အခန်း ၁၄၃
Vol. 15 Ch. 143
🍏 Chapter 143
ဝမ်သိုက် နှုတ်ကနေ ထုတ်မပြောသော်လည်း သူမ စိတ်ကူးကို အစောင့်အရှောက်များက ကောင်းကောင်း နားလည်ကြသည်။
တိတ်ဆိတ်ခြင်းသည် အကောင်းဆုံးသော တုံ့ပြန်မှုဖြစ်ပြီး တစ်ခုတည်းသော တုံ့ပြန်မှုလည်း ဖြစ်သည်။
ဘဝအကြောင်းကို တွေးတောနေခြင်းမှာ အကြာကြီး မခံလိုက်ချေ။ နောက်ထပ် စစ်ဆေးမေးမြန်းခန်း ထဲသို့ ခေါ်ဆောင်ခြင်း ခံရသူများမှာ ဝမ်သိုက်နှင့် ဝမ်ဝေ့ဝေ့တို့ ဖြစ်ကြသည်။ ချန်စစ်ကျယ်ကတော့ ဝမ်သိုက်၏တောင်းဆိုချက်အရ လူလာကြိုပေးသည့် ဒရိုင်ဘာတစ်ဦးသာ ဖြစ်သဖြင့် စစ်ဆေးမေးမြန်း ခန်းထဲဝင်ပြီး နေရာလုနေရန် မလိုအပ်ချေ။
သူမနှင့် စပ်တူလုပ်ငန်းစာချုပ်ချုပ်ဆိုပြီး ပါတာနာ ဖြစ်လာကတည်းက သူသည် အရင်တုန်းက မိမိမျက်စိအစွန်းဖြင့်ပင် လှည့်မကြည့်ခဲ့သော ကမ္ဘာလောကကြီးထဲသို့ ခဏခဏဆွဲသွင်းခြင်း ခံနေရသည်။
ချန်စစ်ကျယ်သည် စောင့်ဆိုင်းခုံပေါ်တွင် ထိုင်နေပြီး အနောက်တိုင်းဘောင်းဘီအောက်က ခြေထောက်ရှည်ကြီးများကို ချိတ်ထားရာ တောက်ပလှသော လက်လုပ်သားရေဖိနပ် ပေါ်သို့ အလင်းရောင်များ ဖြာကျနေသည်။
သူသည် ရင်ဘတ်ပေါ်တွင် လက်နှစ်ဖက်ကို ပိုက်ထားပြီး မေးစေ့ကို အနည်းငယ်ငုံ့ကာ မျက်ဝန်းထဲတွင် အတွေးများနက်ရှိုင်းနေသည်။
အရင်တုန်းက သူသည် ယခု အလုပ်များကို ဘယ်လိုသဘောထားခဲ့သနည်း။ အားလပ်ချိန်လေးများတွင် ကုသိုလ်ဖြစ် အနည်းငယ် လုပ်ပေးတတ်ပြီး တစ်လကို အလုပ်နှစ်ခုလောက် လက်ခံလျှင်ပင် အလွန်များလှပြီဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် သူ့ ရှေ့နေ အကြံပေးခမှာ တစ်နာရီလျှင် ယွမ် ၈,၀၀၀ ဖြစ်သဖြင့် အချိန်ကုန် လူပင်ပန်းရသောယတြာခြေခြင်း၊ ကံကြမ္မာဟောခြင်း အလုပ်များကို သူ လုံးဝအထင်မကြီးခဲ့ချေ။
အိတ်ကပ်ထဲကနေ ဖုန်းကို ထုတ်ပြီး ဆရာဖြစ်သူနှင့် ပြောထားသော Chat Box ကို ဖွင့်လိုက်ရာ နောက်ဆုံးစာမှာ ဆရာ့ထံမှ ပို့ထားခြင်း ဖြစ်သည်။
