အခန်း ၅၃
Vol. 6 Ch. 53
Chapter 53
ချန်စစ်ကျယ် စိတ်မှာ နှစ်ခွဖြစ်ကာ လွန်ဆွဲနေသည်။ သူသည် ဘာကိုမှ သေချာမစဉ်းစားနိုင်တော့ဘဲ သူနှင့် သူတို့ကြားတွင် တံတိုင်းတစ်ခု ခြားထားသကဲ့သို့ ခံစားနေရသည်။ သူ ကြားနေရသည်မှာ ရှုပ်ထွေးနေသော အသံများသာ။ ထို့ကြောင့် သူ ပြောလိုက်သည်။
"အမေတို့ သဘောပါ၊ ကျွန်တော်ကတော့ ဘာမှ မဖြစ်ပါဘူး"
မီးလောင်ထားသော အပိုင်းအစများ ရှိနေသည့် ထိုဗီလာအိမ်ကြီးကို သူ မသိစိတ်က သတိရမိသည်။
ခြောက်ကပ်နေသော ခြံဝင်းကြီးနှင့် ခြံဝင်းတံခါးအပြင်ဘက်တွင် ရပ်နေသော သူမကို ကားမှန်ထဲမှတစ်ဆင့် သူ လှမ်းမြင်ခဲ့သည်။ တကယ်တော့ သူသည် ထိုနေရာမှ တိုက်ရိုက် မောင်းထွက်သွားနိုင်သော်လည်း ထိုဝမ်းနည်းနေဟန်ရှိသော ပုံရိပ်ကြောင့် ကားကို ရပ်ကာ ဆင်းသွားခဲ့ခြင်း ဖြစ်သည်။
သူမ၏ နီမြန်းနေသော မျက်လုံးများကို သူ မသိစိတ်က သတိရမိသည်။ ထိုမျက်လုံးများမှာ မကျက်သေးသော ဒဏ်ရာတစ်ခုကို မြင်နေရသကဲ့သို့ ခံစားရပေသည်။
သူသည် ဘာကိုမှ ထပ်ပြီး မစဉ်းစားချင်တော့ပေ။ သူသည် ခေါင်းကို မော့လိုက်ကာ ချီယာထံမှတစ်ဆင့် သူ့ကို ခိုးကြည့်နေသော ချန်ဝမ်ခန်းကိုကြည့်ရင်း ပြောသည်။
"အမေတို့ လုပ်ချင်တာလုပ်ပါ၊ ကျွန်တော်ကတော့ ဘာမှ မဖြစ်ပါဘူး"
ကျုံးအန်းကျောင်းတော်မှာ ကျုံးအန်းတောင်ခြေတွင်တည်ရှိသည်။ အညိုရင့်ရောင် တံခါးကြီးမှာ ပိတ်ထားပြီး ကျောင်းတော်အပြင်ဘက် လမ်းဘေးတွင် ကရမက်ပင်များကို စိုက်ပျိုးထားသည်။ အတန်းလိုက် စီထားသော အိမ်များမှာ သစ်သားရောင်များ ဖြစ်ကြပြီး ရှေးဟောင်းဟန် ပေါ်အောင် ပြုလုပ်ထားသည်။
ချန်ဝမ်ခန်းသည် ဝမ်သိုက်ကို ခေါ်ဆောင်ကာ တံခါးမကြီးရှေ့သို့ လျှောက်သွားသည်။ သူသည် ဖုန်းကို ကိုင်ကာ ကျောင်းတော်ထဲမှ ဆရာတော်နှင့် ဖုန်းပြောနေသည်။ ဝမ်သိုက်မှာ လှေကားအောက်တွင် ရပ်ရင်း လမ်းမဘက်သို့ အသာအယာ လှမ်းကြည့်လိုက်ရာ မလှမ်းမကမ်းရှိ ကရမက်ပင်အောက်တွင် ရပ်နေသော အမျိုးသမီးတစ်ဦးကို မြင်လိုက်ရသည်။
