အခန်း ၄၆
Vol. 5 Ch. 46
Chapter 46
ဝမ်သိုက်ထံ ဘယ်လိုထူးခြားသော ဆွဲဆောင်မှုမျိုး ရှိသည်မသိ။ ကြောင်ပေါက်လေးမှာ ဘာမှပြန်မလုပ်ဘဲ သူမ ရင်ခွင်ထဲတွင် ငြိမ်သက်စွာ "မြောင်... မြောင်..." ဟုသာ အော်နေတော့ သည်။ ထို့နောက် သူမသည် ချုံပုတ်ထဲတွင် ချောင်းကြည့်နေသော ကြောင်မကြီးကိုလည်း တိကျစွာရှာတွေ့သွားပြန် သည်။
တခြားသူများကဲ့သို့ ကြောင်ကို အိမ်သို့ ခေါ်သွားရန် မကြံ စည်ဘဲ ဝမ်သိုက်သည် ကြောင်ပေါက်လေးကို ကြောင်မကြီး၏ဘေးတွင် ပြန်ချပေးလိုက်သည်။ ကြောင်ကို ပွတ်သပ်ခြင်းမျိုးလည်းမလုပ်ဘဲ ပြန်ချပေးပြီးသည်နှင့် တိတ်တဆိတ် ဆုတ်ခွာလာခဲ့သည်။ သူမသည် ချုံပုတ်ကို ခေတ္တမျှ စိုက်ကြည့်ပြီးနောက် ကားဆီသို့ ပြန်လျှောက်လာတော့သည်။
ကားတံခါးပိတ်သံနှင့်အတူ ချန်စစ်ကျယ် သတိပြန်ဝင်လာသည်။ ဝမ်သိုက်သည် ထိုင်ခုံခါးပတ်ကို ပြန်ပတ်ကာ ခေါင်းကို ငုံ့ထားသည်။
သူ သူမကို ကြည့်ရင်း မနေနိုင်ဘဲ မေးလိုက်သည်။
"ဘာလို့ အိမ်ခေါ်မမွေးတာလဲ၊ ဒါ ကံတရားပဲ မဟုတ်လား"
သူ့အသံမှာ ထုံးစံအတိုင်း အနည်းငယ် လှောင်ပြောင်သလိုမျိုး ဖြစ်နေသည်။
ဝမ်သိုက်က မျက်လုံးကို ပင့်ကြည့်လိုက်ပြီး ခေတ္တမျှ တိတ်ဆိတ်သွားပြီးမှ ပြောလိုက်သည်။
"လောကမှာရှိတဲ့ သက်ရှိမှန်သမျှက လွတ်လပ်မှုကိုပဲ လိုချင်ကြတာပါ၊ တည်ငြိမ်မှုနဲ့ လွတ်လပ်မှုက တစ်ခါတလေကျရင် နှစ်ခုလုံးမရနိုင်ဘူး၊ သူတို့က ရေရှည်တည်ငြိမ်မှုနဲ့ ကန့်သတ်ထားတဲ့ လွတ်လပ်မှုကို ကြိုက်သလား၊ ဒါမှမဟုတ် စိတ်လှုပ်ရှားစရာကောင်းတဲ့ ဘဝနဲ့ အကန့်အသတ်မရှိတဲ့ လွတ် လပ်မှုကို ကြိုက်သလားဆိုတာ သူတို့အပေါ်မှာပဲ မူတည်တယ်”
“အရာအားလုံးမှာ ကိုယ်စီ သွားရာလမ်း ရှိကြပါတယ်၊ ကျွန်မနဲ့ သူတို့ကလည်း ခဏတာဆုံတွေ့ရုံပါပဲ၊ ကျွန်မ သူတို့ရဲ့ ဘဝထဲကို ဝင်မစွက်ဖက်ချင်ပါဘူး၊ သူတို့အတွက် ကောင်းတယ် ဆိုတာကလည်း ကိုယ့်ဘာသာ ကိုယ် ထင်နေတာလည်း ဖြစ်နိုင်တာပဲ"
သူမ လေသံမှာ အေးစက်နေသော်လည်း တိရစ္ဆာန်များကို သူမနှင့် တန်းတူထား၍ဆက်ဆံနေခြင်း ဖြစ်သည်။ သို့မဟုတ်လျှင် သူမသည် လောကရှိ အရာအားလုံးကို တန်းတူရှုမြင်နေခြင်းပင်။
