အခန်း ၁၀၂
Vol. 11 Ch. 102
🍏 Chapter 102
စားပွဲပေါ်တွင် နံရံကပ်မှန်ပြတင်းမှ တိုးဝင်လာသောဖျော့တော့တော့ အလင်းတန်းများ ဖြာကျနေသည်။
စုန့်ခေတ်လက်ရာ လေးထောင့်ကွက်ဖော်ထားသော တံခါးချပ်ကို စားပွဲထိုးက တွန်းဖွင့်လိုက်ပြီး နောက်ဆုံးဟင်းလျာဖြစ်သည့် မှိုနှင့် ကြက်စွပ်ပြုတ်ကို စားပွဲပေါ်သို့ တင်လိုက်သည်။
"ဟင်းတွေ အားလုံး စုံပါပြီရှင်၊ အရသာရှိရှိ သုံးဆောင်ကြပါရှင်" ဟု ပြောကာ စားပွဲထိုးမလေးမှာ လက်နှစ်ဖက်ကို ဗိုက်ရှေ့တွင် ယှက်လျက် ဦးညွှတ်နှုတ်ဆက်ပြီး အခန်းထဲမှ ထွက်ခွာသွားသည်။
အခန်းတံခါး ပိတ်သွားသည်နှင့် တပြိုင်နက် လီချန်ကျန့် ၏ အသံ ထွက်ပေါ်လာသည်။ သူသည် စားပွဲပေါ်ရှိ ဟင်းလျာများကို လက်ညှိုးထိုးပြရင်း ဝမ်သိုက်ကို ကြည့်ကာ
"စားပါ၊ အားမနာနဲ့နော်၊ ပြီးခဲ့တဲ့တစ်ခေါက်က ကိစ္စအတွက် မင်းနဲ့ မင်းရဲ့အဖော်ကို တကယ်ကျေးဇူးတင်ပါတယ်၊ ငါ့မြေးမလေးရဲ့ ကိစ္စတင်မကဘူး၊ ယန့်ယန်လမ်းနဲ့ ဖူတုန်းလမ်းဆုံက ပြဿနာကိုပါထောက်ပြပေးခဲ့လို့ပဲ"
ဝမ်သိုက်သည် လီအဘွားထံမှလက်ခံရရှိသော လက်ကောက် ဗူးလေးကို သူမ လွယ်အိတ်ထဲရှိ အကန့်လေးထဲသို့ သေချာစွာ ထည့်လိုက်သည်။
ထို့နောက် လီချန်ကျန့်ကို မော့ကြည့်ကာ
"ဦးလေးလီကလည်း အားနာစရာဖြစ်အောင်ပြောနေပြန်ပါပြီ၊ ဒါတွေက ကြုံကြိုက်လို့ ကူညီပေးတာပါ၊ တကယ်လို့ ဦးလေးလီ မယုံကြည်ဘူးဆိုရင် ကျွန်မတို့ ဘယ်လောက်ပြောပြော အပိုပဲဖြစ်မှာပါ"
"နွေဦးပွဲတော် ပိတ်ရက်ပြီးတာနဲ့ ငါ ချက်ချင်းပဲ ဆောက်လုပ်ရေးအဖွဲ့နဲ့ ဘုန်းကြီးကျောင်းက ဆရာတော်တွေကို ပင့်ဖိတ်ပြီး ယတြာတွေ၊ တရားနာတာတွေ လုပ်ခဲ့တယ်၊ အဲ့ဒီလမ်းဆုံမှာ ကျောက်စာတိုင်စိုက်ထူပြီး သစ်ပင်အောက်မှာ မြေစောင့်နတ်စင်လေးပါ ဆောက်ပေးထားတယ်”
“ငုံ့ကြည့်မှ မြင်ရမှာဆိုတော့ လူသိပ်မသိဘူး၊ လမ်းပြန်ပွင့်တာ အခုရက်ပိုင်းဆိုတော့ အခြေအနေက တော်တော်ကောင်းနေပုံပဲ၊ ရေရှည်မှာ ဘယ်လိုဖြစ်မလဲဆိုတာ စောင့်ကြည့်ရမှာပေါ့"