သူမသည် ဆံပင်အတိုကို နားရွက်တွင် ကပ်၍ ဝိုက်ထားသည်။ မျက်နှာပေါ်ရှိ အရေးအကြောင်းများမှာ အသားအရေကို တွဲကျစေသည်။ သူမသည် မီးခိုးရောင် ကုတ်အင်္ကျီအရှည်နှင့် အနက်ရောင် ဘောင်းဘီကျပ်ကို ဝတ်ဆင်ထားပြီး သူမ ဖိနပ်ပေါ်တွင် ရွှံ့များ ပေကျံနေသည်။
ထိုအမျိုးသမီးသည် ငါးနှစ်အရွယ်ခန့်ရှိမည့် မိန်းကလေးငယ်တစ်ဦးကို ပွေ့ချီထားသည်။ သူမသည် လက်တစ်ဖက်ဖြင့် ကလေး၏ခေါင်းကို ပွေ့ပိုက်ထားပြီး အခြားလက်တစ်ဖက်ဖြင့် ကလေး တင်ပါးကို မထားကာ ထိုနေရာတွင်ပင် လမ်းလျှောက်နေသည်။ ဝမ်သိုက်နှင့် မျက်လုံးချင်း ဆုံသွားသောအခါ သူမသည် ခဏမျှ တုံ့ဆိုင်းသွားပြီးနောက် အခြားတစ်ဖက်သို့ အမြန်လှည့်သွားသည်။
ထိုစဉ် ပိတ်ထားသော ကျောင်းတော်တံခါးပွင့်လာသဖြင့် ဝမ်သိုက်သည် သူမ၏ အကြည့်ကို ပြန်လည် ရုပ်သိမ်းလိုက်ကာ ချန်ဝမ်ခန်းနောက်မှနေ၍ ကျောင်းတော်ထဲသို့ ဝင်ခဲ့သည်။
တံခါးထဲသို့ ဝင်လိုက်သည့် အခိုက်အတန့်တွင် ကျောင်းတော်အပြင်ဘက်မှ ကြားလိုက်ရသော နောက်ဆုံးအသံမှာ တစ်စုံတစ်ဦး အပြေးအလွှားလာနေသည့် ခြေသံများ ဖြစ်သည်။
ကျောင်းတော်မှာ အလွန်ကြီးမားသည်တော့ မဟုတ်ပေ။ လမ်းပြပေးနေသော တာအိုကျောင်းသားလေး၏မိတ်ဆက်ပေးမှုနှင့်အတူ ဝမ်သိုက်သည် ချန်ဝမ်ခန်းနောက်မှနေ၍ အခန်းများကြားရှိ လမ်းကလေးအတိုင်း လျှောက်လာရာ အခန်းတစ်ခုရှေ့သို့ ရောက်ရှိလာသည်။
"ဆရာတော်က များသောအားဖြင့် ဒီမှာပဲ ဧည့်သည်လက်ခံတာပါ"
တာအိုကျောင်းသားလေးသည် တံခါးရှေ့သို့ သွားကာ တံခါးကို နှစ်ချက်ခေါက်ရင်း ပြောသည်။
"ဆရာတော်၊ ဧည့်သည်နှစ်ယောက်ကို ခေါ်လာပါပြီ"
သူသည် တံခါးကို တွန်းဖွင့်လိုက်ကာ လက်တစ်ဖက်ဖြင့် တံခါးကို ထိန်းထားရင်း အခြားလက်တစ်ဖက်ဖြင့် "ကြွပါ" ဟု အချက်ပြလိုက်သည်။
ဝမ်သိုက်မှာ လွန်ခဲ့သော နှစ်ပေါင်း တစ်ထောင်ခန့်ဆီသို့ ပြန်ရောက်သွားသကဲ့သို့ ခံစားရသဖြင့် မျက်တောင်ကို အသာအယာခတ်လိုက်သည်။ သူမသည် ချန်ဝမ်ခန်းနှင့်အတူ အခန်းထဲသို့ ဝင်ခဲ့သည်။
