်၊ ရှင်တို့ လိုအပ်တယ်ဆိုရင် အခုတောင် နာထုန်ရဲ့ဝိညာဉ်ကို ခေါ်ပေးလို့ရပါတယ်"
ဝမ်သိုက် ကိုယ်ကို အရှေ့သို့ကိုင်းကာ ယုံကျာနှင့် သိုလန်တို့ကို ကြည့်၍ ပြောလိုက်သည်။ သို့သော် ယုံကျာ ငြင်းဆိုကာ ခေါင်းခါပြလိုက်သည်။ သူ ဝမ်သိုက်ကို လေးနက်စွာ ကြည့်ရင်း ပြောသည်။
"ဟင့်အင်း.... ဒီနေ့ မလိုသေးဘူး၊ ဒီနေ့ နင် အနားယူလိုက်ပါ၊ မနက်ဖြန်ကျရင် နင့်ကို ကြိုဆိုဖို့အတွက် စားပွဲသောက်ပွဲ လုပ်လိမ့်မယ်၊ ရွာသားတွေလည်း လာကြလိမ့်မယ်၊ အကယ် ၍ သူတို့ နင့်ကို တစ်နေရာရာ ခေါ်သွားမယ်ဆိုရင် လုံးဝ မလိုက်ပါနဲ့၊ သူတို့ နင့်ကို ဆွဲရင်လည်း ရုန်းထွက်လိုက်ပါ၊ မနက်ဖြန် အန္တရာယ်ရှိနိုင်တယ်၊ နင့်ရဲ့ ပစ္စည်းတွေကိုလည်း သေသေချာချာ သိမ်းထားပါဦး"
လိုင်းမိရန် ကံကိုသာ ယုံကြည်ရသော ဤကဲ့သို့ တောနက်ထဲတွင် ဖုန်းသည် အလွန်အရေးကြီးကြောင်း ဝမ်သိုက် နားလည်ထားပေသည်။ ဤသည်မှာ ပြင်ပလောကနှင့် ဆက်သွယ်နိုင်သည့် တစ်ခုတည်းသော အရာပင်။
သို့သော်လည်း အရေးပေါ်အခြေအနေအတွက် ချန်စစ်ကျယ်၏ ဖုန်းနံပါတ်ကို စက္ကူပေါ်တွင် မှတ်သား၍ အိတ်ကပ်ထဲသို့ သေသေချာချာ ထည့်ထားလိုက်ပေသည်။
ယုံကျာ ပစ္စည်းများကို သိမ်းဆည်းထားရန် ပြောသော်လည်း ကိုယ်နှင့်မကွာ ဆောင်ထားခြင်းကသာ အလုံခြုံဆုံးဟု ဝမ်သိုက် ယူဆပေသည်။ သူတို့အနေဖြင့် သူမအား ကိုယ်ထိလက်ရောက် ရှာဖွေဝံ့မည်မဟုတ်ဟုလည်း ယုံကြည်နေမိသည်။
နွေရာသီဖြစ်၍ မိုးလင်းချိန်စောလှရာ အရုဏ်တက်ချိန်၌ပင် ဝမ်သိုက် သိုလန်၊ ယုံကျာတို့နှင့်အတူ စမ်းချောင်းသို့ အဝတ်လျှော်ရန် လိုက်ပါလာခဲ့သည်။
ကျောက်လှေကားထစ်များအတိုင်း တသွင်သွင်စီးဆင်းနေသော စမ်းရေ ကြည်လင်အေးမြလှပေသည်။ ဝမ်သိုက် အဝတ်ပုံးကို မြက်ခင်းပေါ်တင်ကာ အဝတ်များကို ထုတ်ယူလိုက်စဉ် သူမလက် မြက်ပင်များနှင့် မတော်တဆ ပွတ်တိုက်မိသွားသည်။
မြက်ပင်များ ခပ်သွက်သွက် ခြစ်မိသွားသဖြင့် လက်ဖမိုးမှ လက်ကောက်ဝတ်အထိ သွေးစို့ရာလေးတစ်ခု ထင်ကျန်သွားကာ သူမအာရုံထဲတွင် ပုံရိပ်အချို့ ချက်ချင်း ပေါ်လာတော့ သည်။