ချန်စစ်ကျယ် တိတ်ဆိတ်သွားစဉ်မှာပင် ဝမ်သိုက် ကားမှန်ပြင်ပရှိ ကောင်းကင်ပြာကိုကြည့်ကာ ခပ်တိုးတိုး ပြောလိုက်ပြန်သည်။
"ပြီးတော့... ကျွန်မမှာ တိရစ္ဆာန်လေးတွေကို ပြုစုစောင့် ရှောက်ဖို့ ခွန်အားမရှိဘူး"
မိမိကိုယ်ကို ချစ်တတ်ဖို့တောင် အခုမှ သင်ယူနေရဆဲဖြစ်သော လူတစ်ယောက်သည် တိရစ္ဆာန်လေးများကို ဘယ်လိုလုပ် ချစ်ခြင်းမေတ္တာတွေ ခွဲပေးနိုင်ပါဦးမည်နည်း။ သူမ ပေးနိုင်သည်မှာ ပိုင်ဆိုင်လိုစိတ်နှင့် ကိုယ့်ဘာသာ ကိုယ် ကောင်းတယ်ထင်တာတွေသာ ဖြစ်ပြီး ထိုအရာများက တစ်နေ့တွင် ထိခိုက်မှုများဖြစ်လာနိုင်သည့် မြေမြှုပ်မိုင်းများပင်။
တစ်ပတ်လုံးသာယာနေသော ရာသီဥတုမှာ တုံယင်း ပြန်လာသည့် စနေ၊ တနင်္ဂနွေတွင်တော့ မိုးများသည်းထန်စွာ ရွာသွန်းပြီး အပူချိန်လည်း ကျဆင်းသွားသည်။
မနက်အစောကြီး ဖုန်းလာသဖြင့် ဝမ်သိုက် နိုးလာသည်။ မနက် ၆ နာရီမှာတင် နွေးထွေးသော စောင်ထဲမှ ခွဲခွာလိုက်ရပြီးနောက် မျက်နှာသစ်ရင်း ချန်စစ်ကျယ်ကို ဖုန်းဆက်လိုက်သည်။ သူလည်း သူမကဲ့သို့ အိပ်ချင်မူးတူး ဖြစ်နေလိမ့်မည်ဟု ထင်ထားသော်လည်း၊ သူက မနက် ၄ နာရီကတည်းက နိုးနေသည်ဟု ဆိုသည်။
"သိပြီ၊ ရေချိုးနေတယ်၊ ခဏနေရင် လာကြိုမယ်" ဟု သူက ပြောသည်။
မနက် ၄ နာရီထပြီး လေ့ကျင့်ခန်းလုပ်တတ်သော စည်းကမ်းကြီးသူ ချန်စစ်ကျယ် ရောက်လာချိန်တွင် ဝမ်သိုက်မှာ အစီရင်သုံး ပစ္စည်းများနှင့် အဆောင်စာရွက်များကို ပြင်ဆင်ပြီးရုံသာ ရှိသေးသည်။
သူမ၏ခါးအထိ ရှည်သော ဆံပင်များကို စည်းချည်ထားပြီး ကားဆီသို့ အပြေးကလေး သွားလိုက်သည်။ ရေအိုင်များကို ကျော်ဖြတ်ပြေးသွားသော်လည်း သူမ အဝတ်အစားများပေါ်သို့ ရေတစ်စက်မှ စင်မလာချေ။
သည်းထန်စွာ ရွာနေသော မိုးထဲမှ သူမ ပြေးလာပြီး ကားပေါ်သို့ လျင်မြန်စွာတက်လိုက်သည်ကို ချန်စစ်ကျယ် မြင်လိုက်ရသည်။ ထီးပိတ်ချိန်တွင် စင်သွားသော ရေစက်အချို့မှလွဲ၍ သူမမှာ လုံးဝမစိုပေ။
သူ မနေနိုင်ဘဲ မေးလိုက်သည်။
"မင်းမှာ မိုးမစိုတဲ့ အတတ်ရှိတာလား"
