← Chapters

အခန်း ၁၂၃

Vol. 13 Ch. 123

အခန်း ၁၂၃

Vol. 13 Ch. 123

🍏 Chapter 123

သူမက ဘောင်းဘီအိတ်ထဲမှ ဝမ်သိုက်ပေးသော ပိုက်ဆံများကို ပြန်စမ်းကြည့်ရင်း ခေါင်းငုံ့ကာ ခဏမျှ တိတ်ဆိတ်သွားပြန်သည်။

"လွန်ခဲ့တဲ့ နှစ်သုံးဆယ်ကလည်း ကုန်ပစ္စည်း စမ်းသပ်ကြတာပဲ၊ ဒါပေမဲ့ အခုလိုမျိုးတော့ မဟုတ်ဘူး၊ မရောင်းခင်မှာ ကိုယ်တိုင် အရင်လက်ဖျားနဲ့ မတို့ကြသေးဘူး၊ အဲဒီတုန်းက လူတွေက သိပ်ရွေး ကြတာလေ"

"အခုခေတ်ကတော့ ပွင့်လင်းလာပြီဆိုတော့ သူတို့အတွက်လည်း လွယ်ကူသွားတာပေါ့၊ ညည်း ငါ့ကို ပေးတဲ့ ဒီပိုက်ဆံတွေက… ဟင်း… အရှုံးတော့ မပေါ်ပါဘူးလေ"

"ကျွန်မ ပေးတာ များသွားလို့လား၊ ရပါတယ်…" ဝမ်သိုက်က လက်ကာပြလိုက်သည်။

သို့သော် အန်တီကြီးက ချက်ချင်း စကားဖြတ်ပြောသည်။

"နည်းတောင် နည်းသေးတယ်လို့ ပြောမလို့၊ ဒီကိစ္စက သိပ်အန္တရာယ်များတာ၊ ငါသာ ညည်းကို သူတို့ စခန်းအထိ လိုက်ပို့ပေးလို့ သူတို့ သိသွားရင် ညည်းထက် ငါက ပိုပြီးကံဆိုးသွားနိုင်တယ်၊ ငါ့အဖေနဲ့ အမေကလည်း အဲဒီရွာမှာရှိနေသေးတာ၊ သူတို့ကို သူတို့တွေက ဒုက္ခပေးရင် ဘယ်လိုလုပ်မလဲ၊ အဲဒီလူတွေက လူသတ်ရမှာတောင် မကြောက်ကြတဲ့သူတွေ"

သူမက ဝမ်သိုက်ကို မနှစ်သက်သလို ကြည့်လိုက်ပြီး အရှုံးကြီးရှုံးနေသည့် အမူအရာမျိုး လုပ်ပြသည်။

ချက်ချင်းပင် အန်တီကြီးကလေသံပြောင်းကာ သက်ပြင်းချလိုက်ပြန်သည်။

"ဒါပေမဲ့ အရှုံးမပေါ်ဘူးလို့ ငါ ဘာလို့ ပြောလဲဆိုတော့… တကယ်တော့ ငါ့စိတ်ထဲမှာလည်း အပြစ်မကင်းသလို ခံစားနေရလို့ပဲ"

သူမက လက်မဖြင့် သူမ ရင်ဘတ်ကို ပုတ်ပြသည်။

"ဒီအပြင်ကနေ ကားတွေ တဝုန်းဝုန်းနဲ့ ဖြတ်သွားတာ တွေ့တိုင်း၊ အထဲမှာ လူတွေပါလာမှန်း ငါ သိနေတာပဲ၊ လူအများကြီး ခိုးခံလာရတာ ငါ သိတယ်၊ သူတို့ရဲ့ နိဂုံးတွေက သိပ်သနားဖို့ကောင်းမှန်း လည်း သိတယ်၊ ဒါပေမဲ့ ငါ မကူညီနိုင်ဘူး၊ ငါ့မိသားစုကို ငါ အရင်ကာကွယ်ရဦးမှာလေ”

