အခန်း ၁၂၂
Vol. 13 Ch. 122
🍏 Chapter 122
တကယ့်ကို 'အမှောင်ထဲမှာ အလင်းတွေ့' သကဲ့သိုပင်။ ဆိုင်ကယ်ပေါ်တွင် ထိုင်နေသော ဝမ်သိုက်က ဆိုင်ကယ်နောက်မှ လိုက်လာသည့် နွားကလေးများကို ကြည့်ကာ မျက်လုံးချင်း ဆုံနေစဉ်မှာပင် အစောင့်အရှောက်၏ စကားသံက ကြားဖြတ် ထွက်ပေါ်လာသည်။
"သူ့အိမ်မှာ တစ်ည အိပ်လိုက်ဦး၊ မနက်ကျမှ ထွက်တော့၊ ဒီနေ့ စောစောအိပ်၊ မနက်စောစောထ၊ မနက် (၅) နာရီကနေ (၇) နာရီကြား အရောက်သွားရမယ်၊ နင် ဘာလုပ်ဖို လာတာလဲဆိုတာကို သူ့ကို အမှန်အတိုင်းပြောပြလိုက်”
“အကြောင်းအရာ တချိုကိုတော့ သင့်တော်သလို ဖန်တီးပြောဆိုလိုရပေမဲ့ လူကုန်ကူးခံရတဲ့ ကလေးကို လာရှာတာဆိုတာကိုတော့ မဖုံးကွယ်ပါနဲ့၊ ဘာလို မနက်စောစော သွားရမလဲဆိုတာကိုတော့ နင် သူ့ကို အမှန်အတိုင်းပြောပြ ပြီးရင် သူနဲ့ သူ့ယောကျာ်းက ရှင်းပြလိမ့်မယ်"
"ဟင်"
လာချင်တဲ့အချိန်လာပြီး သွားချင်တဲ့အချိန် သွားတတ်သော အစောင့်အရှောက်များ၏ ရုတ်တရက် သတိပေးချက်ကြောင့် ဝမ်သိုက်မှာ ခဏမျှ ကြောင်သွားမိသည်။
သူမက ဆိုင်ကယ်ကို တကျွီကျွီ မောင်းနှင်နေသော အန်တီကြီးကို ဝေ့ကြည့်လိုက်သည်။ အသက် (၅၀) ဝန်းကျင်ရှိ အမျိုးသမီးမှာ စိတ်လက်ပေါ့ပါးစွာဖြင့် မေးကလေးကို လှုပ်ခါကာ သီချင်းညည်းနေသည်။ ကျေးလက်တေးသံကလေးမှာ သုံးဘီးဆိုင်ကယ်၏အသံနှင့်အတူ ဟန်ချက်ညီညီ လွင့်ပျံ့နေတော့သည်။
ပထမဆုံး ကုန်းတက်မှစ၍ အရှေ့တည့်တည့်အတိုင်း နှစ်ကီလိုမီတာခန့် မောင်းနှင်ပြီး ဘယ်ဘက်သို့ ကွေ့ပတ်သွားသည့်အခါ နောက်ထပ် ကုန်းဆင်းတစ်ခုကို တွေ့ရပြန်သည်။
လမ်း၏ညာဘက်ခြမ်းတွင် အိမ်တစ်လုံး ရှိပြီး နှစ်ထပ်အိမ် ပုကလေး ဖြစ်သည်။ အပြင်အဆင် ထူးထူးခြားခြား မရှိဘဲ အုတ်နံရံပေါ်တွင် ကြွေပြားများ ကပ်ထားရုံသာ ဖြစ်သည်။
သုံးဘီးဆိုင်ကယ်သည် အိမ်ဘေးရှိ ကွန်ကရစ်ခင်းထားသော နေရာတွင် ရပ်လိုက်ပြီး နွားအုပ်ကလေးများသည် အိမ်၏အခြားတစ်ဖက်ရှိ နွားတင်းကုပ်ထဲသို့ တိုးဝင်သွားကြသည်။
