အခန်း ၅၆
Vol. 6 Ch. 56
Chapter 56
ကတ္တရာလမ်းမထက်တွင် ညဦးယံ၏ မှောင်ရိပ်များ ဖုံးလွှမ်းနေသည်။ ကားတစ်စီးသည် လျင်မြန်စွာ မောင်းနှင်သွားပြီးနောက် လေနှင့်အတူ လွင့်ပါလာသော ဖုန်မှုန့်များသည် လမ်းမီးရောင်အောက်တွင် အထင်အသား ပေါ်လွင်နေသည်။
“အိမ်အထိ လိုက်ပို့ပေးတာ ကျေးဇူးတင်ပါတယ် ဦးလေးချန်ရေ၊ ဒီနေ့တော့ တော်တော်လေး အတွေ့အကြုံသစ်တွေ ရခဲ့တယ်၊ ဘိုင့်ဘိုင်”
ဝမ်သိုက်၏ ကြည်လင်ပြတ်သားသော အသံသည် ဟောင်းနွမ်းနေသော တိုက်ခန်းဝန်းအတွင်းရှိ လှုပ်ရှားမှုအာရုံခံမီးများကိုပင် လင်းသွားစေသည်။
ကားတံခါးကို ပိတ်လိုက်ပြီးနောက် သူမသည် တိုက်ခန်းအတွင်းသို့ ဝင်ကာ ကျဉ်းမြောင်းသော လှေကားထစ်များကို တစ်ဆင့်ပြီးတစ်ဆင့် တက်လာခဲ့သည်။ သုံးလွှာသို့ ရောက်ခါနီးတွင် ကြမ်းပြင်ပေါ်၌ ဖိတ်စင်နေသော အနီရောင်ဆေးစက်များက သူမ အာရုံကို ဖမ်းစားလိုက်သည်။
ဝါကျင်ကျင်မီးရောင်အောက်တွင် ထိုအနီရောင်ဆေးစက်များသည် လူသတ်မှုတစ်ခုမှ ထွက်ပေါ်လာသည့် သွေးစက်များနှင့်ပင် တူနေသည်။ အကယ်၍ အနံ့ပြင်းပြင်း ဆေးနံ့သာ မရရှိခဲ့လျှင် ၎င်းကို အိမ်သုတ်ဆေးဟု ဝမ်သိုက် သိရှိနိုင်မည် မဟုတ်ပေ။
သူမ ဆက်တက်လာသည်နှင့်အမျှ ဆေးနံ့မှာ ပိုပြင်းထန်လာသည်။ မူလကပင် ကိုက်ခဲနေသော ဦးခေါင်းမှာ ထိုစူးရှသော အနံ့ကြောင့် ပိုခံရခက်လာကာ ဝမ်သိုက်သည် နံရံကို အသာမှီ၍ရပ်လိုက်ရသည်။ သူမသည် ခေါင်းငုံ့ကာ အော့အန်ရန် ကြိုးစားနေစဉ် နံရံပေါ်တွင် ကပ်ထားသော စက္ကူများကို သတိပြုမိလိုက်သည်။
မီးရောင်အောက်တွင် သူမ မြင်တွေ့လိုက်ရသည်မှာ လက်ရိုက်ဖြင့် ရေးထားသော စာလုံးများ ဖြစ်သည်။
[ကိုယ်ကျင့်တရားပျက်ပြားတဲ့ ၃၀၂၊ တခြားလူရဲ့ အိမ်ထောင်ရေးကို ဖျက်ဆီးတဲ့ အငယ်အနှောင်းလုပ်ရုံတင်မကဘဲ လူတွေကို ကျိန်စာတိုက်သေးတယ်၊ ငါ့ဗိုက်ထဲက ကလေးလေး ဒီလောကကြီးကို မမြင်ရခင်မှာပဲ ထွက်သွားရအောင် သူလုပ်ခဲ့တယ်... ၃၀၂ က လူယုတ်မာ၊ သူက လူသတ်သမားပဲ၊ ငါ့ကလေးကို ပြန်ပေး]
၃၀၂ လား။ ၎င်းမှာ သူမ၏ အခန်းမဟုတ်ပါလား။