“ဒါပေမဲ့ အခု ညည်းက ငါ့ရှေ့ကို ရောက်လာပြီဆိုတော့၊ ငါ ထင်တာကတော့ ဒါဟာ ငါ့အတွက် နောင်တရပြီး အပြစ်ဆေးကြောဖို့ အခွင့်အရေးပဲ ထင်တယ်"

အန်တီကြီးက လက်ဟန်ခြေဟန်ဖြင့် သရုပ်ဖော်ပြောဆိုနေပြီး အဆုံးတွင် ရှေ့တည့်တည့်ရှိ နံရံကပ် ဘုရားစင်မှ ရုပ်ပွားတော်ကို ညွှန်ပြသည်။

"ကြည့်၊ ဟိုမှာ ကြည့်"

ဝမ်သိုက်က သူမ ညွှန်ပြရာသို့ ကြည့်လိုက်ရာ ဘုရားစင်ပေါ်တွင် ကြာပန်းပေါ်၌ ရပ်တော်မူ ဘုရားရုပ်ပွားတော် တစ်ဆူရှိနေသည်။ ငြိမ်သက်အေးချမ်းသော အမူအရာဖြင့် ထာဝရတည်ရှိနေ သကဲ့သို့ပင်။

ဝမ်သိုက် စိတ်ထဲတွင် မေးခွန်းတစ်ခု ပေါ်လာသည်။ ရုပ်ပွားတော်က သယ်ဆောင်လာတဲ့ 'ကုန်ပစ္စည်း' တွေထဲကနေ ကောင်းကင်ကို အကူအညီတောင်းနေတဲ့ သူတွေကို မြင်နေရပါသလား။

ပြီးတော့ အဲဒီလို အကုသိုလ်တွေ လုပ်နေတဲ့သူတွေကရော သူတို့အိမ်မှာ ဘုရားရုပ်ပွားတော်တွေ ကိုးကွယ်ထားကြသလား။

"ညည်း ရောက်လာတာက ဘုရားက ငါ့ကို အပြစ်ဆေးကြောခိုင်းတာ သေချာတယ်၊ ငါ ညည်းကို ကူညီမယ်၊ ဒီအရောင်းအဝယ်က မရှုံးပါဘူး"

အန်တီကြီးလည်း သူမ အတွေးကမ္ဘာထဲတွင် နစ်ဝင်နေပြီး တတွတ်တွတ် ရေရွတ်ရင်း ထိုင်ခုံမှ ထကာ ဘုရားစင်ရှေ့သို့ သွားသည်။

သူမသည် ဘုရားစင်အောက်က ဗီဒိုကိုဖွင့်ကာ အမွှေးတိုင် တစ်ထုတ်ကို ထုတ်လိုက်ပြီး အမွှေးတိုင် သုံးတိုင်ကို ဖယောင်းတိုင်မီးဖြင့် ညှိလိုက်သည်။ အခိုးအငွေ့များ ထွက်လာသည့်အခါတွင်တော့ သူမသည် ရိုသေစွာ ဦးချပြီး အမွှေးတိုင်အိုးထဲသို့ ထိုးစိုက်လိုက်သည်။

ထို့နောက် နောက်ထပ် အမွှေးတိုင် သုံးတိုင်ကို ထပ်ထုတ်ကာ ဝါးကုတင်ပေါ်တွင် ကြောင်အမ်းအမ်း ထိုင်နေသော ဝမ်သိုက်ကို လက်လှမ်းခေါ်သည်။

"လာ၊ လာ၊ ဘုရားကို အမွှေးတိုင် ပူဇော်လိုက်ဦး၊ ငါတို့ ဘေးကင်းအောင် ဘုရားက စောင့်ရှောက်ပေးလိမ့်မယ်၊ ဟိုနေရာက သိပ်အန္တရာယ်များတာအေ့"

သတိပြန်ဝင်လာသော ဝမ်သိုက်သည် ကိုယ်ကို မတ်လိုက်ပြီး အန်တီကြီးဆီသို့ သွားကာ သူမ ကမ်းပေးသော အမွှေးတိုင် သုံးတိုင်ကို ယူလိုက်သည်။