အန်တီကြီးသည် အစာပုံးကို ကိုင်ကာ နွားတင်းကုပ်ဆီသို့ သွားသည်။ အင်္ကျီလက်ကို တံတောင်ဆစ် အထိ လိပ်တင်ထားပြီး အခြားလက်တစ်ဖက်ကမူ မြက်ခြောက်နှင့် အစာကြမ်းများ တင်ထားသော လှည်းလေးကို ဆွဲလာသည်။
နွားတင်းကုပ်သို့ ရောက်သည့်အခါ အစာပုံးထဲမှ အရည်ပျစ်ပျစ်များကို အရင်လောင်းထည့်လိုက်သည်။ ဝမ်သိုက်သည် တစ်လမ်းလုံး အမြီးနှံ့သလို နောက်က တကောက်ကောက် လိုက်လာခဲ့သည်။ သူများအိမ်တွင် အလကားလာစားသူ ဖြစ်နေမည်စိုးသဖြင့် သူမက ကူညီချင်စိတ်ဖြင့် မြက်ခြောက်လှည်းကို ဆွဲကာ အစာကျွေးရန် ကြိုးစားသော်လည်း အန်တီကြီးက အရင်ဦးသွားသည်။
လှည်းကို ဆွဲယူလိုက်သော အန်တီကြီးက အစာများကို နွားတင်းကုပ်ထဲ လောင်းထည့်လိုက်ရင်း ဝမ်သိုက်ကို လှည့်ကြည့်ကာ ပြုံးလိုက်သည်။
"ဧည့်သည်ကို အလုပ်မခိုင်းရက်ပါဘူးအေ၊ ဒီလို ညစ်ပတ်ပြီး ပင်ပန်းတဲ့ အလုပ်တွေကိုတော့ လှပတဲ့ မိန်းကလေးက ဘေးကနေကြည့်နေရုံနဲ့ တော်ပါပြီ"
အန်တီကြီး အလုပ်ပြီးသွားသည့်အခါ ဘေးမှ အားနာစွာ ရပ်ကြည့်နေသော ဝမ်သိုက်သည် သူမနှင့်အတူ အိမ်ထဲသို့ ဝင်လာခဲ့သည်။ လမ်းတွင် ခြေထောက်၌ ကြိုးနီလေးများ ချည်ထားသော ကြက်အုပ်ကြီးကိုလည်း ဖြတ်ကျော်လာခဲ့ရသည်။
လက်ဆေးပြီးမှ အန်တီကြီးကမူ ဝမ်သိုက်အတွက် ရေတစ်ခွက် ယူလာပေးကာ နံရံဘေးနားရှိ ဝါးကုတင်လေးကို ညွှန်ပြသည်။
"ထိုင်ပါ၊ ထိုင်ပါ"
ဝမ်သိုက်သည် ရေခွက်ကို ကိုင်ကာ ဝါးကုတင်ပေါ်တွင် ထိုင်လိုက်ပြီး အခြားလက်တစ်ဖက်ဖြင့် ကျောပိုးအိတ်ကို ဆွဲယူလိုက်သည်။ သူမသည် အိတ်ထဲမှ ပိုက်ဆံအိတ်ကိုထုတ်ကာ ရှိသမျှ ပိုက်ဆံ အားလုံးကိုထုတ်လိုက်ပြီး ရှေ့မှ ခုံတန်းလျားပေါ်တွင် ထိုင်နေသော အန်တီကြီးထံ ကမ်းပေးလိုက်သည်။
