← Chapters

အခန်း ၁၄၈

Vol. 15 Ch. 148

အခန်း ၁၄၈

Vol. 15 Ch. 148

🍏 Chapter 148

လွတ်သွားသော လက်ဖက်ရည်ခွက်ကို ဧည့်ခန်းစားပွဲပေါ်သို့ ပြန်တင်လိုက်ပြီး မိမိ၏ လည်ချောင်းတစ်ခုလုံး ခြောက်ကပ်ကွဲအက်တော့မည့်အတိုင်း ခံစားနေရသော ဝမ်သိုက်သည် နှုတ်ခမ်းကို လျှာဖြင့် သပ်လိုက်ရင်း အကြည့်ကို လိုင်ဖခင်ထံသို့ လွှဲလိုက်သည်။

သူမ၏ မျက်ဝန်းထဲသို့ ဝင်ရောက်လာသော အမျိုးသားသည် လက်နှစ်ဖက်ကို ပူးယှက်ကာ ပေါင်ပေါ်တွင် တင်ထားပြီး ကျောပြင်ကို ရှေ့သို့ ကိုင်းထားကာ မျက်မှောင်ကြုတ်ထားသော ပုံစံမှာ ကိုယ်တိုင် ကြုံတွေ့ခဲ့ရသော ဝမ်သိုက်ထက်ပင် ပိုမို လေးနက်နေချေသည်။

အချိန်အတော်ကြာ တိတ်ဆိတ်သွားပြီးနောက် သူသည် သက်ပြင်း အရှည်ကြီး တစ်ချက်ချလိုက်ပြီး

"ငါ နေ့ခင်းဘက် မင်းကို ခေါ်သွားမယ်၊ ပြန်လည် စစ်ဆေးခြင်းလုပ်ငန်းစဉ်ကို ပြန်စတင်မှာ မဟုတ်လား၊ ငါ မင်းအတွက် အမှုဖွင့်ပေးမယ်၊ ဒါပေမဲ့ နောက်ကွယ်က အများပြည်သူ ဆုံးဖြတ်ရေးအဖွဲ့ ကိစ္စကတော့ ပြဿနာ ရှိနေတုန်းပဲ... ဒါကိုတော့ အခု လောလောဆယ် ထားလိုက်ဦး၊ လမ်းကြုံရင် လမ်းပြင်ရုံပေါ့၊ ဘာပဲဖြစ်ဖြစ် ပြန်လည် စစ်ဆေးခြင်း လုပ်ငန်းစဉ် စတင်တဲ့ကိစ္စမှာတော့ ငါ မင်းကို ကူညီမယ်"

စိတ်ထဲရှိ အစိုင်အခဲကြီး တစ်ခုပြေလျော့သွားချေပြီ။ ကတိကဝတ် ရရှိသွားသော ဝမ်သိုက်သည် ဝမ်းမြောက်စွာ ပြုံးလိုက်ပြီး စိတ်ထဲမှလည်း အဆင်ပြေချောမွေ့ ပါစေကြောင်း တိတ်တဆိတ် ဆုတောင်းမိချေသည်။

လမ်းခုလတ်တွင် အိမ်သို့ တစ်ခေါက် ပြန်သွားပြီး ဝမ်သိုက်သည် ထိုနှစ်က စီရင်ချက်စာချွန်လွှာကို ထုတ်ယူလိုက်ကာ ပံ့ပိုးပေးထားသော အမှုတွဲနံပါတ်၊ ကာယကံရှင် အမည်၊ မူလ စီရင်ချက် ချမှတ်ခဲ့သော တရားရုံးများအပြင် သူမသည် လိုင်ဖခင်အား ဗီဒီယိုဖိုင်နှစ်ခုကိုလည်း မျှဝေပေးခဲ့သည်။

ယင်းမှာ ချင်ယန်နှင့် စွေ့လင်တို့အား ရိုက်ကူးပေးရန် တောင်းဆိုထားခြင်း ဖြစ်ပြီး ဗီဒီယို နှစ်ခုစလုံးတွင် သူတို့က အတိတ်အကြောင်းအရာများကို ရှင်းလင်းတင်ပြထားကာ စွေ့လင်ကမူ ခြိမ်းခြောက် နှုတ်ပိတ်ခံခဲ့ရသည့် ကိစ္စကို ထည့်သွင်းပြောကြားထားချေသည်။