အင်္ကျီပါးလေး ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦး အဝတ်လျှော်နေစဉ် လှုပ်ရှားမှုကြောင့် ခါးနားတွင် အသားဖြူဖြူလေး ပေါ်ထွက်နေပေသည်။ ကြည်လင်သော ချွေးစက် ကလေးများ လည်ပင်းမှတစ်ဆင့် စီးကျနေကာ လိပ်တင်ထားသော လက်မောင်းများတွင်လည်း စမ်းရေများ စိုစွတ်နေပေသည်။ ဤသည်မှာ အနုပညာဆန်သော အဝတ်လျှော်သည့် မြင်ကွင်းလေးတစ်ခု ဖြစ်နိုင်သော်လည်း ယုတ်ညံ့သော အညစ်အကြေးများက လာရောက်ဖျက်ဆီးရန် ပြင်ဆင်နေချေသည်။
သူမ၏ နောက်ဘက်ရှိ ချုံပုတ်များ ရုတ်တရက် တရှဲရှဲ မြည်လာပြီးနောက် ဝဝဖိုင့်ဖိုင့် အမျိုးသားတစ်ဦး ဖားတစ်ကောင်ကဲ့သို့ ခုန်ထွက်လာပေသည်။ သူ အမျိုးသမီး၏ ကျောကုန်းပေါ်သို့ အားကုန်ခုန်အုပ်ကာ လက်နှစ်ဖက်ဖြင့် ဆွဲလားရမ်းလား လုပ်တော့သည်။ မရပ်မနား နမ်းရှုံ့နေရင်း အသက်ရှူသံ ပြင်းပြင်းများကိုလည်း ကြားနေရပေသည်။
ထိတ်လန့်သွားသော အမျိုးသမီး သတိပြန်ဝင်လာသည်နှင့် ရုန်းကန်တော့သည်။ သူမ အစွမ်းကုန် ပြန်လည်ခုခံရင်း ထိုအမျိုးသား၏ မျက်နှာကို မြင်လိုက်ရသောအခါ အလန့်တ ကြား အော်ဟစ်လိုက်ပေသည်။
"ကျန့်ဖူ၊ လွှတ်၊ အခုချက်ချင်း လွှတ်စမ်း၊ ရွာသူကြီးရဲ့သား ဖြစ်တိုင်း ငါ့ကို စော်ကားလို့ရတယ် မထင်နဲ့"
ပုံရိပ် ထိုနေရာ၌ပင် ရပ်တန့်သွားပြီးနောက် စောစောက အသက်ရှင်နေသော အမျိုးသမီးမှာ ရုပ်ပျက်ဆင်းပျက် ဖြစ်နေချေပြီ။ ခြေထောက်နှစ်ဖက် တွန့်လိမ်နေကာ ခြေသလုံးရိုးများ ကျိုးသွားသည်မှာ ထင်ရှားလှပေသည်။ ခေါင်းကို ထိန်းထားသည့် လည်ပင်းရိုးမှာလည်း ကျိုးအက်နေလောက်ကာ ဦးခေါင်း ခန္ဓာကိုယ်နှင့် အရေပြားလေးဖြင့်သာ ကပ်နေတော့သည်။
ဝဝဖိုင့်ဖိုင့် အမျိုးသား အဝတ်အစားများ ဖရိုဖရဲဖြစ်လျက် အမျိုးသမီး၏ အလောင်းကို စမ်းချောင်းတစ်ဖက်ကမ်းရှိ ချုံပုတ်ထဲသို့ ပစ်ထည့်ကာ ထွက်ပြေးသွားချေသည်။ သူ့လုပ်ရပ်မှာ အလွန်အောက်တန်းကျလှပေသည်၊ သူသည် အလောင်းကို ဖျောက်ဖျက်ရန်ပင် စိတ်မကူးခဲ့ခြင်း ဖြစ်နိုင်ပေသည်။