"ကျွန်မ ဒီကိုလာတဲ့ ရည်ရွယ်ချက်က အန်တီ့အကူအညီ မပါဘဲမအောင်မြင်နိုင်ဘူး၊ ပြီးတော့ အန်တီ့အိမ်မှာလည်း စားသောက် နေထိုင်ရဦးမှာဆိုတော့ သိပ်အားနာလို့ပါ၊ ဒီပိုက်ဆံလေး အရင်ယူထားပေးပါ… တကယ်လို့ ဖုန်းထဲကနေ ပိုက်ဆံလွှဲတာ လက်ခံတယ်ဆိုရင်လည်း ကျွန်မ ထပ်လွှဲပေးပါ့မယ်"
ကျေးလက်ကို ဆင်းလျှင် ငွေသားဆောင်လာတတ်သည့် အလေ့အထမှာ အရင်က အတွေ့အကြုံများကြောင့်ဖြစ်သည်။ ထို့ပြင် မြို့နှင့်ဝေးသော ကျေးလက်လူမျိုးများသည် ဖုန်းထဲက ဂဏန်းများထက် လက်ထဲ ဆုပ်ကိုင်ထားနိုင်သော ပိုက်ဆံကို ပိုနှစ်သက်ကြသည် မဟုတ်ပါလား။
အန်တီကြီးက "အို… မယူပါဘူး၊ မယူပါဘူး" ဟု ငြင်းဆန်ကစားလိမ့်မည်ဟု ဝမ်သိုက် ထင်ထား သော်လည်း ထိုသို့ ဖြစ်မလာခဲ့ချေ။ အန်တီကြီး၏ နက်မှောင်သော မျက်ဝန်းအစုံမှာ ပိုက်ဆံကို မြင်သည်နှင့် တောက်ပသွားသည်။
သူမက အားမနာတမ်းပင် ပိုက်ဆံကိုယူလိုက်ပြီး ဝမ်သိုက်ရှေ့မှာတင် ရေတွက်ကြည့်သည်။ ထို့နောက် နေရောင်အောက်တွင် မြှောက်ကြည့်ကာ ပိုက်ဆံအတု ဟုတ်၊ မဟုတ် စစ်ဆေးသေးသည်။
"ရပြီ၊ ဒါဆိုရင် အန်တီ အားမနာတော့ဘူးနော်၊ ဘာလိုအပ်တာရှိရှိ ပြောသာပြော၊ အန်တီတို့ဆီက ဝေးလံခေါင်သီတဲ့ ကျေးလက်ဆိုပေမဲ့ ညည်းကိုတော့ သက်သောင့်သက်သာ ဖြစ်အောင် အန်တီက သေချာပြုစုပေးမယ်"
ပိုက်ဆံများကို ဘောင်းဘီအိတ်ထဲ ထည့်လိုက်သော အန်တီကြီး၏မျက်နှာတွင် အပြုံးများ ပွင့်လန်းသွားတော့သည်။
သူမ ပိုက်ဆံယူလိုက်ခြင်းက ဝမ်သိုက်အတွက် ပို၍ စိတ်အေးရစေသည်။ဝမ်သိုက်က ပြုံးပြလိုက်ရင်း အမှန်အတိုင်း ပြောပြလိုက်သည်။
"တကယ်တော့ ကျွန်မ ဒီကိုလာတာက အမှုတစ်ခုကို ဖြေရှင်းဖို့ပါ၊ ကျွန်မမှာ ညီမလေးတစ်ယောက် ရှိတယ်၊ အသက် (၁၄) နှစ်ပဲ ရှိသေးတာ၊ လူကုန်ကူးသူတွေ ခိုးသွားလို့ ပျောက်နေတာ သုံးရက်ရှိပြီ၊ သူမ ဒီနေရာမှာ ရှိနေနိုင်တယ်လို့ ကျွန်မ သံသယရှိလို့ လာခဲ့တာပါ"
"ဒီနေရာမှာ ဘာတွေ ဖြစ်ခဲ့ဖူးလဲဆိုတာ ကျွန်မထက် အန်တီက ပိုသိမှာပါ၊ ကျွန်မက ဒီနေရာကို နာမည်ဖျက်ချင်လို့ပြောတာ မဟုတ်ပါဘူး၊ ဒါပေမဲ့ ဒီနေရာက လီကျိုးနဲ့ အော်ချန်မြို့ရဲ့ နယ်စပ်မှာ ရှိနေတာဆိုတော့ ရဲတွေက မြို့ထဲမှာ သဲလွန်စရှာမတွေ့တာ… ကျွန်မ ပြောတာကို အန်တီ နားလည်တယ် မဟုတ်လား"
