အခန်း ၇၀
Vol. 7 Ch. 70
🍏 Chapter 70
သူမသည် လိုင်ဝမ်ရီနှင့် တူညီသော မျက်ဝန်းများဖြင့် ဝမ်သိုက်ကို စိုက်ကြည့်ကာ မေးလိုက်ပေသည်။
ဝမ်သိုက်က ခေါင်းငြိမ့်ပြသောအခါ လိုင်ဝမ်ရီ၏မိခင်က သူမ ဘေးရှိ လိုင်ဝမ်ရီ လက်ကို ဆုပ်ကိုင်ကာ
"သမီးလေးက အန်တီ့ကို အကုန်ပြောပြပြီးပါပြီ၊ ကုန်စုံဆိုင်မှာ တိုက်တိုက်ဆိုင်ဆိုင် တွေ့ခဲ့လို့ပေါ့၊ အဲဒီ အဆောင်သာမရခဲ့ရင် အန်တီ့သမီးလေးကို နောက်ထပ် မြင်ရပါဦးမလားလို့ တွေးမိတိုင်း ကြောက်နေတာ"
"ဪ... ကျွန်မက အသက်ကြီးမှရတဲ့ သမီးလေးပါ၊ ဒါပေမဲ့ တစ်ဦးတည်းသော သမီးတော့ မဟုတ်ဘူး၊ အပေါ်မှာ အစ်ကိုတစ်ယောက် ရှိသေးတယ်၊ အခုတော့ သူက တခြားမြို့မှာ အလုပ်လုပ်နေတာဆိုတော့ သူ့ကို အနှောင့်အယှက် မပေးချင်လို့ မပြောရသေးဘူး" ဟု လိုင်ဝမ်ရီက ရှင်းပြလေသည်။
ဘေးတွင် သီးသန့်ထိုင်နေသော အသက် ၅၀ ကျော်အရွယ် အမျိုးသားကြီးမှာမူ တည်ငြိမ်လွန်းသဖြင့် ကြည့်ရသူများမှာ အနည်းငယ် ရှိန်နေကြပေသည်။
မိမိခင်ပွန်း၏ ထိုအမူအရာကို မြင်သောအခါ လိုင်ဝမ်ရီမိခင်က မကျေမနပ်ဖြင့်
"သူများက ဝမ်ရီကို ကူညီခဲ့တာ၊ အခုလည်း ဖုန်းရွှေကြည့်ပေးဖို့ အိမ်အထိ လာတာကို ရှင်က ဘာလို့ ဒီလို မျက်နှာသေကြီးနဲ့ နေနေရတာလဲ၊ ပြီးခဲ့တဲ့ အပတ်ကတင် ရှင်ကိုယ်တိုင် ဒီအဆောင်ကတော့ တကယ် အစွမ်းရှိတာပဲ လို့ ပြောခဲ့သေးတယ် မဟုတ်လား" ဟု ငေါ့တော့တော့ ပြောလိုက်ပေသည်။
"ပြီးတော့ ဘယ်သူလဲ ပြီးခဲ့တဲ့ အပတ်က ကားတိုက်ခံရမလိုဖြစ်ခဲ့တာ၊ ရှင်ကိုယ်တိုင် ပြောခဲ့တာလေ၊ အဲဒီနေ့က အခင်းဖြစ်မယ့် လမ်းကနေ သွားတော့မလို့ကို ငိုနေတဲ့ ကလေးလေးတစ်ယောက်ကို တွေ့လို့ အိမ်အထိ လိုက်ပို့ပေးလိုက်ရလို့ကံကောင်းသွားတာ ဆိုတာလေ"
လျှို့ဝှက်ချက် ပေါက်ကြားသွားသော လိုင်ယွမ်သည် မိမိဇနီးကို မျက်စောင်းထိုးကြည့်သော်လည်း နောက်ဆုံးတွင်တော့ အလျှော့ပေးလိုက်ရပေသည်။
"သမီးတို့ မသိပါဘူး၊ သူက ဒီလိုပဲ စိတ်ကတစ်မျိုး၊ အမူအရာက တစ်မျိုး၊ ပါးစပ်နဲ့ စိတ်နဲ့ မကိုက်တဲ့လူမျိုးလေ၊ တကယ်တော့ သူက သမီးတို့ကို အရမ်းကျေးဇူးတင်နေတာ၊ ပြီးခဲ့တဲ့ အပတ်ကတည်းက သမီးတို့ကို ထမင်းဖိတ်ကျွေးရမယ်လို့ တတွတ်တွတ် ပြောနေတာ၊ တကယ်တမ်း ရောက်လာတော့လည်း ရပါတယ် ဆိုပြီး ဘေးကနေ တစ်ခုခု ပြင်ဆင်နေတာ..."