အဓိပ္ပာယ်မရှိသော စွပ်စွဲချက်များရေးသားထားသည့် စာရွက်ကြီးများကို ဒုတိယထပ်မှ တတိယထပ်အထိ နံရံများတွင် ကပ်ထားသည်။ ဝမ်သိုက်သည် မျက်မှောင်ကြုတ်ကာ အပေါ်သို့ ဆက်တက်လာခဲ့သည်။
ကြမ်းပြင်ပေါ်မှ အနီရောင်ဆေးများသည် ထူးဆန်းစွာခြောက်ခြားဖွယ်ကောင်းနေသည်။ သူမ၏ အခန်းရှေ့သို့ ရောက်သောအခါ ဝမ်သိုက်မှာ ရယ်ပင်ရယ်ချင်မိတော့သည်။
သူမ၏ တံခါးပေါ်တွင် အနီရောင်ဆေးဖြင့် “လူသတ်ရင် အသက်နဲ့ ပြန်ပေးဆပ်ရမယ်” ဟူသော စာလုံးကြီး လေးလုံးကိုရေးသားထားသည်။ ထိုမျှမကဘဲ စာရွက်အမြောက်အမြားကိုလည်း တံခါးအပြည့် ကပ်ထားသေးသည်။
ဘေးခန်းမှ တံခါးပေါ်သို့ပင် ဆေးစက်အချို့ စင်နေသည်။ ဘေးခန်းတွင် နေထိုင်သော အဘွားအိုမှာ လွန်ခဲ့သော နှစ်အနည်းငယ်ကပင် ကွယ်လွန်သွားခဲ့သဖြင့် ယခုအခါ ထိုအခန်းမှာ အလွတ်ဖြစ်သည်။
ဝမ်သိုက်သည် တံခါးလက်ကိုင်ပေါ်ရှိ ဆေးကို လက်ဖြင့် အသာအယာ တို့ကြည့်လိုက်ရာ စေးကပ်နေဆဲ ဖြစ်သဖြင့် ၎င်းကို မကြာသေးမီကမှ လာရောက်လုပ်ဆောင်သွားခြင်း ဖြစ်ကြောင်း သိလိုက်ရသည်။
ဝမ်သိုက်သည် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်ကာ သူမ၏တံခါးဝမှ ပုံစံပျက်ယွင်းနေမှုကို အေးအေးဆေးဆေးပင် ကြည့်နေမိသည်။
“ဆရာတို့၊ ဒီလိုအခြေအနေမျိုးမှာ ဘယ်သူလုပ်လဲဆိုတာ ကျွန်မကို ပြောပြလို့ရပြီမလား”
ဝမ်သိုက်သည် ကိုယ်လက်မအီမသာ ဖြစ်နေသဖြင့် ဆေးများပေကျံနေသော တံခါးလက်ကိုင်ကို တိုက်ရိုက် မကိုင်ချင်သေးပေ။ သူမသည် လှေကားလက်ရန်းကို မှီကာ အိတ်ထဲမှ တစ်ရှူးကို ထုတ်လိုက်သည်။
သူမ၏ အစောင့်အရှောက်များထံမှ ချက်ချင်းအဖြေမရဘဲ တိတ်ဆိတ်သော ညအချိန်တွင် လှောင်ပြောင်သံတစ်ခုကိုသာ ကြားလိုက်ရသည်။
“မင်းကို အပိုတွေ ဝင်မပါပါနဲ့လို့ ငါတို့ မပြောခဲ့ဘူးလား၊ အခုတော့ အကျိုးပေးပြီမဟုတ်လား၊ ကိုယ့်ရဲ့ ကံကြမ္မာကောင်းတွေကို တခြားလူဆီ တွန်းပို့ပေးလိုက်တော့ ဒီလိုဒုက္ခတွေကို မင်းပဲ ခံရတော့မှာပေါ့”
“ကျောင်းတော်မှာ တွေ့ခဲ့တဲ့ အဲဒီသားအမိကို မင်း မကူညီခဲ့ရင်တောင် သူတို့ရဲ့ ပြဿနာက တစ်နေ့နေ့မှာပြေလည်သွားမှာပဲ၊ သူတို့ ခံစားရမယ့် ဒုက္ခကို မင်းကြားဖြတ်ယူလိုက်တော့ အခု မင်း ခံနေရပြီ မဟုတ်လား”
