အခန်း ၅၄
Vol. 6 Ch. 54
Chapter 54
ဝမ်သိုက်က စိတ်ပျက်လက်ပျက် လေသံဖြင့် ပြောလိုက်သည်။
"ဘာပဲဖြစ်ဖြစ် ကျွန်မမှာ ဘာမှ ရှိတာ မဟုတ်ဘူး၊ သူမ ကျွန်မကို လိမ်ရင်လည်း ဘာမှ ရမှာ မဟုတ်ပါဘူး"
သူမ ဘာသာ ဖြောင့်ဖြနေဟန် ရှိပေသည်။
ဝမ်သိုက် အမြန်ပင် လျှောက်သွားကာ တံခါးကို တွန်းဖွင့်လိုက်သည်။
တံခါးအပြင်ဘက်တွင် ထုရိုက်ရန်ပြင်နေသော တာအိုကျောင်းသားလေးမှာ ဝမ်သိုက်မျက်နှာကို ရိုက်မိလုနီးပါး ဖြစ်သွားသည်။ သူ ကြောင်အသွားစဉ် ဝမ်သိုက်က ထိုကျောင်းသားလေး၏ လက်အောက်မှနေ၍ ငုံ့ကာထွက်ခဲ့သည်။
သူမသည် တံခါးမကြီးဆီသို့ အမြန်လျှောက်သွားရာ ငိုယိုသံများနှင့် တောင်းပန်သံများမှာ တဖြည်းဖြည်း ကျယ်လောင်လာသည်။ တံခါးအပြင်ဘက်သို့ ထွက်လိုက်သောအခါ လှေကားအောက်တွင် ဒူးထောက်နေသော အမျိုးသမီးကိုမြင်လိုက်ရသည်။ စောစောက မြင်ခဲ့သော အမျိုးသမီးပင်။
အမျိုးသမီးလက်များမှာ သူမ ရင်ခွင်ထဲရှိ မိန်းကလေးငယ်၏ခေါင်းနှင့် ပါးပြင်ကို အုပ်မိုးထားသည်။ အေးစက်သော ဆောင်းရာသီတွင် သူမ လက်များမှာ နီရဲနေပေသည်။
ဝမ်သိုက် စိတ်ထဲတွင် စိုးရိမ်စိတ်များ ဖြစ်ပေါ်လာသည်။ သူမသည် ကလေးငယ်ကို လှမ်းကြည့်လိုက်ရာ မျက်လုံးများ ပိတ်ထားပြီး မျက်နှာမှာ မီးခိုးရောင် သမ်းနေကာ နှုတ်ခမ်းများမှာလည်း ညိုမည်းနေပေသည်။
"ကိစ္စမရှိဘဲ ဝင်မပါနဲ့"
ဝမ်သိုက် စိတ်ထဲမှ အစောင့်အရှောက်က အသံထွက်လာသည်။
သို့သော် ဝမ်သိုက် စိတ်ထဲတွင်တော့ သနားစိတ်များ ပြည့်နှက်နေပြီ ဖြစ်သဖြင့် သူမသည် လွယ်လွယ်နှင့် နောက်မဆုတ်နိုင်တော့ပေ။
မိမိ၏စိတ်ဆန္ဒအတိုင်း လုပ်ချင်တာကို အရင်လုပ်လိုက်မည်။ နောက်ဆက်တွဲ ရလဒ်များကိုတော့ သူမ ခံစားခဲ့ရသည်မှာလည်း မနည်းတော့ပေ။
သူမသည် လျှောက်သွားကာ ထိုအမျိုးသမီးရှေ့တွင် ကုန်းရပ်လိုက်သည်။ သူမသည် ကလေးငယ်နဖူးကို လက်ဖြင့် စမ်းကြည့်လိုက်ရာ အပူရှိန်ကြောင့် သူမ လန့်သွားရချေသည်။
ဝမ်သိုက်မှာ မျက်မှောင်ကြုတ်သွားရင်း ထိုအမျိုးသမီးကို စိုက်ကြည့်ကာ အလေးအနက်မေးသည်။
"ဒါ အဒေါ်ရဲ့ သမီးလား၊ သူမ ဖျားနေတာ ဘယ်လောက်ကြာပြီလဲ၊ ဆေးရုံပြခဲ့လား၊ အနောက်တိုင်းဆေးတင် မဟုတ်ဘူး၊ တရုတ်ဆေးမြီးတိုလည်း ပြကြည့်သင့်တယ်၊ သူမ ဖျားကတည်းက သတိမေ့နေတာလား၊ ဒါမှမဟုတ် ဖျားပြီးမှ သတိမေ့သွားတာလား"
