အခန်း ၁၃၅
Vol. 14 Ch. 135
🍏 Chapter 135
ရဲကားမောင်းသူက ကားတံခါးကို ဖွင့်ကာ ဆင်းလာပြီး ခါးကြားက သေနတ်ကို အသာအယာ ပြင်လိုက်သည်။
ချိုက်ချီသည်လည်း လုံခြုံရေးအရာရှိ ယူနီဖောင်းနှင့် တောက်ပသော ရဲတံဆိပ်ကို ဆင်မြန်းလျက် ကားပေါ်မှ ဆင်းလာရာ ထိုမြင်ကွင်းက လူကုန်ကူးသူများ၏ မျက်စိကို ကျိန်းစပ်သွားစေသည်။
"ရဲအရာရှိကြီးတို့... ဘာလို့ ရုတ်တရက်ကြီး ရောက်လာကြတာလဲ ၊ ရွာမှာ ဘာပြဿနာကြီး ဖြစ်လို့လဲ"
အရပ်ရှည်ရှည် အမျိုးသားက မျက်စိမှိတ် ပြုံးရင်း ခေါင်းကို စောင်းကာ မေးသည်။ သူ၏ မထီမဲ့မြင် ပြုမူပုံက လူကို လက်သီးဖြင့် ပြေးထိုးချင်စရာပင်။
ရဲအရာရှိက ချိုက်ချီ၏ရှေ့သို့ တက်ကာ မေးစေ့ကို အနည်းငယ် မြှောက်ရင်း ခပ်အေးအေး ဆိုသည်။
"လာပြီး ဟန်ဆောင်မနေနဲ့၊ မင်းတို့ရွာက လူကုန်ကူးမှု လုပ်လာတာ နှစ်ပေါင်းများစွာ ရှိနေပြီ မဟုတ်လား၊ မင်းတို့ရဲ့ အနောက်မှာ ဘယ်သူရှိနေလဲဆိုတာ ငါတို့တွေ အခု လောလောဆယ် မသိသေးပေမဲ့၊ ဘယ်သူပဲဖြစ်ဖြစ် တစ်ယောက်မှ လွတ်မှာ မဟုတ်ဘူး၊ မင်းတို့ဘာသာ လူတွေကို လွှတ်ပေးမလား၊ ငါတို့တွေကပဲ ရှာရမလား"
အရပ်ရှည်ရှည် အမျိုးသားက သွားကို လျှာဖြင့် သပ်ရင်း ဟိုဟိုဒီဒီ ကြည့်လိုက်ပြီးနောက် မျက်လုံးချင်း ဆုံသည့်အခါတွင်တော့ ပြုံးလျက်ပင် ပြောရှာသည်။
"ရဲအရာရှိကြီး... ခင်ဗျားတို့ ဘာတွေ ပြောနေလဲဆိုတာ ကျွန်တော် တကယ် နားမလည်ဘူး၊ ကျွန်တော်တို့ရွာက လူကုန်ကူးမှု လုပ်တယ်လို့ ဘယ်သူက လာတိုင်တာလဲ၊ ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ၊ လူကုန်ကူးတဲ့သူတွေက ဆင်းရဲတဲ့ တောင်ပေါ်ဒေသတွေမှာပဲ ရှိတာလေ၊ ကျွန်တော် တို့ရွာက မဆင်းရဲပါဘူး၊ ဒါ လီကျိုး နယ်မြေပဲ၊ လီကျိုးမှာ ဒီလိုမျိုး တရားမဝင်တာတွေ လုပ်ရဲပါ့မလား"
ကားတံခါးကို ဖွင့်ကာ ဆင်းလာသော ဝမ်သိုက်က စကားဝိုင်းထဲ ဝင်ပြောလိုက်သည်။
"အန္တရာယ်အများဆုံး နေရာက အလုံခြုံဆုံးနေရာပဲ မဟုတ်လား၊ လီကျိုးမှာ အမိခံရဖို့ အန္တရာယ် များပေမဲ့၊ အကယ်၍ ပိုက်ဆံနဲ့ အာဏာရှိတဲ့ အကာအကွယ် တစ်ခုသာရှာနိုင်ခဲ့ရင်တော့... တကယ်ကို စီးပွားရေးအဆင်ပြေ မှာပေါ့"
