← Chapters

အခန်း ၁၂၄

Vol. 13 Ch. 124

အခန်း ၁၂၄

Vol. 13 Ch. 124

🍏 Chapter 124

ဦးလေးကြီးသည် ထမင်းတစ်ပန်းကန်ကို ကိုင်ကာ ခုံတန်းပေါ်တွင် ခွထိုင်လိုက်ရင်း ဝမ်သိုက်ကို လှည့်ကြည့်ကာ ပြောလိုက်သည်။

မီးဖိုချောင်ထဲတွင် အဖြူရောင်မီးချောင်းမှာ လင်းထိန်နေပြီး စားပွဲပေါ်ရှိ ဟင်းလျာများသည် စားပွဲကဲ့သို့ပင် ဆီဝေ့နေသည်။

"ဘာလို့ မနက် ၅ နာရီကနေ ၇ နာရီကြား အရောက်မသွားရင် အလုပ်လုပ်ရခက်တာလဲ"

ဝမ်သိုက်၏ မေးခွန်းကို အဘိုးကြီးက ပြန်လည်ရေရွတ်လိုက်သည်။ သူက ခေါင်းကို ငုံ့ကာ ပန်းကန်ထဲတွင် ကျန်နေသော ကြက်သွန်မြိတ်လေးတစ်ပင်ကို တူဖြင့် ကလိရင်း "ဒါက… ပြောရခက်တယ်" ဟု ဆိုသည်။

ထမင်းကို အားရပါးရ စားနေသော အန်တီကြီးက ပန်းကန်ထဲမှ မျက်နှာဖော်လိုက်ပြီး ရှေ့မှ အမျိုးသားကို မကျေမနပ် ကြည့်လိုက်သည်။

"ဘာပြောရခက်တာရှိလို့လဲ၊ ရှင်ကသာ ပျင်းလို့ မပြောချင်တာပါ"

သူမက ဝမ်သိုက်ဘက်သို့ လှည့်ကာ ပြုံးပြရင်း

"ဒီအဘိုးကြီး လျှောက်ပြောတာတွေ နားမယောင်နဲ့၊ ဘာလို့ အဲဒီအချိန်အရောက် သွားရသလဲဆိုတော့၊ ငါ့အိမ်မှာ ဘုရားစင်ရှိတာကို ကြည့်ရင် ညည်း ခန့်မှန်းမိမှာပါ၊ ငါတို့တစ်ကြောမှာ အိမ်တိုင်းလိုလို ဘုရားကိုးကွယ်ကြတယ်၊ အထူးသဖြင့် ညည်းသွားမယ့် အဲဒီရွာပေါ့"

"လူကြီးတွေကတော့ တကယ်ကြည်ညိုလို့ ကိုးကွယ်တာ ဖြစ်နိုင်ပေမဲ့ နောက်ပိုင်းလူတွေကတော့ ဘယ်သူက တကယ်ကြည်ညိုမှာလဲ၊ ဝဋ်လိုက်မှာ ကြောက်လို့ ကိုးကွယ်ကြတာ၊ သူတို့ကိုယ်တိုင်လည်း သူတို့လုပ်ရပ်တွေကို သိနေကြတာပဲ”

“လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်လောက်က သူတို့ လုပ်ငန်းစတာ မကြာသေးဘူး၊ ခေါင်းဆောင်တစ်ယောက် ရုတ်တရက် အခက်ကြုံပြီး လယ်ကွင်းထဲမှာ သေနေတာ တွေ့လိုက်ရတယ်၊ ကိုယ်ပေါ်မှာလည်း ဘာဒဏ်ရာမှ မရှိဘူး၊ ထူးဆန်းတယ် မဟုတ်လား"

အန်တီကြီး သည် ထမင်းစားဖို့ပင် မေ့သွားကာ တူကို ပန်းကန်ဘေးတွင် တင်ထားပြီး စိတ်ပါလက်ပါ ရှင်းပြနေတော့သည်။

"တချို့က ပြောတာတော့ သူက အပြင်ထွက် ဆေးလိပ်သောက်တာတဲ့၊ မြေကြီးပေါ်မှာ ဆေးလိပ်တို တစ်ခု တွေ့လို့လေ။ ဒါပေမဲ့ ဘယ်သူမသိဘဲ နေမလဲ၊ သူက ရွာထဲက မုဆိုးမတစ်ယောက်နဲ့ သွားရှုပ်နေတာ… အဲဒီမုဆိုးမက အိမ်ကို စောစောပြန်သွားပြီ၊ သူကတော့ လယ်ကွင်းထဲမှာ လေညင်းခံချင်လို့ ကျန်ခဲ့တာတဲ့"

