← Chapters

အခန်း ၉၈

Vol. 10 Ch. 98

အခန်း ၉၈

Vol. 10 Ch. 98

🍏 Chapter 98

စုထိုင်နေကြသော လီမိသားစုဝင်များမှာ အချင်းချင်း မျက်လုံးချင်း ဖလှယ်လိုက်ကြပြီး ခေတ္တမျှ တိုးတိုးတိတ်တိတ် တိုင်ပင်ကြသည်။ ထို့နောက် လီချန်ကျန့်မှာ သူတို့ဘက်သို့ လှည့်လာပြီး ခေါင်းငြိမ့်လျက်

"ကျွန်တော့် မေမေ မဆုံးခင်တုန်းကတော့ ကိုးကွယ်ခဲ့ဖူးပါတယ်၊ မြွေလား မြွေနဂါးလားဆိုတာတော့ ကျွန်တော် သိပ်မသေချာဘူး၊ ကျွန်တော့် ဇနီးက အရင်တုန်းက မေမေ ခိုင်းတာနဲ့ ပူဇော်စရာတွေ သွားဝယ်ပေးရတာ၊ ပြီးတော့ သတ္တဝါတွေကို သွားလွှတ်ပေးရတာတွေ ခဏခဏ လုပ်ခဲ့ဖူးတယ်”

“အဲ့ဒါက ကျွန်တော့် ဖေဖေ တောထဲမှာ ကောက်ရခဲ့တဲ့ မြွေတစ်ကောင်ပါ၊ ငယ်ငယ်က မှတ်ဉာဏ် တွေကတော့ သိပ်မရှင်းတော့ဘူး၊ ဒါပေမဲ့ သူသေသွားတဲ့အခါ မေမေက ဘုရားစင်မှာ ထားပြီး ကိုးကွယ်ခဲ့တာတော့ အမှန်ပဲ"

"ဒါဆိုရင်တော့ ဟုတ်ပါပြီ၊ ဒီညီမလေး အခုလို သေကံကို ကျော်ဖြတ်နိုင်ခဲ့တာက အဲ့ဒီ မြွေနဂါးအရှင် ကူညီလိုက်လို့ပဲ၊ သူက ဒီညီမလေးရဲ့ အသက်ကိုကာကွယ်ပေးခဲ့တာ၊ အကယ်၍ အဲ့ဒီ မြွေနဂါးအရှင်သာမရှိရင် အခုလို အရိုးကျိုးတာနဲ့ အသားနု ပွန်းပဲ့တာလောက်ပဲ ဖြစ်မှာ မဟုတ်ဘူး”

“အခုဝိညာဉ်တွေ နှောင့်ယှက်တာကို မကူညီတာကတော့ ရှင်တို့က သူ့ကို ပူဇော်တာတွေ မလုပ်တော့လို့ပါ၊ သူ ထပ်ပြီးကူညီမယ်ဆိုရင် သူ့ရဲ့ စွမ်းအင်တွေ ကုန်ဆုံးမှာဖြစ်သလို၊ ကံကြမ္မာပိုင်းဆိုင်ရာမှာ ဝင်ရောက်ကူညီတာကလည်း ကံတရားရဲ့ နိယာမကို အနည်းငယ် ဖောက်ဖျက်သလိုဖြစ်နေလို့ပါ"

ဝရံတာဘက်မှ လိုက်ကာများမှာ အကြောင်းရင်းမရှိဘဲ ရုတ်ခြည်း လှုပ်ခတ်သွားသည်။ ပိတ်ထားသော ဝရံတာတံခါးမှာ မရှိသကဲ့သို့ပင် ဖြစ်သွားချေသည်။

သူတို့၏ထိတ်လန့်နေသော မျက်နှာများကို မြင်သောအခါ ဝမ်သိုက်သည် နောက်သို့ တစ်ချက်လှည့်ကြည့်လိုက်ပြီးနောက် သူတို့ဘက်သို့ ပြန်လှည့်ကာ

"ဘာမှ စိတ်မပူပါနဲ့၊ သရဲရှိလို့ မဟုတ်ပါဘူး၊ အဲ့ဒီ မြွေနဂါးအရှင် ဒီမှာရှိနေလို့ပါ၊ ရှင်တို့က သူ့ကို မကိုးကွယ်တာ နှစ်ဆက်လောက်ရှိသွားပြီ မဟုတ်လား၊ အခု တတိယမျိုးဆက်ဖြစ်တဲ့ လီချင်းယွီကျမှ ဒီညီမလေးက ကိုယ်တိုင် ဝိညာဉ်အသိရှိနေတာ”

