← Chapters

အခန်း ၄၃

Vol. 5 Ch. 43

အခန်း ၄၃

Vol. 5 Ch. 43

Chapter 43

သူ့အရွှန်းဖောက်မှုကို ခံလိုက်ရမှန်း သိလိုက်သောအခါမှ သူမ ဉာဏ်က ပြန်ပွင့်လာတော့သည်။ သူမ ကြည့်ချင်လျှင် ဖုန်းဖြင့် ကြည့်လိုက်ရုံပဲ မဟုတ်လား။

ဝမ်သိုက်သည် စိတ်တိုတိုဖြင့် သူ့ဘေးသို့ ပြန်လျှောက်လာပြီး သူ့လက်မောင်းကို တစ်ချက် ထိုးလိုက်သည်။

"ရှင် ရူးနေတာလား၊ နည်းနည်းလောက် ရင့်ကျက်စမ်းပါဦး"

"ဟားဟား"

ချန်စစ်ကျယ်က ပန်းစည်းကို ပိုက်ထားရင်း လှောင်ရယ် ရယ်လိုက်သည်။

"ဘယ်သူက ကလေးဆန်တာလဲဆိုတာ ငါပြောဖို့ လိုသေးလား၊ ငါက ဒီအတိုင်း ပြောလိုက်တာကို မင်းက တကယ်ကြီး ပြေးကြည့်တာပဲ၊ လမ်းလျှောက်ရင် သတိထားဦး၊ မင်းရဲ့ ဉာဏ်ရည်နဲ့ဆိုရင် တော်တော်လေး အန္တရာယ်များတယ်"

"ရှင်က ကျွန်မကို ပြောနေသေးတယ်၊ ရှင်ကိုယ်တိုင်လည်း ဘာထူးလို့လဲ၊ ဆန်ခါက ဂျုံမှုန့်ကို အပေါက်ပါတယ်ဆိုပြီး ပြောနေသလိုပဲ၊ အဲဒီလောက် သိသာတဲ့ အကွက်ကို ဝင်သွားတာကိုး၊ ကျွန်မနဲ့ ကျတော့ တစ်ခုခုဆို လိမ်လည်မှုဆိုပြီး ထောင်ထဲ ပို့မယ်ပဲ ပြောနေပြီးတော့”

“ခုနက အဘွားအိုကိုကျတော့ ဘာလို့ ဘာမှမပြောတာလဲ၊ ဈေးနှုန်းကို အဆမတန် တင်ရောင်းတာက မတရားဘူး မဟုတ်လား၊ ရှင်က သူက အသက်ကြီးလို့ မပြောတာလား.... ရှင်က တကယ့်ကို မျက်နှာလိုက်တာပဲ"

ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ချန်စစ်ကျယ်က ဖွဖွလေး ပြောလိုက်သည်။

"ငါ့အဘွားက ဒီပန်းကို ကြိုက်တယ်"

ဘေးနားမှ လက်ပိုက်လျှောက်နေသော ဝမ်သိုက်က ဒါကို အကြောင်းပြချက်တစ်ခုအဖြစ်သာ သတ်မှတ်ကာ

"ရှင့်အဘွား ကြိုက်ရင်လည်း ဒီမှာ ဒီလောက်ဈေးကြီးပေး ဝယ်စရာမလိုပါဘူး၊ လီကျိုးကို ပြန်ရောက်ရင် ညှိုးသွားမှာပဲ၊ အဲဒီကျမှ ဝယ်လိုက်ရင် ပိုကောင်းတာပေါ့၊ ဒါကြောင့် အကြောင်းပြချက်ပေးရင်လည်း သေချာပေးပါ၊ ကိုယ့်ကိုယ်ကိုယ် အလိမ်ခံလိုက်ရတယ်ဆိုတာ ဝန်ခံလိုက်တာက သိက္ခာကျစရာ မဟုတ်ပါဘူး"

"ငါ့အဘွားက မရှိတော့ဘူး၊ သူ ရှိတုန်းက စံပယ်ပန်း အရမ်းကြိုက်တာ၊ ခုနက သူ့ကို သတိရသွားလို့ပါ၊ သူ ရှိတုန်းက ငါ့ကို စိတ်ထားကောင်းဖို့ အမြဲပြောလေ့ရှိတယ်"

ချန်စစ်ကျယ်က မပြောသင့်တာ ပြောမိသွားသလိုမျိုး နှုတ်ခမ်းကို တင်းတင်းစေ့ကာ အကြည့်ကို လွှဲလိုက်သည်။ သူသည် ဝမ်သိုက်၏လှောင်ပြောင်မှုကို စောင့်ဆိုင်းနေမိသည်။

သို့သော် ဝမ်သိုက်မှာ ငြိမ်သက်သွားပြီး သူ့ကို အံ့သြတုန်လှုပ်စွာကြည့်လိုက်မိသည်။

သေခြင်းတရားကို မည်သူမှ မလွန်ဆန်နိုင်သလို၊ ချစ်ခင်ရသူနှင့် ခွဲခွာရခြင်း ဝေဒနာကိုလည်း မည်သူမှ မရှောင်လွှဲနိုင်ချေ။

