← Chapters

အခန်း ၇၅

Vol. 8 Ch. 75

အခန်း ၇၅

Vol. 8 Ch. 75

🍏 Chapter 75

"ဒါတွေက လူတွေ မဟုတ်ဘူး၊ ဒီအိမ်မှာ ဒါတွေ တကယ်ဖြစ်ခဲ့တာလား၊ ကျွန်မ ဒီအိမ်မှာ ဆက်မနေချင်တော့ဘူး၊ အမျိုးသမီးတစ်ယောက်ရဲ့ ရပိုင်ခွင့်တွေကို နင်းခြေထားတာပဲ

သူတို့ အမျိုးသမီးတွေကို ဘာမှတ်နေတာလဲ၊ သူတို့မှာကော အမေ ရှိရဲ့လားလို့တောင် သံသယဖြစ်မိတယ်၊ ဒါတွေကို နံရံမှာ ချိတ်ထားရဲတယ်နော်"

ဝမ်သိုက်သည် မြေပြင်ကို အသာငုံ့ကြည့်လိုက်ရာ လိုင်ဝမ်ရီ၏ ခြေကျင်းဝတ်ကို ကိုင်ထားသော သွေးလက်များမှာ ပျောက်ကွယ်သွားပြီဖြစ်သည်။

သူမသည် ဆိုဖာဆီသို့ လျှောက်သွားရာ ဆိုဖာနောက်သို့ ရောက်သည်နှင့် ဟင်းလင်းပြင်ဖြစ်နေသော ဆိုဖာပေါ်တွင် အမျိုးသမီးတစ်ဦး အလိုလိုပေါ်လာသည်။ ပန်းချီကားထဲက အမျိုးသမီးပင် ဖြစ်သည်။

သူမ ဝတ်ထားသော အဝတ်အစားမှာ ယခုခေတ်နှင့် ကြည့်လျှင်ပင် လွန်စွာ ဟောင်းနွမ်းကာ ကိုယ်လုံးပေါ်လွင် လွန်းလှသည်။ သူမ ဘေးတွင်တော့ ဒုတိယပန်းချီကားထဲမှ ဝဖြိုးသော အမျိုးသား ရှိနေသည်။

လူပြင်ပ၌ သူသည် ပန်းချီကားထဲကထက် ပိုရွံစရာကောင်းကာ အဆီများဖြင့် ဝဖြိုးနေသည်။ သူ့ လက်မောင်းမှာ အမျိုးသမီး၏ ပေါင်ထက်ပင် ပိုကြီးမားနေပြီး အမျိုးသမီး ပုခုံးကိုဖက်ထားသည်။

"ရှို့ယာရယ်... မင်း ကိုယ့်အတွက် ကလေးမွေးပေးရင် အေးဆေးနေရမှာကို၊ ဘာလို့ ကိုယ့်ကို အမြဲ ဆန့်ကျင်နေတာလဲ၊ အဲဒီလူတွေက မင်းကို သဘောကျလို့ နောက်တစ်ခါ အခွင့်အရေး ရှိဦးမလားလို့တောင် မေးနေကြတယ်၊ ဟဲဟဲ"

ထိုလူသည် စီးကရက်ကို ကိုင်ရင်း အမျိုးသမီး၏မေးစေ့ကို ဆွဲမလိုက်သည်။ ထိုလှပသော မျက်နှာလေးမှာ အသက်မဲ့နေပြီး သူမ မျက်ဝန်းများမှာလည်း သေလူ၏ မျက်ဝန်းကဲ့သို့ပင်။

ထိုလူသည် အမျိုးသမီး၏ပါးကို ပွတ်သပ်ရင်း သူမ မျက်နှာနားသို့ တိုးကပ်သွားသည်။ သူ့ မျက်နှာမှာ သူမထက် နှစ်ဆခန့်ပိုကြီးနေပြီး ပြူးထွက်နေသော မျက်လုံးများက ကြောက်စရာ ကောင်းလှသည်။

"အခုတော့ မင်းက လူတိုင်းသုံးပြီးသား ဖိနပ်အစုတ် ဖြစ်နေပြီ၊ ကိုယ်က မင်းကို ဆက်ထားဦးမယ် ထင်လို့လား၊ မင်း မြေအောက်ခန်းကိုပဲ ပြောင်းသွားတော့၊ ရှို့ယာ ... ကိုယ့်ရဲ့ အဆင့်အတန်းကိုလည်း မင်းသိတာပဲ၊ အရှက်မရှိတဲ့ မိန်းမတစ်ယောက်ကို ကိုယ့်ဇနီးအဖြစ် ဘယ်ထားလို့ ရပါ့မလဲ၊ မယားငယ်အဖြစ် ထားဖို့တောင် မင်းက အရမ်း စကားနားမထောင်ဘူး"

