အခန်း ၄၀
Vol. 4 Ch. 40
Chapter 40
အွန်လိုင်းပေါ်တွင် တွေ့ကတည်းက တစ်ချက်ကြည့်ရုံနှင့် သဘောကျခဲ့သော ဂါဝန်အရှည်လေးကို သူမ ဝတ်ဆင်ထားလေသည်။ နုပျိုသော အက်ပရီကော့ရောင် အောက်ခံနှင့် အပြင်ဘက်မှ ပါးလွှာသော ပိုးသားလေးတို့ ပေါင်းစပ်ထားမှုက တည်ငြိမ်အေးချမ်းသည့် ခံစားချက်ကို ပေးစွမ်းနေပေသည်။
ဝမ်သိုက်သည် ဂါဝန်အနားသတ်ကို ကိုင်ကာ အသာအယာ လှုပ်ယမ်းကြည့်လိုက်ပြီးနောက် ဂါဝန်၏ အငွေ့အသက်နှင့် လုံးဝ လိုက်ဖက်မှုမရှိသည့် သူမ ခြေထောက်မှ ကင်းဗတ် ဖိနပ်ကို ကြည့်ကာ ထုံထိုင်းစွာဖြင့် ငုံ့ကြည့်နေမိသည်။ ဂါဝန်ပဲဝယ်ပြီး ဖိနပ်ဝယ်ဖို့မေ့ခဲ့သည့် အကျိုးဆက်ပင်ဖြစ်တော့ သည်။
အဝတ်အစားများ ထည့်ထားသော အိတ်မှာလည်း ပြန်လည် ပြည့်နှက်နေချေပြီ။ သူမသည် အိတ်ကိုကိုင်ကာ တစ်နေရာတည်းမှာ ရပ်နေပြီး စိတ်ထဲဝေခွဲမရ ဖြစ်နေလေသည်။ ပုံမှန်ဝတ်နေကျ အဝတ်အစားများကိုပြန်လဲပြီး ချန်စစ်ကျယ်နှင့်အတူ နေ့လယ်စာစားကာ လီကျိုးသို့ လေယာဉ်နှင့် ပြန်ရမည်လော။
ထိုသို့ဆိုလျှင် သူမ သုံးလိုက်ရသော ငွေတစ်သိန်းမှာ အလဟ ဿဖြစ်သွားပေလိမ့်မည်။ လီကျိုးသို့ ပြန်ရောက်လျှင်လည်း ဤဂါဝန်သစ်လေးကို ဝတ်ကာ လမ်းလျှောက်ထွက်ရန် စိတ်ကူးရှိတော့ မည်မဟုတ်ချေ။
အိတ်ကြိုးကို ကိုင်ထားသော လက်မှာ တင်းကျပ်သွားပြီး ကျန်ရှိနေသော အချိန်များကို ဝေခွဲမရဖြစ်ရင်း အလဟဿ မဖြုန်းတီးနိုင်ဟု သူမ ဆုံးဖြတ်လိုက်သည်။
ဝမ်သိုက်သည် အိတ်ကို ဆွဲကာ အခန်းတံခါးဝသို့ လျှောက်သွားပြီး အခန်းကတ်ကိုဆွဲထုတ်ကာ ပြတ်သားစွာပင် အပြင်သို့ ထွက်လာခဲ့သည်။ အဆိုးဆုံးဖြစ်လှလျှင် အခုပဲ ဖိနပ်တစ်စုံသွားဝယ်လိုက်မည်။ လေယာဉ်မထွက်ခင် နာရီအနည်းငယ် လိုသေးသဖြင့် လမ်းလျှောက်လည်ရန် အချိန်လုံလောက်ပေသည်။
ကံကြမ္မာက သူမနှင့် ချန်စစ်ကျယ်ကို တစ်ချိန်တည်းမှာ လှုပ်ရှားအောင် စီစဉ်ထားသလားဟ သံသယဖြစ်မိသည်။
တံခါးကို ပိတ်လိုက်ရုံရှိသေး ဘေးခန်းမှ တံခါးပွင့်လာပြီး ထွက်လာသူနှင့် မျက်လုံးချင်းတည့်တည့် ဆုံလေတော့သည်။