“မြွေနဂါးအရှင်က သူ့ကို ကူညီပေးတာက သူ့ကိုယ်ပိုင် အစီအစဉ်တွေအတွက်လည်းပါပါတယ်၊ အခု ရှင်တို့က သူ့ရဲ့ တည်ရှိမှုကိုသိသွားပြီဆိုတော့ သူလည်း သူ့ကိုယ် သူ သက်သေပြချင်နေတာ ဧကန်ပါပဲ" ဟု နှစ်သိမ့်ပေးလိုက်သည်။

လှုပ်ခတ်နေသော လိုက်ကာကို ကြောက်ရွံ့နေဆဲဖြစ်သော လျိုနန်မှာ မျက်လုံးကို လွှဲလိုက်ပြီး တိုက်ရိုက် မကြည့်ရဲရှာပေ။

"ဒါဆို အခုက အဲ့ဒီမြွေနဂါးအရှင်ကိုပြန်ပြီး ကိုးကွယ်ရမယ်လို့ ဆိုလိုတာလား၊ ကျွန်မတို့ ပြန်ပြီး ကိုးကွယ်ရင် သူ ကျွန်မ သမီးလေးကို ကာကွယ်ပေးမှာလား၊ သမီးလေး ပြန်ကောင်းလာမှာလား" ဟု မေးမြန်းသည်။

လျိုနန်၏မျက်နှာကို ကြည့်လျက် ဝမ်သိုက်က မကြောက်ရန် မဖျောင်းဖျတော့ဘဲ လိုရင်းကိုသာ ပြောလိုက်သည်။

"ပြန်ပြီး ကိုးကွယ်တာအကောင်းဆုံးပါပဲ၊ ရှင်တို့ မိသားစုတစ်ခုလုံးကို ကာကွယ်ပေးပါလိမ့်မယ်၊ သမီးလေး ပြန်ကောင်းလာဖို့ကတော့ ကျွန်မနဲ့ ကျွန်မရဲ့ အဖော်လုပ်ရမယ့် အလုပ်ပေါ့"

သူမသည် ပေါင်ကိုထောက်လျက် ဆိုဖာပေါ်မှ ထရပ်လိုက်ပြီး အိပ်ပျော်နေသော လီချင်းယွီ ဘေးသို့ သွားသည်။ လီချင်းယွီကို ထူပေးရင်း

"ကျွန်မ အခု သူ့ရဲ့ ပွင့်နေတဲ့ အာရုံတွေကိုပြန်ပိတ်ပေးမယ်၊ သူ့နောက်ကကပ်ပါလာတဲ့ ဝိညာဉ်ဆိုး တွေကိုလည်း အမျှအတန်းပေးပြီးပို့ဆောင်ပေးရမယ်၊ ဒီညီမလေးရဲ့ အသက်စွမ်းအင်က တော်တော်လေး ထိခိုက်သွားတာ”

“ကျွန်မ အင်းစာရွက်တစ်ခုပေးခဲ့ပါ့မယ်၊ လိုအပ်ရင်တော့ အစီရင်ခံထားတဲ့ အဆောင်တစ်ခုခု ဆောင်ထားဖို့ စဉ်းစားသင့်တယ်၊ သူ့အတွက် ငွေ ဒါမှမဟုတ် ကျောက်စိမ်းနဲ့ လုပ်ထားတာက အကောင်းဆုံးပဲ၊ ရွှေတော့ မဝတ်ပါနဲ့၊ သူ့ကို အကျိုးမပေးဘူး"

ဆိုဖာထဲတွင် မြုပ်ဝင်ပြီး ပျင်းရိနေသော ချန်စစ်ကျယ်မှာ နောက်ကျမှလိုက်လာသည်။ ဝမ်သိုက်က လီချင်းယွီကို ထိုင်လျက် အနေအထားဖြစ်အောင် ထူပေးလိုက်သည်နှင့် ချန်စစ်ကျယ်သည် လက်ကွက်များဖော်ကာ ဂါထာမန္တန်များကိုရွတ်ဆိုတော့သည်။ လက်ဖြင့် လီချင်းယွီ၏ကျောပြင်ကို ရိုက်လိုက်သောအသံမှာ ဆိုဖာပေါ်တွင် ထိုင်နေသော သူများကို ထိတ်ခနဲဖြစ်သွားစေချေသည်။