ဝမ်သိုက်သည် ခေါင်းမာသော မိန်းကလေးတစ်ဦးဖြစ်သည်။ သူမသည် တစ်ရှူးကိုလက်ဖြင့် ပွတ်သပ်ရင်း ခဏမျှ ငြိမ်သက်နေပြီးနောက် စိတ်ထဲမှ ပြန်လည်ဖြေကြားလိုက်သည်။
“ကျွန်မ ခံရလည်း ခံရပါစေပေါ့၊ ကျွန်မ ခံစားခဲ့ရတဲ့ ဒုက္ခတွေက နည်းတာမှ မဟုတ်တာ၊ တစ်ခုတိုးလည်း ကိစ္စမရှိပါဘူး၊ ကျွန်မကတော့ တစ်ကိုယ်တည်းသမားမို့ ပေါ့ပေါ့ပါးပါးပါပဲ”
“ဒါပေမဲ့ အဲဒီသားအမိကတော့ မိသားစုတစ်ခုလေ၊ သူတို့ကြားမှာ ရှိတဲ့ သံယောဇဉ်ကို ကျွန်မ ခံစားမိတယ်၊ ကျွန်မအတွက် မကောင်းမှန်း သိပေမဲ့လည်း ကျွန်မ လုပ်ချင်လို့လုပ်ခဲ့တာပဲ၊ ရလဒ်က ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မ ခံယူဖို့ အသင့်ပါပဲ”
ထိုအခါ နတ်ဘုရားများမှာ ခဏမျှ တိတ်ဆိတ်သွားကြသည်။
ခဏအကြာတွင်
“ခုနစ်လွှာက အခန်း ၇၀၁ မှာ နေတဲ့လူ လုပ်တာ။ ဒီနေ့ မင်းကို အငယ်အနှောင်းလို့ စွပ်စွဲတဲ့ ကောင်လေးရဲ့ အမေပေါ့၊ မင်း ပြောခဲ့သလိုပဲ သူမက ဝဋ်လည်သွားတာ၊ သူမ ကိုယ်ဝန်နှစ်လရှိနေတာ ပျက်သွားပြီ”
နတ်ဘုရားများက အဖြေကိုသာပြောပြပြီးနောက် ရှောင်ထွက်သွားကြသည်။ ဝမ်သိုက်သည် တစ်ရှူးဖြင့် တံခါးလက်ကိုင်ကို အုပ်ကာ အခန်းထဲသို့ အေးအေးဆေးဆေးပင် ဝင်လိုက်သည်။
ဒုက္ခတွေကိုတော့ မနက်ဖြန်ကျမှ ဖြေရှင်းတော့မည်။ သူမ၌ ရှေ့နေ သူငယ်ချင်းကောင်းတစ်ယောက် ရှိနေသည် မဟုတ်ပါလား။
အိပ်ရေးမဝခြင်း၏ရလဒ်မှာ အသံအနည်းငယ် ကြားရုံဖြင့် နိုးလာရခြင်းပင် ဖြစ်သည်။
တံခါးကို လက်ဖြင့် ခေါက်နေခြင်း မဟုတ်ဘဲ လေးလံသော တူဖြင့် ထုနေသကဲ့သို့ အသံများ ထွက်ပေါ်နေသည်။ ဝမ်သိုက်သည် အိပ်ရာထဲတွင် စောင်ကို ခေါင်းမြီးခြုံကာ နားပိတ်ထားသော်လည်း တိုက်ခန်းဟောင်း၏အသံလုံစနစ် မကောင်းမှုကြောင့် အားလုံးကို ကြားနေရသည်။
“လူသတ်သမား.... ထွက်ခဲ့စမ်း၊ လုပ်ရဲရင် ဝန်ခံရဲရမှာပေါ့”
စူးရှသော အမျိုးသမီးအသံသည် နားစည်ကို ခွဲတော့မည့်အတိုင်းပင်။ ဝမ်သိုက်သည် စိတ်မရှည်စွာဖြင့် စောင်ကိုဖယ်ကာ အိမ်သာထဲသို့ သွားလိုက်သည်။ အပြင်ဘက်တွင်တော့ အော်ဟစ်သံများနှင့် တံခါးကို ကန်ကျောက်သံများ ဆက်တိုက်ထွက်ပေါ်နေသည်။
