အခန်း ၁၃၄
Vol. 14 Ch. 134
🍏 Chapter 134
မွန်းလွဲပိုင်း ကောင်းကင်ယံရှိ နေရောင်ခြည်က မှိန်ဖျော့နေသည်။ တောင်တန်းများက ဆီးကာထား၍ ဖြစ်နိုင်သော်လည်း သူတို့သည် ဤတောင်တန်းများကို မုချ ဖြတ်ကျော်နိုင်ကြလိမ့်မည်။
ချန်စစ်ကျယ်သည် ဝမ်သိုက်၏ ရှေ့သို့ တည့်တည့် လျှောက်လာသည်။ သပ်ရပ်စွာဖြီးတင်ထားသော ဆံပင်အောက်က သူ၏ မျက်နှာပေါ်တွင် စိုးရိမ်ပူပန်မှုများ ယှက်သန်းနေပြီး တင်းမာနေသော အမူအရာက တည်ကြည်ခက်ထန်မှုကို ဖော်ပြနေသည်။
သူက ဝမ်သိုက်၏ ကိုယ်ပေါ်ကို အကဲခတ်ပြီးနောက် နှုတ်ခမ်းကို တင်းတင်းစေ့ကာ သူမအနောက်က မိန်းကလေးများကို တစ်ချက် ဝေ့ကြည့်လိုက်သည်။ ထို့နောက် ဝမ်သိုက်ကို ပြန်ကြည့်ရင်း မကျေမနပ်ဖြစ်နေသော လေသံဖြင့် ဆူတော့သည်။
"ကိုယ်တိုင် အဖမ်းခံပြီး အထဲဝင်ဖို့ ကြံစည်ရဲတာ မင်းတစ်ယောက်ပဲ ရှိမယ်၊ သူတို့ မင်းကို စော်ကား တာမျိုး လုပ်လာရင် ဘယ်လိုလုပ်မလဲ၊ အန္တရာယ်များတဲ့ ကစားပွဲမျိုးကို မလောင်းသင့်ဘူး၊ နောက်ဆုတ်ရင် အရှုံးမရှိပေမဲ့ ဇွတ်တိုးရင် ဘာမှမရနိုင်ဘူးဆိုတာ မင်းမသိဘူးလား"
သို့သော် ဝမ်သိုက်ကတော့ ဂရုမစိုက်ဟန်ဖြင့် သူမပိုက်ထားသော ရွှမ်ရွှမ်လေးကို ပိုပြီး တင်းတင်းဖက်လိုက်ရင်း ပုခုံးတွန့်ကာ ပြန်ချေပသည်။
"အန္တရာယ်များလေ အကျိုးအမြတ်များလေပေါ့၊ ကြည့်စမ်း... ကျွန်မ သူတို့ကို ကယ်ထုတ်လာနိုင်ပြီပဲ မဟုတ်လား၊ အကယ်၍ ကျွန်မသာ ငြိမ်ပြီး ပုန်းနေရင် ဟိုလူကုန်ကူးသူတွေက ကလေးတွေကို ဝှက်ထားကြမှာ၊ ရဲတွေ ရောက်လာရင်လည်း သက်သေမရှိလို့ ရှာမတွေ့ဘဲ အချည်းနှီး ဖြစ်သွားလိမ့်မယ်၊ အဲဒီလို ဖြစ်မှာကိုတော့ ကျွန်မ အဖြစ်မခံနိုင်ဘူး"
"ပြီးတော့ အဲဒီအချိန်တုန်းက အန်တီကြီးက ကျွန်မကို တွေ့သွားတာနဲ့ အခြေအနေအရ လိုက်သွားလိုက်တာပဲ၊ နောက်ပြီး... ကျွန်မရဲ့ ဒီရုပ်ဆိုးဆိုး ပုံစံနဲ့ကို သူတို့က စော်ကားချင်စိတ် ရှိပါ့မလား"
ဝမ်သိုက်က သူမ၏ မျက်နှာကို လက်ညှိုးထိုးပြရင်း စကားနာထိုးလိုက်သည်။