ထိုအမျိုးသား နှစ်ယောက်စလုံးက ဝမ်သိုက်ဆီသို့ မသိစိတ်ဖြင့် လှည့်ကြည့်လိုက်ကြသည်။
သူမ၏ဆံပင်များက ဖရိုဖရဲ ဖြစ်နေပြီး ခေါင်းပေါင်းအောက်မှ ဆံစအချို့ ထွက်နေသည်။ ရောင်စုံ ခေါင်းပေါင်းနှင့် ကျေးလက်အဝတ်အစားများက သူမ၏ မိတ်ကပ်ပျက်နေသော မျက်နှာကို ပို၍ ထူးဆန်းသွားစေသည်။
သို့သော် ဤရုပ်သွင်ကို သူတို့ တကယ်မှတ်မိသည်။
အရပ်ပုပု အမျိုးသားက အရပ်ရှည်ရှည် အမျိုးသား၏နံဘေးကို တံတောင်ဖြင့် အသာတို့ကာ စိုးရိမ်တကြီး ကြည့်လိုက်သည်။
“ဒါ... သူတို့ မြေလှန်ရှာနေတဲ့ အမျိုးသမီးမဟုတ်လား၊ အခုတော့ ရဲတွေနဲ့ပါ တစ်ဖွဲ့တည်း ဖြစ်နေပြီ၊ ဘယ်လိုသွားဖမ်းမလဲ၊ ဦးနှောက်မရှိတဲ့သူတောင် သိနိုင်တာက... ဟို 'ကုန်ပစ္စည်းသစ်တွေ' အကုန် ထွက်ပြေးသွားပြီ ဆိုတာပဲ”
ဝမ်သိုက်၏ရုပ်သွင်ကို သေချာ မြင်လိုက်ရသည့်အခါ အရပ်ရှည်ရှည် အမျိုးသား၏အပြုံးမှာ ပျက်သွားတော့သည်။ အခုအချိန်တွင် ဘာဆင်ခြေပေးပေး အသုံးဝင်တော့မည် မဟုတ်ချေ။
ထို့ကြောင့် အနီရောင်ကုတ်ဝတ် အမျိုးသမီး မသိသေးခင်မှာပင် ထိုအမျိုးသားနှစ်ဦးသည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီးနောက် သူမကို ချက်ချင်းရောင်းစားလိုက်ကြ တော့သည်။
"ရဲအရာရှိကြီး... တရားဥပဒေဆိုတာ တကယ်ပဲ မျက်ကွယ်မရှိပါဘူး၊ ခင်ဗျားတို့အားလုံး သိနေမှတော့ ကျွန်တော်တို့လည်း ဖုံးကွယ်မထားတော့ပါဘူး"
အရပ်ရှည်ရှည် အမျိုးသားက သူ့လက်ကို အရပ်ပုပု အမျိုးသား၏ ပုခုံးပေါ်မှ ဖယ်ကာ တည်ငြိမ်သော မျက်နှာဖြင့် အလေးအနက် ဦးညွှတ်လိုက်သည်။
"တောင်းပန်ပါတယ်၊ ကျွန်တော်တို့တွေ လူကုန်ကူးမှုလုပ်ခဲ့တာ မှန်ပါတယ်၊ ဒါပေမဲ့ ကျွန်တော်တို့လည်း အတင်းအဓမ္မ ခိုင်းစေခံရလို့ပါ၊ အဓိက ကြိုးကိုင်သူကဖိကျွမ်း ( အနီရောင် ကုတ်ဝတ် အမျိုးသမီး) ပါ၊ သူမ ခဏနေရင် ရောက်လာပါလိမ့်မယ်"
အရပ်ပုပု အမျိုးသားကလည်း ချက်ချင်း ဝင်ပြောသည်။
"ဟုတ်ပါတယ်၊ ကျွန်တော်တို့က အတင်းအဓမ္မခိုင်းစေခံရတာပါ၊ ဒီရွာက လူကုန်ကူးမှု လုပ်လာတာ ဆယ်စုနှစ်ချီနေပြီ၊ အဓိက အဖွဲ့ဝင်တွေက ကျွန်တော်တို့တွေ မဟုတ်ပါဘူး၊ မလုပ်ဘူးလို့ ငြင်းရင် ကျွန်တော်တို့တွေတင်မကဘဲ အိမ်က မိသားစုနဲ့ ကလေးတွေပါ အသက်အန္တရာယ် ရှိနိုင်လို့ပါ"