ပထမ ဗီဒီယိုတွင် ချင်ယန်သည် စားပွဲရှေ့တွင် ထိုင်ကာ ရိုက်ကူးထားခြင်း ဖြစ်ပြီး အစပိုင်းတွင် သူမက ဖုန်းကို နေရာချနေသည့် မြင်ကွင်း ဖြစ်သည်။

အမျိုးသမီးသည် အနည်းငယ် စိုးရိမ်ပူပန်နေပုံရပြီး ကိုယ်ကို မတ်မတ်ထိုင်ကာ လက်နှစ်ဖက်ဖြင့် ပေါင်ပေါ်မှ ဘောင်းဘီသားကို မတ်တတ် ပွတ်သပ်နေရင်း

"ကျွန်မ အဲ့နှစ်တုန်းက ဟွာယွမ်မှာရှိတဲ့ မိသားစုတစ်ခုရဲ့ အိမ်အကူပါ၊ အဲဒီတုန်းက ကျွန်မ ပုံမှန်အတိုင်း ညစာ ချက်ပြုတ်ဖို့ မွန်းလွဲ လေးနာရီမှာ ဗီလာကို သွားခဲ့တာ၊ ဒါပေမဲ့ ကျွန်မ ခေါင်းငုံ့ထားပြီး မျက်နှာမမြင်ရတဲ့ လူတစ်ယောက် ဝမ်သိုက်ရဲ့ အိမ်ထဲကနေ ထွက်လာတာကို မြင်ခဲ့တယ်..."

"အဲဒီအချိန်တုန်းကတော့ အဲဒါ ဝမ်သိုက်ရဲ့ အိမ်မှန်း ကျွန်မ မသိသေးဘူး၊ ဒါပေမဲ့ နောက်ပိုင်းမှာ အဲဒီဗီလာ မီးလောင်သွားတာကို ကျွန်မ တွေ့ခဲ့တယ်၊ ဝမ်သိုက်နဲ့ ကျွန်မက လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကမှ ဆုံတွေ့ပြီး သိကျွမ်းခဲ့ကြတာပါ”

“မယုံရင် ကြိုက်သလို စုံစမ်းစစ်ဆေးနိုင်ပါတယ်၊ ကျွန်မ ပြောတဲ့ စကားတွေအတွက် ဥပဒေအရ တာဝန်ယူရဲပါတယ်၊ တရားရုံးမှာ ဝမ်သိုက်အတွက် သက်သေအဖြစ်ထွက်ဆိုဖို့လည်း အသင့်ပါပဲ"

ဒုတိယဗီဒီယိုတွင် စွေ့လင်၏ရိုက်ကူးမှု နည်းစနစ်မှာ သိသိသာသာ ပိုမိုကောင်းမွန်လှပြီး အချိန်ကိုက် ရိုက်ကူးထားခြင်း ဖြစ်ပုံရသည်။ ဗီဒီယို စတင်သည်နှင့် သူမသည် ခဏမျှ တုံ့ဆိုင်းသွားပြီးနောက် စတင် ပြောကြားချေသည်။

"ဒီနှစ်ကနေ စရေတွက်ရင် လွန်ခဲ့တဲ့ တစ်ဆယ့်နှစ်နှစ်ကဖြစ်မှာပါ၊ ကျွန်မက အိမ်ရှင်မ တစ်ယောက်ပါ"

"အဲဒီနေ့က မီးလောင်မှုကြီးကို ကျွန်မ မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ရတာပါ၊ အရောင်ရင့်ရင့် အင်္ကျီဝတ်ထားတဲ့ လူတစ်ယောက် အိမ်ထဲကိုဝင်သွားပြီး ပြန်ထွက်လာတာကိုလည်း ကျွန်မ သိပါတယ်၊ ခန္ဓာကိုယ်က ပိန်ပိန်ပါးပါးနဲ့ အရပ်အမောင်းက အလယ်အလတ်ရှိပြီး ဦးထုပ် ဆောင်းထားတယ်... အဲဒီလို အင်္ကျီမှာပါတဲ့ ဦးထုပ်မျိုးပါ၊ မျက်နှာကိုတော့ မမြင်လိုက်ရဘူး"