“ထွက်ခဲ့စမ်း၊ ငါ့အစ်မဗိုက်ထဲက ကလေးကိုသတ်တဲ့ ကောင်မ၊ သူများအိမ်ထောင်ရေးကို ဖျက်ဆီးရဲပြီးတော့ အခုကျတော့ ပုန်းနေတာလား”
ဝမ်သိုက်မှာတော့ အေးအေးဆေးဆေးပင် သွားတိုက်မျက်နှာသစ်နေသည်။ သူမ အားလုံး ပြင်ဆင်ပြီးမှ တံခါးရှေ့သို့ လျှောက်လာခဲ့သည်။ သူမသည် ချန်စစ်ကျယ် ထံသို့ ဖုန်းခေါ်လိုက်သည်။
“အလုပ်အသစ်ရပြန်ပြီလား၊ အရေးကြီးလို့လား” ဟု ဖုန်းထဲမှ အသံထွက်လာသည်။
“ဟုတ်တယ်၊ တော်တော်လေး အရေးကြီးတယ်၊ ရှင် ဘယ်လို သိတာလဲ”
“အရေးမကြီးရင် မင်း ငါ့ကို We Chat ကပဲ စာပို့မှာပေါ့၊ ဘာဖြစ်တာလဲ ပြောပြဦး”
အပြင်ဘက်မှ တံခါးထုသံပြင်းပြင်းကြောင့် ဝမ်သိုက်သည် ဖုန်းကို လက်ဖြင့် အုပ်လိုက်ရသည်။
“အခြေအနေက နည်းနည်း ရှုပ်ထွေးတယ်၊ ရှင့်ကို လိပ်စာပို့ပေးမယ်၊ လာတဲ့အခါ လှေကားမှာ သတိထားပြီး တက်ခဲ့နော်၊ ကျွန်မက ၃၀၂ မှာ နေတာ”
သူမ ဖုန်းချလိုက်ပြီးနောက် တံခါးလက်ကိုင်ကို ကိုင်လိုက်သည်။ တံခါးမဖွင့်မီ သူမက အစောင့်အ ရှောက်များကို မေးလိုက်သည်။
“ကျွန်မ အခု တံခါးဖွင့်ရင် ရိုက်ခံရမလား၊ ရိုက်နှက်တာတွေက ကျွန်မနဲ့ မလိုက်ဖက်ဘူးနော်၊ ကျွန်မ အရိုက်ခံရတာကို ဆရာတို့ ကြည့်နေရက်လို့လား”
“မရိုက်ခံရပါဘူး၊ မင်းရဲ့ မျက်နှာလေးကိုပြလိုက်ပါ၊ သနားစရာကောင်းတဲ့ ပုံစံလေး ဖမ်းလိုက်ရင် အပြင်က ယောက်ျားက မင်းကို ရိုက်ဖို့လက်တွန့်သွားလိမ့်မယ်၊ ငါတို့ ကြည့်နေရက်လားဆိုတော့... အရိုက်ခံရမယ့် အချိန်ဆိုရင်တော့ ခံရမှာပဲလေ”
နတ်ဘုရားများ၏အဖြေက အေးစက်လွန်းလှသဖြင့် ဝမ်သိုက် သက်ပြင်းချကာ တံခါးကို ဖွင့်လိုက်သည်။
အပြင်ဘက်ရှိ အမျိုးသားမှာ တံခါးကိုကန်ရန် ပြင်နေစဉ်မှာပင် တံခါးက ရုတ်တရက် ပွင့်သွားပြီး လှပသော မိန်းကလေးတစ်ဦး ထွက်ပေါ်လာသဖြင့် သူ ကြောင်အသွားသည်။
ဝမ်သိုက်၏ပုံစံမှာ အဖြူရောင်နှင်းဆီတစ်ပွင့်ကဲ့သို့ နုနယ်ပြီး မြင့်မြတ်သောအသွင်ရှိသည်။ အပြင်ဘက်ရှိ အခြေအနေနှင့် လုံးဝမလိုက်ဖက်ပေ။