သူက သနားစရာကောင်းအောင် ပြောဆိုရင်း လက်ဖြင့် မျက်ရည်သုတ်သလိုမျိုး လုပ်ပြနေသဖြင့် တကယ်လား လိမ်နေတာလား ခွဲခြားရန် ခက်လှသည်။
ထိုအချိန်တွင် ကားတံခါး ဖွင့်ပိတ်သံများ "ဘုန်း... ဘုန်း..." ဟု ထပ်ထွက်လာပြီး ကားထဲမှ ရှောင်ဟွေ့ ဆင်းလာသည်။ သူမ၏ မျက်နှာပေါ်တွင် ဘာခံစားချက်မျှ မရှိဘဲ ဒဏ်ရာများနှင့် သွေးစွန်းနေသော သစ်သားရုပ်ထုတစ်ခုလိုပင် ဖြစ်နေသည်။
သူမ၏လက်ထဲတွင် ၇ နှစ်အရွယ် ရွှမ်ရွှမ်လေး ပါလာပြီး ကလေးမလေး၏ နဖူးပေါ်တွင်လည်း အကြောင်းရင်းမသိရသော ညိုမည်းဒဏ်ရာ ရှိနေသည်။
ဝမ်ဝေ့ဝေ့က ဝမ်သိုက်၏ ဘေးတွင် လာရပ်ပြီး ချန်စစ်ကျယ်ကလည်း တည်ငြိမ်သော ခြေလှမ်းများဖြင့် လျှောက်လာကာ ဝမ်သိုက်၏ အခြားတစ်ဖက်တွင် ရပ်လိုက်သည်။
"ရှင်တို့တွေ တကယ်ကို အရှက်မရှိကြဘူး"
ရှောင်ဟွေ့ အေးစက်စွာ ကဲ့ရဲ့လိုက်သည်။
သူမသည် မထီမဲ့မြင် ပြုသော မျက်လုံးများဖြင့် ရှေ့က အမျိုးသားနှစ်ဦးကို စိုက်ကြည့်သည်။
"ရှင်တို့ သမီးတွေနဲ့ အသက်အရွယ်တူ မိန်းကလေးတွေကို ရှင်တို့ရဲ့ တိရစ္ဆာန်စိတ်နဲ့ စော်ကားခဲ့ ကြတယ်၊ ရှင်တို့ သမီးတွေအရွယ်က မွေးလာတဲ့ ကလေးငယ်လေးတွေကိုပါ ဒီလိုမျိုးစော်ကားခဲ့ကြတယ်၊ ဝန်မခံချင်ဘူးလား..... ဝန်မခံချင်ရင် ကျွန်မတို့လိုမျိုး ရှင်တို့ရဲ့ လက်သီးဒဏ်ကို ခံရမှာပေါ့"
သူမက မိမိကိုယ် မိမိ ညွှန်ပြပြီးနောက်၊ လက်ညှိုးဖြင့် ရွှမ်ရွှမ်နှင့် ဝမ်ဝေ့ဝေ့တို့ကိုပါ ညွှန်ပြသည်။
"ရှင်တို့လို တိရစ္ဆာန်ထက် ယုတ်မာတဲ့ကောင်တွေ ရှေ့မှာ ယောကျ်ား မိန်းမဆိုတာ မရှိတော့ဘူး၊ ကျွန်မ တကယ် သိချင်တယ်၊ ရှင်တို့ ခေါင်းထဲမှာ ဦးနှောက်ကောရှိရဲ့လား၊ ကာမစိတ်ကလွဲလို့ တခြားအရာတွေ တွေးတတ်သေးရဲ့လား"
ရှောင်ဟွေ့က မိမိဘာသာ ပြန်ဖြေရင်း ခေါင်းညိတ်သည်။
"အော်... ရှိတာပေါ့၊ ရှင်တို့ ပိုက်ဆံနဲ့ အာဏာကိုလည်း တွေးတတ်သေးတာပဲ"
အရပ်ရှည်ရှည် အမျိုးသား၏မျက်နှာမှာ ဒေါသကြောင့် တုန်ရီသွားပြီးနောက် သူက ပြန်ပြုံးပြကာ သွားဝါကြီးများကို ဖြဲရင်း ပြောသည်။
"ဒီကလေးမ ဘာတွေ လာပြောနေတာလဲ၊ လူမှားနေပြီ ထင်တယ်၊ ငါတို့တွေက ဒီလိုမျိုး ဘယ်တုန်းကမှ မလုပ်ခဲ့ဖူးပါဘူး..."