ရှက်ကိုးရှက်ကန်း ဖြစ်နေသော လိုင်ယွမ်ကမူ ဇနီးဖြစ်သူ၏ စကားကို ဖြတ်ပြောလိုက်ပေသည်။
"မင်းကလည်း စကားတွေ အများကြီးပြောမနေပါနဲ့၊ သူတို့က အလုပ်ကိစ္စနဲ့ လာတာ၊ မင်းရဲ့ အာလာပ သလ္လာပတွေကို နားထောင်ဖို့ လာတာ မဟုတ်ဘူး၊ မပြောနဲ့တော့ မပြောနဲ့တော့"
သူသည် မျက်နှာကြောကို အသာလျှော့ကာ ဝမ်သိုက်နှင့် ချန်စစ်ကျယ်ကို ကြည့်လျက် "ငါ့နာမည်က လိုင်ယွမ်ပါ" ဟု မိတ်ဆက်လိုက်ပေသည်။
လိုင်ဝမ်ရီကမူ မိခင်ဖြစ်သူ၏ လက်မောင်းကို ဖက်ထားကာ
"ဖေဖေက ဒီလိုပဲ၊ အမြဲတမ်း မျက်နှာတည်ထားပေမဲ့ စိတ်ထဲကတော့ အရမ်းကောင်းတာပါ" ဟု ရယ်မောလျက် ပြောလေသည်။
အိမ်သားများ၏နွေးထွေးသော အငွေ့အသက်များက အသက် ၂၁ နှစ်အရွယ်ရှိသော ဝမ်သိုက်ကို လွန်ခဲ့သော ၁၂ နှစ်ခန့်ဆီသို့ ပြန်လည် ခေါ်ဆောင်သွားသကဲ့သို့ပင်။ ယခုနှစ်နှောင်းပိုင်းတွင် သူမသည် အသက် ၂၂ နှစ် ပြည့်တော့မည် ဖြစ်သည်။
သူမ မျက်ဝန်းများမှာ မထိန်းနိုင်ဘဲ ပူနွေးလာပြီး လက်မ လက်သည်းမှာလည်း လက်ဆစ်ထဲသို့ နက်ရှိုင်းစွာ နစ်ဝင်သွားပေသည်။ ဝမ်သိုက်သည် ခေါင်းငုံ့ထားကာ မျက်ရည်များ မကျအောင် အားတင်းထားမိပေသည်။
အသက်ရှူရသည်မှာ ကျပ်တည်းလာပေသည်။ ပြာဖြစ်သွားခဲ့သော အတိတ်များ၊ ထိုမီးလောင်မှုကြီးထဲတွင် သေဆုံးသွားခဲ့သော အတိတ်များကို သူမ လွမ်းမောနေမိပေသည်။
အကယ်၍သာ မိဘများ မသေဆုံးခဲ့လျှင် သူမသည်လည်း ဤကဲ့သို့ ပျော်ရွှင်နေရမည်ဖြစ်ပြီး လမ်းပျောက်နေစရာ မလိုပေ။
မျက်ရည်တစ်စက်မှာ မထိန်းနိုင်ဘဲ ဝဲဘက်မျက်လုံးမှ ကျလာပြီးနောက် ညာဘက်မှလည်း လိုက်ပါလာပေသည်။ ချန်စစ်ကျယ်သည် သူမ ဘေးတွင် ရှိနေပေသည်။
သူတစ်ပါးစိတ်အခြေအနေကို သိရှိနိုင်စွမ်းမှာ ဤအလုပ်လုပ်သူများ၏ ပင်ကိုစရိုက်ဖြစ်သည်။
သူသည် ဝမ်သိုက်ကို လှည့်ကြည့်လိုက်ရာ လက်သီးဆုပ်ထားသော သူမလက်သည်းများမှာ လက်ဆစ်ထဲသို့ နစ်နေ သည်ကို တွေ့လိုက်ရပေသည်။ ထိုနေရာတွင် ညိုမည်းနေသော အမှတ်အသားများ ရှိနေပေလိမ့်မည်။