ဝမ်သိုက် မျက်လုံးများ လှုပ်ခတ်သွားကာ သူမနားထဲသို့ သိုလန်နှင့် ယုံကျာတို့၏ စိုးရိမ်တကြီး ခေါ်သံများ တိုးဝင်လာပေသည်။
"ဝမ်သိုက်၊ ဝမ်သိုက်"
သူမ မိမိဘေးတွင် ဆောင့်ကြောင့်ထိုင်နေသော သူနှစ်ဦးကို ကြည့်ကာ အသံတိုးတိုးဖြင့် ပြောလိုက်ပေသည်။
"ကျွန်မ ဘာမှ မဖြစ်ပါဘူး၊ ဒါပေမဲ့၊ စောစောက ရှင်တို့ပြောတဲ့ မုဆိုးမကို ကျွန်မ မြင်လိုက်ရသလိုပဲ၊ သူ အသတ်ခံရပုံကို မြင်လိုက်ရတယ်၊ တရားခံက တကယ် ရှင်တို့ ထင်ထားတဲ့အတိုင်းပါပဲ"
သိုလန်နှင့် ယုံကျာတို့ ဆွံ့အသွားကြပေသည်။ ဤနေရာ၌ လူတစ်ယောက်မျှ မရှိသကဲ့သို့ တိတ်ဆိတ်သွားကာ စမ်းရေစီးသံနှင့် သစ်ကိုင်းသစ်ရွက် လှုပ်ခတ်သံများကိုသာ ကြားရတော့သည်။
"လူတွေ မမြင်နိုင်တဲ့နေရာမှာ မကောင်းမှုတွေ အမြစ်တွယ်ဖို့ ပိုလွယ်တာပေါ့၊ ရှင်တို့အနေနဲ့ စိတ်ဓာတ်မပျက်ဘဲ နေနိုင်တာ တကယ့်ကို ရှားပါးပါတယ်" ဝမ်သိုက် စမ်းရေစီးသံထက် တိုးသော အသံဖြင့် ပြောလိုက်ပေသည်။
သိုလန် ခေါင်းခါလိုက်ပေသည်။ သူမ ခါးသီးစွာ ပြုံးလျက် အဝတ်လျှော်နေသောလက်များကို မရပ်ဘဲ ရေပြင်ကိုသာ စိုက်ကြည့်နေပေသည်။
"ဒါပေမဲ့ ငါတို့ နှုတ်ပိတ်နေခဲ့ကြတာပဲလေ၊ အာယုံ ပြောသလိုဆိုရင် ကျွန်မတို့က အလိုတူအလိုပါတွေ ဖြစ်နေတာပေါ့၊ နှုတ်ပိတ်နေတဲ့လူတွေ မကောင်းမှုကို အားပေးကူညီတဲ့သူတွေပဲ”
“ငါ့ရဲ့ နာထုန်လေးသာ ဘာမှ မဖြစ်ခဲ့ရင် ဒီလျှို့ဝှက်ချက်တွေကို သေတဲ့အထိ ယူသွားမိမှာပဲ၊ နာထုန်လေးသာ ဘာမှမဖြစ်ခဲ့ရင်လည်း အပြင်လူတွေကို အကူအညီတောင်းမိမှာ မဟုတ်ဘူး၊ ငါတို့လည်း ဘယ်သူမှ ကောင်းတဲ့သူတွေ မဟုတ်ကြပါဘူး"
...
သောက်စားပွဲအတွက် စားပွဲများကို ရွာသားများထံမှ ငှားရမ်းထားခြင်း ဖြစ်ပြီး သိုလန်တို့အိမ်၏ခြံဝန်းထဲ၌ အပြည့်ခင်း ကျင်းထားပေသည်။
သိုလန်နှင့် ဇာကန်တို့ မီးဖိုချောင်တွင် ဟင်းချက်ရန် အလုပ် ရှုပ်နေကြပြီး ယုံကျာနှင့် ဝမ်သိုက်တို့ကမူ အိမ်အပြင်ဘက်တွင် ရွာသားများကို ဧည့်ခံနေရပေသည်။