"ဘာ"
ဝမ်သိုက် ကြောင်သွားပြီး သူ့ကို ထူးထူးဆန်းဆန်းကြည့်လိုက်သည်။ သူမက လွယ်အိတ်ကို ရှေ့သို့ ပြောင်းလွယ်ကာ ထီးကို ခြေရင်းသို့ ချလိုက်သည်။
"ရှင် ပုံပြင်တွေ အရမ်းဖတ်တာပဲလား၊ ဘာ မိုးမစိုတဲ့ အတတ်လဲ၊ ကျွန်မက အဲဒါမျိုးတတ်ရမှာလား၊ ဒီတစ်ခါပဲ ကံကောင်း လို့မစိုတာပါ၊ အမြဲတမ်းဖြစ်နေတာ မဟုတ်ဘူးနော်၊ မိုးရွာရင် ကျွန်မက အိမ်ထဲမှာပဲ အောင်းနေတာ၊ အပြင်ထွက်ရင် ရေတစ္ဆေဖြစ်တော့မှာပဲ"
သူ မေးခွန်းအမှား မေးမိသွားမှန်းသိလိုက်သော ချန်စစ်ကျယ်မှာ နှုတ်ခမ်းကို တင်းတင်းစေ့ကာ ကားကို မောင်းထွက်လိုက်သည်။
ဝမ်သိုက်က တုံယင်းတည်းခိုသည့် ဟိုတယ်လိပ်စာကို ချန်စစ်ကျယ်ထံသို့ ပို့ပေးလိုက်ပြီးနောက်၊ တာဝန်ကျေသွားသလိုမျိုး မျက်လုံးမှိတ်လိုက်သည်။
"လိပ်စာ ပို့လိုက်ပြီ၊ ရှင်ပဲ မောင်းလိုက်တော့၊ ကျွန်မ အိပ်ပြီ၊ ဂွတ်နိုက်"
သူမသည် အေးအေးဆေးဆေး မျက်လုံးမှိတ်ကာ သက် သောင့်သက်သာရှိသောပုံစံဖြင့် အိပ်မောကျသွားတော့သည်။
" ဂွတ်နိုက် " ဟု ပြန်ပြောမိတော့မည့် ပါးစပ်ကို ချန်စစ်ကျယ် အတင်းပိတ်လိုက်ရသည်။ အိပ်ပျော်နေသော သူမကို တစ်ချက်ကြည့်လိုက်ရာ သူ့ ရင်ခုန်သံများမှာ ထူးထူးခြားခြား မြန်ဆန်နေပေသည်။ သူ့ ဆရာကို မေးကြည့်သင့်သည်ဟု သူ တွေးမိသည်။
ကားရပ်နားကွင်းသို့ ရောက်သောအခါ ဒရိုင်ဘာအဖြစ် ဆောင်ရွက်ခဲ့သော ချန်စစ်ကျယ်မှာ နှိုးစက်အဖြစ်ပြောင်း လဲသွားပြန်သည်။
"ဝမ်သိုက်၊ ဝမ်သိုက်"
သူ အသံတိုးတိုးဖြင့် ခေါ်နေသော်လည်း ဝမ်သိုက်မှာ မလှုပ်မယှက် အိပ်ပျော်နေဆဲဖြစ်သည်။ နောက်ဆုံးတွင် သူသည် လက်လှမ်းကာ သူမ လက်မောင်းကို အကြိမ်ကြိမ် ပုတ်ပြီး နှိုးလိုက်ရသည်။
ဝမ်သိုက်သည် နိုးလာသည်နှင့် လျင်မြန်စွာပင် တုံ့ပြန်လိုက်သည်။
"အင်း... သွားရအောင်"
သူမသည် ထီးနှင့်အိတ်ကို ယူကာ ကားတံခါးဖွင့်ပြီး ဆင်းသွားတော့သည်။ ချန်စစ်ကျယ်ကို တစ်ချက်ပင်လှည့်မကြည့်လာချေ။
ချန်စစ်ကျယ်လည်း သူမနောက်မှ အမြန်လိုက်သွားသည်။ သူမ ပုံစံမှာ လူက နိုးနေသော်လည်း စိတ်က မနိုးသေးသည့် ပုံစံမျိုး ဖြစ်နေသည်ကို သူ သတိထားမိလိုက်သည်။