ထို့နောက်တွင်တော့ သူမ၏ လက်ဆစ်ပေါ်သို့ ကြည်လင်သော မျက်ရည်စက်လေးများ ကျလာသည်ကို သူ မြင်လိုက်ရပေသည်။
ချန်စစ်ကျယ် မျက်ဝန်းများမှာ ခေတ္တမျှ ဝိုင်းစက်သွားပြီးနောက် ဘေးတွင် မျက်ရည်များကို အတင်းအကျပ် ထိန်းထားသော အမျိုးသမီးလေးကို ကြည့်ကာ သူ့ ရင်ထဲတွင်လည်း မထိန်းချုပ်နိုင်သော နာကျင်မှုကို ခံစားလိုက်ရပေသည်။
သူသည် ရှေ့သို့ အသာကိုင်းညွတ်ကာ စားပွဲပေါ်ရှိ တစ်ရှူးဗူးထဲမှ တစ်ရှူးအချို့ကို ဆွဲယူလိုက်ပေသည်။ ထို့နောက် တစ်ရှူးများကို ဝမ်သိုက် ရှေ့သို့ ကမ်းပေးလိုက်ပေသည်။
ဝမ်သိုက်သည် မျက်ရည်များကြားမှ ထိုတစ်ရှူးများကို လှမ်းကြည့်နေစဉ်
"မင်းကတော့ တကယ် တော်တာပဲ၊ လက်က ဘာတွေ ထိထားမှန်းလည်း မသိဘဲနဲ့ မျက်လုံးကို သွားပွတ်နေတာလား၊ မျက်ရည်တွေသာ ထွက်မလာရင် မင်းမျက်လုံးကို ဘယ်လိုများ ကာကွယ်မလဲလို့ တွေးနေတာ... ဒီမျက်လုံးတွေကော ဆက်ရှိနေဦးမလားပဲ"
ဝမ်သိုက်သည် အံ့အားသင့်စွာဖြင့် မျက်လုံးများကို ပင့်ကြည့်လိုက်ပေသည်။
စကားပြောနေသော လိုင်မိသားစုမှာလည်း သူတို့ဆီသို့ အာရုံရောက်လာကြပေသည်။ လိုင်ဝမ်ရီ၏ မိခင်က
"အို... မျက်လုံးထဲ ဘာဝင်လို့လဲ၊ အဆင်ပြေရဲ့လား၊ မျက်လုံးကို ဂရုစိုက်ရမယ်လေ၊ ခဏနေရင် မျက်စင်းဆေး ခတ်ပေးရမလား" ဟု စိုးရိမ်တကြီး မေးလေသည်။
ဝမ်သိုက်သည် ကိုယ့်ကိုယ်ကိုယ် ပြန်ထိန်းကာ "ကျေးဇူးတင်ပါတယ် အန်တီ၊ ရပါတယ်၊ သုတ်လိုက်ရင် သက်သာသွားပါလိမ့်မယ်၊ အခုပဲ ဖုန်းရွှေ ကြည့်ပေးပါ့မယ်ရှင်" ဟု ပြောရင်း တစ်ရှူးဖြင့် မျက်ရည်များကို သုတ်လိုက်ပေသည်။
သူမ၏ မျက်ဝန်းတစ်ဝိုက်မှာ နီရဲနေပေသည်။ သူမသည် ဆိုဖာပေါ်မှ ထပြီး ချန်စစ်ကျယ်ကို ခေါင်းညိတ်ပြကာ
"သွားစို့၊ အချိန်မဖြုန်းနဲ့တော့"