"စိတ်မကောင်းပါဘူး.... ရှင် အခုထိ ဝမ်းနည်းနေတုန်းလားတော့ မသိဘူး၊ လူသေရင် တခြားကမ္ဘာကို ရောက်သွားတယ်ဆိုတဲ့ စကားကို ရှင်လည်း ကိုယ့်ကိုယ်ကိုယ် ပြောဖူးမှာပေါ့၊ အင်း... စိတ်ထားကောင်းဖို့ဆိုတာလည်း မျက်စိမှိတ်ပြီး ကောင်းနေဖို့ မဟုတ်ဘူး”

“ဒါပေမဲ့ ရှင်ကတော့ အဲဒီလိုလူမျိုး မဟုတ်တာ သေချာပါတယ်၊ ဘာလို့လဲဆိုတော့ ရှင်က စိတ်ထားကောင်းတဲ့လူမှ မဟုတ်တာ"

နောက်ဆုံးစကားကိုတော့ ဝမ်သိုက်က အသံတိုးတိုးလေးဖြင့် ပြောလိုက်သည်။

လေးလံသော အငွေ့အသက်များကို ဖျောက်ပစ်ရန် ဝမ်သိုက်က စကားလမ်းကြောင်း လွှဲလိုက်သည်။

"ဒါပေမဲ့ တကယ်ပြောတာပါ၊ ကျွန်မတော့ ရာသက်ပန် ဆိုတဲ့ စကားလုံးကိုကြားရင် စိတ်ဒဏ်ရာတောင် ရတော့မယ်၊ ကျွန်မလည်း မသိပါဘူး၊ သူတို့က ဘာလို့ ယောက်ျားတစ်ယောက်နဲ့ မိန်းမတစ်ယောက် အတူတူရှိနေရင် အတွဲလို့ပဲ ထင်နေကြတာလဲ”

“မောင်နှမတွေလည်း ဖြစ်နိုင်တာပဲ၊ ဒါမှမဟုတ် ယောက်ျားက Gay ဖြစ်ပြီး မိန်းမက Lesbian လည်း ဖြစ်နိုင်တာပဲ၊ အခုခေတ် အမေတွေကလည်း နုပျိုကြတော့ တစ်ခါတလေကျရင်..."

ဝမ်သိုက်က ချန်စစ်ကျယ်ကို ပါးစပ်သရမ်းပြီး ပြောမည့်ဆဲဆဲမှာ "အဲဒီလို ဖြစ်နိုင်ခြေ မရှိဘူး" ဟု သူက ဖြတ်ပြောလိုက်သည်။

လမ်းလျှောက်လည်ခြင်းက ဆက်လက်ရှိနေသော်လည်း ထူးထူးခြားခြားတော့ မရှိလှချေ။ သူတို့ ပြန်လှည့်လာသောအခါ ခုနက အဘွားအိုနှင့် ထပ်ဆုံပြန်သည်။ အဘွားအိုက အတွဲတစ်တွဲကို တားကာ ပြောနေပြန်သည်။

"ဒါ နောက်ဆုံးတစ်စည်းပဲ ကျန်တော့တာပါကွယ်၊ လတ် ဆတ်တဲ့ ပန်းလေးတွေပါ၊ တို့တွေဆုံရတာ ကံတရားပေါ့၊ ဒါလေးကုန်ရင် အဘွား ထမင်းသွားစားလို့ ရပြီ၊ ကောင်းလေး၊ မင်းရဲ့ ရည်းစားလေးအတွက် ပန်းလေးတစ်စည်းလောက် ဝယ်ပေးပါဦး”

"မော့လီဟွားဆိုတာ မခွဲခွာကြေးလို့ အဓိပ္ပာယ်ရတယ်လေ၊ (၉၉) ယွမ်တည်းပါ၊ မင်းတို့နှစ်ယောက် ရာသက်ပန် ပေါင်းဖက်နိုင်ပါစေကွယ်..."

မိန်းကလေးက ငြင်းရန် ပြင်ဆင်နေသော်လည်း အမျိုးသားကတော့ ဖုန်းကို ထုတ်လိုက်သည်။ ချန်စစ်ကျယ်နှင့် မတူ သည်မှာ ထိုအမျိုးသားက အမျိုးသမီး၏လက်ကို ကိုင်ကာ နွေးထွေးစွာပြုံးပြပြီး ပန်းစည်းကို ကမ်းပေးလိုက်ခြင်းပင်။