ပန်းချီကားများ ကာရံထားသော နေရာကို ဖြတ်ကျော်ကာ အထဲသို့ ဝင်လိုက်သောအခါ စားပွဲရှည်ပေါ်တွင် လက်ဖက်ရည် ပစ္စည်းများ တင်ထားသည်ကို တွေ့ရသည်။ စားပွဲတွင်ထိုင်နေသော အမျိုးသားမှာ ခန္ဓာကိုယ် ပိန်သွယ်ကာ မေးစေ့တွင် မုတ်ဆိတ်ဖြူများ ရှိနေသည်။
ဆံပင်အရှည်ကို ထုံးထားပြီး သူ၏ မျက်လုံးများမှာ ကြည်လင်နေသည်။ သူသည် အပြာရင့်ရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး အင်္ကျီလက်ထဲမှ ထွက်နေသော လက်များမှာ အနည်းငယ်ပိန်လှီနေသည်။ သူသည် လက်ဖက်ရည်အိုးကို ကိုင်ကာ ခွက်ထဲသို့ လက်ဖက်ရည်လောင်းထည့်နေသည်။
သူ့ အကြည့်နှင့် ဆုံလိုက်သောအခါ ဝမ်သိုက်မှာ အကြောင်းရင်းမရှိဘဲ စိုးရိမ်စိတ်များ ဖြစ်ပေါ်လာသည်။
ချန်ဝမ်ခန်း သူ့ကို လက်အုပ်ချီကာ နှုတ်ဆက်သည်။
"ဆရာတော် ကျန်းချန်ယွမ်"
သူသည် လက်တစ်ဖက်ကို လွှတ်လိုက်ကာ ဝမ်သိုက်ဘက်သို့ လက်ပြရင်း ကျန်းချန်ယွမ်ကို ပြုံး၍ ကြည့်ကာ ပြောသည်။
"ဒီကလေးမလေးက ကျွန်တော်နဲ့ တိုက်တိုက်ဆိုင်ဆိုင်ဆုံခဲ့တဲ့ သူငယ်ချင်းလေးပါ၊ နာမည်က ဝမ်သိုက် လို့ ခေါ်ပါတယ်၊ သူမက ငယ်ပေမဲ့ တကယ်တော်တဲ့ ကလေးမပါ"
လက်ဖက်ရည် ငှဲ့ပြီးသော ဆရာတော်သည် ထရပ်ကာ သူတို့ကို လက်အုပ်ချီ၍ အပြန်အလှန် ဂါရဝပြုကြသည်။ ဝမ်သိုက်လည်း အမြန်ပင် ပြန်လည်ဂါရဝပြုလိုက်သည်။
ကျန်းချန်ယွမ်သည် ဝမ်သိုက်ကို အချိန်အတော်ကြာ စိုက်ကြည့်နေပြီးနောက် ခေါင်းနှစ်ချက် ညိတ်လိုက်သည်။ သူ့ မျက်ဝန်းတွင် အပြုံးနှင့်အတူ ရှုပ်ထွေးသော ခံစားချက်များပါဝင်နေသည်။ သူက အဓိပ္ပာယ်ပါပါ ပြောသည်။
"တကယ်ကို အထင်သေးလို့မရပါဘူး"
သူသည် လက်ဖြင့် အချက်ပြကာ ၎င်းတို့ကိုထိုင်ခိုင်းသည်။ ချန်ဝမ်ခန်းမှာ လူကြီးတစ်ယောက် ဖြစ်သော်လည်း သူ့ စိတ်ထဲတွင်တော့ သိချင်စိတ်များ ပြည့်နှက်နေသည်။ သူသည် ထိုင်ခုံကို ဆွဲ၍ ထိုင်ရင်း မေးသည်။
"ဆရာတော်၊ သူမကို ကြည့်ပြီး ဘာထူးခြားချက်တွေ တွေ့ရလဲ၊ ဥပမာ သာမန်လူတွေနဲ့ မတူတဲ့ နေရာမျိုးပေါ့"
"အင်း......"
