အခန်း ၈၅
Vol. 9 Ch. 85
🍏 Chapter 85
လက်ပိုက်ကာ ဘေးလူကဲ့သို့ ရပ်နေသော ချန်စစ်ကျယ်က မျက်လုံးကို အသာဝေ့ကြည့်ကာ သတိလစ်နေသော လိုင်ယွမ်ကိုကြည့်လျက် အတိုချုံးပြောလိုက်သည်။
"ဦးနှောက်က အလုပ်လုပ်တာ များသွားတာပါ၊ ခဏနေရင် သူ့ဘာသာသူ နိုးလာလိမ့်မယ်"
"သူမဆီက အာဃာတတွေ မရှိတော့ဘူး၊ အမျှဝေလိုက်ကြစို့"
ဝမ်သိုက်သည် ရှို့ယာ၏ ဦးခေါင်းပေါ်တွင် ရှိနေဆဲ ဖြစ်သော ဓားကိုတစ်ချက်ကြည့်ကာ ချန်စစ်ကျယ် မျက်နှာဆီသို့ အကြည့်ကို လွှဲလိုက်သည်။ ချန်စစ်ကျယ်နှင့် အကြည့်ချင်းဆုံသောအခါ သူမက မျက်တောင်ကို နှစ်ချက်ခတ်ပြလိုက်ရာ နောက်တစ်ယောက်က မျက်ခုံးကို တွန့်လိုက်ကာ
"မင်း မျက်စိ ကြွက်တက်နေတာလား"
တိုင်ပင်လိုသော သူငယ်ချင်းအကြည့်ကို မျက်စိကြွက်တက်သည်ဟု အပြောခံရသဖြင့် ဝမ်သိုက်သည် နှုတ်ခမ်းကို တွန့်လိုက်ကာ စိတ်မရှည်စွာဖြင့် "ဒါက ရှင် ဟိုလူ့ခေါင်းပေါ်မှာ တင်ထားတဲ့ အရာကို ဖယ်ခိုင်းနေတာလေ" ဟု ပြောလိုက်သည်။
မိုးကြိုးဓားမှာ ကွယ်ပျောက်သွားကာ အမျှဝေသည့် ကိစ္စကိုမူ ဝမ်သိုက်နောက်ကွယ်မှ အလုပ်မလုပ်ဘဲ နေခဲ့သော အစောင့်အရှောက်ကတာဝန်ယူလိုက်သည်။ ရှို့ယာသည် ဝမ်သိုက်၏ အစောင့်အ ရှောက် နောက်သို့မလိုက်သွားမီ သူမ ကိုယ်ပေါ်ရှိ သံကြိုးများနှင့် ခြေကျင်းများမှာ ပျောက်ကွယ်သွားသည်။
သူမသည် ဝမ်သိုက်ကိုစိုက်ကြည့်ကာ မျက်နှာပေါ်တွင် စစ်မှန်သော အပြုံးဖြင့် "မင်း အောင်မြင်လိမ့်မယ်၊ မင်း လိုလားတဲ့အရာတွေ ပြည့်စုံလာလိမ့်မယ်" ဟု ဆိုလာသည်။
ဒါက ဆုတောင်းလား သို့မဟုတ် နိမိတ်ဖတ်တာလားဆိုသည်ကို မသိသော်လည်း ဝမ်သိုက် ပြုံးလျက် "ရှင်လည်းပဲ ရှင့်ရဲ့ ပျော်ရွှင်မှုကိုရရှိပါစေ" ဟု ပြန်လည် ပြောဆိုလိုက်သည်။
ဝိညာဉ်မှာ တဖြည်းဖြည်း ပျောက်ကွယ်သွားသည်ကို ကြည့်နေစဉ်တွင် ဝမ်သိုက်သည် စိတ်ထဲမှနေ၍ နတ်မင်း၏မေးခွန်းကို ပြန်လည် ဖြေကြားလိုက်သည်။
"ဘယ်လိုပဲဖြစ်ဖြစ် ဒီလောကကြီးကနေ ထွက်ပြေးလို့မှ မရတာ၊ မူလပုံစံအတိုင်း ရင်ဆိုင်တာက ပိုကောင်းတာပေါ့၊ သံသရာလည်မလား မလည်ဘူးလားဆိုတာက အခု ဆုံးဖြတ်လို့ မရသေးဘူး၊ သူမကို ငရဲပြည်က သိမ်းသွင်းမလား ဘယ်သူသိမှာလဲ”
