အခန်း ၁၃၁
Vol. 14 Ch. 131
🍏 Chapter 131
"မင်းမှာ ပိုက်ဆံ ဘယ်လောက် ရှိပြီလဲ ကြည့်ဦး၊ မီးလောင်သွားတဲ့ အိမ်ကိုလည်း အသစ်မပြင်ဘူး၊ ဒီအတိုင်းပဲ ထားတယ်၊ ကောင်းတဲ့နေရာမှာ နေလို့ ရရဲ့သားနဲ့ ဒီလို အိမ်အိုကြီးထဲမှာ လာနေတယ်၊ ကိုယ်ကြိုက်တာ ဝယ်လို့ ရရဲ့သားနဲ့ မဝယ်ဘဲ ဝေခွဲမရ ဖြစ်နေတယ်၊ ကိုယ့်အတွက် သုံးရင်တော့ တွန့်တိုပြီး တခြားလူတွေအတွက်ကျတော့ ရက်ရောလိုက်တာ"
အမြဲတမ်း တည်ငြိမ်ပြီး ပြတ်သားတဲ့ အမျိုးသမီးက အခုလို မိခင်တစ်ယောက်လို ဆူပူနေတာက တကယ်ကို ရှားပါးလှသည်။
"စေတနာ ရှိတာ ကောင်းပါတယ်၊ ဒါပေမဲ့ ကိုယ့်ကိုကိုယ် အရင် ကောင်းကောင်းမွန်မွန် ထားပြီးမှ တခြားသူကို ကူညီစေချင်တာ၊ သူတစ်ပါးကို မချစ်ခင် ကိုယ့်ကိုယ်ကိုယ် အရင် ချစ်တတ်ဖို့ လိုတယ်၊ နားလည်လား"
သူမ၏ လေသံက ရုတ်တရက် နူးညံ့သွားသည်။ ဝမ်သိုက်ကို အနားတိုးလာသည့်အခါ အေးစက်သော လေကလေးက ဝမ်သိုက်ဆီသို့ တိုက်ခတ်လာသည်။ ဝမ်သိုက်သည် ကျောပိုးအိတ်ကို တင်းတင်းပွေ့ထားမိသည်။
တရားသဘောအရ နားလည်သော်လည်း လက်တွေ့မှာတော့ လုပ်ဖို့ ခက်ခဲလှသည်။
"ကျွန်မ နားလည်ပါတယ်၊ ဒါပေမဲ့ ဆရာ ကျွန်မကို ယုံလား၊ ဦးနှောက်ကတော့ နားလည်တယ်၊ ဘယ်လိုလုပ်ရမလဲဆိုတာလည်း သိတယ်၊ ဒါပေမဲ့ လက်တွေ့မှာ လုပ်လို့ မရဘူး ဖြစ်နေတာ၊ ဆရာတို့က ကျွန်မကို အသိဆုံးပဲ၊ ကျွန်မ မလိမ်ချင်ဘူး"
ဝမ်သိုက် ခေါင်းငုံ့ကာ ပြောလိုက်သည်။
မျက်ရည်ကျချင်ပေမဲ့ မျက်လုံးတွေက ခြောက်သွေ့နေသဖြင့် မျက်ရည်က ထွက်မလာချေ။
နောက်ထပ် သက်ပြင်းချသံတစ်ခု ထပ်ထွက်လာပြန်သည်။
အမျိုးသမီးက ဝမ်သိုက်၏ ခေါင်းကို အသာအယာ ပုတ်ပေးလိုက်သည်။ ဝိညာဉ်နှင့် လူသားဖြစ်သဖြင့် တစ်ယောက်ကိုတစ်ယောက် ထိတွေ့၍ မရဘဲ ဖြတ်သွားရုံသာ ရှိသော်လည်း သူမတို့ကတော့ ဆရာနှင့် တပည့် ဖြစ်သဖြင့် ခံစားချက်ကတော့ ရှိနေသည်။
"ငါ မင်းကို သိတာပေါ့၊ ငါတို့ မင်းကို သိပါတယ်" အမျိုးသမီးက အသာအယာ ပြုံးလိုက်သည်။