မျက်ရည်များဖြင့် မျက်နှာတစ်ခုလုံး ပေကျံနေသော အမျိုးသမီးမှာ ခေါင်းကို မော့ကြည့်ကာ ပြောသည်။
"ပြခဲ့ပါတယ်၊ ဆေးရုံတွေ အများကြီးပြခဲ့ပြီးပြီ၊ စစ်ဆေးတာတွေလည်း အကုန်လုပ်ပြီးပြီ၊ ဆရာဝန်တွေက ဘာပြောလဲ သိလား၊ အခုအချိန်မှာ ကုသဖို့ နည်းလမ်း မရှိသေးဘူးတဲ့၊ စိတ်ကောင်းရှိတဲ့ ဆရာဝန်တစ်ယောက်က တရုတ်ဆေးဆရာနဲ့ ပြကြည့်ဖို့ပြောလို့ ပြခဲ့တယ်၊ ဒါပေမဲ့ ဆေးသောက်လည်း မသက်သာဘူး၊ အပ်စိုက်ကုတော့လည်း သမီးလေးက သတိမေ့သွားတာပဲ"
"အဲဒီက ဆရာဝန်က ပြောတယ်၊ တာအိုဆရာတော်နဲ့ ပြကြည့်ပါလားတဲ့၊ တစ္ဆေအပ်စိုက်နည်းကိုရှာကြည့်ပါလားတဲ့၊ ဒါကို တတ်တဲ့လူ သိပ်မရှိဘူး၊ ကျုံးအန်းကျောင်းတော်ကိုတိုက်ရိုက်သွားပါ၊ အဲဒီမှာ အရမ်းတော်တဲ့ ဆရာတော်ရှိတယ်လို့ ပြောတယ်”
“ကျွန်မ ဒီမှာ စောင့်နေတာရက်တွေ အများကြီး ကြာလှပြီ၊ တံခါးပွင့်တာ တစ်ခါမှမမြင်ဖူးဘူး၊ လာတဲ့လူတွေကလည်း တံခါးဝမှာကြည့်ပြီး ပြန်သွားကြတာပဲ၊ အခုမှ နင်နဲ့ ဟိုလူကြီးဝင်သွားတာကို မြင်လိုက်ရတာ"
သူမသည် ကလေးကိုပွေ့ချီကာ လှေကားပေါ်တွင် ခေါင်းဖြင့်တိုက်ရန် ပြင်လိုက်သဖြင့် ဝမ်သိုက်က အမြန်ဖမ်းဆွဲလိုက်သည်။
"အဒေါ်၊ စိတ်အေးအေးထားပါ၊ ခေါင်းနဲ့ မတိုက်ပါနဲ့၊ ဘာဖြစ်တာလဲဆိုတာကို သေချာရှင်းပြပါဦး"
ကောင်းကင်ယံ၌ တိမ်တိုက်တို့သည် တိတ်ဆိတ်ငြိမ်သက်စွာ ဖြတ်သန်းသွားကြပြီး၊ တိမ်စိုင်များနောက်ကွယ်မှ စူးရှတောက်ပနေသော နေမင်းကြီးသည် အေးစက်သော အလင်းတန်းများကို ကမ္ဘာမြေပေါ်သို့ ပစ်လွှတ်နေသည်။
ကျောင်းတော်အပြင်ဘက်တွင် ဒူးထောက်နေသော အမျိုးသမီး၏အမည်မှာ ရန်ကွေ့ ဖြစ်သည်။ သူမ ရင်ခွင်ထဲမှ ကလေးငယ်မှာ သူမ၌ ကျန်ရှိတော့သည့် တစ်ဦးတည်းသော သမီးလေးပင်။
အသက် ၂၁ နှစ်အရွယ် သူမ သားကြီးမှာ တက္ကသိုလ်တစ်ခုတွင် ပညာသင်ကြားနေပြီး အနာဂတ်မှာ လင်းလက်တောက်ပနေခဲ့သော်လည်း သူငယ်ချင်း၏လှည့်ဖြားမှုကြောင့် ငွေလိမ်လည်မှုထဲသို့ ရောက်ရှိသွားကာ အတန်းများ ရေရှည်ပျက်ကွက်ခဲ့သဖြင့် ကျောင်းထုတ်ခံခဲ့ရသည်။ ထို့နောက်တွင်တော့ သူသည် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့လေသည်။