ရှောင်ဟွေ့က သူ့ စကားကို ဖြတ်ပြောလိုက်သည်။ သူမသည် ရွှမ်ရွှမ်၏လက်ကို မသိစိတ်ဖြင့် ပိုမို တင်းကျပ်စွာ ဆွဲကိုင်ရင်း ငြင်းဆိုနေသော ထိုအမျိုးသားထံသို့ အနားတိုးသွားကာ အက်ကွဲသော အသံဖြင့် ဟစ်အော်တော့သည်။
"ရှင်တို့ ကျိန်ဆိုရဲလား၊ ရှင်တို့ မလုပ်ခဲ့ဘူးလို့ ကောင်းကင်ကြီးကို တိုင်တည်ပြီး ကျိန်ဆိုရဲလား၊ ကျိန်ဆိုလိုက်လေ၊ အကယ်၍ ရှင်တို့ လုပ်ခဲ့ရင် သေတာထက် ပိုဆိုးတဲ့ ဝေဒနာခံစားရပါစေ၊ ရှင်တို့ မိသားစုတစ်ခုလုံး ဒီလို ဒုက္ခမျိုး ခံစားရပါစေ၊ အဖမ်းခံရတဲ့သူတွေ ခံစားခဲ့ရတဲ့ ဝေဒနာတွေကို ရှင်တို့ အကြိမ်ပေါင်းများစွာ ပြန်ခံစားရပါစေလို့ ကျိန်ဆိုလိုက်စမ်းပါ"
"တစ်ဖက်ကတော့ ဘုရားမှာ အမွှေးတိုင်ထွန်း၊ ပွဲတော်တွေလုပ်ပြီး၊ နောက်တစ်ဖက်မှာတော့ လူကုန်ကူးပြီး သူများမိသားစုတွေကိုဖျက်ဆီးနေကြတယ်..."
ရှောင်ဟွေ့၏မျက်လုံးများ နီရဲလာပြီး စီးကျလာသည်မှာ မျက်ရည်မဟုတ်ဘဲ သွေးများ ဖြစ်နေသလိုပင်။
သူမသည် အခြားလက်တစ်ဖက်ကို တင်းတင်းဆုပ်ကာ တစ်ကိုယ်လုံး တုန်ရီနေတော့သည်။
"ဖမ်းဆီးခံထားရတဲ့သူတွေကိုပါ ရှင်တို့နဲ့အတူ ဘုရားမှာ အမွှေးတိုင်ထွန်းခိုင်းပြီး၊ 'ကျွန်မတို့က ကိုယ့်သဘောနဲ့ကိုယ် နေတာပါ၊ သူတို့မှာ အပြစ်မရှိပါဘူး' လို့ ဘုရားရှေ့မှာ ဒူးထောက်ခိုင်းခဲ့ကြတယ်၊ အဲဒါကို ရှင်တို့ကော ယုံရဲ့လား၊ နတ်ဘုရားတွေကကော ယုံပါ့မလား"