"ကိုယ်ကတော့ မင်းကို အလကားမကျွေးထားနိုင်ဘူး၊ အဲဒါကြောင့် မင်း မြေအောက်ခန်းမှာပဲ နေတော့၊ နောက်ပိုင်း အိမ်ကို ဧည့်သည်တွေလာရင် မင်းပဲ ဧည့်ခံပေးရမှာပေါ့"

ထိုစကားများမှာ လူသတ်သမား၏တိုးတိုးလေး ပြောဆိုသံကဲ့သို့ပင် ရှိရာ ဘေးမှ နားထောင်နေသော ဝမ်သိုက်နှင့် လိုင်ဝမ်ရီတို့မှာ အသက်ရှူပင် ရပ်သွားရတော့သည်။

ဝမ်သိုက်နှင့် မတူသည်မှာ လိုင်ဝမ်ရီသည် ထိုပေါ်လာသော လူနှစ်ဦးကို အရှိအတိုင်း မသိသော်လည်း၊ သူမသည် ဒေါသကို မထိန်းနိုင်တော့ဘဲ ဗီဒိုပေါ်မှဖုန်းကို ကောက်ယူကာ ဆိုဖာဆီသို့ ပြေးသွားပြီး ထိုလူကို အားကုန်လွှဲထုလိုက်တော့သည်။

"သွားသေလိုက်တော့ တိရစ္ဆာန်ကောင်"

သူမသည် ကြောက်လန့်နေသဖြင့် တစ်ကိုယ်လုံး တုန်ယင်နေသော်လည်း ရဲရဲဝံ့ဝံ့လုပ်ဆောင်ခဲ့သည်။

သို့သော် ဖုန်းဖြင့် ထုလိုက်သည့် ခဏတွင် ဆိုဖာပေါ်မှ လူနှစ်ဦးမှာ ပျောက်ကွယ်သွားသည်။ လိုင်ဝမ်ရီ၏လက်မှာ ဟာလာဟင်းလင်း ဖြစ်သွားပြီး သူမသည် ဆိုဖာပေါ်သို့ လဲကျကာ ရှိုက်ကြီးတငင် ငိုကြွေးတော့သည်။

တိတ်ဆိတ်သော အခန်းထဲတွင် သူမ ငိုသံသာ ပျံ့လွင့်နေသည်။

ဝမ်သိုက်သည် လိုင်ဝမ်ရီ၏ ဘေးတွင် ထိုင်ချကာ သူမ ခေါင်းကို မထိဘဲ ကျောပြင်ကိုသာ အသာအယာ ပွတ်သပ်ပေးကာ နှစ်သိမ့်ပေးလိုက်သည်။

"ရှင်လည်း အလားတူ အတွေ့အကြုံ ရှိခဲ့ဖူးတော့ သူ ခံစားရတာကို ကိုယ်ချင်းစာနိုင်တာပေါ့၊ အတင်းအဓမ္မ ခိုင်းစေခံရတဲ့ ခံစားချက်နဲ့ အားကိုးရာမဲ့တဲ့ ခံစားချက်မျိုးကိုလေ"

လိုင်ဝမ်ရီသည် သူမ နှာခေါင်းစည်းကို မေးစေ့အထိ ဆွဲချကာ ရှိုက်ရင်း ပြောလေသည်။

"ဒါကြောင့်ပဲ ပိုပြီးဝမ်းနည်းဖို့ ကောင်းတာပေါ့၊ သူ့အတွက် အရမ်းဝမ်းနည်းမိတယ်၊ အဲဒီလို ထိန်းချုပ်ခံရတဲ့ ခံစားချက်ကို ကျွန်မ ကောင်းကောင်းသိတယ်၊ နာကျင်လွန်းလို့ ဦးနှောက်ကတောင် အဲဒီ မှတ်ဉာဏ်တွေကို ဖုံးကွယ်ထားရတဲ့အထိပဲ၊ သူ ဘယ်လောက်တောင် နာကျင်ခဲ့ရမလဲ ကျွန်မ မတွေးရဲဘူး၊ ခန္ဓာကိုယ်တင် မကဘူး၊ စိတ်ဓာတ်ကိုပါ ဖျက်ဆီးပစ်တာပဲ"

ဝမ်သိုက်သည် ဘာမှ ဆက်မပြောဘဲ သူမကို ငိုခွင့်ပေးလိုက်သည်။

သူမသည် မြေပြင်သို့ ငုံ့ကြည့်လိုက်ရာ ကြမ်းပြင်ကြားမှ ယိုစိမ့်ထွက်လာသော သွေးများမှာ အိပ်ခန်းဆီသို့ ဦးတည်သွားနေသည်ကို မြင်လိုက်ရသည်။