【နဂိုကတော့ ပိုက်ဆံလွှဲတာကလွဲရင် စာတစ်စောင်မှ မပို့တဲ့ကောင်က... အခုကြည့်ရသလောက် မင်းရဲ့ ပါတနာအသစ်က တကယ်ကို ထူးခြားပုံရတယ်, မင်းကို စည်းရုံးနိုင်ရုံတင်မကဘူး၊ မင်းကိုယ်တိုင်က ငါ့ဆီကို အကူအညီတောင်းဖို့ လာပြောနေရတယ်လို့၊ ဒါမှမဟုတ် မင်းကိုယ်တိုင်ရဲ့ ရင်ထဲမှာလည်း စူးစမ်းလိုစိတ်ရှိနေတာလား၊ သူမ မက်တဲ့ အိပ်မက်ရဲ့ အကြောင်းအရာတွေကို မင်း ရင်းနှီးနေတယ် မဟုတ်လား၊ ငါထင်တာတော့ မင်း... အဖြေရဲ့ အစအနအချို့ကို ရှာတွေ့နေပြီ ထင်တယ်】
သူ ဖုန်းကို ပြန်သိမ်းရန် ပြင်လိုက်စဉ်မှာပင် မြေပြင်ကိုပင် တုန်ခါသွားစေမည့်အလား ပြင်းထန်ပြီး အလျင်စလိုဖြစ်သော ခြေသံကြီးများက နားထဲသို့ တိုးဝင်လာသည်။
မျက်ခုံးကို မော့ကြည့်လိုက်ရာ ရွှံ့များ ပေကျံနေသော စစ်သုံးဖိနပ်စုတ်ကြီးကို အရင်ဆုံး မြင်လိုက်ရသည်။ အပေါ်သို့ ဆက်ကြည့်လိုက်သည့်အခါ ဂျင်းဘောင်းဘီအနက်ရောင်ကို တွေ့ရပြီး တုတ်ခိုင်လှသော ခြေထောက်ကြီး လေးချောင်းမှာ အိမ်သာထဲက မုန်လာဥကြီးများအလားပင်။
ရဲစခန်းတံခါးဝတွင် မောဟိုက်ကာ ရပ်နေသော အန်တီကြီးသည် ကိုယ်ပေါ်က အဝတ်အစားများ သန့်ရှင်းသပ်ရပ်ပြီး အပြင်ထွက်၍ လူတောတိုးနိုင်သော အနေအထားမျိုး ရှိသော်လည်း အဝတ်ပေါ်က တွန့်ကြေမှုများမှာ အလွန် များပြားလှသည်။ ဘီဒိုထဲတွင် နှစ်အတော်ကြာ သိမ်းဆည်းထားပြီး မဝတ်ဖြစ်ဘဲ အခုမှ ထုတ်ဝတ်လာခြင်း ဖြစ်ကာ မီးပူလည်း တိုက်မထားမှန်း သိသာလှသည်။
သူမဘေးက ဦးလေးကြီး၏ဝတ်စုံမှာလည်း သူမနှင့် ပုံစံတူဖြစ်ပြီး အပေါ်အင်္ကျီ အရောင်သာ ကွဲပြားသည်။
လက်ထဲတွင် အနက်ရောင်ကျောပိုးအိတ်တစ်လုံးကို ကိုင်ထားသော အန်တီကြီးသည် အထဲသို့ မဝင်ရဲဘဲ တုံ့ဆိုင်းနေရှာသည်။ အထဲက ရဲများကလည်း ကိုယ့်အလုပ်နှင့်ကိုယ် အလုပ်ရှုပ်နေကြသဖြင့် သူမကို လှည့်မကြည့်နိုင်ကြချေ။
နောက်ဆုံးတွင်တော့ ချန်စစ်ကျယ်သည် ထိုအန်တီကြီး ရွေးချယ်လိုက်သော ကံကောင်းသည့် အဓိကလူ ဖြစ်လာတော့သည်။
သူမသည် အနက်ရောင်ကျောပိုးအိတ်ကို ကိုင်ကာ ချန်စစ်ကျယ်၏ရှေ့သို့ လျှောက်လာပြီး ခန့်ညားလှသော ထိုအမျိုးသား၏မျက်နှာကို ကြောက်ရွံ့စွာဖြင့် တစ်ချက်စိုက်ကြည့်ရင်း အိတ်ကို ရှေ့သို့ ကမ်းပေးလိုက်သည်။ သူမ ဤအမျိုးသားကိုမှတ်မိသည်။ ရွာထဲက ထွက်လာတုန်းက ဟိုမိန်းကလေးရဲ့ ဘေးမှာ ရှိနေတဲ့ လူပဲဖြစ်သည်။