"ဆေးလိပ်သောက်တာနဲ့ လူသေနိုင်ပါ့မလား၊ လေညင်းခံရုံနဲ့ လူတစ်ယောက် သေသွားတယ်ဆိုတာ ပိုတောင် မဖြစ်နိုင်သေးတယ်၊ ငါ အသက်ငါးဆယ်ကျော်ပြီ၊ အဲဒီလိုမျိုး တစ်ခါမှ မမြင်ဖူးဘူး"

"နောက်ပိုင်းကျတော့ အားလုံးက ခန့်မှန်းကြတာပေါ့၊ ဒီလူ အကုသိုလ်တွေ သိပ်များလို့ ဝဋ်လိုက်တာလို့လေ၊ အဲဒီကိစ္စပြီးကတည်းက သူတို့ ဘာလုပ်လုပ် အရင်ဆုံး ဘုရားရှိခိုး အမွှေးတိုင်ထွန်းကြတော့တာပဲ”

“နေ့တိုင်း မနက် ၆ နာရီဆိုရင် အကုန်ထကြတယ်၊ သူတို့ကိုယ်တိုင် ရှိခိုးရုံတင်မကဘူး၊ ခိုးလာတဲ့သူတွေကိုပါ အတင်းအကျပ် ရှိခိုးခိုင်းပြီး 'ငါတို့က ကိုယ့်သဘောနဲ့ကိုယ် လာတာပါ' လို့ ပြောခိုင်းကြတယ်"

ဝမ်သိုက်သည် တူကို ကိုင်ကာ ပန်းကန်ထဲမှ ထမင်းကို မွှေရင်း ခေါင်းငုံ့ကာ စဉ်းစားနေမိသည်။ ချန့်ရှီ ဆီကလည်း သူတို့ ဘာတွေကြုံခဲ့ရသလဲဆိုတာကို မမေးမိခဲ့ဘူးသလို သူမ၏ အစောင့်အရှောက် များကလည်း မပြောပြခဲ့ချေ။

အန်တီကြီး မှာ ပြောလွန်းသဖြင့် အာခြောက်လာကာ ဘေစင်သို့သွား၍ ရေတစ်ခွက် သောက်လိုက်ပြီးမှ ဆက်ပြောသည်။

"ကြားဖူးတာတော့ တချို့လူတွေကို ဒီရွာအထိ သယ်မလာဘူးတဲ့၊ အဲဒီလူတွေကတော့ အခြေအနေ နည်းနည်းကောင်းတယ်၊ ရွံစရာကောင်းတာတွေ သိပ်မကြုံရဘူးပေါ့"

"ဒါပေမဲ့ ဒီရွာထဲကို ရောက်လာပြီဆိုရင်တော့ ဘယ်သူမှ မသက်သာဘူး၊ မနက်တိုင်း (၅ နာရီကနေ ၇ နာရီအတွင်း) သူတို့က နှဲမှုတ်ကြတယ်၊ ပြီးတော့ သီချင်းတစ်မျိုး ညည်းကြတာ၊ ဘာသီချင်းလဲတော့ ငါလည်း နားမလည်ဘူး၊ ရွာထဲကနေ တောင်အောက်အထိ လမ်းတစ်လျှောက် သီချင်းဆိုသွားပြီးမှ ပြန်လာကြတာ၊ အဲဒီလမ်းမှာ ခိုးလာတဲ့သူတွေကိုပါ ခေါ်သွားတတ်ကြတယ်"

"အဲဒီအချိန်ရောက်ရင် သူတို့က ဒါတွေပဲ လုပ်နေကြတာ၊ အရင်ဆုံး ဘုရားရှိခိုးခိုင်းတယ်၊ ပြီးရင် ဟိုဟိုဒီဒီ သွားကြတာ၊ အဲဒီအချိန်မှာ ငါတို့က ရောက်သွားရင်တော့ ဟော"