လီချန်ကျန့် တက်ကြွစွာ ပြောဆိုနေရင်း လက်ထဲမှ တူဖြင့် ထမင်းပန်းကန်ကို ခေါက်နေမိသည်။
အဘွားလီ၏ဘေးရှိ ထိုင်ခုံတွင် လီချင်းယွီ ဆိုသော မိန်းက လေးငယ်လေး ထိုင်နေသည်။ ပထမဆုံး တွေ့စဉ်က ကုတင်ပေါ်တွင် အော်ဟစ်ရုန်းကန်နေသော ပုံစံနှင့် မတူတော့ဘဲ ပါးဖောင်းဖောင်းလေးနှင့် ချစ်စရာကောင်းနေချေပြီ။
သူမ၏ဝိုင်းစက်နေသော မျက်လုံးလေးများမှာ ဝမ်သိုက်ကို ခိုးကြည့်နေသည်။
အဘွားလီက မြေးမလေး၏ခေါင်းကို ပွတ်သပ်ပေးရင်း ဝမ်သိုက်ကို ပြုံးပြကာ
"ချင်းယွီက သမီးကိုသိပ်ခင်တာပဲ၊ အဲ့ဒီနေ့က သမီးတို့ ကူညီပေးပြီးလို့ သူ နိုးလာတာနဲ့ 'မမ ဘယ်မှာလဲ' ဆိုပြီး မေးနေတာ၊ ငါတို့မှာ ဘယ်သူ့ကို ပြောတာလဲဆိုပြီး ဝေခွဲမရဖြစ်နေတာ”
“နောက်မှသိရတာက သမီးကို ပြောတာတဲ့၊ သူ့ကို နှိပ်စက်နေတဲ့ မိစ္ဆာကောင်တွေကို မမက မောင်းထုတ်ပေးတာလို့ပြောတယ်"
ဝမ်သိုက် စိတ်ထဲတွင် ခံစားချက်နှစ်မျိုး ဖြစ်ပေါ်လာသည်။ တစ်ခုမှာ ဝမ်းသာခြင်းဖြစ်ပြီး နောက်တစ်ခုမှာ အားနာခြင်း ဖြစ်သည်။
သူမ ပင်ကိုယ်ဗီဇအရ လီချင်းယွီက သူမအပေါ် အားကိုးလာလျှင် လီမိသားစုနှင့် ပိုမိုရင်းနှီးခွင့်ရမည်ဟု တွေးမိသည်။
လီချန်ကျန့်ကမူ နယ်မြေအုပ်ချုပ်ရေးမှူး တစ်ဦးဖြစ်သဖြင့် သူမအတွက် ရှေ့ဆက်ရန် ခြေကုပ်ကောင်းတစ်ခု ဖြစ်လာနိုင်သည်။
"မမကို မှတ်မိတာလား၊ ဒါဆို အစ်ကိုကြီးကိုကော မှတ်မိရဲ့လား”
ဝမ်သိုက်သည် စားပွဲပေါ်မှ တူကို ချလိုက်ပြီး သူမ လွယ် အိတ်ထဲမှ ပလတ်စတစ်စက္ကူဖြင့် ပတ်ထားသော အဝတ်ရုပ်လေးကို ထုတ်ယူကာ ကလေးမလေးကို ကမ်းပေးလိုက်သည်။
ထို့နောက် အဘွားလီကို ကြည့်ကာ
"ဒီအရုပ်ထဲမှာလည်း အဆောင်လက်ဖွဲ့ပါပါတယ်၊ အစက တော့ ဒါကို မထုတ်ပေးမိဘူး၊ အခုမှ ချင်းယွီလေး ကြိုက်မလားလို့ စဉ်းစားမိလို့ပါ
နောက်ပြီး လက်ကောက်ကို ယတြာလုပ်ဖို့က အချိန်နည်းနည်း ကြာတတ်တယ်၊ အမြန်ဆို တစ်ပတ်၊ အနှေးဆို ၃ လကနေ ၅ လအထိ ကြာတတ်ပါတယ်”