ဝါကျင့်ကျင့် မိတ်ကပ်တွေက ကွာကျနေပြီး ဖြူနုသော အသားအရေမှာ ကွက်တိကွက်ကြား ပေါ်နေသဖြင့် ကြည့်ရသည်မှာ ငယ်ငယ်က သန်ကောင်ရောဂါ ဖြစ်နေသော ကျောင်းနေဖက် သူငယ်ချင်းတစ်ယောက်လိုပင်။ သို့သော် ချန်စစ်ကျယ်ကို စိုက်ကြည့်နေသော သူမ မျက်လုံးများထဲတွင်တော့ ကြံ့ခိုင်သော ဇွဲကို မြင်နေရသည်။
သူမကို ခဏမျှ စိုက်ကြည့်ပြီးနောက် ချန်စစ်ကျယ်၏ လည်ချောင်းထဲမှ ရယ်သံသဲ့သဲ့ ထွက်လာပြီး တင်းမာမှုများ လျော့ကျသွားသည်။ သူက လက်နှစ်ဖက်ကို ဘောင်းဘီအိတ်ထဲ ထည့်ကာ ခေါင်းကို အနည်းငယ် မော့ရင်း မျက်ခုံးတစ်ချက် ပင့်ပြကာ ဆိုသည်။
"မင်းပြောတာ မှန်ပါတယ်၊ မင်းရဲ့ ဒီရုပ်ဆိုးဆိုး ပုံစံကတော့ လူတွေကို တကယ်ပဲ နောက်ဆုတ်သွားစေ နိုင်စွမ်း ရှိတယ်"
သူက "ရုပ်ဆိုးဆိုး" ဆိုသည့် စကားလုံးကို တမင် လေသံမြှင့်ပြီး အဓိပ္ပာယ်ပါပါ ပြောသွားခြင်း ဖြစ်သည်။
ဝမ်သိုက်မှာ ဆွံ့အသွားပြီး ပြန်ပြောရန် ပြင်သော်လည်း မိမိကိုယ်မိမိ အရင် စကားနာထိုးမိခဲ့သဖြင့် ဘာမှ ပြန်မပြောနိုင်တော့ချေ။ သူမက လက်တစ်ဖက်ဖြင့် မျက်နှာကို အသာအယာ စမ်းကြည့်ရင်း ခပ်တိုးတိုး ရေရွတ်မိသည်။
"တကယ်ပဲ အဲဒီလောက် ရုပ်ဆိုးနေတာလား"
သူမ၏ လည်ပင်းကို ဖက်ထားသော ရွှမ်ရွှမ်လေးက တိုးတိုးလေး ဝင်ပြောရှာသည်။
"ရုပ်မဆိုးပါဘူး၊ လှပါတယ်"
နူးညံ့လှသော ကလေးငယ်၏ အသံကြောင့် ဝမ်သိုက် စိတ်လှုပ်ရှားသွားပြီး သူမ၏ ရင်ခွင်ထဲက ကလေးမလေးကို ကြည့်ကာ ပြုံးပြလိုက်သည်။
ချန်စစ်ကျယ် ဘာမှ ထပ်မပြောရသေးခင်မှာပင် ဝေးကွာသော နေရာမှ ရဲကားဥဩသံများ အဆက်မပြတ် ထွက်ပေါ်လာတော့သည်။
အရှိန်ပြင်းစွာ မောင်းနှင်လာသော ရဲကားနှစ်စီးသည် သူတို့ဘေးတွင် ဆောင့်ကာရပ်တန့်သွားသည်။ ရှေ့ကားမှာ ကုန်းစောင်းပေါ်တွင် ရပ်ပြီး နောက်ကားမှာ ချန်စစ်ကျယ်၏ ကားဘေးတွင် ရပ်လိုက်သည်။
ရှေ့ကား၏ တံခါးပွင့်လာပြီး ယူနီဖောင်းဝတ်ထားသော ရဲမေ ချိုက်ချီ ဆင်းလာသည်။ သူမက ဝမ်သိုက်ထံသို့ အပြေးအလွှား လာပြီး ချန်စစ်ကျယ်ကို လျစ်လျူရှုကာ ဝမ်သိုက်အနောက်က မိန်းကလေးများကို အရင် ကြည့်လိုက်သည်။