"ကဲ၊ မီးအရင်ညှိဦး၊ ဟုတ်ပြီ၊ ခေါင်းငုံ့........ကိုယ်ကို ကိုင်း..... ကောင်းပြီ၊ နောက်တစ်ခါ"

ဘေးမှ အန်တီကြီးက အမွှေးတိုင် ပူဇော်နည်းကို လမ်းညွှန်ပေးနေသည်။ သူမသည် ဝမ်သိုက်၏ လက်ကို ဆွဲကာ မီးညှိခိုင်းပြီး ဦးချသည့်အခါတွင်လည်း ပုခုံးကို ဖိချပေးသည်။

သုံးကြိမ် ဦးချပြီးနောက် ဝမ်သိုက်မတ်တပ်ရပ်လိုက်သည်။ သူမသည် ကြိုးဆွဲရုပ်တစ်ရုပ်ကဲ့သို့ပင် အန်တီကြီး ခိုင်းသည့်အတိုင်း အမွှေးတိုင် သုံးတိုင်ကို အိုးထဲတွင် ထိုးစိုက်လိုက်သည်။

သူမက မျက်လုံးကို မော့ကြည့်လိုက်ရာ သူမထက် အနည်းငယ် မြင့်သော ရုပ်ပွားတော်က သူမကို ငုံ့ကြည့်နေသကဲ့သို့ ခံစားရသည်။

အရာအားလုံး အဆင်ပြေပါစေ။ သူမ တစ်ယောက်တည်း မဟုတ်ဘဲ အားလုံးအတွက်ပါ။

သူမသည် လက်ကိုအိတ်ထဲသို့ ပြန်ထည့်လိုက်ရာ ဖုန်းမျက်နှာပြင်တွင် အသံဖမ်းနေသည့် အချိန်ကို ပြနေသည်။ သူမက ထိုခလုတ်ကိုနှိပ်ကာ အသံဖမ်းခြင်းကို ရပ်လိုက်သည်။

ထိုအချိန်တွင် မြေပြင်ပေါ်၌ ဖိနပ်ဖြင့် ပွတ်တိုက်သံတစ်ခုကြားလိုက်ရသဖြင့် ဝမ်သိုက် လှည့်ကြည့်လိုက်ရာ ပုံရိပ်တစ်ခုကို တွေ့လိုက်ရသည်။

ရှုပ်ထွေးနေသော ဆံပင်များ၊ ညိုမည်းနေသော အသားအရေနှင့် မျက်နှာပေါ်တွင် အရေးအကြောင်းများ ပြည့်နှက်နေသော အမျိုးသားတစ်ဦး ဖြစ်သည်။ အရပ်သိပ်မရှည်သော်လည်း ပေါ်ထွက်နေသော လက်မောင်းများကို ကြည့်ရုံဖြင့် သူသည် သန်မာထွားကျိုင်းသူဖြစ်ကြောင်း သိနိုင်သည်။

အမျိုးသားသည် အိမ်တွင် ပြင်ပလူ ရှိနေမည်ဟု မထင်ထားသဖြင့် လက်ထဲမှ ကိရိယာများကို ထောင့်တွင် ချလိုက်ပြီးနောက် ဘောင်းဘီထဲ ထိုးထည့်ထားသော အင်္ကျီကို ပြန်လည် ပြင်ဆင်လိုက်သည်။

သူက ဝမ်သိုက်ကို တစ်ချက် ဝေ့ကြည့်လိုက်ပြီး အန်တီကြီးကို မျက်ခုံးပင့်ကာ မေးသည်။

"ဒါ ဘယ်သူလဲ"

"လမ်းမှာတွေ့တဲ့ ကောင်မလေးပါ၊ ကျွန်မတို့ကို အကူအညီ လာတောင်းတာ… အေးလေ၊ နေဦး၊ ကျွန်မ ရှင့်ကို အစအဆုံး ပြန်ပြောပြမယ်"

အန်တီကြီးက သူ နားမလည်သေးသည်ကို မြင်သောအခါ စိတ်မရှည်သလို ဖြစ်သွားပြီး သူ့အနားသို့ သွားကာ ရှင်းပြတော့သည်။