ဓာတ်လှေကားထဲသို့ ရောက်သောအခါမှ ဝမ်သိုက်က "အရမ်းအိပ်ချင်တာပဲ" ဟု ညည်းလိုက်သည်။
သူမသည် အိပ်ချင်မူးတူးဖြင့် မျက်လုံးကို ပွတ်ရင်း ချန်စစ်ကျယ်နောက်မှ လိုက်လာသည်။
"ရှင်လို ခွန်အားကောင်းတဲ့လူတွေကို အားကျလိုက်တာ၊ ကျွန်မကတော့ ဒီနေ့ အရမ်းအိပ်ချင်နေတာ... ရှင်က နေ့တိုင်း လေ့ကျင့်ခန်းလုပ်တာလား"
"အင်း"
ချန်စစ်ကျယ် သူမကို တစ်ချက်ကြည့်ကာ ဖြေလိုက်သည်။
"မနေ့ညက ဘာတွေလုပ်နေလို့လဲ"
"Live လွှင့်နေတာလေ၊ အပ်နှံသူတစ်ယောက်က စီးပွားရေး၊ အလုပ်အကိုင်ကနေ အချစ်ရေးနဲ့ ကျန်းမာရေးအထိ အကုန်ကြည့်ခိုင်းနေတာ၊ ပိုက်ဆံရဖို့အတွက် အိပ်ရေးပျက်ခံရတာပေါ့" ဟု သူမ အမှန်အတိုင်း ဖြေသည်။
"မင်းမှာ ပိုက်ဆံမရှားပါဘူး၊ သုံးလည်း မသုံးဘဲ ဘာလို့ ဒီလောက် အတင်းရှာနေရတာလဲ"
အခန်းရှေ့သို့ ရောက်သောအခါ ချန်စစ်ကျယ်က လူခေါ်ဘဲလ်ကို နှိပ်လိုက်ရင်း မေးလိုက်သည်။
"ဒါက အချင်းချင်း မဆန့်ကျင်ပါဘူး၊ ပိုက်ဆံရှိပေမဲ့ မသုံးချင်တာက၊ မသုံးချင်လို့ ပိုရှာနေရတာလေ၊ ပိုက်ဆံအများကြီး ရှိနေမှ စိတ်အေးရတာ" ဟု ဝမ်သိုက်က ပျင်းရိစွာ ဖြေလိုက်သည်။
သူမသည် တရားစွဲပြီး အမှန်တရားကို ရှာဖွေရန်၊ အာဏာရှိသူများကို တော်လှန်ရန် ပိုက်ဆံအများကြီးလိုအပ်သည်။ အဆင့်မြင့် ရှေ့နေတစ်ယောက် ငှားရန်အတွက်ပင် သူမ၏ စုဆောင်းထားသော ပိုက်ဆံမှာ မလောက်မငှ ဖြစ်နေသေးပေသည်။
အခန်းတံခါး ပွင့်လာသောအခါ မိန်းကလေးတစ်ဦးကို တွေ့လိုက်ရသည်။
ဆံပင်ရှည်များက ရင်ဘတ်ပေါ်သို့ ဝဲကျနေပြီး၊ သူမ မျက်နှာမှာ ပိန်ချောင်ကာ မျက်လုံးများမှာ အသက်မပါသလို ဖြစ်နေသည်။ မျက်ကွင်းညိုနေပြီး အသားအရေမှာလည်း ဝါဖျော့နေကာ နှုတ်ခမ်းများမှာလည်း ဖြူစပ်စပ် ဖြစ်နေသည်။ တုံယင်း၏ ပုံစံမှာ အလွန်ပင်ပန်းနွမ်းနယ်နေပုံရသည်။
သူမက "ဝင်လာကြပါ" ဟု ပြောကာ တံခါးဖွင့်ပေးလိုက်သည်။