အကြောင်းပြချက်က ရှင်းပါသည်။ နှစ်ပေါင်းများစွာ ကြိုးစားအားထုတ်ခဲ့သမျှနှင့် မိဘများ၏ပြုစုပျိုးထောင်မှုများမှာ မြူခိုးများကဲ့သို့ ပျောက်ကွယ်သွားပြီး ၂၁ နှစ်တာ ဘဝသက်တမ်းအတွင်း ပေးဆပ်ခဲ့သမျှမှာလည်း အလဟဿဖြစ်သွားခဲ့ရကာ သူသည် လူတောမတိုးနိုင်သော လူညံ့တစ်ယောက် ဖြစ်သွားခဲ့ရခြင်းကြောင့်ပင်။
သူမ ခင်ပွန်းမှာ ကုန်တင်ကားမောင်းသမားဖြစ်ပြီး အိမ်ထောင်ရှင်မတစ်ဦးဖြစ်သည့် ရန်ကွေ့မှာသာ သမီးငယ်လေးကိုပွေ့ချီကာ ဆေးကုသရန် ထွက်လာနိုင်ခဲ့ခြင်းဖြစ်သည်။ ယခုအခါတွင်တော့ သူမသည် ဝမ်သိုက်၏လမ်းပြပေးမှုဖြင့် လက်ဖက်ရည်သောက်ဆောင်ထဲသို့ ရောက်ရှိနေပြီဖြစ်သည်။
ဝမ်သိုက်မှာတော့ မှန်ကန်သောအလုပ်ကို လုပ်နေသည်ဟု ယူဆကာ ရန်ကွေ့ဘေးတွင် အုပ်ထိန်းသူတစ်ယောက်ကဲ့သို့ မေးစေ့ကိုမော့၍ ထိုင်နေသည်။ သို့သော်လည်း သူမ မျက်လုံးများမှာ ကျောင်းထိုင်ဆရာတော်ထံသို့ မရောက်အောင်တော့ ရှောင်လွှဲနေပေသည်။ ထိုပုံစံကို ကြည့်ကာ ကျန်းချန်ယွမ်မှာ ရယ်ချင်စိတ်ကို အောင့်ထားရသည်။
"ရှင်ပဲ ကျွန်မကို စိတ်ကြိုက်လုပ်ခိုင်းတာလေ၊ အခု ကျွန်မ လုပ်ပြလိုက်ပြီ"
ဝမ်သိုက်မှာ သတ္တိမရှိသော်လည်း အားတင်းကာ ပြောလိုက်သည်။ သူမ မျက်ဝန်းနက်များမှာ မိန်းကလေးငယ်ကို အကြိမ်ကြိမ်ကြည့်နေမိသည်။
"ကျွန်မက ဆေးမကုတတ်ဘူးလေ၊ ရှင့်အပေါ်မှာပဲ မူတည်တော့မယ်၊ ရှင်ကတော့ ဒီအတိုင်း လွှတ်ထားမှာ မဟုတ်ဘူးလို့ ကျွန်မ ယုံကြည်ပါတယ်"
ရန်ကွေ့၏ နီမြန်းဖောင်းအစ်နေသော မျက်လုံးများမှ မျက်ရည်များမှာ တလိမ့်လိမ့် ကျဆင်းနေဆဲပင်။ သူမ လက်ဖမိုးပေါ်ရှိ အကြောများမှာထောင်ထနေပြီး ရင်ခွင်ထဲရှိ ကလေးကို တင်းတင်းကျပ်ကျပ်ပွေ့ဖက်ထားသည်။ သူမသည် ကြမ်းပြင်ပေါ်သို့ ဒူးထောက်ရန် ထပ်မံ ကြိုးစားသော်လည်း ဝမ်သိုက်က သူမ လက်မောင်းကို မြဲမြဲဆွဲထားသဖြင့် မအောင်မြင်ပေ။
"ဆရာတော်၊ ကျွန်မ တောင်းပန်ပါတယ်၊ ကျွန်မ သမီးလေးကိုကူညီပေးပါဦး၊ သူမက ကျွန်မရဲ့ တစ်ဦးတည်းသော ကလေးလေးပါ၊ ဆေးရုံပေါင်းစုံလည်း သွားခဲ့ပြီးပြီ၊ သူမအဖေနဲ့ ကျွန်မ ပိုက်ဆံတွေကိုရေလိုသုံးပြီး ကုခဲ့တာ ၁ သိန်းနီးပါးတောင်ကုန်နေပြီ”