ဝမ်သိုက်သည် ဝိုင်းအုံကြည့်နေသော လူလေးယောက်ကို စောင်းငဲ့ကြည့်လျက် စိုးရိမ်နေသော သူတို့၏မျက်နှာများကို မြင်သောအခါ "ဘာမှ မဖြစ်ပါဘူး၊ သူ မနာပါဘူး၊ ဒါ သူ့ကိုယ်ပေါ်က ဝိညာဉ်တွေကို ရိုက်ထုတ်နေတာပါ၊ ကပ်တွယ်နေတဲ့ ဝိညာဉ်ဆိုးတွေကို မောင်းထုတ်ရမှာ မဟုတ်လား" ဟု ရှင်းပြသည်။

ဝမ်သိုက် ပြောသည့်အတိုင်းပင် ချန်စစ်ကျယ်၏လက်အရှိန်မှာ မနည်းသော်လည်း ဝမ်သိုက် ထူပေးထားသော လီချင်းယွီမှာ ခေါင်းငိုက်စိုက်ကျလျက် မျက်လုံးမှိတ်ထားဆဲဖြစ်ပြီး အသက်ရှူသံမှာ မှန်မှန်ကန်ကန် ရှိနေသည်။

မူလက လီချင်းယွီ၏ခန္ဓာကိုယ်ထဲတွင် စုဝေးနေသော အနက်ရောင် မြူခိုးများမှာ တစ်မျှင်ချင်း ထွက်ပေါ်လာပြီး ပုံသဏ္ဌာန်ဖော်လာကြသည်။ မျက်နှာတွင် အသားမရှိဘဲ အရိုးပေါ်နေသော ဝိညာဉ်များမှာ ထိုအထဲတွင် သာမန်မျှသာ။

အချို့ဆိုလျှင် လည်ပင်း၌ ခေါင်းတစ်ဝက်သာ ရှိပြီး ကျန်တစ်ဝက်ကို လက်ထဲတွင် ဖရဲသီးစိတ်ကဲ့သို့ ပိုက်ထားကြသည်။ ခြေထောက်မပါသော ဝိညာဉ်များမှာ လေထဲတွင် လွင့်မျောနေပြီး လက်ထဲမှ ခြေထောက်တစ်ဖက်ကိုပြတ်နေသော နေရာသို့ အတင်း ထိုးထည့်နေကြသည်။

ဝမ်သိုက်က အစောင့်အရှောက်များကို ထိုဝိညာဉ်များကို အရင် ဖမ်းချုပ်ရန်ခိုင်းလိုက်သည့် ခဏ၌ မီးလောင်ထားသော လူမျက်နှာတစ်ခုမှာ သူမ မျက်စိရှေ့သို့ ရုတ်ခြည်း ရောက်လာသည်။

မျက်နှာပေါ်ရှိ အရေပြားများမှာ မည်းတူးနေပြီး မျက်လုံးများမှာ တစ်ဝက်ခန့် အပြင်သို့ ပြူးထွက်နေသည်။ နှာခေါင်းမရှိသော နေရာတွင် အမည်းရောင် အပေါက်ကြီးသာကျန်တော့သည်။

နှုတ်ခမ်းသားများ ပျောက်ဆုံးနေပြီး သွားဖုံးများသာ ကျန်ရှိသဖြင့် ဖြူဖွေးနေသော သွားများမှာ ထိုမည်းမှောင်နေသော မျက်နှာပေါ်တွင် အထင်ရှားဆုံးဖြစ်နေချေသည်။

ဝမ်သိုက်မှာ ခေတ္တမျှ အသက်ရှူရပ်သွားပြီး ရင်ခုန်သံကို ထိန်းချုပ်ကာ ဘေးမှ လျိုနန်ကို ကြည့်လျက် "လာ... ရှင် ခဏလောက် ထူပေးထားပါ" ဟု ပြောလိုက်ရသည်။