သူမက လက်လျှော့လိုက်သည့်ပုံစံဖြင့် မျက်လုံးများက နူးညံ့သွားသည်။
"ထားပါတော့၊ သွားလုပ်စရာ ရှိတာ သွားလုပ်ပါ၊ အရာရာတိုင်းကို မင်းကိုယ်တိုင် တစ်လှမ်းချင်း လျှောက်လှမ်းကြည့်မှပဲ နားလည်သဘောပေါက်မှာပါ"
ရှေ့က လူရုပ်နှင့် မြွေဝိညာဉ်များအားလုံးသည် မျက်စိတစ်မှိတ်အတွင်းမှာပင် ပျောက်ကွယ်သွား တော့သည်။ မီးခိုးလို လွင့်ပြယ်သွားတာ မဟုတ်ဘဲ ဒီအတိုင်း ပျောက်ကွယ်သွားခြင်း ဖြစ်သည်။
နေရောင်ခြည်သည် ကမ္ဘာလောကကြီးပေါ်သို့ ဝင်းပစွာ ဖြာကျလာပြီး၊ အေးမြသော နွေဦးလေညင်းထဲတွင် နွေးထွေးမှုအချို့ ရောယှက်လာသည်။
သို့သော် ဝမ်သိုက်ကတော့ ထိုနွေးထွေးမှုကို သတိပြုမိအားသည့် စိတ်မရှိချေ။
သူမသည် မနက်ကတည်းက အခု နေ့လည် ၁ နာရီအထိ အောင့်အည်းသည်းခံခဲ့ရသည်။ ပုန်းနေရသည့် ပုံစံအမျိုးမျိုး ပြောင်းခဲ့သော်လည်း ခြေထောက်နှစ်ဖက်ကတော့ မခံနိုင်တော့ချေ။ ချိုက်ချီကို မေးကြည့်သည့်အခါတွင်လည်း သူမတို့ လမ်းမှာပဲ ရှိသေးကြောင်း အကြောင်းပြန်သည်။
[ချိုက်ချီ- ငါတို့တွေက ရဲကားနဲ့ဆိုတော့ အခု မြို့နယ်ထဲမှာ လူတွေ အရမ်းရှုပ်နေတယ်။ လူတွေက ဝိုင်းအုံကြည့်နေကြပြီး လမ်းပေါ်မှာလည်း ဈေးဆိုင်တွေ၊ ပစ္စည်းတွေနဲ့ ပိတ်နေလို့ တော်တော်နဲ့ ထွက်မရဘူး၊ တစ်ယောက်ယောက်က တမင် အချိန်ဆွဲနေတာ သိသာလွန်းတယ်။ နင် ဘယ်လိုပဲဖြစ်ဖြစ် တောင့်ခံထားနော်၊ ငါ အခု ဆိုင်ကယ်ငှားဖို့ ကြိုးစားနေတယ်]
ဝမ်သိုက်သည် မူးဝေနေသော ခေါင်းကို ခက်ခက်ခဲခဲ မော့ကြည့်လိုက်ရာ ကောင်းကင်ယံရှိ နေဝန်းကြီးကြောင့် မျက်စိထဲတွင် အရောင်စုံ အစက်အပြောက်များ မြင်နေရပြီး ဗိုက်ကလည်း ဆာလောင်မှုကြောင့် ရုန်းကန်နေသည်။
သူမသည် ပျို့တက်လာသော အစာအိမ်ကို ပွတ်သပ်ရင်း ပိုပြီး သက်သောင့်သက်သာရှိမည့် ပုန်းအောင်းစရာ နေရာသစ်ကို ရှာရန် ကျောပိုးအိတ်ကို ဆွဲကာ အထတွင် သစ်သားအိမ်အိုကြီး၏ နောက်ဖေးတံခါး ပွင့်သွားသည်ကို ရုတ်တရက် မြင်လိုက်ရသည်။