“ဒါ... ဒါက ဟိုသမီးလေးရဲ့ အိတ်ပါ”
လျှာမလိပ်သွားအောင် အတင်းထိန်းပြီး အန်တီကြီး စကားစလိုက်သည်။ ချန်စစ်ကျယ်က အိတ်ကို လှမ်းမယူဘဲ မိမိကိုသာ စိုက်ကြည့်နေသဖြင့် သူမသည် အိတ်ကို သူ့ကိုယ်ပေါ်သို့ အတင်းပစ်တင်ပြီး ထွက်ပြေးချင်စိတ် ပေါက်သွားတော့သည်။
သို့သော် ယခု သူတို့ရောက်နေသည်မှာ ရဲစခန်းကြီး ဖြစ်နေသည်မဟုတ်ပါလား။
အကယ်၍ ထိုလူက သူမကို တိုင်ချင်လို့ရဲတွေကို တစ်ချက်လှမ်းအော်လိုက်ရင် လမ်းခုလတ်မှာတင် ရဲတွေရဲ့ ဖမ်းဆီးခြင်းကို ခံရမှာ သေချာသည်။
အန်တီကြီးနှင့် ဦးလေးကြီးတို့ မိမိတို့၏အနာဂတ်အတွက် စိတ်မကောင်းဖြစ်ကာ ဆုတောင်းနေစဉ်တွင် ချန်စစ်ကျယ်သည် နောက်ဆုံးတွင်တော့ လက်မောင်းကို လှုပ်ရှားကာ အိတ်ကို လှမ်းယူလိုက်သည်။ သို့သော် တစ်ချိန်တည်းမှာပင် သူ့ ပါးစပ်ကလည်း ပွင့်လာတော့သည်။
ဝမ်သိုက် စစ်ဆေးမေးမြန်းခန်းထဲက ထွက်လာသည့်အချိန်တွင် မိုးကောင်းကင်၌ နံနက်ခင်း၏ အလင်းရောင် လုံးဝ မရှိတော့ဘဲ ညနက်ပိုင်းသို့ ရောက်ရှိနေပြီ ဖြစ်သည်။
အာခေါင်များ ခြောက်ကပ်နေသော ဝမ်သိုက်သည် ရဲအရာရှိတစ်ဦး ကမ်းပေးသော ရေခွက်ကို လှမ်းယူကာ တစ်ကျိုက်တည်းဖြင့် ကုန်အောင် သောက်လိုက်သည်။ ထို့နောက် စက္ကူခွက်ကို အမှိုက်ပုံးထဲသို့ ပစ်လိုက်ရင်း ပြုံးကာ ယဉ်ကျေးစွာဖြင့် “ကျေးဇူးတင်ပါတယ်” ဟု ဆိုလိုက်သည်။
သို့သော် သူမ သန်းခေါင်ယံအချိန်က ပို့ထားခဲ့သော မိတ်ကပ်အဖွေးသားပုံကြီးမှာ ရဲစခန်းတစ်ခုလုံးတွင် ကျော်ကြားလှသော သမိုင်းဝင်အမည်းစက်ကြီးဖြစ်သွားပုံရသည်။
မြို့ပေါ်က အမှုကြီးတစ်ခုမှာ အခုလိုမျိုး တိုးတက်မှု အကြီးအကျယ်ရရှိသွားသဖြင့် ထိုရဲအရာရှိလည်း စိတ်လက်ပေါ့ပါးစွာဖြင့် နောက်ပြောင်တော့သည်။
“မိတ်ကပ်ပညာက တကယ်ကို မှော်အတတ်ပဲလို့ လူတွေပြောကြတာ မထူးဆန်းပါဘူး၊ ကျွန်တော်လည်း ခင်ဗျားရဲ့ အခုပုံစံနဲ့ ချိုက်ချီဖုန်းထဲက ဓာတ်ပုံထဲကလူကို ဘယ်လိုမှ ဆက်စပ်လို့မရဘူးဖြစ်နေတယ်”
ဆက်စပ်လို့ မရရင်လည်း မေ့ပစ်လိုက်ပါတော့လား။ အတိတ်ကိုလေထဲ လွှင့်ပစ်လိုက်ကြရအောင်လေ။