အဘွားအို ထွက်သွားပြီးနောက် ထိုချစ်သူနှစ်ဦးမှာ တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ ပြုံးနေကြသည်။ မွန်းလွဲပိုင်း နေရောင်ခြည်မှာ သူတို့၏အချစ်ကဲ့သို့ နွေးထွေးနေပြီး ပန်းပွင့်ပေါ်မှ ရေစက်လေးများမှာလည်း တလက်လက် တောက်ပနေတော့သည်။

ဝမ်သိုက်သည် မသိစိတ်ဖြင့် ဘေးနားရှိ ချန်စစ်ကျယ်ကို မော့ကြည့်လိုက်ရာ သူကလည်း ငုံ့ကြည့်လာသည်။

သူက ငုံ့ကြည့်ပြီး သူမက မော့ကြည့်သည်။

ဒါပေမဲ့ သူတို့ကြားမှာ အကြည့်ချင်းဆုံပြီး ပြုံးပြတာမျိုးတော့မရှိခဲ့ချေ။

နှာခေါင်းရှုံ့သံမှာ တစ်ပြိုင်တည်း ထွက်ပေါ်လာပြီး မျက်နှာကိုလည်း ဆန့်ကျင်ဘက်ဘက်သို့ တစ်ပြိုင်တည်းလွှဲလိုက်ကြလေတော့သည်။

ညတွင် ကွန်ပျူတာရှေ့မှာ ထိုင်နေသော ဝမ်သိုက်သည် တိုက်ရိုက်ထုတ်လွှင့်မှု ပြုလုပ်နေပြီး မှတ်ချက်များကို ဖတ်နေသည်။ သူမ စားပွဲပေါ်တွင် ဝယ်လာသော လီလီပန်းလေးများဖြင့် အလှဆင်ထားသော ညအိပ်မီးအိမ်လေးက လင်းထိန်နေပေသည်။

"ဘာလို့ အရင်က Live မလွှင့်တာလဲ... ဪ၊ အလုပ်ရှုပ်နေလို့ပါ"

【Screen Temperature: ဆရာမ..... Otome Game ထဲက ဇာတ်လိုက်တွေမှာ တကယ်ပဲ စွမ်းအင်တွေ ရှိလားဟင်】

ဝမ်သိုက်၏ Live တွင် ရှိနေသူအများစုမှာ သူမ၏ ပရိသတ်အဟောင်းများ ဖြစ်ကြသော်လည်း ထူးဆန်းသော မေးခွန်းတစ်ခု တက်လာသဖြင့် သူမ ခေတ္တမျှ စဉ်းစားလိုက်ပြီးမှ ပြုံးကာ ဖြေလိုက်သည်။

"ဒါပေါ့၊ ရှိနိုင်တာပေါ့"

"ဒါပေမဲ့ ကျွန်မ အကြံပေးချင်တာကတော့ အဲဒီလို စွမ်းအင်တွေကို ချိတ်ဆက်ပေးမယ်ဆိုတဲ့ ဗေဒင်ဆရာ ဒါမှမဟုတ် ဝိညာဉ်ရေးရာ ဆရာဆိုသူတွေဆီ မသွားဖို့ပါပဲ၊ ဆယ်ယောက်မှာ ကိုးယောက်က လူလိမ်တွေပါ၊ ချိတ်ဆက်လို့ မရပါဘူး သဲလေးတို့ရယ်၊ တကယ်လို့ ချိတ်ဆက်မိရင်တောင် အဲဒါက ထိပ်ပြောင်ပြောင်နဲ့ အဘိုးကြီးတစ်ယောက် ဖြစ်နေဖို့ပဲ များပါတယ်”

“ဂိမ်းထဲက ဇာတ်လိုက်တွေဆိုတာ ဒေတာ တွေပဲလေ၊ ဒါပေမဲ့ လူတစ်ယောက်က တကယ်ပဲ စိတ်နှစ်ပြီး ကစားမယ်ဆိုရင်တော့ စွမ်းအင်တွေ ဖြစ်ပေါ်လာနိုင်ပါတယ်၊ အဲဒီစွမ်းအင်ကို ကိုယ့်ဘာသာ ကိုယ် ခံစားကြည့်ရမှာပါ၊ သူများတွေဆီမှာ သွားပြီး ချိတ်ဆက်ခိုင်းတာမျိုး မလုပ်ပါနဲ့"

သူမက မသိစိတ်ဖြင့် မျက်မှောင်ကြုတ်လိုက်မိသည်။ သူမသည် ဤကဲ့သို့ ကိစ္စများတွင် ဝင်ပါလေ့မရှိသော်လည်း တစ်စုံတစ်ယောက်က မေးလာလျှင်တော့ လူအလိမ်မခံရအောင် တားဆီးပေးချင်မိသည်။

【Screen Temperature: သွားပါပြီ ဆရာမ၊ ကျွန်မ တစ်ယောက်နဲ့ ချိတ်ဆက်ခိုင်းလိုက်မိပြီ၊ အခုတလော ကျွန်မ အရမ်းနေလို့မကောင်းဘူး ဖြစ်နေတယ်】

All Chapters