အထဲမှ ထွက်လာသော အန်တီကြီးသည် ဟိုကြည့်ဒီကြည့် လုပ်ရင်း ခြံစည်းရိုး သံတံခါးကို ဖွင့်ကာ လက်ကို ပါးစပ်နားကပ်၍ တိုးတိုးလေး လှမ်းခေါ်သည်။
"သမီး... သမီးရေ"
ထမည်ပြင်ရုံရှိသေးသော ဝမ်သိုက်သည် ချက်ချင်းပင် ပြန်ငုံ့လိုက်ပြီး မြက်ရိုင်းတောထဲတွင် ပုန်းကာ အန်တီကြီး၏ အပြုအမူကို အကဲခတ်နေမိသည်။
ယုံကြည်မှု၊ အထူးသဖြင့် သူစိမ်းတစ်ယောက်အပေါ် ယုံကြည်မှုဆိုသည်မှာ အမြဲတမ်း ပြောင်းလဲနေတတ်သည်။ အခုအချိန်တွင် သူမသည် ထိုအန်တီကြီးအပေါ် ယုံကြည်မှု မရှိတော့ချေ။
လူ့စိတ်ကို ခန့်မှန်းရ ခက်လှသည်။ သူမ စိတ်ပြောင်းသွားပြီး ဟိုလူတွေဘက် ပါသွားပြီလား ဘယ်သူသိနိုင်မည်နည်း။
ဝမ်သိုက်သည် အနောက်ဘက်သို့ ဆုတ်ခွာရန် ပြင်လိုက်စဉ်မှာပင် အန်တီကြီး၏ အသံက ကျယ်လာသည်။ "အိုး... သမီး" ထို့နောက်တွင်တော့ အပြေးအလွှား လာသော ခြေသံများကို ကြားလိုက်ရသည်။
"သမီးရယ်၊ ဘာလို့ ပြန်မထူးတာလဲ၊ အို... ဒီမှာ လာမပုန်းပါနဲ့၊ ဒါ မြွေတွင်းကြီးလေ၊ ဟိုလူတွေ အကုန်ထွက်သွားကြပြီ၊ ညည်း ငါနဲ့အတူ အိမ်ထဲ ပြန်လိုက်ခဲ့ပါဦး၊ ထမင်းလည်း မစားရသေးဘူးမလား၊ လာပါ လာပါ"
အန်တီကြီးက အနားသို့ အမြန်ရောက်လာပြီး ဝမ်သိုက်၏ လက်မောင်းကို လှမ်းဖမ်းလိုက်သည်။
အမိခံလိုက်ရသော ဝမ်သိုက်သည် ဖြည်းဖြည်းချင်း လှည့်ကြည့်ကာ ယဉ်ယဉ်ကျေးကျေး ပြုံးပြလိုက်သော်လည်း ပျက်နေသော မိတ်ကပ်များဖြင့် ထိုဝါကျင့်ကျင့် မျက်နှာပေါ်က အပြုံးမှာ ကြောက်စရာ ကောင်းနေသည်။
"ကျေးဇူးတင်ပါတယ် အန်တီ၊ ကျွန်မ ထမင်းမစားတော့ဘူး၊ ဝိတ်ချနေလို့ပါ၊ ဒီအပြင်မှာ လေကောင်းလေသန့် ရတာ ပိုကောင်းပါတယ်၊ အန်တီတို့ကို ဒုက္ခမပေးချင်တော့ဘူး၊ ရဲတွေလည်း လမ်းမှာ ရောက်နေပြီ၊ ကျွန်မ သူငယ်ချင်းလည်း မကြာခင် ရောက်တော့မှာမို့ ဒီအပြင်မှာပဲ စောင့်လိုက်ပါ့မယ်"