ဧည့်ခန်းရှိ စားပွဲပေါ်တွင် ရေနှစ်ပုလင်း တင်ထားသည်။ တုံယင်းက "ရေသောက်ပါဦး" ဟု ပြောကာ ဆိုဖာပေါ်တွင် ထိုင်လိုက်သည်။ သူမ ဝတ်ထားသော အိပ်ယာဝင်ဝတ်စုံမှာ ပွပွကြီး ဖြစ်နေသဖြင့် သူမ ခန္ဓာကိုယ်မှာ အလွန်ပင် ပိန်လှီနေကြောင်း သိသာလှသည်။
ဝမ်သိုက် ချန်စစ်ကျယ်နားသို့ကပ်ကာ "ဝိညာဉ်က အခု ဒီမှာ မရှိဘူး၊ ဒီနေ့တော့ အချိန်နည်းနည်း ပေးရမယ် ထင်တယ်" ဟု တိုးတိုးလေး ပြောလိုက်သည်။
ချန်စစ်ကျယ်လည်း ထိုအချက်ကို သိရှိပေသည်။
ဝမ်သိုက်သည် ပတ်ဝန်းကျင်ကို အကဲခတ်ကြည့်သော်လည်း ဝိညာဉ်၏စွမ်းအင်ကို မခံစားရသေးချေ။
ဆိုဖာပေါ်တွင် ထိုင်နေသော တုံယင်းသည် အရုပ်ကလေးတစ်ရုပ်ကို ပိုက်ထားပြီး သူမ မေးစေ့ကို အရုပ်၏ခေါင်းပေါ်တွင် တင်ထားသည်။ သူမမျက်ဝန်းများမှာ အရောင်အဝါ ကင်းမဲ့နေသော်လည်း ဝမ်သိုက်ကို ကြည့်ကာ စတင်ပြောပြလာသည်။
"လွန်ခဲ့တဲ့ လအနည်းငယ်က ကျွန်မ အွန်လိုင်းကနေ ဗေဒင်ဆရာတစ်ယောက်နဲ့ ချိတ်ဆက်မိတာပါ၊ အဲဒီအချိန်က ကျွန်မ နိုင်ငံခြားမှာရှိနေတော့ အွန်လိုင်းကပဲ ကြည့်လိုက်တာ, သူက ကျွန်မရဲ့ မုန်းကျောက်ကော (Otome Game ထဲက ဇာတ်လိုက်) ရဲ့ ဝိသေသတွေကို တိတိကျကျပြောနိုင်ခဲ့တယ်၊ အဓိကက ကျွန်မက ဘယ်သူ့ကို ကြိုက်တယ်ဆိုတာ မပြောဘဲနဲ့ သူက ပြောနိုင်ခဲ့တာဆိုတော့ သူက တော်တယ်လို့ ကျွန်မ ထင်ခဲ့တာပေါ့"
"အစတုန်းကတော့ ကျွန်မ ဘာမှမစဉ်းစားမိဘူး၊ ဂိမ်းထဲက ဇာတ်လိုက်နဲ့ ချိတ်ဆက်ဖို့အထိ မတွေးမိဘူး၊ ဒါပေမဲ့ အဲဒီဆရာမကပဲ သူ သင်ပေးမယ်၊ အဲဒါဆိုရင် ကျွန်မက အိပ်မက်ထဲမှာ မုန်းကျောက်ကောနဲ့ အတူတူရှိနေနိုင်မယ်၊ တစ်ခါတ လေကျရင် သူ့ရဲ့ထိတွေ့မှုကိုတောင် ခံစားရလိမ့်မယ်လို့ ပြောတယ်။ သူက ကျွန်မဘေးမှာ အမြဲရှိနေမှာတဲ့"
တုံယင်း အရုပ်ကလေးကို တင်းတင်းပွေ့ဖက်ထားရင်း ဆက်ပြောသည်။
"အဲဒီအချိန်က ကျွန်မ ဘာဖြစ်သွားလဲ မသိဘူး၊ သူ့ကို အရမ်းယုံသွားတာ၊ အဲဒီလို ချိတ်ဆက်ပေးဖို့က ငွေရှစ်ထောင် (၈၀၀၀) ပဲ ပေးရတာဆိုတော့ ကျွန်မအတွက် မများဘူးလို့ ထင်ပြီး စမ်းကြည့်လိုက်တာပါ"
သူမသည် လက်ချောင်းလေးဖြင့် သူမ၏ပေါင်နှင့် ခါးဘေးကို ထိပြလိုက်သည်။
"ဒီနေရာတွေမှာ ထိတွေ့မှုတွေကို တကယ် ခံစားလာရတယ်"