ကျန်းချန်ယွမ် ခေါင်းကို ခါယမ်းကာ ပြုံးသည်။ သူသည် ရှေ့ရှိ လက်ဖက်ရည်ခွက်ကို ယူကာ သောက်လိုက်ပြီးနောက် စိုးရိမ်နေဟန်ရှိသော ဝမ်သိုက်ကို ကြည့်ကာပြောသည်။
"လူနဲ့ လူကြားမှာတော့ မတူတာတွေ ရှိတာပေါ့၊ ဒါပေမဲ့ သာမန်လူဆိုတဲ့ စကားလုံးတော့ မရှိပါဘူး၊ လူတိုင်းက သာမန်လူတွေပါပဲ၊ ဒီကမ္ဘာမှာ သူမနဲ့ တူတဲ့လူတွေလည်း အများကြီး ရှိပါတယ်"
ပေါင်ပေါ်တွင် တင်ထားသော ဝမ်သိုက်လက်များမှာ မသိမသာ ဆုပ်ကိုင်ထားမိသည်။ သူမသည် ကျန်းချန်ယွမ်ကို စိုက်ကြည့်လိုက်ရာ သူကလည်း သူမကို ပြန်လည် စိုက်ကြည့်နေပေသည်။
"လမ်းက သိပ်မလွယ်ဘူး မဟုတ်လား၊ မင်းအတွက်တော့ ငါ ဘာမှပြောစရာမလိုပါဘူး၊ မင်းကိုယ် တိုင်လည်း အကုန်သိနေတာပဲလေ၊ မင်းက မင်းလုပ်သင့်တဲ့ အလုပ်တွေကိုလုပ်နေတာပဲ၊ မင်း ဒီလမ်းကိုလျှောက်နေတာက မင်းကိုယ်တိုင်အတွက် မဟုတ်ဘူး၊ သူကလည်း မင်းကို မင်းအတွက်ပဲ လုပ်ဖို့ ခွင့်ပြုမှာ မဟုတ်ဘူး၊ မင်းအတွက် မဟုတ်တဲ့ အခြားတစ်ဖက်ကတော့"
ကျန်းချန်ယွမ်သည် လှည့်လိုက်ကာ ပြတင်းပေါက်နားရှိ ဗီရိုထဲမှမျက်နှာပြင်များစွာပါသော ကုဗတုံးတစ်ခုကို ထုတ်လိုက်သည်။
ထိုကုဗတုံးကို သူက ပုံစံမကျအောင် လှည့်လိုက်သည်။ သူသည် ကုဗတုံးကို မြှောက်ပြကာ လက်တစ်ဖက်ဖြင့် ရှေ့မျက်နှာပြင်ကို ထောက်ပြရင်း အခြားတစ်ဖက်ကို ပြသည်။
"ဒီနောက်ကွယ်မှာတော့ မင်းနဲ့မဆိုင်တဲ့ အရာတွေ အများကြီး ရှိနေပါတယ်"
ဘေးတွင် ထိုင်နေသော ချန်ဝမ်ခန်းမှာ ထိုစကား၏အဓိပ္ပာယ်ကို မျက်မှောင်ကြုတ်ကာ စဉ်းစားနေသည်။ သို့သော် ဝမ်သိုက် စိတ်ဝင်စားမှုမှာမူ အခြားတစ်နေရာသို့ ရောက်နေသည်။
"ဆရာတော်၊ ဆရာတော်က ကုဗတုံးလည်း ကစားတာလား"
ချန်ဝမ်ခန်းမှာ မျက်ခုံးတစ်ဖက်ကိုမြှင့်လိုက်ရင်း ဝမ်သိုက်ကို အံ့သြတကြီး ကြည့်လိုက်သည်။
သို့သော် ကျန်းချန်ယွမ်ကတော့ ထိုသို့မေးလာမည်ကို သိနေသကဲ့သို့ ကုဗတုံးကို မူလပုံစံအတိုင်း ပြန်လှည့်လိုက်သည်။ သူသည် ကုဗတုံး မျက်နှာပြင်ကို လက်ဖြင့် ပွတ်သပ်ရင်း ပြုံး၍ ပြောသည်။
"ဒါပေါ့၊ ဉာဏ်ရည်ထက်မြက်အောင်လို့ပါ၊ ဒီလိုကစားစရာလေးတွေကို ကစားတဲ့အခါ ဉာဏ်ပညာတွေ တိုးလာနိုင်တာပေါ့၊ အရာရာတိုင်းမှာ ထင်မှတ်မထားတဲ့ အရာတွေ ရှိနေတတ်ပါတယ်"