သို့သော် အန်တီကြီးက လက်မလျှော့ချေ။ ငယ်စဉ်ကတည်းက တောင်ယာလုပ်ငန်း လုပ်ကိုင်လာသော သူမ၏ ခွန်အားမှာ ဝမ်သိုက်ကဲ့သို့ လေ့ကျင့်ခန်း မလုပ်သော ပျင်းရိသူတစ်ဦး ယှဉ်နိုင်သည့် အရာမဟုတ်ချေ။
ဝမ်သိုက် ပြေးရန် ကြံစည်မှုမှာ ပျက်ပြားသွားပြီး သူမ၏ ခန္ဓာကိုယ်မှာ အန်တီကြီး၏ ဆွဲခေါ်ရာသို့ ပါသွားတော့သည်။
ဝမ်သိုက်နှင့် အန်တီကြီးတို့ မျက်နှာချင်းဆိုင် မိသည့်အခါ၊ သူမက တည်ကြည်သော မျက်နှာထားဖြင့် ဆိုသည်။
"ငါက ညည်းဆီက ပိုက်ဆံ ယူထားတာလေ ဘယ်လိုလုပ် ဒီအပြင်မှာ ဒီအတိုင်း ပစ်ထားလို့ ရပါ့မလဲ၊ ငါက ပိုက်ဆံယူပြီး တာဝန်မကျေတဲ့လူမျိုး မဟုတ်ဘူး၊ အိမ်မှာ ထမင်းဝိုင်း ခိုးချန်ထားပေးတယ်၊ လာပါ လာပါ၊ အားမနာပါနဲ့"
ဝမ်သိုက်သည် အန်တီကြီး၏ အတင်းအဓမ္မ ဆွဲခေါ်မှုကြောင့် အိမ်ထဲသို့ ပြန်ရောက်သွားသည်။ အိမ်ထဲ ရောက်သည်နှင့် ဧည့်ခန်းတွင် ဆေးလိပ်သောက်နေသော ဦးလေးကြီးက အကြောင်းရင်းမရှိဘဲ နွမ်းနယ်နေသော မျက်နှာဖြင့် မော့ကြည့်လာသည်။
ညဘက်က တောက်ပနေသော သူ၏ မျက်လုံးများမှာ ယခုတော့ အသက်မဲ့နေသလိုပင်။
သူက အထဲကို တွန်းပို့ခံလိုက်ရသော ဝမ်သိုက်ကို မြင်သည့်အခါ ခဏမျှ တန့်သွားပြီးမှ ထိုင်ရာမှ ထကာ အတင်းအဓမ္မ ပြုံးလျက် စားပွဲဆီသို့ လက်ညှိုးညွှန်ပြသည်။
"ကဲ... ထမင်းစားပါဦး၊ ခုနက တိတ်တိတ်လေး ချန်ထားပေးတာ၊ အဆင်ပြေသလို စားလိုက်နော်"
ဝမ်သိုက် ကြည့်လိုက်သည့်အခါ ဆီဝင်းနေသော သစ်သားစားပွဲပေါ်တွင် ဟင်းနှစ်ပွဲနှင့် ထမင်းတစ်လုံး ရှိနေသည်။ ဟင်းများမှာ ရိုးရှင်းသော မှိုကြော်နှင့် မုန်လာဥနီ ကြက်ဥကြော်တို့ ဖြစ်ပြီး ပန်းကန်အသေးလေးများဖြင့် ထည့်ထားသဖြင့် သူတို့ပြောသလိုပင် သီးသန့် ဖယ်ထားပေးခြင်း ဖြစ်ပုံရသည်။
သို့သော် ဝမ်သိုက်က လက်ကာပြကာ အခန်းထဲက လူအားလုံးကို အားနာဟန်ဖြင့် ကြည့်လိုက်သည်။
"အားနာပါတယ်၊ ဒါပေမဲ့ ကျွန်မ တကယ်ပဲ ထမင်းစားချင်စိတ် မရှိလို့ပါ၊ ရေမြေမတည့်လို့ ထင်ပါတယ်"