ချန်စစ်ကျယ် သူမကို ခေတ္တမျှ စိုက်ကြည့်နေပြီးနောက် မတ်တပ်ရပ်ကာ လိုင်မိသားစုကို ကြည့်လျက်
"ကျွန်တော်တို့ကို လမ်းပြပေးပါဦး၊ သတိထားရမယ့် နေရာတွေကို ကျွန်တော်တို့ တွေ့ရင် ပြောပြပါ့မယ်”
မျက်ရည်များ ပျောက်ကွယ်သွားပြီးနောက် ဝမ်သိုက်သည် လိုင်မိသားစု၏နောက်မှ လိုက်ပါလာပေသည်။ အောက်ထပ်ကို အရင် စစ်ဆေးကြည့်ရာ လိုင်ဝမ်ရီ၏ မိခင်က
"ဒီအိမ်က နှစ်ပေါင်းများစွာ ကြာနေပြီ၊ ၂၀ ရာစုနှစ်လောက်ကတည်းကပဲ၊ အန်တီတို့ ပြောင်းလာပြီးနောက်မှာ ပြန်ပြင်ထားတာ၊ ဒါပေမဲ့ မြေအောက်ခန်းကိုတော့ မထိရသေးဘူး၊ အပေါ်ထပ်ကိုပဲ သုံးဖြစ်တာ"
သူမသည် မြေအောက်ခန်းသို့ သွားသော တံခါးရှေ့တွင် ရပ်လိုက်ပေသည်။ ထိုတံခါးမှာ လှေကားအောက်ရှိ နေရာလွတ်တွင် ရှိနေသဖြင့် အနည်းငယ် ထူးခြားနေပေသည်။
"အန်တီကတော့ ဒီ ဒီဇိုင်းကို သဘောကျတယ်၊ တချို့ အနောက်တိုင်းပုံစံတွေလို ကြမ်းပြင်ကို လှန်ပြီး သွားရတာမျိုးက ကြောက်စရာကြီး၊ အခုလိုဆိုတော့ တခြားသူတွေ မနေပေမဲ့ ပစ္စည်းသိုလှောင်ခန်း အဖြစ် သုံးလို့ရတာပေါ့၊ ဒါပေမဲ့..."
"အန်တီတို့ ဒီမှာ နေလာတာ နှစ်ပေါင်းများစွာ ရှိပြီ၊ ဒီတံခါးကို တစ်ခါမှ မဖွင့်ဖူးဘူး"
လိုင်ဝမ်ရီ၏မိခင်က လက်ကို ဖြန့်ကာ ရယ်မောလျက် ပြောလေသည်။
"ဖွင့်လိုက်ရင် အောက်က အမှိုက်တွေ ရှင်းရဦးမယ်လေ၊ ပြီးတော့ ငယ်ငယ်တုန်းက ပိုက်ဆံလည်း သိပ်မရှိတော့ အိမ်ဝယ်တာနဲ့တင် အကုန်အကျများနေပြီဆိုတော့ မြေအောက်ခန်းကိုတော့ မပြင်ဖြစ်ခဲ့ဘူး"
ဝမ်သိုက်သည် တံခါးအောက်ခြေရှိ အမှောင်ထုထဲသို့ စိုက်ကြည့်နေရင်း သူမ လက်များကို ဆုပ်ထားမိပေသည်။
သူမသည် ဘေးမှချန်စစ်ကျယ်ကိုလှည့်ကြည့်လိုက်ရာ သူသည်လည်း သူမကို ကြည့်နေသည်နှင့် တိုးသွားပေသည်။ သူတို့နှစ်ဦးစလုံးသည် စကားမပြောဘဲ တစ်ဦး၏အကြည့်မှ တစ်ဦးက အဖြေကို သိရှိလိုက်ကြလေတော့သည်။