“အနာဂတ်ဆိုတာ ခန့်မှန်းရခက်တဲ့ အရာပဲ၊ ကံကြမ္မာဟောကိန်းတွေတောင် ရာနှုန်းပြည့် မမှန်နိုင်ဘူး၊ အထူးသဖြင့် သေဆုံးပြီးသားသူတွေရဲ့ အနာဂတ်ဆိုရင် ကံကြမ္မာတွက်နည်းတွေတောင် အသုံးမဝင်တော့ဘူး"
ဤနေရာရှိ အေးစက်သော အာဃာတမြူခိုးများ နောက်ဆုံးတွင် ကွယ်ပျောက်သွားကာ လိုင်ဝမ်ရီ၏ ရင်ခွင်ထဲတွင် လဲလျောင်းနေသော လိုင်ယွမ်သည် အချိန်ကိုက်နိုးလာသည်။ သူ့ မျက်ဝန်းများတွင် ဟာလာဟင်းလင်း ဖြစ်နေချေပြီ ဖြစ်သည်။
လိုင်ဝမ်ရီသည် ဝမ်းသာအားရဖြင့် လိုင်ယွမ်ကို တွဲထူကာ မျက်လုံးပြူးလျက် စိုးရိမ်တကြီး မေးသည်။
"အဖေ၊ နေကောင်းရဲ့လား၊ အခု ဘယ်လို ခံစားရလဲဟင်"
"ငါ... နည်းနည်းတော့ မူးတယ်၊ ပြီးတော့ ဒီလက်မောင်းက အရမ်းနာတာပဲ၊ ဘာတွေဖြစ်ခဲ့တာလဲ၊ အဲဒီ အမျိုးသမီးတစ္ဆေကို နင်တို့ သတ်လိုက်ပြီလား၊ ဘာဖြစ်လို့လဲ မသိဘူး၊ ငါ့ခေါင်းထဲမှာ အရမ်းမူးနေတယ်"
လိုင်ယွမ်သည် မျက်ခုံးကို စုထားကာ နားထင်ကို ဖိလျက် ချန်စစ်ကျယ်ကို ကြည့်ကာ စိုးရိမ်တကြီး မေးလိုက်သည်။
"ချန်စစ်ကျယ် မင်း ဘာမှမဖြစ်ဘူး မဟုတ်လား၊ ငါ မှတ်မိတာကတော့ မင်း နဲ့ အဲဒီတစ္ဆေနဲ့ တိုက်ခိုက်နေတာပဲ၊ ပင့်ကူတွေ အများကြီးပဲ"
ယခု လိုင်ယွမ်သည် တစ်ခွန်းမကျန် အမျိုးသမီးတစ္ဆေဟုသာ ခေါ်ဆိုနေကာ အမူအရာမှာလည်း စောစောကနှင့် လုံးဝ ခြားနားနေသဖြင့် လိုင်ဝမ်ရီပင် ထူးဆန်းသွားသည်။ သူမက ဖခင်၏ လက်မောင်းကို ကိုင်ထားရာမှ လက်ကို အနည်းငယ် လျှော့လိုက်ကာ ဝေခွဲမရသော လေသံဖြင့်
"အဖေ... ခုနက ဘာဖြစ်ခဲ့လဲဆိုတာ အဖေ မမှတ်မိဘူးလား၊ အဲဒီတော့ အဖေ့လက်မောင်းက ဘာလို့ နာလာတယ်ဆိုတာကိုလည်း မမှတ်မိဘူးပေါ့"
သုံးဦးသား၏အကြည့်အောက်တွင် လိုင်ယွမ်သည် ခေါင်းကို ဖြည်းဖြည်းချင်း ခါပြလိုက်ကာ ဝေခွဲမရသော အမူအရာမှာ သူ၏ မျက်နှာထံသို့ ကူးစက်သွားသည်။
"ငါ တစ်ခုခု မှတ်မိနေသင့်လို့လား"
ဝမ်သိုက်သည် လက်ကို ဝေ့ယမ်းပြကာ ယခင်ကိစ္စများကို အတိုချုံး ကျော်ဖြတ်လိုက်သည်။