ထိတ်လန့်နေကြသော မိန်းကလေးများသည် ယူနီဖောင်းဝတ် ရဲမေနှင့် ရဲကားများကို မြင်လိုက်ရသည့် အခါမှ စိတ်အေးသွားကြတော့သည်။ အချို့မိန်းကလေးများမှာ အောင့်အည်းထားသမျှ ပေါက်ကွဲကာ ရှိုက်ကြီးတငင် ငိုကြွေးကြတော့သည်။
"တို့တွေ လွတ်ပြီ... တို့တွေ နောက်ဆုံးတော့ အိမ်ပြန်ရတော့မယ်"
"ဟုတ်ပါတယ်၊ သမီးတို့ အိမ်ပြန်ရတော့မယ်၊ သမီးတို့တင်မကဘူး တခြားလူတွေပါ အိမ်ပြန်ရမှာပါ"
မိန်းကလေးများ၏ စုတ်ပြတ်နေသော အဝတ်အစားများနှင့် ဒဏ်ရာများကို ကြည့်ရင်း ချိုက်ချီ၏ မျက်လုံးများ နီရဲလာသည်။
မိန်းကလေးတိုင်း၏ မျက်နှာပေါ်တွင် ညိုမည်းဒဏ်ရာများ ရှိနေကြပြီး ထိုလူကုန်ကူးသူများ၏ လက်ချက်ကြောင့် လှပသော မျက်နှာလေးများမှာ ပျက်စီးနေရသည်။
သူမသည် လက်သီးကို တင်းတင်းဆုပ်ကာ စိတ်ကို ထိန်းရင်း လေသံကို မြှင့်လိုက်သည်။
"သမီးတို့ကို နာကျင်အောင် လုပ်ခဲ့တဲ့သူတွေကို အစ်မတို့တွေ ဥပဒေအရ ပြတ်ပြတ်သားသား အပြစ်ပေးပါ့မယ်"
"အခု သမီးတို့ ကားပေါ် အရင်တက်ကြနော်၊ ရဲဦးလေးတွေက သမီးတို့ကို လုံခြုံတဲ့နေရာ ပို့ပေးလိမ့်မယ်၊ ဒါပေမဲ့ အစ်မတို့တွေက ရွာထဲက တခြားလူတွေကိုပါ ဆက်ကယ်ရမှာမို့ သက်သေအဖြစ် လိုက်ပေးမယ့်သူ လိုချင်တယ်၊ ဘယ်သူ..."
သူမ စကားမဆုံးခင်မှာပင် မိန်းကလေးနှစ်ယောက်က ပြိုင်တူ ဖြေလိုက်သည်။
"ကျွန်မ လိုက်ပါ့မယ်"
ပြောလိုက်သူများမှာ ဝမ်ဝေ့ဝေ့နှင့် ရှောင်ဟွေ့ ဖြစ်သည်။
ပါးစပ်နှင့် မျက်ကွင်းများတွင် ညိုမည်းဒဏ်ရာများ ရှိနေသော ဝမ်ဝေ့ဝေ့သည် ဘေးက ပိန်လှီသော်လည်း ကျောကို မတ်မတ်ဆန့်ထားသော ရှောင်ဟွေ့ကို ကြည့်လိုက်သည်။
ဝမ်သိုက်၏ ရင်ခွင်ထဲက ရွှမ်ရွှမ်လေးကလည်း သူမ၏ လက်မောင်းလေးကို ပိုတင်းတင်း ဖက်ရင်း ညစ်ပတ်နေသော မျက်နှာလေးကို မော့ကာ ချိုက်ချီကို ကြည့်ပြီး အပြစ်ကင်းစွာ ပြောရှာသည်။
"သမီးလည်း လိုက်မယ်"
ဝမ်သိုက် ချီထားသော ကလေးမလေး၏ နဖူးပေါ်က ဒဏ်ရာကို မြင်လိုက်ရသည့်အခါ ချိုက်ချီ၏ မျက်မှောင်များ ပိုမို ကြုတ်သွားပြီး ခပ်တိုးတိုး ဆဲရေးမိသည်။
"ဒီလောက် ကလေးအသေးလေးကိုတောင် လက်ရဲဇက်ရဲ လုပ်ရက်ကြတယ်၊ တိရစ္ဆာန်ထက်တောင် ယုတ်မာပတ်စက်ကြတယ်"