“ဒီလက်ကောက်ကတော့ အသက်ဓာတ်မြှင့်ပေးရုံဆိုတော့ တစ်ပတ်လောက်ဆိုရပါပြီ၊ အဲ့ဒီအထိတော့ ဒီအရုပ်လေးကို ချင်းယွီနဲ့ အတူထားလိုက်ပါ၊ ရေမစိုအောင်တော့ သတိထားပေးပါ"
အဘွားလီထက် ဦးအောင် ချင်းယွီလေးက အရုပ်ကို ဆွဲယူကာ ရင်ခွင်ထဲ ပိုက်လိုက်သည်။
ကလေးမလေး မျက်လုံးလေးများမှာ ကြယ်ပွင့်များကဲ့သို့ တောက်ပနေပြီး အရုပ်ခေါင်းလေးကို သူမ မေးစေ့ဖြင့် ပွတ်သပ်ကာ ဝမ်သိုက်ကို စိုက်ကြည့်ရင်း
"ကျေးဇူးတင်ပါတယ် မမ၊ ချင်းယွီ သိပ်ကြိုက်တာပဲ၊ အစ်ကိုကြီးကိုလည်း... မှတ်မိပါတယ်၊ ဒါပေမဲ့ မမကို ပိုချစ်တယ်"
သူမ မည်မျှ ချစ်ကြောင်းကို ထပ်လောင်းပြောဆိုရင်း
"ဝက်ဝံရုပ်လေးကို ချစ်တာထက် ပိုချစ်တယ်၊ ဒီအရုပ်လေးကိုချစ်တာထက် မမကို ပိုချစ်တယ်၊ ဘာလို့လဲဆိုတော့ ဒါက မမပေးတာမို့လို့" ဟု ပြောကာ လက်ချောင်းလေးတစ်ခုကို ထောင်ပြလိုက်သည်။
ဝမ်သိုက် မျက်လုံးများ နူးညံ့သွားသော်လည်း ရင်ထဲတွင်မူ အားနာစိတ်က ပိုမိုကြီးထွားလာသည်။
သူမ စိတ်ထဲတွင် 'ငါ တကယ်ပဲ ဒီကလေးမလေးကို လှေကား ထစ်တစ်ခုလို အသုံးချနေတာလား' ဟု နောင်တရမိသော် လည်း ဘဝ၏အနိမ့်ပိုင်းတွင် ရှင်သန်နေရသူ တစ်ဦးအတွက် ဤကဲ့သို့သော အခွင့်အရေးမှာ လက်လွှတ်မခံနိုင်သော ကံကောင်းမှုတစ်ခုသာ ဖြစ်ချေသည်။
ဟင်းအချို့ကို စားသောက်ပြီးနောက် ဝမ်သိုက်မှ "မိတ်ကပ်ပြင်ဦးမယ်" ဟု အကြောင်းပြကာ အိမ်သာသွားရန် အခန်းထဲမှ ထွက်လာခဲ့သည်။
လမ်းတွင် အခန်းဘေးမှ ထွက်လာသော လိုင်ဝမ်ရီနှင့် မျက် နှာချင်းဆိုင် တိုးမိသည်။
နွေဦးရာသီရောက်စဖြစ်၍ လိုင်ဝမ်ရီသည် အနွေးထည်ထူထူများအစား ခပ်မိုက်မိုက် ဂျာကင်တိုနှင့် ဘောင်းဘီရှည်ကို ဝတ်ဆင်ထားသည်။
သူမ၏ ဆံပင်တိုတိုနှင့် ညိုစိမ့်စိမ့် အသားအရည်မှာ တောရိုင်းကျားမလေးတစ်ကောင်ကဲ့သို့ ထက်မြက်သော အလှကို ပေါ်လွင်စေသည်။