အကြောင်းအရာ အားလုံးကို အသေးစိတ်ပြောပြပြီးနောက် အန်တီကြီးက ရုတ်တရက် အမျိုးသား၏ အင်္ကျီကိုဆွဲကာ မျက်မှောင်ကြုတ်လျက်

"ရှင်က ဟိုအဘိုးကြီးနောက်လိုက်ပြီး မြို့ထဲမှာ အလုပ်သွားလုပ်ပြန်ပြီလား၊ ရှင့်ကို ကျွန်မ ဘယ်နှစ်ခါ ပြောရမလဲ၊ သူတို့က ရှင့်ကို နှိပ်စက်လိမ့်မယ်၊ သူတို့က လူရှာပေးလို့ပိုက်ဆံရနေတာ၊ ရှင်ကတော့ အပင်ပန်းခံလုပ်ရပြီး သူတို့က ရှင့်ထက် ပိုရနေတာကို…"

အင်္ကျီဆွဲပြီး အဆူခံနေရသော အမျိုးသားက ဘေးမှအားနာစွာ ကြည့်နေသော ဝမ်သိုက်ကို နှစ်ချက် ဝေ့ကြည့်လိုက်သည်။ သူက အန်တီကြီး၏ပုခုံးကို တွန်းထုတ်ကာ စိတ်မရှည်သလိုပုံစံဖြင့်

"ဘာကို ရှည်ရှည်ဝေးဝေး ပြောနေတာလဲ၊ မင်း ပိုက်ဆံရတာလား၊ ငါ ပိုက်ဆံရတာလား၊ ပိုက်ဆံရရင် ပြီးတာပဲလေ၊ ဧည့်သည်ရှေ့မှာ ငါတို့တွေ ရန်ဖြစ်နေတာကို ထိုင်ကြည့်ခိုင်းနေတာလား"

သူက ဘောင်းဘီအိတ်ထဲမှ ပလတ်စတစ်အိတ်ဖြင့် ထုပ်ထားသော မုန့်ကိုထုတ်ကာ အန်တီကြီးထံ ကမ်းပေးလိုက်သည်။

မုန့်ကို မြင်သည်နှင့် အန်တီကြီး၏အမူအရာမှာ ချက်ချင်းပြောင်းလဲသွားပြီး ပြုံးရွှင်စွာဖြင့် မုန့်ကို လှမ်းယူလိုက်ကာ အမျိုးသား မျက်နှာရှေ့အထိ တိုးသွားသည်။

"အို… ရှင်က ကျွန်မ စားချင်တာကို မှတ်ထားပေးတာလား၊ စောစောက ကျွန်မ အပြင်ထွက်တုန်းက ဘယ်သူမှ ရောင်းတာမတွေ့လို့ မဝယ်ခဲ့ရဘူး၊ ရှင်က ဝယ်ပေးနိုင်သားပဲ"

အပြင်လူရှေ့တွင် ထိုသို့ နွေးထွေးနေရသည်ကို အသားမကျသဖြင့် အမျိုးသားက "အေးပါ၊ အေးပါ" ဟု ပြောကာ သူမ လက်မောင်းကို တွန်းထုတ်လိုက်ပြီး ဝမ်သိုက်ဆီသို့ လျှောက်လာသည်။

"စိတ်ချပါ၊ ဒီကိစ္စကို ငါလည်း ကူညီပေးပါ့မယ်၊ မိန်းကလေး မရှိတာ ဘယ်အိမ်ရှိလို့လဲ၊ မိန်းကလေး မရှိရင်တောင် အမေနဲ့ဇနီးတော့ ရှိတာပဲလေ၊ အဲဒီလို လုပ်ရပ်တွေက ဘယ်လောက် မိုက်ရိုင်းသလဲဆိုတာ ငါ သိပါတယ်၊ ဒီကိစ္စက ရဲတွေနဲ့ ပတ်သက်ရမှာလား"

အမျိုးသား၏တောက်ပနေသော မျက်ဝန်းများကို ကြည့်ကာ ဝမ်သိုက်က ခဏမျှ စဉ်းစားပြီးမှ "ပတ်သက်ရမှာပါ" ဟု ဖြေလိုက်သည်။