ချန်စစ်ကျယ်သည် တံခါးလက်ကိုင်ကို လွှတ်လိုက်ရာ 'ဗုန်း' ဟူသော အသံနှင့်အတူ တံခါးပိတ်သွားသည်။ သူသည် မျက်မှောင်ကြုံ့လိုက်ပြီး ခေါင်းကို အသာနောက်ဆုတ်ကာ ဝမ်သိုက်ကို အကဲခတ်ကြည့်လိုက်သည်။ ထို့နောက် တွန့်ဆုတ်နေသော လေသံဖြင့် ပြောလိုက်လေသည်။
"နင့်ရဲ့... အကြိုက်က တကယ့်ကို ထူးခြားတာပဲ"
ဖောင်းကားနေသော ကျောပိုးအိတ်ကို ပခုံးတစ်ဖက်တွင် လွယ်ထားသဖြင့် လှပအေးချမ်းသော ဂါဝန်လေး၏ ပခုံးသားမှာ အောက်သို့ ဆွဲကျနေပြီး လွင့်ပျံနေသော ဂါဝန်အနားအောက်တွင် ကင်းဗတ်ဖိနပ်ကြီးကို ဝတ်ထားပြန်သည်။
အစပ်အဟပ် လုံးဝမတည့်သော ဝတ်စုံဆင်ယင်မှုဖြစ်သော် လည်း ဝမ်သိုက်၏ပြစ်ချက်မရှိလှသော ရုပ်ရည်ကြောင့် ထူးဆန်းသော အလှတရားတစ်ခုအဖြစ် ပြောင်းလဲသွားရသည်။
လွတ်လပ်ပေါ့ပါးသော အလှမျိုးဖြစ်သော်လည်း တခြားမျက်နှာနှင့်ဆိုလျှင်တော့ ရလဒ်က တော်တော်လေး ကွာခြားသွားပေလိမ့်မည်။ ထို့ကြောင့် ချန်စစ်ကျယ်၏ စကားမှာ နှိမ်ချလိုသော သဘောမပါဝင်ချေ။
ဒါပေမဲ့ ဝမ်သိုက်ကတော့ သူ့စကားကိုလှောင်ပြောင်သံအဖြစ် သတ်မှတ်လိုက်ပြီး နှာခေါင်းတစ်ချက် ရှုံ့လိုက်သည်။ သူ စိုက်ကြည့်နေသဖြင့် စိတ်မသက်မသာဖြစ်မှုကို ဖုံးကွယ်ကာ မေးကို မော့၍ ပြောလိုက်လေသည်။
"ငါက ထူးခြားတာပေါ့၊ နင်ကတော့ ဒါတွေကို ဘယ်နားလည်ပါ့မလဲ၊ လူတောမတိုးတဲ့ အမြီးကုတ်လေး"
ချန်စစ်ကျယ်၏ နှုတ်ခမ်းထောင့်များ အနည်းငယ် တုန်ခါသွားပြီး မျက်ဝန်းထဲမှ အလင်းရောင်များမှာ အေးစက်သွားသည်။ သူ့မျက်နှာကို ရေခဲသေတ္တာထဲထည့်ကာ အေးခဲထားလိုက်ချင်တော့သည်။ သူမကို စကားလှမ်းပြောမိသည်မှာ တကယ့်ကို အပိုအလုပ်ပင်။
သူက ဝမ်သိုက်ကို အဖက်လုပ်ကာ ငြင်းခုံမနေတော့ဘဲ လှောင်ပြုံးတစ်ချက် ပြုံးလိုက်သည်။ ကျောပိုးအိတ်ကို လွယ်ကာ လှည့်ထွက်သွားရင်း မျက်လုံးထောင့်မှနေ၍ သူမကို တစ်ချက်ကြည့်ကာ ပြောလိုက်လေသည်။
"ပြင်ဆင်ပြီးပြီဆိုရင်လည်း သွားရအောင်၊ အရင်ဆုံး အခန်းပြန်အပ်ရမယ်"
သူ့သဘောနှင့်သူ အကုန်စီစဉ်နေမှုကို မကျေနပ်သဖြင့် ဝမ်သိုက် မျက်လုံးပြူးသွားကာ အိတ်ကိုဆွဲပြီး သူ့ဘေးသို့ ပြေးလိုက်သွားသည်။