သို့သော် သူမက ရွှမ်ရွှမ်လေးကို ကြည့်သည့်အခါတွင်တော့ နူးညံ့စွာ ပြုံးပြလိုက်သည်။
"ကောင်းပါပြီ"
ရွှမ်ရွှမ်လေးကို ရှောင်ဟွေ့က ပြန်ချီကာ ရဲကားနောက်ခန်းသို့ ဝင်ထိုင်ကြပြီး အခြားရဲကားတစ်စီး ကတော့ ကျန်ရှိသော မိန်းကလေးများကို တင်ဆောင်ကာ ထွက်ခွာသွားသည်။
တစ်ချိန်တည်းမှာပင် ရွာထဲတွင် ဒုက္ခသည် မည်မျှ ကျန်ရှိနေသေးသည်ကို မခန့်မှန်းနိုင်သဖြင့် ချိုက်ချီသည် အနီးနားရှိ ရဲစခန်းများသို့ ဖုန်းဆက်ကာ အကူအညီ တောင်းခံလိုက်သည်။
ထိုနေရာရှိ ဒေသခံ အာဏာပိုင်အချို့နှင့် လူကုန်ကူးသူများ စနစ်တကျ ပူးပေါင်းထားကြသည်မှာ သေချာသော်လည် ချိုက်ချီတို့၏ တရားဝင် တောင်းဆိုမှုကိုတော့ သူတို့ ငြင်းဆန်ရဲမည် မဟုတ်ချေ။ အကယ်၍ ရဲစခန်းက ကားနှင့် လူအင်အား ကူညီပေးခြင်း မရှိပါက စခန်းတစ်ခုလုံး အရေးယူခံရမည် ဖြစ်သည်။
ဝမ်ဝေ့ဝေ့နှင့် ဝမ်သိုက်တို့သည် ချန်စစ်ကျယ်၏ ကားပေါ်သို့ တက်ကြသည်။
ဝမ်ဝေ့ဝေ့သည် မိခင်ဖြစ်သူ၏ဆုံးမသွန်သင်မှုကြောင့် အလွန်ယဉ်ကျေးသိမ်မွေ့လှသည်။ ကားပေါ်မတက်ခင် သူမသည် ချန်စစ်ကျယ်ထံမှ ကားသုတ်ပုဝါကိုတောင်းကာ ထိုင်ခုံပေါ်တွင် သေသေချာချာ ခင်းပြီးမှ ထိုင်သည်။
သူမက ရှေ့ခန်းကလှည့်ကြည့်နေသော ဝမ်သိုက်ကို အားနာဟန်ဖြင့် ပြုံးပြသည်။
"တောင်ပေါ်က ဆင်းလာတော့ ဘောင်းဘီက အရမ်းညစ်ပတ်နေလို့ပါ၊ ဒီဦးလေးရဲ့ ကားကို ပေပွသွားမှာ စိုးလို့"
ဘာမှမခင်းဘဲ အိမ်ရှေ့ခန်း ထိုင်ခုံပေါ်သို့ ဖတ်ကနဲ ဝင်ထိုင်လိုက်သော ဝမ်သိုက်မှာ ဆွံ့အသွားတော့သည်။
သူမက ခေါင်းကို ဖြည်းဖြည်းချင်းပြန်လှည့်လိုက်ရာ စက်နှိုးပြီး ကားမောင်းရန် ပြင်နေသော ချန်စစ်ကျယ်၏လှောင်ပြုံးပြုံးနေသော အကြည့်နှင့် ကွက်တိ တိုးတော့သည်။
ထိုအကြည့်ကြောင့် ဝမ်သိုက် တံတွေးကို ခက်ခက်ခဲခဲ မျိုချရင်း အခြေအနေကို ဟာသလုပ်ကာ ဖျောက်ဖျက်ရန် ကြိုးစားသည်။
"အဟမ်း... ကျွန်မတို့တွေ ပူးပေါင်းလာတာ ကြာပြီပဲဥစ္စာ၊ အဲဒီတုန်းက စိုးရိမ်ရတဲ့ အခြေအနေမို့လို့ အလောတကြီး ထိုင်လိုက်မိတာပါ..."