အန်တီကြီး က ရေခွက်ကို ချလိုက်ပြီး လက်နှစ်ဖက်ကို ဖြောင်းခနဲမြည်အောင် တီးလိုက်သည်။ မျက်လုံးများကို ပြူးလျက် ခေါင်းကို ရမ်းကာ အလေးအနက် ပြောလိုက်သည်။

"ညည်းလည်း သေပြီ၊ ငါလည်း သေပြီ၊ အားလုံး သေကုန်ကြမှာ၊ သူတို့က သိပ်သတိကြီးတာ၊ ရွာသားမဟုတ်ဘဲ ရောက်လာရင် အစကတည်းက လက်မခံဘူး၊ တကယ်လို့ သူတို့ အဲဒီလို လုပ်နေတဲ့အချိန်နဲ့ သွားတိုးမယ်ဆိုရင်တော့ ညည်းလို လှလှပပလေးက လွတ်မှာ မဟုတ်ဘူး"

အန်တီကြီး ၏ မျက်လုံးများကို ကြည့်ကာ ဝမ်သိုက်က တံတွေးတစ်ချက် မျိုချလိုက်သည်။ ထိုအချိန်မှာပင် ဦးလေးကြီး၏ သက်ပြင်းချသံကို ကြားလိုက်ရသဖြင့် လှည့်ကြည့်လိုက်သည်။

ဦးလေးကြီးက တူကို ချလိုက်ပြီး ဝမ်သိုက်ကို ကြည့်ကာ

"သူတို့မှာ အလွယ်ဆုံး နည်းလမ်းရှိတယ်၊ ညည်းကို သူတို့ထဲက တစ်ယောက်ဖြစ်အောင် လုပ်လိုက်မှာပဲ (အတင်းအဓမ္မ လက်ထပ်ခိုင်းတာမျိုး)။ အထူးသဖြင့် ညည်းက ဒီလောက်တောင် ရုပ်ရည်လှပ နေတော့…" ဟု ပြောရင်း စကားကို ရပ်လိုက်သည်။

သူက မျက်မှောင်ကြုတ်ကာ မေးစေ့ကို ပွတ်သပ်ရင်း ဝမ်သိုက်၏ မျက်နှာကို စေ့စေ့ကြည့်နေသဖြင့် ဝမ်သိုက်မှာ နေရာမှာတင် ပျောက်ကွယ်သွားချင်စိတ် ပေါ်လာတော့မှ သူက စကားဆိုသည်။

"မနက်ဖြန် မထွက်ခင် မျက်နှာကို တစ်ခုခုနဲ့ အုပ်ရမယ်၊ ရွှံ့တွေ လိမ်းလို့တော့ မရဘူး၊ သိသာလွန်းတယ်"

ဦးလေးကြီးက လက်ဖြင့် တိုင်းတာပြရင်း "ဒါကတော့ ခက်ပြီ၊ ညည်းက မျက်နှာရဲ့ အောက်ပိုင်းကို အုပ်ထားရင်တောင် လှမှန်း သိသာနေတာပဲ" ဟု ဆိုသည်။

ဘေးမှ အန်တီကြီး ကလည်း ဝမ်သိုက်ကို အကဲခတ်နေသည်။

သူမက ခဏမျှ စဉ်းစားပြီးနောက် ထိုဦးလေးကြီးကို လှည့်ကြည့်လိုက်သည်။

"အို… ရှင့်သမီး အရင်က ကျွန်မကို ပေးထားတဲ့ ဖောင်ဒေးရှင်း ရှိသားပဲ၊ လိမ်းလိုက်ရင် လူကို ဝါကျင့်ကျင့် ဖြစ်သွားစေတဲ့ ဟာလေ၊ သူမကတော့ ကိုယ့်အသားအရည်နဲ့ ကိုက်တာ ဝယ်တာဆိုပြီး နောက်တော့ ကျွန်မကို ပေးသွားတာ၊ အဲဒီဟာကို ဒီကောင်မလေးကို လိမ်းပေးရင် ဘယ်လိုလဲ"

အန်တီကြီး ၏ အကြံမှာ အတော်လေး အဆင်ပြေလှသည်။ ဦးလေးကြီးက စားပွဲကို ပုတ်ကာ ထောက်ခံလိုက်သည်။

"ကောင်းတယ်၊ အဲဒီလိုပဲ လုပ်ကြစို့၊ မထွက်ခင် အဲဒါကို အရင်လိမ်းလိုက်၊ မဟုတ်ရင် ညည်းအသားက ဖြူနေတော့ သိသာလွန်းနေတယ်"