ဝမ်သိုက်၏စကားထဲတွင် အမှန်နှင့် လိမ်ညာမှု ရောနှောနေသည်။ ညီမလေးဆိုသည်မှာ အမှန်ပင် ဖြစ်သော်လည်း ညီမအရင်း မဟုတ်ချေ။ ဒီနေရာကို လာခြင်းမှာလည်း သံသယရှိ၍ မဟုတ်ဘဲ ဗေဒင်တွက်ရင်း လမ်းညွှန်ချက်အတိုင်း ရောက်လာခြင်းသာဖြစ်သည်။
ဝမ်သိုက် စကားပြောနေစဉ်တွင် အန်တီကြီး၏မျက်နှာမှာ တဖြည်းဖြည်း ပြောင်းလဲသွားသည်။ သူမက ခေါင်းငုံ့ကာ ဒူးပေါ် လက်ထောက်လျက် မေးစေ့ကို ပွတ်သပ်ရင်း ခဏမျှ တိတ်ဆိတ်သွားပြီးမှ စကားဆိုသည်။
"ညည်း သံသယရှိတာ မမှားပါဘူး၊ ငါတို့နေရာကို နာမည်ဖျက်တယ်လို့လည်း ငါ မထင်ပါဘူး၊ အဲဒါကို ရှင်းပြနေစရာမလိုပါဘူး၊ ညည်းသွားချင်တဲ့ နေရာက ဟိုအဝေးကြီးက နေရာကို မဟုတ်လား"
သူမက လက်ကို ဆန့်တန်းကာ ဘယ်ဘက်သို့ ညွှန်ပြလိုက်သည်။
စောစောက ရွာရှိသည့် ဘက်ကို ကြည့်လျှင် သူမ ညွှန်ပြသည့်နေရာမှာ အမှန်ပင် ဖြစ်သည်။
ဝမ်သိုက်က ခေါင်းညိတ်ပြလိုက်သည့်အခါ အန်တီကြီး၏မျက်နှာမှာ လေးလံသွားသည်။ သူမက နှာခေါင်းကို တစ်ချက် ရှုံ့လိုက်ပြီး အတွေးထဲမှ ပြန်လည် နိုးထလာဟန်ဖြင့်
"ငါ အရင်က အဲဒီရွာမှာနေခဲ့တာ၊ အဲဒီမှာ လူကုန်ကူးတဲ့ကိစ္စတွေ တကယ်ရှိတယ်"
"ဒါပေမဲ့ အဲဒီရွာမှာ နေတဲ့သူ အများစုကလူကုန်ကူးသူတွေပဲ၊ ခိုးလာတဲ့သူတွေကို အဲဒီမှာ ခဏထားတတ်ကြတယ်၊ များသောအားဖြင့် နှစ်ပတ်လောက်ပေါ့၊ အဲဒီအချိန်ကို သူတို့က ကုန်ပစ္စည်းစမ်းသပ်ချိန်လို့ ခေါ်ကြတယ်၊ ငါကတော့ အဲဒီရွာကနေ ထွက်လာတာကြာပြီ၊ ဒါပေမဲ့ ငါ့အဖေနဲ့ အမေကတော့ အဲဒီမှာ ရှိနေတုန်းပဲလေ၊ သူတို့က မျိုးဆက်ပေါင်းများစွာနေလာခဲ့တဲ့ နေရာဆိုတော့ မခွာနိုင်ကြဘူး"