"ဘာလို့ ဒါကို သဲသဲကွဲကွဲ မှတ်မိနေရတာလဲ ဆိုတော့ ကျွန်မ စိတ်ထဲမှာ အပြစ်မကင်းသလို ခံစားနေရလို့ပါ၊ အဲဒီဖြစ်ရပ် ဖြစ်ပြီးနောက်မှာ လူအချို့က ကျွန်မတို့ အိမ်အထိလာပြီး ခြိမ်းခြောက်ခဲ့ကြတယ်”

“ကျွန်မတို့တင် မဟုတ်ပါဘူး၊ ကျွန်မက သတ္တိနည်းတဲ့ အမျိုးသမီးတစ်ယောက်ပါ၊ ကျွန်မကို အတ္တကြီးတယ်လို့ ပြောရင်လည်းပြောပါ၊ ဒါပေမဲ့ ကျွန်မရဲ့ ပထမဦးစားပေးက ကျွန်မရဲ့ မိသားစုကို ကာကွယ်ဖို့ပဲ”

“ဒါ့အပြင် ထုတ်ပြောလိုက်ရင်လည်း ဘာထူးမှာလဲ၊ ကိုယ့်ကိုကိုယ် ဒုက္ခရှာရုံပဲ ရှိမှာပေါ့၊ အဲဒီခေတ်တုန်းက အာဏာရှိတဲ့သူတွေက မိသားစုတစ်ခုလုံးကို သတ်ပစ်ဖို့ ဘယ်လောက် လွယ်ကူလိုက်သလဲ၊ မဟုတ်ရင် ဒီအမှုကလည်း မတော်တဆမှုအဖြစ်နဲ့ ဒီလောက် မြန်မြန်ပြီးဆုံးသွားမှာ မဟုတ်ပါဘူး"

"တကယ်တော့ ဝမ်သိုက်ရဲ့ ဖေဖေက အဲဒီတုန်းက ရေအရင်းအမြစ် ဒုတိယစီမံခန့်ခွဲရေးမှူးဖြစ်ပြီး အမြဲတမ်းဖြောင့်မတ်ခဲ့တာ၊ သူမရဲ့ မေမေကလည်း ဓာတုဗေဒ ဆရာမတစ်ယောက်လေ၊ တကယ်လို့ ဂတ်စ်အနံ့ကိုတောင် မရနိုင်ဘူး ဆိုရင်တော့ ရှင်..."

ဗီဒီယိုထဲမှ အမျိုးသမီးသည် မျက်တောင်ကို အနည်းငယ် နှိမ့်ချလိုက်ပြီး နှုတ်ခမ်းထောင့်တွင် အနည်းငယ် လှောင်ပြောင်သော အမူအရာ ရှိနေချေသည်။

ခဏအကြာတွင် သူမသည် မျက်ဝန်းများကို ပြန်လည် မော့ကြည့်လိုက်ပြီး တည်ကြည်စွာ ပြောချေသည်။

"ကျွန်မ ပြောတဲ့ စကားတွေအတွက် ဥပဒေအရတာဝန်ယူရဲပါတယ်၊ တရားရုံးမှာ ဝမ်သိုက်အတွက် သက်သေအဖြစ် ထွက်ဆိုဖို့လည်း အသင့်ပါပဲ"

ကိစ္စရပ်များမှာ တဖြည်းဖြည်းနှင့် တည်ကြည် လေးနက်လာပြီး လိုင်ဖခင် မျက်နှာထက်တွင် ပေါ့ပါးသော အမူအရာ လုံးဝမရှိတော့ဘဲ ရုပ်သွင်တစ်ခုလုံးတွင် မိမိ၏တွေးတောမြော်မြင်မှုများ ပြည့်နှက်နေချေသည်။

ဝမ်သိုက်အား သူမ အိမ်အောက်သို့ လိုက်လံ ပို့ဆောင်ပေးသည့်အခါ လိုင်ဖခင်သည် မိမိဘေးရှိ ကားပေါ်မှ ဆင်းရန် ပြင်နေသော ဝမ်သိုက်ကို ကြည့်ပြီး ကားတံခါး ပွင့်သွားသည့် အချိန်တွင် သူမအား လှမ်းခေါ်လိုက်သည်။

"ရှေ့နေပိုင်းမှာတော့ သမီးမှာ သင့်တော်တဲ့ လူမရှိရင် ဦးလေး ကူညီပြီးရှာပေးလို့ရတယ်၊ တကယ်လို့ သမီးဘာသာ ရှာချင်ရင်လည်း ရပါတယ်၊ ဒါပေမဲ့ သာမန်ရှေ့နေတွေကတော့ လက်ခံရဲမှာ မဟုတ်ဘူး"

