"လိမ်ညာတတ်တဲ့ နတ်ဆရာမလေး ဝမ်သိုက်နဲ့ ဥပဒေမျက်နှာဖုံးတပ်ထားတဲ့ တာအိုဆရာလေး ချန်စစ်ကျယ်" ဝမ်သိုက် ဆိုတာ ပါးစပ်ထဲရှိရာ လျှောက်ပြောတတ်ပေမဲ့ တကယ့် ရှာမန် စစ်စစ်အမွေအနှစ်ကို ဆက်ခံထားသူပါ။ လွန်ခဲ့တဲ့ (၁၁) နှစ်က မိသားစုမီးလောင်မှုရဲ့အမှန်တရားကို ရှာဖွေဖို့ ကြိုးစားရင်း၊ အွန်လိုင်းပေါ်မှာ ကံကြမ္မာဟောကာ လမ်းစပျောက်နေတဲ့သူမဟာ နောက်ဆုံးမှာတော့ သူဌေးကြီးတွေနဲ့ အဆက်အသွယ်ရဖို့ ဘုရားကျောင်းတံခါးဝမှာ အဘိုးအဘွားတွေနဲ့ ဖောက်သည်လုပြီး ကံကြမ္မာဟောတဲ့ အလုပ်ကို စွန့်စွန့်စားစား လုပ်ခဲ့ရပါတယ်။ သူမကို ကံတရားကမျက်နှာသာပေးတဲ့အနေနဲ့ သူဌေးက တော် တစ်ယောက်နဲ့ ဆုံပေးလိုက်ပေမဲ့၊ ထိုသူဌေးကတော်ရဲ့ သားဖြစ်သူ ရှေ့နေချန်စစ်ကျယ် နဲ့ပတ်သတ်တဲ့ အချက်အလက်တွေကိုတော့ သူမ ဘယ်လိုမှ တွက်ချက်လို့မရခဲ့ပါဘူး။ ဒါကြောင့် သူမလည်း ကိုယ်ကျင့်တရားကို ခဏလောက် ဘေးချိတ်ထား လိုက်ပြီး မုသားလေး နည်းနည်းသုံးလိုက်မိပါတယ်။ ဒါပေမယ့် ကံကြမ္မာတစ်ပတ်လည်တယ်လို့ပဲ ဆိုရပါမယ်။ သူမဟာ ဘုရားကျောင်းရှေ့မှာ မိုးကြိုးပစ်ခံရတော့မလိုဖြစ်ခဲ့တဲ့အပြင် သူဌေးကတော်ရဲ့ သားဖြစ်သူ ချန်စစ်ကျယ်ကိုယ်တိုင် သူမဆီကိုရောက်လာပြီး ကံကြမ္မာဟောခ ပြန်တောင်းရုံတင်မကဘဲ လိမ်လည်မှုနဲ့ပါ ထောင်ထဲထည့်ပစ်မယ်လို့ ခြိမ်းခြောက် လာပါတော့တယ်။ သူမကို နှာခေါင်းတရှုံ့ရှုံ့နဲ့ ကြည့်နေတဲ့ ချန်စစ်ကျယ်ကို သူမ ဘယ်လိုမှ မေ့လို့မရနိုင်ခဲ့ပါဘူး။ ချန်စစ်ကျယ် ဆိုတာ ဝေဖန်ပိုင်းခြားမှု အားကောင်းပြီး နှုတ်သီးကောင်းလျှာပါးနိုင်လှတဲ့ ထိပ်တန်းရှေ့နေတစ်ယောက်ပါ။ ဒါပေမဲ့ သူ့မှာ လူမသိတဲ့ လျှို့ဝှက်ချက်တစ်ခု ရှိပါတယ်။ သူဟာ နေ့ဘက်မှာ ဝတ်စုံပြည့်နဲ့ ဥပဒေအကြောင်း ပြောနေပေမဲ့၊ ညဘက်မှာတော့ ဖခင်ဖြစ်သူရဲ့ မြှောက်ပင့်ပေးမှုကြောင့် တာအိုကျင့်စဉ်တွေကို တိတ်တဆိတ် လေ့လာနေတဲ့ တာအိုဆရာ တစ်ယောက်ဖြစ်ပါတယ်။ တစ်နေ့မှာ သူ့အမေက “ချန်စစ်ကျယ်ဟာ အသုံးအဖြုန်းကြီးတဲ့ မိန်းမတစ်ယောက်နဲ့ အိမ်ထောင်ကျလိမ့်မယ်” ဆိုတဲ့ ဟောကိန်းကြောင့် အဆောင်လက်ဖွဲ့တစ်ခုဝယ်လာတဲ့အခါ သူ့အမေ အလိမ်ခံရမှန်း သဘောပေါက်သွားပြီး ထိုလူလိမ်မလေးကို အချုပ်ထဲပို့ဖို့ရာ ဒေါသတကြီးထွက်လာပါတော့တယ်။ သူတို့နှစ်ယောက်ရဲ့ ဆက်ခံရေးဟာ ရန်သူတွေလို စတင်ခဲ့ပေမယ့် ထူးဆန်းတဲ့ ကံကြမ္မာက သူတို့ကို ထပ်ခါတလဲလဲ ဆုံတွေ့စေခဲ့ပါတယ်။ ဝမ်သိုက်ရဲ့ မိသားစုကြောင့် ရရှိခဲ့တဲ့ ဒဏ်ရာတွေ၊ သူမရဲ့ နူးညံ့မှုတွေနဲ့ လျှာရိုးမရှိတဲ့ စကားလုံးတွေ အောက်က ကျိုးကြောင်းဆင်ခြင် နိုင်မှုတွေကို မြင်တွေ့လာရတဲ့ အခါမှာတော့ ... အသည်းမာတဲ့ ရှေ့နေကြီးဟာ သူမအတွက် မျက်ရည်ကျပေးတဲ့အထိ ဖြစ်လာခဲ့ပါတယ်။ "ဟင် ... ချန်စစ်ကျယ်၊ ရှင်က ငိုတတ်တဲ့ ကလေးကြီးလား"