ဝမ်သိုက်သည် ရင်ထဲတွင် ငိုနေသော်လည်း မျက်နှာတွင်တော့ ပြုံးလျက် “ဟုတ်ပါ့ရှင်၊ ဟုတ်ပါရဲ့” ဟု ပြီးစလွယ် ပြန်ဖြေလိုက်သည်။ ထို့နောက် တစ်နေ့လုံး အစာမရှိဘဲ စစ်ဆေးမေးမြန်းခန်းထဲတွင် တဂြုတ်ဂြုတ် မြည်နေသော မိမိဝမ်းဗိုက်ကို ဖိကာ မိမိကိုစောင့်နေဆဲဖြစ်သော ချန်စစ်ကျယ်၏ ရှေ့သို့ အပြေးအလွှား သွားလိုက်တော့သည်။
“ရှင် စောင့်နေတုန်းပဲလား၊ ကျွန်မက ရှင် ပြန်သွားပြီထင်တာ၊ ရှင်ပြောတာ မှန်တယ်၊ ရှင့်မှာ တကယ်ပဲ ပါတနာစိတ်ဓာတ်ရှိတာပဲ၊ ဒါဆို လူကောင်းကြီးလုပ်လက်စနဲ့ တစ်ခါတည်း ကျွန်မကို ညစာပါ လိုက်ကျွေးပါလား၊ အမြန်သွားပြီး စောစောအိမ်ပြန်ကြရအောင်”
သူ့ကို မိမိဘက်ကနေ အရင်ဆုံးဖိတ်ခေါ်ရခြင်းမှာ ဝမ်သိုက်အတွက် အလွန် အရှက်ရစရာ ကောင်းလှသည်။ အဘယ်ကြောင့်ဆိုသော် ထိုပါးစပ်သရမ်းလှသော လူယုတ်မာက ဘာပြောဦးမည်ကို သူမ ကြိုတင် ခန့်မှန်းနိုင်သောကြောင့်ပင်။ သေချာပေါက် သူမ မိမိကို သဘောကျနေပြီး အကြံအဖန် လုပ်ချင်နေတာပါဆိုပြီး တံဆိပ ကပ်ဦးမည် ဖြစ်သည်။
ထို့ကြောင့် မိမိကိုယ် မိမိ ဉာဏ်ကောင်းလှသည်ဟု ထင်သော ဝမ်သိုက်သည် “ဆန်းဒဝစ် စကားပြောနည်း” (အဓိကအချက်ကို အရှေ့အနောက် ညှပ်ပြောခြင်း) ကိုအသုံးပြုကာ စကားလုံးများကို အတင်း ဖိသိပ်၍ ပြောလိုက်ခြင်းဖြစ်သည်။
သို့သော် ရှေ့နေတစ်ယောက်၏အကောင်းဆုံး စွမ်းရည်က ဘာလဲ။ ချန်စစ်ကျယ်ကဲ့သို့သော ထိပ်တန်းရှေ့နေတစ်ဦးတွင် မည်သည့် ကြောက်မက်ဖွယ် ပါးနပ်မှုမျိုးရှိသနည်း။
တရားခွင်တွင် ငြင်းခုံသည့်အခါ ရှေ့နေများသည် အလွန်တိုတောင်းသော အချိန်အတွင်း တစ်ဖက်ရှေ့နေ၏ စကားအမှား သို့မဟုတ် ဟာကွက်ကို ရှာဖွေပြီး ချက်ချင်းတိုက်ခိုက်ချေပရစမြဲ။
“ငါနဲ့ အတူတူ ထမင်းစားချင်ရင်လည်း တိုက်ရိုက်ပြောပါ၊ ပါတနာလုပ်လာတာ တစ်နှစ်နီးပါး ရှိပြီပဲ၊ မင်း ငါ့အပေါ် ထားတဲ့ စိတ်ကူးကို ဘယ်လိုပဲ ဖုံးကွယ်ထားထား အလကားပါပဲ... မင်း ငါ့အပေါ် မရိုးသားတဲ့ အကြံရှိနေမှန်း ငါသိတာပေါ့”
သူ ဤသို့ ပြောမည်ကို သူမ ကြိုသိပြီးသား။
ဒါပေမဲ့...