ထိုသို့ဖြင့် ဝမ်သိုက်၏ အစီအစဉ်မှာ သူမ မသိလိုက်ဘဲ အကုန် သတ်မှတ်ပြီးသား ဖြစ်သွားရာ သူမမှာ ခုံပေါ်တွင် ကြောင်အမ်းအမ်းဖြင့် ကျန်ခဲ့တော့သည်။

ဗိုက်ဖြည့်ပြီးနောက် ဝမ်သိုက်သည် ရေချိုးကာ အန်တီကြီး ပြင်ဆင်ပေးသော အခန်းထဲသို့ ဝင်ခဲ့သည်။

တစ်နေ့လုံး မဖွင့်ဖြစ်သော ဖုန်းထဲတွင် မက်ဆေ့ခ်ျများစွာ ရောက်နေသည်။ စွေ့လင်၊ ချန်စစ်ကျယ်နှင့် သူမ မထွက်ခင်ကမှ WeChat အပ်ထားသော အမျိုးသမီးရဲအရာရှိတို့ဆီမှ ဖြစ်သည်။

စွေ့လင်၏ မက်ဆေ့ခ်ျကိုတော့ သူမက အကျဉ်းချုံး ပြန်ဖြေလိုက်သည်။ လူကုန်ကူးသူတွေရဲ့ စခန်းကို တွေ့ပြီလို့တော့ မပြောလိုက်ချေ။ တကယ်လို့ အဲဒီမှာ ဝေ့ဝေ့ မရှိခဲ့ရင် ဝမ်းသာအားရ ဖြစ်ပြီးမှ စိတ်ပျက်သွားမှာကို မလိုလားသောကြောင့် ဖြစ်သည်။

အမျိုးသမီးရဲကိုမူ သူမက အမှန်အတိုင်း အကုန်ပြောပြလိုက်သည်။ မနက်ဖြန် မနက်အစောကြီး လူကုန်ကူးသူတွေရဲ့ ရွာကို သွားတော့မည့်အကြောင်းနှင့် သူမ တိတ်တဆိတ် အသံဖမ်းထားသော ဖိုင်ကိုပါ ပေးပို့လိုက်သည်။

တစ်ချိန်တည်းမှာပင် လက်ရှိ တည်နေရာကိုလည်း ပေးပို့ထားလိုက်သည်။ တကယ်လို့ တစ်ခုခု ဖြစ်ခဲ့ရင် ရဲတွေကိုပဲ အားကိုးရမည် မဟုတ်ပါလား။

[ချိုက်ချီ- သက်သေကတော့ ခိုင်လုံပါတယ်၊ ရောက်တဲ့အခါ ဓာတ်ပုံရိုက်ပြီး ပို့ပေးနိုင်ရင် ပိုကောင်းမယ်၊ ဒါမှ ငါက ရဲတွေကို လွှတ်ဖို့ အကြောင်းပြချက် ပိုခိုင်လုံမှာ]

[ချိုက်ချီ- ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ]

ဝမ်သိုက်က "ဟုတ်ကဲ့" ဟု ပြန်ပို့ပြီးနောက် ချန်စစ်ကျယ်နှင့် Chat box ထဲသို့ ဝင်လိုက်သည်။

ဒီလူက စကားပြောကောင်းသူ မဟုတ်သေးချေ။ သူမက အသံဖိုင် ပို့လိုက်သည်။

"ကျွန်မကို လာကျိန်စာမတိုက်နဲ့နော်၊ ပြည်သူ့အတွက် လူဆိုးဖမ်းပေးမယ့် ကြင်နာတတ်တဲ့ အမျိုးသမီးတစ်ယောက်ကို 'ဂရုစိုက်ဦး၊ ကိုယ်တိုင် လူကုန်ကူးမခံရစေနဲ့' လို့ ဘယ်သူက ပြောမှာလဲ"

သူမ၏ အသံဖိုင်ကို ချန်စစ်ကျယ်က နားထောင်ခြင်း ရှိမရှိ မသိရသော်လည်း ချက်ချင်း ပြန်စာ ရောက်လာသည်။

[ချန်စစ်ကျယ်- ကိုယ့်ကိုယ်ကိုယ် မကာကွယ်နိုင်ဘဲ လူဆိုးဖမ်းဖို့ ကြိုးစားတာက သေတွင်းထဲ သက်သက် ဆင်းတာပဲ]