ခြေထောက်တစ်ဖက်ကို အပြင်သို့ လှမ်းထုတ်ထားပြီးဖြစ်သော ဝမ်သိုက်သည် ခေါင်းကို လှည့်လိုက်ပြီး လိုင်ဖခင် ပြသလာသော စေတနာကို စိတ်ထဲမှ အသေအချာ သိရှိသော်လည်း လူတစ်ယောက် တည်းကိုသာ ထပ်ခါတလဲလဲ အကူအညီတောင်းနေရခြင်းမှာ သူမအတွက် အမှန်ပင် အားနာစရာ ဖြစ်ချေသည်။

အပြစ်မကင်းသော စိတ်ကြောင့် သူမသည် ယဉ်ကျေးစွာငြင်းပယ်လိုက်သည်။

"ကျွန်မ သိပါတယ်ရှင်၊ ကျွန်မရဲ့ လုပ်ဖော်ကိုင်ဖက်က အမှန်တော့ ရှေ့နေတစ်ယောက်ပါပဲ၊ ကျွန်မ လိုအပ်ချက်ရှိရင် သူ့ကို မေးကြည့်ပါ့မယ်၊ ဦးလေးက ကျွန်မအတွက် ဒီလောက်အထိ တွေးတောပေးတာ ကျေးဇူးတင်ပါတယ်ရှင်"

"ဘာလိုအပ်တာပဲဖြစ်ဖြစ် ဦးလေးကို တိုက်ရိုက်ပြောနော်၊ တိုက်ရိုက်ပြောရတာ အားနာရင် ဝမ်ရီကို ပြောလိုက်၊ အားမနာနဲ့"

ဝမ်သိုက်အား ထပ်မံ မှာကြားပြီးနောက် လိုင်ဖခင်သည် သူမ ထွက်ခွာသွားသည်ကို လိုက်လံ ကြည့်ရှုနေပြီး ကားမှန်မှတစ်ဆင့် သူမ တိုက်ခန်းတံခါးထဲသို့ ဝင်ရောက်သွားသော နောက်ကျောကို ကြည့်ရင်း ရှုပ်ထွေးလှသော စိတ်ခံစားချက်များမှာ လိပ်ခဲတည်းလည်း ဖြစ်နေချေသည်။

ပင်ပန်းနွမ်းလျနေသော ခန္ဓာကိုယ်ဖြင့် ရေချိုးလိုက်ပြီးနောက် ဝမ်သိုက်၏အစာအိမ်သည် ဆာလောင်ခြင်းနှင့် ဝပြောခြင်းတို့ကို မသိတော့သည့်အတိုင်း ဖြစ်နေကာ သူမသည် မိမိဘာသာ သန့်ရှင်းရေး လုပ်ဆောင်ပြီးနောက် အိပ်ခန်းထဲသို့ ပြန်လာခဲ့ပြီး ကုတင်ရှေ့သို့ ရောက်သည့်အခါ တစ်ကိုယ်လုံးကို ဖြောင့်စင်းစွာဖြင့် ပစ်ချလိုက်ချေသည်။

သင်းပျံ့သော ရနံ့များ ထွက်ပေါ်နေသည့် စောင်ပုံထဲသို့ တိုးဝင်သွားရင်း သူမသည် ခေါင်းကိုပင် မမော့ချင်တော့ဘဲ စိုးရိမ်ပူပန်နေသော နှလုံးသားကြောင့် ဘာမှ မလုပ်နိုင်သလို ဘာမှလည်း မလုပ်ချင်တော့ပေ။

ယခင်က အမြဲတမ်း မျှော်လင့်ခဲ့ရသော နေ့ရက်များမှာ အမှန်တကယ် ရောက်ရှိလာသည့် အခါတွင်မူ လူကို ထိတ်လန့် စိုးရိမ်စေပြီး နောက်ဆုတ်သွားချေမလားဟု ထင်မှတ်ရကာ အဆိုးရွားဆုံး ဖြစ်နိုင်ချေရှိသော ကံဆိုးမှုကိုသာ အမြဲတမ်း တွေးတောမိနေချေသည်။