"အဲဒီ ကုန်ပစ္စည်း စမ်းသပ်တာအကြောင်း ငါ ပြောပြမယ်။ သူတို့က ခိုးလာတဲ့ လူတွေကို လူလို မမြင်ဘူး၊ ကုန်ပစ္စည်းလိုပဲ မြင်ကြတာ၊ သိပ်လှတဲ့ ကောင်မလေးတွေဆိုရင် သူတို့ ကိုယ်တိုင် အရင် စမ်းသပ်ကြတယ် (မုဒိမ်းကျင့်ကြတယ်)၊ ပြီးရင် တခြားသူတွေကို ထပ်ပေးစားတယ်၊ အားလုံး သဘောကျပြီဆိုမှ အင်တာနက်ပေါ်မှာ ဝယ်မယ့်သူ လိုက်ရှာကြတာ"
"ကြားဖူးတာတော့ သီးသန့်ဂရုတွေ ရှိတယ်တဲ့၊ အဲဒီထဲမှာ ဝယ်မယ့်သူတွေ အများကြီးပဲ၊ ငါပြောတဲ့ သိပ်လှတဲ့ ကောင်မလေးတွေကိုတော့ မိန်းမ မရှိတဲ့ လူပျိုကြီးတွေဆီ မရောင်းဘူး၊ အရင်က ငါ အဲဒီရွာက မထွက်ခင်တုန်းကဆိုရင် နိုင်ငံခြားအထိတောင် တိုက်ရိုက်ရောင်းစားကြတာ၊ ဒါပေမဲ့ အခုတော့ တစ်နိုင်ငံလုံးအနှံ့ကို ပိုရောင်းကြတယ်"
နားထောင်ရင်းနှင့် ဝမ်သိုက်၏စိတ်ထဲမှာ အေးစိမ့်လာတော့သည်။
အန်တီကြီးက ရင်ဘတ်ပေါ် လက်တင်ကာ ရှေ့သို့ ကိုင်းလျက် ဟိုးအတိတ်ကို ပြန်လည် မြင်ယောင်နေဟန်ဖြင့် မျက်ဝန်းများမှာ လွင့်မျောနေသည်။
"အစောဆုံး အချိန်တုန်းကဆိုရင်… လွန်ခဲ့တဲ့ နှစ်ပေါင်း သုံးဆယ်လောက်ကပေါ့၊ အဲဒီတုန်းက အကြောက်ဆုံးပဲ၊ ရွာထဲက လှတဲ့သူဆိုရင် ယောကျာ်းဖြစ်ဖြစ် မိန်းမဖြစ်ဖြစ်၊ အဖေနဲ့ အမေက သဘောတူပြီး ပိုက်ဆံအလုံအလောက်ပေးရင် ကိုယ့်သားသမီးကိုတောင် ရောင်းကြတာ၊ ငါ မခံစားနိုင်တော့လို့ ငါ့ယောကျာ်းနဲ့အတူ အဲဒီရွာကနေထွက်လာပြီး ဒီမှာ အိမ်ဆောက်နေကြတာ"
သူမက ရွံရှာဖွယ်ရာ အတိတ်ကို ပြန်စဉ်းစားရင်း ခေါင်းခါလိုက်သည်။
"ညည်း စိတ်တောင်ကူးကြည့်လို့ရမှာ မဟုတ်ဘူး၊ သူတို့က လူတွေ မဟုတ်ဘူး၊ တိရစ္ဆာန်တောင် အဲဒီလို မလုပ်ဘူး"
"လွန်ခဲ့တဲ့ နှစ်သုံးဆယ်ကတည်းက နိုင်ငံခြားကိုလူရောင်းနိုင်တယ်ဆိုတာ စဉ်းစားကြည့်ဦး၊ အဲဒီတုန်းက ကုန်တင်ကားကြီးတွေနဲ့ လာကြိုကြတာ၊ သူတို့ ဘယ်လို ချိတ်ဆက်ကြလဲတော့ ငါလည်း မသိဘူး၊ ဒါပေမဲ့ အဲဒီတုန်းက ရွာကလူတွေက အပြင်ကိုထွက်ပြီး လှည့်လည် အလုပ်လုပ်ကြတာဆိုတော့ အဲဒီလိုကနေ သိကျွမ်းကြတာနေမှာပေါ့၊ ခိုးသားချင်း မိတ်ဆွေဖြစ်နေကြတာပါပဲ"