ဝမ်သိုက်မှာ အသက်ရှူဖို့ပင် မေ့သွားသည်။ သူမက "သွားစမ်း" ဟူသော စကားလုံးကို ပို့ပြီး စကားစဖြတ်ရန် ပြင်လိုက်သည်။ မဟုတ်လျှင် မနက်ဖြန်အထိ သူနှင့် ရန်ဖြစ်နေရမည် ဖြစ်သည်။

သို့သော် ထိုသူက သူမ စကား ကို ဂရုမစိုက်ဘဲ စာတစ်စောင် ထပ်ပို့လာသည်။

[ငါ လက်ရှိ အမှုကို အမြန်ဆုံး အပြတ်ရှင်းလိုက်မယ်၊ ဝေ့ဝေ့ကို တွေ့ရင်လည်း စိတ်မလောနဲ့၊ ကိုယ့်ဘေးကင်းရေးကို အရင်ကြည့်၊ ငါက လက်တွဲလုပ်တာ မကြာသေးခင်မှာပဲ ပါတနာ ပျောက်သွားတာမျိုး မလိုလားဘူး]

ထိုစာကို ဖတ်ရင်း ဝမ်သိုက်၏ နှုတ်ခမ်းဖျားတွင် သူမ မသိလိုက်ဘဲ အပြုံးတစ်ခု ပေါ်လာသည်။

ဒီလူကတော့ စိတ်ပူတာကို ဖော်ပြတဲ့နေရာမှာလည်း ရန်စတဲ့ပုံစံကတော့ အရင်အတိုင်းပဲ။

သူမက ကုတင်ပေါ်သို့ ပက်လက်လှန် လဲချလိုက်ပြီး စောင်ထဲသို့ တိုးဝင်လိုက်သည်။

ဝမ်သိုက်သည် ချန်စစ်ကျယ်ကို "Good night" ဟု ပြန်ပို့လိုက်မိသည်။

နောက်ထပ် ပို့လာသော စာများကို သူမ မကြည့်တော့ဘဲ ဖုန်းကို အားသွင်းကာ မီးပိတ်လိုက်သည်။

သူမ မျက်လုံးမှိတ်လိုက်သည့် အချိန်မှာပင် ဖုန်းမျက်နှာပြင်တွင် စာတစ်စောင် ပေါ်လာသည်။

[ချန်စစ်ကျယ်- အိပ်မက်လှလှ မက်ပါစေ]

ချန်စစ်ကျယ်၏ ထိုရှားပါးလှသော ဆုတောင်းစကားကြောင့်လား မသိ။ ဝမ်သိုက်သည် တစ်ခါမှ မမက်ဖူးသော အိပ်မက်လှလှလေး တစ်ခုကို မက်ခဲ့သည်။ အိပ်မက်ထဲမှာ သူမက တစ်ယောက်တည်း မဟုတ်ဘဲ အဖေနဲ့ အမေက သူမ အနားမှာ ရှိနေကြပြီး အသက် ၁၀ နှစ်အရွယ်မှာ ထာဝရ ရပ်တန့်မသွားဘဲ သူမ ကြီးပြင်းလာတဲ့အထိ အတူရှိနေခဲ့ကြသည်။

အိပ်မက်ကတော့ အဆုံးသတ်ရမြဲ… သူမ နိုးလာသည့်အချိန်တွင် တံခါးခေါက်သံကို ကြားလိုက်ရသည်။

အဘွားကြီး၏ အသံမှာ မနေ့ကကဲ့သို့ မကြည်လင်တော့ဘဲ အိပ်ချင်မူးတူး အသံဖြင့် "ကောင်မလေး၊ ထတော့ ကောင်မလေး" ဟု အော်နေသည်။

ဝမ်သိုက်က မီးခလုတ်ကို ဖွင့်ကာ ကုတင်ပေါ်မှ ဆင်းပြီး "ဟုတ်ကဲ့" ဟု ပြန်ထူးလိုက်သည်။

အမြန်လက်ဆေး မျက်နှာသစ်ပြီးသည့်နောက် အန်တီကြီးက ဖောင်ဒေးရှင်းဘူးကို ကိုင်ကာ ရောက်လာသည်။

All Chapters