ချန်စစ်ကျယ် ဘာမှမပြောဘဲ ပြုံးစိစိဖြင့်သာ ကြည့်နေသဖြင့် ဝမ်သိုက် အံကြိတ်ကာ စိတ်လျှော့လိုက်တော့သည်။
"ကဲပါ... ကျွန်မကပဲ ရိုင်းစိုင်းသွားတာ ဟုတ်ပြီလား၊ အခုပဲ ကားဆေးခကို လွှဲပေးလိုက်မယ်"
သူမက အင်္ကျီအောက်ကနေ ဖုန်းကို ခက်ခက်ခဲခဲ နှိုက်ထုတ်ရန် ကြိုးစားသည်။
သူမ၏ ရယ်စရာကောင်းသော ပုံစံကို ကြည့်ပြီး ချန်စစ်ကျယ်က နှာခေါင်းရှုံ့ကာ ရယ်လိုက်ရင်း ကားကို ဂီယာချိန်းကာ မောင်းထွက်လိုက်သည်။ သူ့ တည်ငြိမ်သောအသံက ထွက်ပေါ်လာသည်။
"ရပါပြီ၊ ကားဆေးခ ပေးစရာ မလိုပါဘူး၊ ငါ့ရဲ့ ပါတနာအပေါ်မှာ ဒီလောက်အထိတော့ တွန့်တိုမနေပါဘူး"
ဝမ်သိုက် ဖုန်းနှိုက်နေသော လက်ကို ပြန်ထုတ်လိုက်ပြီး သူ၏ရက်ရောမှုကို ချီးကျူးရန် ပြင်လိုက်စဉ်မှာပင် သူက စကားတစ်ခွန်း ထပ်ဆက်လိုက်သည်။
"ဘာလို့လဲဆိုတော့ မင်းက ငါ့ကို ပျော်ရွှင်မှုတွေပေးနိုင်လို့ပဲ"
နားလည်သွားပြီ။ သူမက လူပြက်ဖြစ်သွားတာပဲ။
"ချန်စစ်ကျယ်... ရှင် ရူးနေတာလား၊ ပါးစပ်ကို နည်းနည်းလောက် ယဉ်ကျေးအောင် မလုပ်တတ်ဘူးလား"
သူတို့ ရွာထိပ်သို့ ပြန်ရောက်သည့်အခါတွင်တော့ အခြေအနေများက အရင်နှင့် မတူတော့ချေ။ နေဝင်တော့မည် ဖြစ်သော်လည်း ကမ္ဘာကြီးတစ်ခုလုံး လင်းထိန်နေဆဲပင်။
ဤတစ်ကြိမ်တွင်တော့ ရဲကားများက ရှေ့မှ ဦးဆောင်လာသဖြင့် ကားထဲက ဝမ်သိုက်ပင်လျှင် စွမ်းအားများရရှိလာသလို ခံစားရပြီး ရန်သူတွေကို လက်စားချေရန် အချိန်ရောက်ပြီဟု တွေးမိသည်။
လမ်းဘေးတွင် ဆေးလိပ်သောက်နေသော အရပ်ပုပု အမျိုးသားသည် ရွာထဲသို့ ဝင်လာသော ရဲကားများကို မြင်လိုက်ရသည့်အခါ ကြောင်စီစီဖြင့် စိုက်ကြည့်နေမိသည်။ သူက ပါးစပ်က ဆေးလိပ်ကို လက်ဖြင့် အမြန်ဖယ်ကာ မြေကြီးပေါ် ချနင်းလိုက်တော့သည်။
အိမ်ထဲမှ ထွက်လာသော အရပ်ရှည်ရှည် အမျိုးသားကတော့ သွားကြားထိုးရင်း ရဲကားများကို ရက်စက်သော မျက်လုံးများဖြင့် စိုက်ကြည့်ကာ လူမိုက်ပြုံးပြုံးနေသည်။ သူက လမ်းမပေါ်သို့ လျှောက်လာပြီး အရပ်ပုပုအမျိုးသားကိုပါ ရှေ့သို့ တွန်းထုတ်လိုက်သည်။