"ဘာလဲ၊ ရှင်က ဘာလို့ ဒီလို ကိုယ့်သဘောနဲ့ကိုယ် လုပ်နေတာလဲ၊ ကျွန်မက ရှင့်ရဲ့ လုပ်ဖော်ကိုင်ဖက်ပါ၊ ရှင့်ဆီမှာ မွေးထားတဲ့ အိမ်မွေးတိရစ္ဆာန် မဟုတ်ဘူး၊ ရှင် အမိန့်ပေးတိုင်း လိုက်လုပ်ရမယ်လို့ မထင်နဲ့ဦး၊ ကျွန်မလည်း အခန်းအပ်မှာပါ၊ ဒါပေမဲ့ အဲဒီနောက်ပိုင်း ကျွန်မသွားမယ့် လမ်းကြောင်းက ရှင့်နဲ့ မတူဘူး"
မသိလိုက်ဘဲ သူတို့နှစ်ဦး၏ခြေလှမ်းများမှာ ညီသွားကြသည်။ ဓာတ်လှေကားထဲတွင် တခြားသူများ ရှိနေသဖြင့် စကားမပြောဖြစ်ကြဘဲ တစ်ယောက်ကိုတစ်ယောက်လည်း မကြည့်ဖြစ်ကြချေ။
အခန်းအပ်ပြီးနောက် ချန်စစ်ကျယ်သည် ရှေ့မှ ခပ်သွက် သွက် လျှောက်သွားသော အမျိုးသမီးကို ကြည့်လိုက်သည်။ သူမက သူမဝတ်ထားသော ဂါဝန်လေးနှင့် တူလှပေသည်။
လေမတိုက်လျှင်ပင် လွင့်ပျံနေပြီး သူမကိုယ်တိုင်ကလေအဟုန်ကို ဖန်တီးနိုင်သူ ဖြစ်သည်။
အမြဲတမ်း ပူးပေါင်းဆောင်ရွက်တတ်သော လုပ်ဖော်ကိုင်ဖက်တစ်ဦးအနေဖြင့် သူသည် သူမနှင့် အတူလိုက်သွားရန် ဆုံးဖြတ်လိုက်သည်။
သူမနောက်ကို လိုက်သွားသည့် လုပ်ရပ်အတွက် သူ့ဦးနှောက်ထဲတွင် အကြောင်းပြချက်များစွာ ဖန်တီးရင်း ချန်စစ်ကျယ်က သူမနောက်သို့ အပြေးလိုက်ကာ မေးလိုက်လေသည်။
"နင် ဘယ်ကို သွားမလို့လဲ"
ဝမ်သိုက်သည် သူ့ကိုတစ်ချက်ကြည့်ကာ အမှန်အတိုင်းပြောတော့မည့်ဆဲဆဲမှာ စကားကို ပြန်ထိန်းလိုက်သည်။
"ရှင်နဲ့ ဘာဆိုင်လဲ"
အထူးသဖြင့် သူ့ကို အမြီးကုတ်လေးဟု ဆဲထားပြီးမှ ဖိနပ်ဝယ်ဖို့ သွားမည်ဟုပြောရမည်မှာ သိက္ခာကျစရာဟု သူမ ခံစားရသောကြောင့် ဖြစ်ပေသည်။
သို့သော်လည်း ချန်စစ်ကျယ်မှာ ကော်ကပ်နေသည့်အလား ခွာ၍မရဘဲ ဖြစ်နေတော့သည်။
အချိန်ကို တန်ဖိုးထားသော ဝမ်သိုက်သည် အွန်လိုင်းမှ ကားခေါ်လိုက်သည်။ သူမသည် လမ်းဘေးတွင် လက်ပိုက်ကာ ကားစောင့်နေစဉ် ချန်စစ်ကျယ် ဘေးနားသို့ ရောက်လာပြီး လက်နှစ်ဖက်ကို အိတ်ကပ်ထဲထည့်ကာ အတူတူ ရပ်နေလေသည်။
"ရှင် ဘာဖြစ်လို့လဲ"
ဝမ်သိုက် ခေါင်းကို အနည်းငယ် စောင်းကာ သူ့ကို ကြည့်လိုက်သည်။