"ဘာမှမဖြစ်ပါဘူး၊ ဘာမှမဖြစ်ပါဘူး၊ မေ့သွားတာလည်း ကောင်းပါတယ်၊ အတိတ်က ကိစ္စတွေပဲလေ၊ နောက်မှ သတိရသင့်တဲ့ အချိန်ကျရင် ပြန်မှတ်မိလာမှာပါ၊ ဒီကိစ္စတွေ အကုန်ပြီးသွားပါပြီ၊ ဒီမြေအောက်ခန်းထဲက... အဲဒီ အမျိုးသမီးတစ္ဆေရဲ့ နာမည်က ရှို့ယာပါ”
“ကျွန်မတို့ ယဉ်ယဉ်ကျေးကျေးပဲ ခေါ်ကြရအောင်နော်၊ ဟိုဘက်မှာက ရှို့ယာရဲ့အရိုးပြာအိုးပါ၊ ရှင်တို့အနေနဲ့ စိတ်ထဲမှာ တစ်မျိုးဖြစ်နေမယ်ဆိုရင် ကျွန်မပဲ ယူသွားလိုက်ပါ့မယ်၊ သူမကိုလည်း သင်္ဂြိုဟ်ပေးရမှာပေါ့"
သူမသည် သူမ၏ပိုက်ဆံအိတ်လေး ထပ်ပြီး ပြားသွားတော့မည်ကို တွေးမိလေသည်။
"တကယ်တော့ သင်္ဂြိုဟ်ပေးသင့်တာပါ၊ ဒီကိစ္စကို ငါပဲ တာဝန်ယူပါရစေ၊ ဒါပေမဲ့ သင်္ဂြိုဟ်မယ့်နေရာကိုတော့ မင်းတို့နှစ်ယောက်က ဖုန်းရွှေလေးကြည့်ပေးပါဦး၊ သူမလည်း ဒီလောက်ဒုက္ခတွေနဲ့ ကြုံခဲ့ရတာ သနားစရာကောင်းလှပါတယ်"
လိုင်ယွမ်သည် ခေါင်းကို ညိတ်ကာ ပြောဆိုသည်။ သူ့ လေသံတွင် သက်ပြင်းချသံ ပါဝင်နေသော်လည်း မျက်ဝန်းထဲမှ အကြည့်မှာမူ စောစောကနှင့် လုံးဝခြားနားသွားကာ ယခုတွင်မူ သနားကရုဏာစိတ်များသာ ရှိတော့ပေသည်။
ဝမ်သိုက်သည် ချန်စစ်ကျယ်ကို တစ်ချက် လှည့်ကြည့်လိုက်ရာ ထိုခဏတွင် သူမ နှလုံးခုန်သံမှာ မြန်သွားသကဲ့သို့ ရှိချေသည်။ သူလည်း ထိုအတိုင်း ခံစားရပုံရကာ အကြည့်လွှဲလိုက်သော အမူအရာမှာ တစ်ပြိုင်နက်တည်း ဖြစ်နေသည်။ သူမသည် မျက်တောင်ကို ချလိုက်ကာ စိတ်ထဲတွင် အကြောင်းမဲ့ ဟာတာတာ ခံစားလိုက်ရပေသည်။
လှေကားအောက်ရှိ တံခါးမှာ ပြန်လည် ပွင့်သွားကာ ဖုန်မှုန့်များဝင်လာသည်။ ဖုန်မှုန့်များ ပေကျံနေသော သူတို့သည် အပြင်သို့ ထွက်လာပြီးနောက် နှာခေါင်းစည်းများကို ချွတ်လိုက်ကြသည်။ လိုင်ဝမ်ရီက ချောင်းဆိုးလျက် တံခါးကို ပိတ်လိုက်သည်။
ဟင်းချက်ပြီးသွားသော လိုင်ဝမ်ရီ၏မိခင်က လာရောက်နှုတ်ဆက်သည်။
"အို... မြန်မြန် ထွက်လာကြတာပဲ"
သူမသည် နောက်သို့ အနည်းငယ် ဆုတ်ကာ မျက်နှာကို တစ်ဖက်သို့ လွှဲလျက် "တစ်နာရီခွဲပဲ ရှိသေးတာကိုး"