အမျိုးသား၏ မျက်ဝန်းများမှာ ပိုတောက်ပလာပြီး အရေးအကြောင်းများရှိသော မျက်ခွံများမှာလည်း မြင့်တက်သွားသည်။ သူသည် စိတ်လှုပ်ရှားနေမှုကို အတင်းအကျပ် ထိန်းချုပ်ထားသော်လည်း လူငယ်လေးတစ်ယောက်ကဲ့သို့ စိတ်ဓာတ်မျိုးမှာ ဖုံးကွယ်မရဘဲ ထွက်ပေါ်လာသည်။

"ငါ့ရဲ့ ငယ်ဘဝ အိပ်မက်က ရဲဖြစ်ဖို့လေ၊ လူဆိုးတွေကို နှိမ်နင်းချင်တာပေါ့၊ အခုထိတော့ အခွင့်အရေးမရခဲ့ဘူး၊ အခုတော့ ငါလည်း အကျိုးဆောင်နိုင်တော့မယ်ပေါ့"

သူ တဟားဟား ရယ်မောလိုက်ပြီး ပုခုံးများကို လှုပ်ခါကာ ပျော်ရွှင်နေတော့သည်။

မျက်နှာထား အမျိုးမျိုးပြောင်းနေသော ဤဦးလေးကြီးနှင့် အန်တီကြီးကို ကြည့်ကာ ဝမ်သိုက်၏ စိတ်ထဲတွင် စိုးရိမ်စိတ်ပေါ်လာသည်။ ဤလူနှစ်ယောက်က ကြည့်ရတာ တစ်ခုခုလွဲချော်နိုင်သလိုမျိုး…

တစ်ယောက်က စိတ်ထဲရှိတာကို မျက်နှာပေါ်မှာ အကုန်ဖော်ပြပြီး ရယ်မောနေသလို၊ နောက်တစ်ယောက်ကလည်း မုန့်ကိုသာ အားရပါးရ စားနေသည်။

"ရန်သူတွေက ပေါင်းဖက်ကြလိမ့်မယ်"ဟု ဝမ်သိုက်က သူမ စိတ်ကို ပြန်လည် စုစည်းလိုက်သည်။

ညစာကိုတော့ ဦးလေးကြီးနှင့် အန်တီကြီး နှစ်ယောက်သား အတူတူ ချက်ပြုတ်ကြသည်။ အသားဟင်း မရှိသဖြင့် ကြက်တစ်ကောင်ကို သတ်ရန်ပြင်နေကြရာ ကြက်အော်သံကြောင့် ဝမ်သိုက် သိသွားပြီး အချိန်မီ တားလိုက်ရသည်။

စားပွဲပေါ်ရှိ ဟင်းလျာများမှာ အစိမ်းရောင်များသာ။ ကြက်သွန်မြိတ်ကြော်၊ ဟင်းနုနွယ်ကြော်နှင့် ပဲသီးကြော်တို့ ဖြစ်ပြီး အရောင် အနည်းငယ်ပြောင်းလဲသွားသည်မှာ ငရုတ်သီး ကြက်ဥကြော် တစ်မျိုးသာ ရှိသည်။

"အားနာလိုက်တာ၊ အိမ်မှာ ဧည့်သည်လာမယ်လို့ မထင်ထားတော့ မြို့ထဲမှာ အသားသွားမဝယ် ထားမိဘူး၊ ညည်း အသားစားချင်ရင် အခုပဲ ကြက်ကို အမြန်သတ်ပြီး ချက်ပေးလို့ ရသေးတယ်နော်၊ မနက်ကျရင် အစောကြီးထရမှာဆိုတော့ အသားစားထားမှ အားရှိမှာပေါ့၊ နောက်ကျသွားလို့ မနက် (၅) နာရီကနေ (၇) နာရီကြား အချိန်ကို ကျော်သွားရင်တော့ အလုပ်လုပ်ရခက်လိမ့်မယ်"

All Chapters