မတ်တတ်ရပ်လိုက်သော ချန်စစ်ကျယ်သည် အနက်ရောင် ကျောပိုးအိတ်ကို ဝမ်သိုက်၏ရင်ခွင်ထဲသို့ ထိုးထည့်ပေးလိုက်သည်။ မိန်းမပျို၏အံ့သြမှင်တက်သွားသော အကြည့်ကို မြင်သည့်အခါ သူက အေးစက်စွာ ဆိုသည်။
“တစ်စုံတစ်ယောက်က လာပေးသွားတာ၊ မင်းပြောတဲ့ အန်တီကြီး လင်မယား ဖြစ်ရမယ်”
ကြောင်စီစီဖြင့် ရင်ခွင်ထဲက ကျောပိုးအိတ်ကို ပွတ်သပ်ရင်း ဝမ်သိုက်သည် ဇစ်၏ တည်နေရာကို စမ်းသပ်ကြည့်လိုက်သည်။ အမှန်တော့ သူမသည် အမြဲတမ်းအသေးစိတ်အချက်အလက်များကို ဂရုစိုက်တတ်သူဖြစ်သည်။ အိတ်ထဲက ပစ္စည်းများကိုထုတ်ယူပြီး ဇစ်ပြန်ပိတ်သည့်အချိန်တွင် ဇစ်ခေါင်း၏တည်နေရာကို သူမ သေသေချာချာမှတ်သားထားခဲ့သည်။
ထိုလင်မယားသည် လမ်းခုလတ်တွင် မိမိကိုသစ္စာဖောက်ပြီး လူကုန်ကူးသူများနှင့် ပူးပေါင်းကာ နောက်ကျောဓားနှင့်ထိုးရန် ကြိုးစားခဲ့ကြသော်လည်း... သူတို့သည် သူမ အိတ်ကို လုံးဝဖွင့်မကြည့်ခဲ့ကြချေ။
ဝမ်သိုက်သည် ရွာထဲက မထွက်ခွာမီ သုံးဘီးဆိုင်ကယ်အနောက်တွဲထဲတွင် ခေါင်းငုံ့ကာ အတွေးနက်နေသော ဦးလေးကြီးကို ပြန်လည်မြင်ယောင်မိသည်။ ပြီးတော့ သူမ ဝါးတောဘေးက သစ်ပင်အောက်တွင် နောက်ထပ်ဘာဆက်လုပ်ရမလဲဆိုပြီး စိတ်ညစ်နေစဉ် တောင်ကုန်းအောက်ကနေဂုဏ်ယူဝင့်ကြွားလှသော နွားကြီးများကို မောင်းနှင်ကာတက်လာခဲ့သည့် အာဏာကြီးမားလှသော အန်တီကြီးကိုလည်း ပြန်လည်သတိရမိသည်။
သူတို့၏စိတ်ရင်းက တကယ်ပဲယုတ်မာပုပ်စပ်နေတာလား။ အဲဒီလိုမျိုး တစ်ထည်တည်းခြုံငုံပြီး ဆုံးဖြတ်လို့မရနိုင်ချေ။ ထိုစဉ်က ခေါင်းငုံ့ကာ ကိုယ့်ကမ္ဘာနှင့်ကိုယ်ဖြစ်နေသော ဦးလေးကြီးတွင် တကယ်တော့ သူရဲကောင်းလုပ်ချင်သော၊ ရဲများကို ကူညီပေးချင်သော ဆန္ဒရှိခဲ့ဖူးသည်။ သူသည် တရားမျှတမှုကို ဖော်ဆောင်ပေးမည့် အဖွဲ့ဝင်တစ်ဦးဖြစ်လာရန် မျှော်လင့်ခဲ့ဖူးသည်။