သူမက ရင်ဘတ်ကို လက်ဖြင့်ပုတ်ကာ စိတ်အေးသွားဟန်ဖြင့် "အစက မြေအောက်ခန်းတံခါးက ရုတ်တရက် ဝုန်းခနဲ ပိတ်သွားတော့ နင်တို့ ထွက်မလာနိုင်မှာကို စိုးရိမ်နေတာ၊ ညအထိ ထွက်မလာရင် မီးသတ်ကို ဖုန်းဆက်ပြီး တံခါးဖျက်ခိုင်းမလို့တောင် ကြံနေတာ"
"ကျွန်မတို့လည်း ဒီလောက်မြန်မယ်လို့ မထင်ထားဘူး"
ဝမ်သိုက်သည် အင်္ကျီပေါ်မှ ဖုန်များကို ခါလိုက်သည်။ ပြုံးရွှင်နေသော သူမ မျက်နှာကို ကြည့်လျှင် မြေအောက်ခန်းအတွင်း၌ မည်မျှကြောက်မက်ဖွယ်ရာများနှင့် ကြုံခဲ့ရသည်ကို လုံးဝ သိနိုင်မည် မဟုတ်ချေ။ လိုင်ဝမ်ရီ၏မိခင်ကလည်း အလွယ်တကူ ဖြေရှင်းနိုင်ခဲ့သည်ဟုသာ ထင်မြင်နေပေသည်။
ကံကောင်းသည်မှာ ချန်စစ်ကျယ်နှင့် လိုင်ယွမ်တို့၏ကိုယ်ပေါ်ရှိ သွေးစွန်းမှုများမှာ စိတ်ကူးယဉ်ကမ္ဘာမှဖြစ်သဖြင့် ပတ်ဝန်းကျင် ပြောင်းလဲသွားသောအခါ ပျောက်ကွယ်သွားခဲ့သည်။ သို့မဟုတ်ပါက သူမကို မည်သို့ ရှင်းပြရမည်ကို သိတော့မည် မဟုတ်ချေ။
အမျိုးသမီးကြီးသည် လိုင်ယွမ်၏အနီးသို့ သွားကာ သူ့လက်မောင်းကို ကိုင်လျက် ထမင်းစားခန်း ဘက်သို့ ဆွဲခေါ်သွားသည်။ သူမ အမူအရာတွင် အားကိုးတကြီး ရှိလှပေသည်။ သူမက တိုးတိုးလေး ဆိုသည်။
"ရှင် မြန်မြန်လာပြီး ဒီငါးဟင်း အရသာကို မြည်းပေးဦး၊ ရှင့်တို့ဆီက အရသာမျိုးထွက်ရဲ့လား မသိဘူး၊ ကျွန်မကတော့ ရှာလကာရည်တွေ များသွားသလားလို့ ထင်နေတာ"
"အို... မင်းကတော့ အမြဲတမ်း အကွက်လိုက်ရှာနေတာပဲ၊ မင်းချက်တဲ့ ဟင်းက ငါ့အတွက်တော့ စားမကောင်းတာ မရှိပါဘူး..."
အဆွဲခံလိုက်ရသော လိုင်ယွမ်၏ခြေလှမ်းများမှာ ကြမ်းပြင်ပေါ်တွင် တဖျတ်ဖျတ် မြည်နေကာ အပြစ်တင်သလိုနှင့် ချီးမွမ်းနေသော သူ့လေသံမှာ ရင်းနှီးမှုကို ဖော်ပြနေပေသည်။
သူတို့ ထွက်ခွာသွားသော ကျောပြင်ကို ကြည့်လျက် လိုင်ဝမ်ရီသည် အကြောင်းမဲ့ ဟာတာတာ ဖြစ်နေသော သူမ ရင်ဘတ်ကို လက်ဖြင့်ဖိကာ သက်ပြင်းချသည်။
"ကျွန်မကတော့ အဖေနဲ့အမေ ပျော်ရွှင်တာကိုပဲ မြင်ချင်တာပါ၊ အဖေ ကျွန်မတို့ကို ထားသွားမှာကိုလည်း မလိုလားဘူး၊ ဒါပေမဲ့... စိတ်ထဲမှာတော့ ရှို့ယာက အရမ်းသနားစရာကောင်းနေတယ်လို့ ခံစားရတယ်၊ သူမအတွက် စိတ်မကောင်းဘူး၊ အဖေ့ရဲ့ မှတ်ဉာဏ်တွေက..."