"ဝမ်သိုက်... နင်လည်း ဒီမှာလား၊ တိုက်ဆိုင်လိုက်တာ၊ အမေက မိသားစုတွေ ဆုံချင်တယ်ဆိုလို့ လာစားတာ
နိုင်ငံခြားက ပြန်ရောက်လာတဲ့ ငါ့ဝမ်းကွဲအစ်ကိုလည်း ပါတယ်၊ နင်နဲ့ မိတ်ဆက်ပေးရမလား" ဟု လိုင်ဝမ်ရီက ဝမ်သိုက်၏လက်မောင်းကို ဆွဲကာ တက်ကြွစွာ မေးလိုက်သည်။
ဝမ်သိုက် ရယ်ပြလိုက်ပြီး
"တကယ် တိုက်ဆိုင်တာပဲ၊ ငါက အရင်က အလုပ်အပ်ထားတဲ့ သူတွေနဲ့ လာတာပါ၊ ဝမ်းကွဲအစ်ကိုနဲ့ မိတ်ဆက်ပေးဖို့တော့ မလိုပါဘူး၊ ငါက ပညာတတ်လည်း မဟုတ်တော့ သူနဲ့ စကားပြောဖို့ အကြောင်းအရာရှိမှာ မဟုတ်ဘူး"
ထိုစဉ် ဝမ်သိုက် အနောက်ဘက်မှ တံခါးပွင့်လာပြီး လျိုနန် ထွက်လာသည်။
လျိုနန်နှင့် လိုင်ဝမ်ရီတို့မှာ တစ်ဦးနှင့်တစ်ဦး ရင်းနှီးစွာနှုတ် ဆက်ကြသဖြင့် ဂုဏ်သရေရှိ မိသားစုများမှာ အသိုင်းအဝိုင်းတစ်ခုတည်းမှ ဖြစ်ကြောင်း ဝမ်သိုက် နားလည်လိုက်သည်။
လိုင်ဝမ်ရီက ဝမ်သိုက်၏ပခုံးကို ဖက်ထားရင်း လျူနန်ကို ကြည့်ကာ
"အစ်မလျိုနန်၊ ဝမ်သိုက်ကို သိတာလား၊ သူက ကျွန်မတို့ မိသားစုကို အများကြီး ကူညီပေးခဲ့တာ၊ သူက တကယ်ကို တော်တဲ့သူနော်"
လျိုနန် ပြုံးရင်း "အေးပါ၊ ချင်းယွီလေး ကားတိုက်ခံရပြီးနောက်ပိုင်း ပြဿနာတွေ အများကြီး ကြုံခဲ့ရတာလေ၊
သိပ္ပံနည်းကျ မရှင်းပြနိုင်တဲ့ ကိစ္စတွေကို ဒီညီမလေးက ကူညီပေးခဲ့တာ၊ သိပ္ပံပညာရဲ့ အဆုံးသတ်က မမြင်နိုင်တဲ့ စွမ်းအားတွေပဲဆိုတာ အစ်မတော့ အခုမှ ယုံတော့တယ်"
ထို့နောက် လျိုနန် လိုင်ဝမ်ရီကို စနောက်ကာ
"နင်ကလည်း ကိုယ်တိုင်တောင် ချစ်သူမရှိသေးဘဲ သူများကို အောင်သွယ်ပေးချင်နေတာလား"
လိုင်ဝမ်ရီ ရယ်မောရင်း
"ဒါက သီးခြားစီပါအစ်မ၊ ကျွန်မက ဝမ်သိုက်ကို သိပ်ခင်တာ၊ အဲ့ဒါကြောင့် မိသားစုဝင် ဖြစ်စေချင်တာပေါ့
ဒါနဲ့ ဝမ်သိုက်... နင် နင့်ရဲ့အဖော်ကို မကြိုက်ဘူးမလား၊ တကယ်လို့ နင်တို့က ကြိုက်နေကြတယ်ဆိုရင်တော့ ငါ့စကားကို ပြန်ရုပ်သိမ်းပါတယ်"
ဝမ်သိုက်မှာ လူကြီးနှစ်ယောက်ကြားတွင် မျက်နှာပူနေသလို အိမ်သာလည်း သွားချင်နေပြီ ဖြစ်သဖြင့်