“သူမကို ကြည့်ပေးပါဦး၊ သူမ သတိမေ့နေတာ တစ်လနီးပါး ရှိနေပြီ၊ အရင်ကထက်တောင် ပိုဆိုးလာတယ်၊ ဟိုတရုတ်ဆေးဆရာက အပ်စိုက်ကုပေးပြီးကတည်းက သူမ အိပ်ပျော်သွားတာ ပြန်နိုးမလာတော့ဘူး၊ စားစရာဆိုရင်လည်း ဆေးရုံမှာ ပုလင်းသွင်းပြီးတော့ပဲ ကျွေးနေရတာ"
သူမသည် ရှိုက်ကြီးတငင် ငိုကြွေးရင်း သူမကုတ်အင်္ကျီလက်ဖြင့် မျက်ရည်များကို သုတ်နေသည်။
ဝမ်သိုက်မှာ ထိုမြင်ကွင်းကို ကြည့်ရသည်မှာ စိတ်မသက်မသာဖြစ်သဖြင့် မျက်နှာကို လွှဲလိုက်သည်။ သူမ ရင်ထဲတွင် တုန်ရင်နေပြီး နှလုံးသားမှာလည်း နာကျင်နေရသည်။ သူမ မိဘများသာ ရှိနေခဲ့လျှင်လည်း ဤကဲ့သို့ပင် ဖြစ်မည်ဟု တွေးတောမိသည်။
ကွာခြားချက်မှာ သူမ မိဘများမှာ ငွေကြေးအတွက် ပူပန်စရာမလိုခြင်းဖြစ်နိုင်သည်။ သို့သော် ယခုအခါတွင်တော့ သူမမှာ မိဘများ မရှိတော့ဘဲ ငွေကြေးအတွက် သူမကိုယ်တိုင် ပူပန်နေရသည့် အခြေအနေသို့ ရောက်ရှိနေပေပြီ။
ကျန်းချန်ယွမ်သည်လည်း ကုဗတုံးကစားခြင်းကို ရပ်တန့်လိုက်သည်။ သူသည် တည်ငြိမ်သော မျက်ဝန်းများဖြင့် ရန်ကွေ့ရင်ခွင်ထဲမှ ကလေးငယ်ကို စိုက်ကြည့်နေသည်။ အချိန်အတော်ကြာမှ သူက မေးလိုက်သည်။
"ဒီကလေးမလေး နာမည်က ဘယ်သူလဲ"
"လျိုဝမ်ဝမ်ပါ" ဟု ရန်ကွေ့က အသက်ကို ခက်ခက်ခဲခဲ ရှူရင်း ဖြေကြားလိုက်သည်။
ကျန်းချန်ယွမ် ခေါင်းညိတ်ပြလိုက်ပြီးနောက် သူ့ အကြည့်မှာ ဝမ်သိုက်ထံသို့ ရောက်ရှိလာပြန်သည်။ သူ့ မျက်ဝန်းများမှာ အဓိပ္ပာယ်ပါနေသည်။ သူက မေးလိုက်သည်။
"မင်း တကယ်ပဲ သူမကို ဘယ်လိုကူညီရမလဲဆိုတာ မသိဘူးလား၊ နောက်ပိုင်းကိစ္စတွေကို ငါပဲ လုပ်ပေးမယ်၊ မင်းကတော့ ဒီကလေးမလေးရဲ့ ရောဂါအရင်းအမြစ်က ဘယ်မှာလဲဆိုတာ မြင်လား၊ မမြင်ဘူးလား ဆိုတာကိုပဲ ငါ့ကို ပြောပြပါ"
"ကျွန်မက ဘယ်လိုလုပ်သိမှာလဲ"
ဝမ်သိုက်မှာ ပထမတွင် ငြင်းဆန်ရန် ပြင်လိုက်သော်လည်း လျိုဝမ်ဝမ်ကို ကြည့်လိုက်သည့် အခါတွင်တော့ တစ်စုံတစ်ခုကို မြင်တွေ့လိုက်ရသည်။
ကျောင်းတော်အပြင်ဘက်တွင် ရှိစဉ်ကမူ ထူးခြားချက်ကိုမမြင်ခဲ့ရသော်လည်း ဤနေရာတွင် အတူထိုင်နေသည့် အချိန်၌ လျိုဝမ်ဝမ်ကိုယ်ထဲမှ ထွက်ပေါ်လာသော အမည်းရောင် မြူခိုးများကို စတင်မြင်တွေ့လိုက်ရသည်။