လီချင်းယွီကို လျိုနန်လက်ထဲ အပ်လိုက်ပြီးနောက် သူမသည် ကုတင်ပေါ်တွင် ဒူးထောက်ထားသော ခြေတစ်ဖက်ကိုပြန်ချကာ ကြမ်းပြင်ပေါ်တွင် မတ်တပ်ရပ်လိုက်သည်။ ပါးစပ်မှလည်း လျှို့ဝှက်သော ဘာသာစကားများကို တိုးတိုးရွတ်ဆိုလျက် ထိုဝိညာဉ်များကို ကိုယ်တိုင်လက်ဖြင့် လုံးထွေးကာ အစောင့်အရှောက်များထံသို့ ပစ်ပေးလိုက်သည်။

ညည်းတွားသံများနှင့် စူးရှသော အော်ဟစ်သံများမှာ ဝမ်သိုက်နှင့် ချန်စစ်ကျယ်တို့နားထဲတွင်သာ မြည်ဟည်းနေသဖြင့် ထိုနှစ်ယောက်စလုံး၏မျက်ခုံးများမှာ တွန့်ချိုးနေကြသည်။ အထူးသဖြင့် ခြောက်လှန့်ခြင်း ခံလိုက်ရသော ဝမ်သိုက် မျက်နှာမှာ အနည်းငယ် ပုပ်သိုးနေချေသည်။

လီချင်းယွီ၏ကိုယ်ပေါ်မှ ဝိညာဉ်ဆိုးများကို ရှင်းလင်းပြီးနောက် ဝမ်သိုက်သည် သူမ လွယ်အိတ်ထဲမှ အနီရောင် ပိတ်စတစ်စနှင့် ဒင်္ဂါးပြားတစ်ခုကိုထုတ်လိုက်သည်။

လက်ချောင်းများကို ဓားသဏ္ဌာန် ပြုကာ ဒင်္ဂါးပြားပေါ်တွင် လျင်မြန်စွာ ရေးခြစ်လိုက်ပြီးနောက် ဒင်္ဂါးပြားကို အနီရောင်ပိတ်စဖြင့် တြိဂံပုံစံထုပ်လိုက်သည်။ အင်းထုပ်လေးကို ပလတ်စတစ်အိတ်ဖြင့် ထပ်မံထည့်ပြီးမှ လီချင်းယွီ၏ခေါင်းအုံးအောက်သို့ ထည့်ပေးလိုက်သည်။

သူမသည် ခေါင်းအုံးကို ပြန်ပြင်ပေးပြီး လီချင်းယွီအားထူထားဆဲဖြစ်သော လျိုနန်အား ကြည့်ကာ

"သူ့ကို ပြန်သိပ်လို့ရပါပြီ၊ ကျွန်မ ထည့်ပေးထားတာက အင်းပါ၊ အသက်စွမ်းအင်ကိုဖြည့်ပေးတာ၊ ဒါက အချိန်တစ်ခုတော့ပေးရမယ်၊ အနည်းဆုံး တစ်နှစ်၊ အများဆုံး သုံးနှစ်ပေါ့၊ နောက်မှ ရလဒ်ကို ကြည့်ကြတာပေါ့"

ဝမ်သိုက် လွယ်အိတ်ဇစ်ကို ပြန်ပိတ်ရန် ပြင်နေစဉ် လီချန်ကျန့်က ရုတ်တရက်ဆိုသလို

"မေးပါရစေဦး၊ အစောက ပြောခဲ့တဲ့ ငွေ ဒါမှမဟုတ် ကျောက်စိမ်း အဆောင်များ ရှိပါသလား၊ အကယ်၍ ရှိတယ်ဆိုရင် ရှင်တို့ဆီကပဲ တိုက်ရိုက်ဝယ်ချင်ပါတယ်" ဟု ခဏခဏ ရပ်လျက် တောင်းပန်သော မျက်လုံးများဖြင့် မေးလာသည်။

ထိုစဉ် လူမမာပုံစံဖြစ်နေသော တစ်ယောက်မှာ မျက်လုံးဖွင့်၍ သူမကိုလှမ်းကြည့်လာသည်။ ဝမ်သိုက်သည် ကုတင်တစ်ဖက်မှ ချန်စစ်ကျယ်ကို တစ်ချက် ကြည့်လိုက်ပြီးမှ လီချန်ကျန့်ဘက်သို့ လှည့်ကာ အားနာသော လေသံဖြင့်

"ကျွန်မဆီမှာ ရှိတော့ ရှိပါတယ်၊ ငွေအစစ်နဲ့လုပ်ထားတဲ့ လက်ကောက်မျိုးပေါ့၊ ဒါပေမဲ့ ဒီကလေးမလေးအတွက်ကတော့ ကျောက်စိမ်းဝတ်တာ အကောင်းဆုံးပဲ၊ ကျောက်စိမ်းက သူ့ကို ပိုပြီး အကျိုးပြုတယ်”