"မကြိုက်ပါဘူး၊ ကျွန်မတို့က လုပ်ဖော်ကိုင်ဖက်တွေပါ၊ ခံစားချက်ရှိရင်လည်း ပါတနာစိတ်ဓာတ်ပဲ ရှိတာ၊ ကျွန်မ အိမ်သာ ခဏသွားဦးမယ်နော်" ဟု ပြောကာ အမြန်ထွက်လာခဲ့သည်။
အိမ်သာသွားခဲ့သော ထိုခဏတာအတွင်း ဝမ်သိုက်အတွက် နောက်ထပ် အလုပ်ရှုပ်စရာများ ပေါ်လာခဲ့သည်။
လက်ကောက် ပြန်ယူရမည့် ရက်ရောက်သောအခါ လျိုနန်ဆီမှ စာတစ်စောင် ရောက်လာသည်။
"ချင်းယွီရဲ့အဘွားက သမီးကို သဘောကျနေလို့လေ၊ လူကြီးတွေ ဆိုတာလည်း သိတဲ့အတိုင်းပဲ၊ လူပျိုလူလွတ်တွေ့ရင် အောင်သွယ်ပေးချင်ကြတာ
အဘွားရဲ့အစ်မရဲ့ မြေးတစ်ယောက် ရှိတယ်၊ အဲ့ဒီကလေးက အခု လက်ကောက်လာယူလိမ့်မယ်၊ အားနာပေမဲ့ သူနဲ့ အတူ တူ ထမင်းတစ်နပ်လောက် သွားစားပေးပါလား၊ လူကြီးတွေ မျက်နှာကြောင့်ပါ"
ယတြာခအပြင် အပိုငွေအချို့ကိုပါလျိုနန်က လွှဲပေးထားသဖြင့် ဝမ်သိုက် ငြင်းရခက်သွားသည်။
'ထမင်း အလကားစားရတာပဲ၊ သွားလိုက်ပါမယ်' ဟု တွေးကာ အိမ်တွင် အောင်သွယ်ခံရမည့်သူကို စောင့်နေလိုက်သည်။
မွန်းတည့်ခါနီးတွင် တံခါးခေါက်သံကြားလိုက်ရသည်။ ဝမ်သိုက် တံခါးဖွင့်လိုက်သောအခါ အရပ်ရှည်ရှည်၊ ဆံပင်တိုတိုနှင့် ခံ့ညားသော အမျိုးသားတစ်ဦးကို တွေ့လိုက်ရသည်။
သူသည် ဝတ်စုံပြည့် ဝတ်ဆင်ထားပြီး မျက်နှာထားမှာ တည် ကြည်လွန်းသဖြင့် ရဲစခန်းမှ ဝန်ထမ်းတစ်ဦးက သူမကို ဖမ်းရန် ရောက်လာသကဲ့သို့ ခံစားရသည်။
"မင်္ဂလာပါ၊ ကျွန်တော့်နာမည် ကုချီပါ" ဟု ပြောကာ သူက လက်ဆွဲနှုတ်ဆက်ရန် လက်ကမ်းပေးသည်။
ဝမ်သိုက်ကမူ လက်ပြန်မဆွဲဘဲ လက်ကောက်ဗူးကိုသာ သူ့လက်ထဲ ထည့်ပေးလိုက်သည်။
"မင်္ဂလာပါ၊ ကျွန်မ ဝမ်သိုက်ပါ"
ကုချီသည် သူမကို စိုက်ကြည့်ရင်း အနည်းငယ် အနေခက်သွားပုံရကာ
"ထမင်း မစားရသေးဘူးမလား၊ အတူတူ စားကြမလား" ဟု မေးသည်။
ဝမ်သိုက် ပြုံးပြလိုက်ပြီး
"ရှင်က အဘွားလီ အစ်မရဲ့မြေးမလား၊ သွားကြတာပေါ့" ဟု ပြောကာ ရှေ့မှ ဦးဆောင်ထွက်လာခဲ့သည်။