သူ့ မျက်နှာပြောင်မှုမှာ ဝမ်သိုက်၏ သိမြင်နားလည်မှုကို ထပ်မံကျော်လွန်သွားပြန်သည်၊ သူ့လေသံမှာ အနည်းငယ် တွန့်ဆုတ်နေပြီး မဖြစ်မနေ လိုက်ရသည့်အလား ပြောလာသည်။
"ငါလည်း မင်းနဲ့ လိုက်ခဲ့မယ်၊ လေယာဉ်လက်မှတ်က ပြန်အပ်ရင် ငွေဖြတ်ခံရမှာ၊ ပြီးတော့ ငါလည်း လေဆိပ်မှာ မင်းကိုစောင့်ရင်း စိတ်ပျက်မခံနိုင်ဘူး၊ ဒါကြောင့် မင်းနဲ့ လိုက်ခဲ့ဖို့ ဆုံးဖြတ်လိုက်တာ"
ဝမ်သိုက် လှောင်ရယ် ရယ်လိုက်ပြီး အကြည့်ကိုပြန်လွှဲကာ အခွင့်ကောင်းယူ၍ လက်စားချေလိုက်သည်။
"အကြောင်းပြချက်တွေက များလိုက်တာ၊ ကျွန်မနောက်ကို လိုက်ချင်လို့ပါလို့ ပြောလိုက်ပါလား၊ ရှင် ကျွန်မအပေါ် မဟုတ်တာတွေ ကြံစည်နေတာတော့ မဟုတ်ပါဘူးနော် ချန်စစ်ကျယ်"
သူမက လက်ပိုက်ထားရင်း ပခုံးလေးကို အသာတွန့်ကာ ပြောလိုက်သည်။
ဒီတစ်ခါတော့ ချန်စစ်ကျယ် ပြန်လည် လှောင်ပြုံး ပြုံးလိုက်သည်၊ သူသည် ခေါင်းကို စောင်းကာ သူမကို ရယ်ချင်စရာကောင်းသည့်အလား ကြည့်လိုက်လေသည်။
ထိုစဉ်မှာပင် တစ်ဖက်လမ်းမှ ကြောင်ပိုင်ရှင်တစ်ဦးက ကြိုးဖြင့် ဆွဲလာသော လှပသည့် ကြောင်လေး တစ်ကောင်မှာ လမ်းကူးလာလေသည်။ သူက ထိုကြောင်လေးကို ကြည့်ကာ မေးကို မော့၍ ပြောလိုက်သည်။
"ဟိုက ကြောင်လေးကို တွေ့လား၊ ငါ အဲဒီကြောင်လေးကို မဟုတ်တာ ကြံစည်ရင်တောင် နင့်ကိုတော့ ကြံစည်မှာ မဟုတ်ဘူး"
ကြောင်လေးက လမ်းပေါ်သို့ ခုန်တက်လာသည်။ ဝမ်သိုက်က မျက်ခုံးကို ပင့်လိုက်ပြီး သူမကို တစ်ချက်ကြည့်သွားသော ကြောင်လေးနှင့် ကြောင်ပိုင်ရှင်ကိုကြည့်ကာ ဗြုန်းခနဲ ပြောလိုက်လေသည်။
"ရှင် သူများကြောင်ကို ခိုးမလို့လား၊ အဲဒါက မကောင်းဘူးနော်၊ သူများရဲ့အသည်းကျော်လေးကို လုယူတာမျိုးက မလုပ်သင့်ဘူး၊ ရှင်က ရှေ့နေတစ်ယောက် ဖြစ်နေပြီးတော့"
သူမ၏အသံမှာ မထိန်းဘဲ ကျယ်ကျယ်လောင်လောင် ထွက်သွားသဖြင့် ကြောင်ပိုင်ရှင်၏အကြည့်မှာ ချန်စစ်ကျယ်ပေါ်သို့ ကျရောက်သွားလေသည်။ ထိုသို့သော သံသယအပြည့်နှင့်အကြည့်ဒဏ်ကို သူ မည်မျှပင် တည်ငြိမ်သူဖြစ်ပါစေ မခံစားနိုင်တော့ဘဲ သူ့မျက်နှာမှာ အရှက်ရကာနီရဲသွားတော့ သည်။