"မကြာခင်မှာပဲ မင်း လုပ်ပြရမယ့် အချိန်ရောက်လာတော့မယ်၊ ငါကတော့ မင်းကိုပဲ အားကိုးရတော့မှာပေါ့"
အစပိုင်းတွင် နတ်သားတစ်ပါးကဲ့သို့ မြင်ခဲ့ရသော ဆရာတော်မှာ ယခုတော့ ကုဗတုံးကို အေးအေးဆေး ဆေး ကစားနေသည်။ ဝမ်သိုက်မှာ ဘာမှ နားမလည်တော့ဘဲ ဘေးဘီကို ကြည့်ကာ မိမိကိုယ်ကိုယ် ပြန်ညွှန်း၍ မေးလိုက်သည်။
"ကျွန်မလား၊ ကျွန်မက ဘာကို လုပ်ပြရမှာလဲ"
တံခါးကို နောက်တစ်ကြိမ် ခေါက်သံကြားလိုက်ရပြန်သည်။
"ဒေါက် ဒေါက်" ဆိုသော အသံနှင့်အတူ အပြင်ဘက်မှ တာအိုကျောင်းသားလေး၏ အော်သံ ထွက်ပေါ်လာသည်။
"ဆရာတော်၊ ဆရာတော်၊ အပြင်မှာ အဒေါ်ကြီးတစ်ယောက်က ကလေးကို ပွေ့ချီပြီး ဒူးထောက်ငိုနေပါတယ်၊ ဘယ်လိုမှ ပြောလို့ မရဘူး၊ ဆရာတော့်ကို ကူညီပေးဖို့ပဲ တောင်းဆိုနေပါတယ်"
ဝမ်သိုက် မျက်လုံးများ ကျယ်သွားသည်။ သူမသည် တံခါးဘက်သို့ လှည့်ကာ ထရပ်ရန် ပြင်လိုက်သော်လည်း ကျန်းချန်ယွမ်ကို လှမ်းကြည့်လိုက်သည်။
"ဒါ၊ ဒါက ဆရာတော့်ဆီ လာတာ မဟုတ်လား၊ ဒါကို ကျွန်မက လုပ်ပြရမှာလား"
တံခါးခေါက်သံမှာ တဖြည်းဖြည်းနှင့် ထုရိုက်သံအဖြစ် ပြောင်းလဲလာသည်။
ကျန်းချန်ယွမ်သည် နောက်ဆုံးမှ အေးအေးဆေးဆေးပင် မျက်လုံးကိုမော့ကြည့်ကာ ပြန်မေးသည်။
"မင်းကော မကူညီဘူးလား"
"ဟာ၊ ဒါကို ကျွန်မက ဘယ်လို ကူညီရမှာလဲ၊ ကျွန်မက နတ်ဘုရားလည်း မဟုတ်ဘူး၊ လူသားတစ်ယောက်ပဲလေ"
ဝမ်သိုက် မဆိုင်သလို ပြောလိုက်သော်လည်း သူမ၏ ခန္ဓာကိုယ်မှာ ထိုင်ခုံမှထရပ်လိုက်ပြီ ဖြစ်သည်။ သူမသည် ပန်းချီကား ကာရံထားသော နေရာသို့ လျှောက်သွားရင်း ခေါင်းကို လှည့်ကြည့်လိုက်သည်။
လက်ဖက်ရည် သောက်နေဆဲ ဖြစ်သော ကျန်းချန်ယွမ်ကို ကြည့်ကာ သူမက မယုံနိုင်ဟန်ဖြင့် မေးသည်။
"ဆရာတော် တကယ်ပဲ မသွားဘူးလား"
ဆရာတော် ပခုံးကို အသာအယာတွန့်ပြကာ အပြစ်မရှိဟန်ဖြင့် ပြောသည်။
"ငါက ဘာသွားလုပ်ရမှာလဲ၊ ငါ ဘာကို သွားကူညီရမှာလဲ၊ မင်းက မင်းလမ်းကို လျှောက်နေတယ်၊ သူမက သူမလမ်းကိုလျှောက်နေတယ်၊ ငါကလည်း ငါ့လမ်းကိုလျှောက်နေတယ်၊ တခြားလူရဲ့ လမ်းထဲကို ဝင်သွားတာက မယဉ်ကျေးရာရောက်လိမ့်မယ်"
"သူမ အခု လိုအပ်နေတာက တစ်စုံတစ်ယောက်က သူမလမ်းထဲကိုဝင်လာပြီး သူမကို ထူပေးဖို့ပဲ၊ ဆရာတော် မထူရင်လည်း ကျွန်မ ထူမယ်"