“မနေ့ညက ကျွန်မ ပြန်လာတော့ ကျွန်မရဲ့ တံခါးက ဒီလိုပုံပျက်ပန်းပျက်ဖြစ်နေတာ တွေ့ရတယ်၊ ဒါတွေက ရှင့်တို့လက်ချက်လား၊ ဘာလို့ ဒီလိုလုပ်ရတာလဲ၊ ကျွန်မက အငယ်အနှောင်းဆိုတာ ရှင့်တို့မှာ အထောက်အထား ရှိလို့လား၊ ကျွန်မက လူသတ်သမားဆိုတာကော၊ ကျွန်မ မနေ့က တစ်နေကုန် အိမ်မှာ မရှိဘူးလေ၊ ဘာလို့ ကျွန်မကို ဒီလိုစွပ်စွဲတာလဲ”
ဝမ်သိုက် သနားစရာကောင်းသော အသံဖြင့် မေးလိုက်သည်။
သူမ လက်ထဲတွင် တန်ဖိုးကြီး လက်ကိုင်အိတ်တစ်ခုကို ကိုင်ထားသည်။ အပြင်ဘက်ရှိ အမျိုးသမီးမှာ ထိုအိတ်ကိုမြင်သည်နှင့် မျက်လုံးများ ပြူးသွားသည်။
“ကျွန်မက ရှင့်တို့ ကျွန်မကို သိက္ခာချတာကိုတောင် စိတ်မဆိုးသေးဘူး၊ အခုကျတော့ ရှင့်တို့ကပဲ ကျွန်မကို လာပြီးရန်ရှာနေကြတာလား၊ ဒီတံခါးတွေ နံရံတွေ ပျက်စီးသွားတာက ကျွန်မအတွက် နစ်နာမှုပဲ”
ဝမ်သိုက် မျက်မှောင်လေးကြုတ်ကာ ပြောလိုက်သည်။ ကျန်းလင်းဟု ခေါ်သော ထိုအမျိုးသားမှာ ဝမ်သိုက်ကို ကြည့်ကာ မျက်နှာနီမြန်းသွားပြီး စကားများထစ်ထစ်ငေါ့ငေါ့ ဖြစ်လာသည်။
“ငါ့အစ်မက... မနေ့က မင်းနဲ့ တွေ့ပြီးမှ ကိုယ်ဝန်ပျက်သွားတာလို့ပြောတယ်၊ မနေ့က ငါ့ယောက်ဖက ငါ့အစ်မကို ကွာရှင်းမယ်တောင်လုပ်နေပြီ၊ ငါတို့က မင်းကို သက်သက်မဲ့စွပ်စွဲနေတာ မဟုတ်ပါဘူး၊ ဒါပေမဲ့ မင်းနဲ့တွေ့ပြီးမှ ကလေးပျက်သွားတာက ထူးဆန်းမနေဘူးလား”
“ရှင် သတိမထားမိဘူးလား”
ဝမ်သိုက် မေးလိုက်သည်။
“ကိုယ်ဝန်ပျက်တဲ့ အမျိုးသမီးတိုင်းဟာ ကိုယ်ဝန်မပျက်ခင်မှာ ရေကို သောက်ဖူးကြတယ်၊ လေကို ရှူဖူးကြတယ်၊ ကျွန်မနဲ့လည်းတွေ့ဖူးမှာပဲလေ၊ လေကို ရူတာက ကိုယ်ဝန်ပျက်ကျတာရဲ့ အကြောင်း ရင်းမဟုတ်ဘူး၊ အဲ့လိုပဲ ကျွန်မနဲ့ ဆုံတာနဲ့ ရှင့်အစ်မ ကိုယ်ဝန်ပျက်ကျတာနဲ့ဘာဆိုင်လို့လဲ”
မိုက်မဲသော လူများနှင့် စကားပြောရသည်မှာ ပင်ပန်းလှသဖြင့် ဝမ်သိုက်သည် သူမ၏ ထက်မြက် သော စကားလုံးများဖြင့်သာ တိုက်ခိုက်လိုက်သည်။ သို့သော် ကျန်းလင်းမှာ သူမ ပြောသည်ကို အဟုတ်မှတ်ကာ စဉ်းစားခန်းဝင်သွားသည်။
“မင်း ပြောတာလည်း ဟုတ်သလိုပဲ...”
သူ့အစ်မဖြစ်သူ ကျန်းအိုက်မှာ ဒေါသထွက်သွားပြီး ကျန်းလင်းကို ရိုက်လိုက်သည်။