ဖုန်းကို လှမ်းယူလိုက်ပြီး အသုံးချလိုက်သည်မှာ သူမ၏ လူမှုကွန်ရက်စာမျက်နှာပေါ်တွင် "ဒီနေ့ တိုက်ရိုက်ထုတ်လွှင့်မှု မရှိပါ၊ အမှုလည်း လက်မခံပါ" ဟူသော စာသားကို တင်လိုက်ခြင်း ဖြစ်ပေသည်။

စောင်ပုံထဲသို့ မိမိကိုယ်ကို ထပ်မံ မြှုပ်နှံလိုက်ပြန်သော်လည်း ရှေ့နေရှာရမည့် ကိစ္စကို သတိရသွားပြန်သည်။ ရှေ့နေကတော့ မဖြစ်မနေ ရှိရမည် ဖြစ်ရာ မည်သူ့ကို ရှာရမည်နည်း။ ရွေးချယ်ရမည့်သူမှာ ပြင်ပတွင် ရှိမနေဘဲ သူမ ဖုန်းထဲတွင်သာ ရှိနေချေသည်။

ထိုအပျင်းစိတ်ကြောင့် သို့မဟုတ် စကားကို မည်သို့ စတင်ရမည်မှန်း မသိသောကြောင့် ဝမ်သိုက်သည် သတ္တိနည်းစွာဖြင့် ရှောင်လွှဲခြင်းကိုသာ ရွေးချယ်လိုက်သည်။

သူမသည် ပါးပြင်ကို စောင်ပေါ်သို့ စောင်းမှီထားပြီး ပါးစပ်မှ တိုးတိုးလေး ရေရွတ်မိသည်။

"ခဏနေရင် သူ့ဆီ ကိုယ်တိုင် သတင်းပို့လိုက်မယ်၊ အခုတော့ အရင်နားဦးမယ်၊ ခဏနေရင် သူ့ကို မေးမယ်..."

အမှန်တရားမှာမူ ထို "ခဏ" ဆိုသည်မှာ တစ်နာရီခွဲခန့် ကြာမြင့်သွားခြင်း ဖြစ်ပေသည်။

ထို့အပြင် ဖုန်းခေါ်ဆိုမှုမှာ ချန်စစ်ကျယ်က သူမထံသို့ ခေါ်ဆိုလာခြင်း ဖြစ်ချေသည်။

အပြည့်အဝ ပိတ်မထားသော ပြတင်းပေါက်လိုက်ကာမှ တစ်ဝက်ခန့် လွတ်နေပြီး ငြိမ်သက်လှသော ညဉ့်အမှောင်ထုက တိုးဝင်လာကာ အခန်းထဲတွင် မီးမဖွင့်ထားသဖြင့် မှောင်မည်းနေချေသည်။

ဤကဲ့သို့ တစ်နာရီခွဲခန့် မှောက်လျက် နေမိသဖြင့် ဝမ်သိုက်၏လည်ပင်းနှင့် မျက်နှာမှာ မနာကျင်သော နေရာမရှိပေ။ သူမသည် ညည်းညူရင်း မိမိကိုယ်ကို တွန်းထူကာ ထိုင်လိုက်ပြီး လက်က ဖုန်းကို လှမ်းယူကာ အဝင်ဘတ်ကို နှိပ်လိုက်ချေသည်။

"ဘာကိစ္စနဲ့ ကြုံနေရလို့လဲ"

ထွက်ပေါ်လာသော မေးခွန်းမှာ အလွန်တိုက်ရိုက်ကျလှပြီး နက်ရှိုင်းသော လေသံမှာပြတ်သားလှပေသည်။

ကုတင်ပေါ်တွင် ခြေတင်ပလ္လင်ခွေထိုင်နေသော ဝမ်သိုက်သည် လက်တစ်ဖက်ဖြင့် မိမိ၏ဝဲကျနေသော ဆံနွယ်စများကို သပ်တင်နေပြီး အခြားလက်တစ်ဖက်ဖြင့် ဖုန်းကိုမျက်နှာရှေ့တွင် ကိုင်ထားကာ စခရင်ပေါ်တွင် ပြသနေသော တဖြည်းဖြည်း ပြောင်းလဲနေသည့် ပြောဆိုချိန်ကိုကြည့်ရင်း သူမသည် အသိဉာဏ် လွတ်ကင်းသွားသကဲ့သို့ မဆင်မခြင် ပြန်လည် မေးခွန်းထုတ်လိုက်သည်။

"ဘာလဲ၊ ရှင် ကျွန်မကို စိတ်ပူနေတာလား"

All Chapters