“အရည်အသွေးကောင်းတဲ့ ဟော့ထန်ကျောက်စိမ်း ဒါမှမဟုတ် ဖက်စပ်ကျောက်စိမ်းမျိုးပေါ့၊ အဲ့ဒါမျိုးတော့ ကျွန်မဆီမှာမရှိဘူး၊ ငွေကြေး အခက်အပိုင်းလည်းရှိသလို လက်ကောက်ဆိုဒ်ကိုလည်း အတတ်မပြောနိုင်လို့ပါ"

ငွေလက်ကောက်ဆိုလျှင် ဆိုဒ်အနိမ့်အမြင့်လုပ်၍ ရသဖြင့် ရောင်းရလွယ်သော်လည်း ကျောက်စိမ်းလက်ကောက်မှာမူ ဝယ်သူနှင့် ကွက်တိမကျပါက သူမ၏ငွေများ အလဟဿ ဖြစ်သွားနိုင်ပေသည်။

ကုတင်ပေါ်တွင် အိပ်မောကျနေသော လီချင်းယွီမှာ ဝိညာဉ်ဆိုးများ၏နှောင့်ယှက်မှု မရှိတော့သဖြင့် စောင်ထဲတွင် ကိုယ်ကို တစ်ဖက်သို့လှည့်လိုက်သည်။ သေးသွယ်သော လက်လေးကို ဆန့်ထုတ်ကာ ကုတင်ခေါင်းရင်းမှ အရုပ်ဝက်ဝံလေး၏အနားသတ်ကို ဆုပ်ကိုင်ထားရှာသည်။

လီချင်းယွီ၏အေးချမ်းသော အိပ်ပျော်နေဟန်ကို ကြည့်လျက် စကားနည်းသော အမျိုးသမီးကြီး မျက်လုံးများမှာ နူးညံ့သွားသည်။ သူမသည် မိမိလက်ကောက်ဝတ်မှ ဖက်စပ်ကျောက်စိမ်း လက်ကောက်ကို ပွတ်သပ်ရင်း ဝမ်သိုက်ကိုကြည့်ကာ

"ဒါဆိုရင် ကျွန်မ ချင်းယွီအတွက် လက်ကောက်တစ်ကွင်း သွားအပ်လိုက်မယ်၊ အဲ့ဒီလက်ကောက် ပြီးသွားရင် ရှင့်ဆီမှာ အစီရင်လုပ်တာမျိုးလုပ်ပေးလို့ ရမလား" ဟု မေးသည်။

"ရပါတယ်၊ ကျွန်မ တစ်ယောက်တည်းမှ မဟုတ်တာ"

ဝမ်သိုက် မေးစေ့ကို အသာမော့ကာ တစ်ဖက်တွင် ငြိမ်ရပ်နေသော ချန်စစ်ကျယ်ကို ညွှန်ပြလိုက်သည်။ သူမသည် လီမိသားစုဝင်များဘက်သို့ လှည့်လျက် ပါးချိုင့်လေးများ ပေါ်အောင် ပြုံးပြကာ "သူ့ကို ခိုင်းလည်း ရပါတယ်၊ သူလည်း လုပ်တတ်တယ်"

မျက်ခွံများ ပြန်၍ တွဲကျနေသော ချန်စစ်ကျယ်ကမူ ချက်ချင်းငြင်းလိုက်သည်။

"ငါ့မှာ အချိန်မရှိဘူး၊ မင်းပဲ လုပ်လိုက်၊ ငါ့ အလုပ်က ဘာလဲဆိုတာ မမေ့နဲ့ဦး"

ဝမ်သိုက်မှာ ချန်စစ်ကျယ်ကို အလုပ်လေး ဘာလေးဝေမျှပေးချင်သော်လည်း သူ သတိပေးလိုက်မှ ရုတ်တရက် သတိရသွားသည်။

ဒီလူက ရှေ့နေ တစ်ယောက်ဖြစ်သည်။ ၎င်းပြင် အကြံပေးခကို တစ်နာရီရှစ်ထောင်နှုန်းဖြင့် တွက်ချက်သော ရှေ့နေမျိုးဖြစ်ချေသည်။

All Chapters