ကံကောင်းထောက်မစွာဖြင့် ဝမ်သိုက် ခေါ်ထားသော ကားရောက်လာသဖြင့် သူမ နောက်ခန်းထဲသို့ ဝင်ထိုင်လိုက်သည်။ နောက်တစ်စက္ကန့်မှာပင် ချန်စစ်ကျယ်သည် တည်ငြိမ်နေသည့် အမူအရာကို ဘေးချိတ်ကာ ကားတံခါးကို ဆွဲဖွင့်၍ ဝမ်သိုက်ဘေးတွင် အပြေးအလွှား ဝင်ထိုင်တော့သည်။
သူ အရှက်ရသွားသည်ကို တွေ့ရခဲသဖြင့် ဝမ်သိုက်မှာ ကားမှန်ကို မှီကာ တဟားဟား ရယ်လေတော့သည်။ တစ်ကိုယ်လုံး တုန်နေအောင် ရယ်နေမိပြီး နောက်ဆုံးတွင် အသံပင် မထွက်နိုင်တော့ချေ။ ကားဆရာက ဖုန်းနံပါတ်နောက်ဆုံးလေးလုံးကို နှစ်ခါတိုင်တိုင် မေးပြီးမှ သူမမှာ ခက်ခက်ခဲခဲနှင့် ဖြေလိုက်ရသည်။
ချန်စစ်ကျယ်ကတော့ မျက်နှာပုပ်ပုပ်နှင့် သူမကိုစောင်းကြည့်ကာ ပြောလိုက်သည်။
"မင်း အရမ်းပျော်နေတာလား"
ဝမ်သိုက်သည် ဝမ်းဗိုက်ကိုကိုင်ကာ အမောဖြေလိုက်ပြီး ကားတံခါးနှင့် ထိုင်ခုံကြားတွင် မှီလျက် မျက်ရည်များ ထွက်လာသည်အထိ ရယ်မောထားသော မျက်ဝန်းများဖြင့် သူ့ကို ကြည့်ကာ ခေါင်းငြိမ့်ပြလိုက်သည်။
"ဒါပေါ့၊ ရှင် ကျွန်မကို မယှဉ်နိုင်ဘဲ အရှက်ရနေတာကို မြင်ရတာ တကယ့်ကို အရသာရှိတယ်၊ ကျွန်မ အရမ်းကျေနပ်တယ်"
သူက မောက်မာစွာဖြင့် "ဟွန်း၊ ကလေးဆန်လိုက်တာ" ဟု ပြောလိုက်သည်။
သူမ မျက်ခုံးပင့်ကာ ပြန်ပြောလိုက်သည်။
"ဟား၊ ဒါက ရှင့်ရဲ့ စိတ်ပိုင်းဆိုင်ရာ အနိုင်ယူနည်းလား"
သို့သော် ဝမ်သိုက် အသာစီးရမှုက ကြာရှည်မခံခဲ့ချေ။ ကံကြမ္မာ အလှည့်အပြောင်းတွင် ဘုရားသခင်က တစ်ခါတစ် ရံ မျှတတတ်ပေသည်။
ကားက ဈေးဝယ်စင်တာ ရှေ့တွင် ရပ်လိုက်သောအခါ အရင်ဆင်းသွားသော ချန်စစ်ကျယ်က မျက်ခုံးကိုတွန့်ကာ ဝမ်သိုက်ကို ကြည့်လိုက်သည်၊ ထို့နောက် စင်တာဘက်သို့ မေးငေါ့ပြကာ ပြောလိုက်လေသည်။
"ဈေးဝယ်စင်တာ သွားတာက လည်တာ မဟုတ်ဘူးလို့ နင်ပြောခဲ့တာ မဟုတ်လား၊ အခု ဘာလို့ ထပ်လာပြန်တာလဲ"
"အဲဒါ ရှင့်အလုပ် မဟုတ်ဘူး၊ ကျွန်မမှာ ကိုယ်ပိုင် အစီအစဉ် ရှိတယ်"
ကားပေါ်မှ ဆင်းလာသော ဝမ်သိုက်သည် တံခါးကို ပြန်ပိတ်လိုက်ပြီး သူ့ကို မျက်လုံးချင်းမဆုံဝံ့ဘဲ ရှိနေသည်။ အမှန်တော့ သူမ စိတ်ထဲ လိပ်ပြာမလုံဖြစ်နေခြင်းပင်။