ဝမ်သိုက်သည် လိုင်မိခင်နှင့် လိုင်ယွမ်တို့၏ကျောပြင်ဆီမှ အကြည့်ကို ပြန်လည် ရုပ်သိမ်းလိုက်ကာ သက်ပြင်းရှည်ကြီးကို ချလျက် ပုခုံးတွန့်ပြသည်။
"ရှို့ယာက ဖျောက်ပစ်လိုက်တာပါ၊ သူမက ဦးလေးလိုင် ကို လီယွမ်ရဲ့မှတ်ဉာဏ်တွေနဲ့ ဒီဘဝကို ဖြတ်သန်းခိုင်းလို့ရပေမဲ့ သူမ မလုပ်ခဲ့ဘူး"
"ဦးနှောက်က အလုပ်လုပ်တာများသွားရတဲ့ အကြောင်းရင်းက သူက မှတ်ဉာဏ်တွေကို လက်ခံပြီးမှ ပြန်ပြီး အဖျက်ခံလိုက်ရလို့ပဲ၊ မှတ်ဉာဏ်တွေကို ခဏခဏပြင်ဆင်တာကို လူ့ခန္ဓာကိုယ်က မခံနိုင်ဘူးလေ"
ချန်စစ်ကျယ် လေသံအေးအေးဖြင့် ဖြည့်စွက် ရှင်းပြသည်။
သူ့ အကြည့်များမှာ လွင့်စင်နေကာ ဘာကို ကြည့်နေမှန်း မသိရချေ။
ထမင်းစားပွဲတွင်မူ သူတို့အားလုံး မြေအောက်ခန်းတွင် ဖြစ်ပျက်ခဲ့သည်များကို မပြောရန် သဘောတူထားကြသည်။ မိခင်၏မေးမြန်းမှုကို လိုင်ဝမ်ရီက စနောက်လျက် ပြန်ဖြေလိုက်သည်။
"မြေအောက်ခန်းကို သေချာပြန်ပြင်သင့်ပြီနော်၊ ပြီးတော့ အရင်အိမ်ရှင်ကလည်း ပေါ့ဆလိုက်တာ၊ ခေါင်းတလားပုံစံ အခန်းကြီးလုပ်ပြီး အရိုးပြာအိုးထားခဲ့တယ်၊ လူလည်း မသင်္ဂြိုဟ်ရသေးဘူး”
“သမီးနဲ့အဖေကတော့ သူမကိုသင်္ဂြိုဟ်ပေးဖို့ စဉ်းစားထားတယ်၊ မြေနေရာအတွက်တော့ ဝမ်သိုက်နဲ့ ချန်စစ်ကျယ်ကိုထပ်ပြီး အကူအညီ တောင်းရမှာပေါ့၊ သူတို့နှစ်ယောက်က အရမ်းကိုအားကိုးရတယ်နော်"
"အို"
လိုင်ဝမ်ရီ၏မိခင်သည် ထမင်းစားတူကို ချလိုက်ကာ အံ့အားသင့်စွာဖြင့် ပါးစပ်ကိုလက်ဖြင့် အုပ်လိုက်သည်။
"ဒါဆို ကျွန်မတို့က သူများရဲ့ အရိုးပြာအိုးနဲ့ ဒီလောက် နှစ်အကြာကြီးအတူနေခဲ့တာပေါ့၊ တကယ် ကြောက်စရာပဲ... ဒါပေမဲ့လည်း ဒီအရိုးပြာအိုးပိုင်ရှင်က သနားစရာကောင်းပါတယ်၊ ဒီလောက် နှစ်အကြာကြီး မြေမကျနိုင်ရှာဘူး၊ တစ်နေရာရာမှာ သင်္ဂြိုဟ်ပေးလိုက်တာလည်း ကောင်းတာပေါ့"