ထိုသွေးများမှာ အိပ်ခန်းထဲမှ ထွက်လာခြင်း မဟုတ်ဘဲ အိပ်ခန်းဆီသို့ စီးဝင်သွားခြင်းဖြစ်သည်။ လိုင်ဝမ်ရီစိတ်သက်သာရာ ရသွားသောအခါ ဝမ်သိုက်နှင့် သူမတို့သည် အိပ်ခန်းတံခါးဝသို့ ရောက်ရှိလာကြသည်။

ကြမ်းပြင်ကို နင်းလိုက်သည့် အသံမှာ နှစ်ပေါင်းများစွာ ဝေးကွာနေသော နေရာတစ်ခုသို့ ရောက်ရှိသွားသကဲ့သို့ ခံစားရစေသည်။

တံခါးလက်ကိုင်မှာလည်း အရောင်များ အဆက်မပြတ် ပြောင်းလဲနေပြီး တစ်ခါတစ်ရံတွင် သွေးစက်များ ထင်ကျန်နေတတ်သည်။

လိုင်ဝမ်ရီမှာ တံခါးကို မဖွင့်ရဲဘဲ "ကျွန်မတို့... တကယ်ပဲ ဝင်ရမှာလား၊ ဒါက ပုံစံတွေ ခဏခဏ ပြောင်းနေတယ်၊ အချိန်ကို စောင့်ကြည့်ရမှာလား" ဟု တုန်တုန်ရင်ရင် မေးလေသည်။

ဝမ်သိုက်သည် သူမကို ကြည့်ကာ ပြုံးပြလိုက်သည်။

"တော်သားပဲ၊ ဉာဏ်ကောင်းလာပြီနော်၊ ဟုတ်တယ်... အချိန်ကို စောင့်ရမှာ၊ ဒီမှာ ရှိနေတဲ့ ဝိညာဉ်က ကျွန်မတို့ကို ဘာတွေ သိစေချင်တာလဲ၊ ဘာလုပ်စေချင်တာလဲ ဆိုတာ မသိရသေးဘူး

ဒါပေမဲ့ အခုထိတော့ သူ ကျွန်မတို့ကို အန္တရာယ်မပေးသေးတာ သေချာတယ်၊ အဲဒါကြောင့်... အန္တရာယ်အများဆုံး အခန်းကိုပဲ ဝင်လိုက်ကြရအောင်"

တံခါးလက်ကိုင်ပေါ်တွင် သွေးစက်များ ပေါ်လာသည့် ခဏ၌ ဝမ်သိုက်သည် တံခါးကို လှည့်ဖွင့်လိုက်သည်။

"ကလစ်" ဟူသော အသံနှင့်အတူ တံခါးပွင့်သွားပေသည်။

သူတို့ အထဲသို့ မဝင်ရသေးမီမှာပင် အခန်းထဲမှ ညှီစို့စို့ အနံ့ဆိုးကြီးက သူတို့ကို ဆီးကြိုလိုက်သည်။ ထိုအနံ့မှာ အမျိုးမျိုးရောနှောနေသဖြင့် အသက်ရှူရသည်မှာပင် ပျို့အန်ချင်စရာ ကောင်းလှသည်။

ဝမ်သိုက်သည် မျက်မှောင်ကြုတ်ကာ နှာခေါင်းစည်းကို ပြန်ဆွဲတင်သော်လည်း အနံ့ကိုတော့ မတားဆီးနိုင်ပေ။

ဖုန်းဓာတ်မီးဖြင့် အမှောင်ထုထဲသို့ ထိုးလိုက်သောအခါ ကုတင်ပေါ်တွင် လဲလျောင်းနေသော ဒဏ်ရာများဖြင့် အမျိုးသမီးတစ်ဦးကို မြင်လိုက်ရသည်။

အရုပ်တစ်ရုပ်ပင် ထိုမျှလောက်သော နှိပ်စက်မှုကို ခံနိုင်ရည်ရှိမည် မဟုတ်ပေ။ သူမ ကိုယ်ပေါ်တွင် ကြိမ်ဒဏ်ရာများ၊ သွေးစွန်းနေသော အစင်းကြောင်းများ၊ ညိုမဲနေသော ဒဏ်ရာအသစ်များနှင့် လက်ဝါးရာ၊ သွားရာများမှာ အစီအရီ ရှိနေသည်။

သူမ ဘယ်လောက်တောင် နှိပ်စက်ခံခဲ့ရသလဲ ဆိုတာကို တွေးကြည့်ရုံနှင့်ပင် ရင်နာစရာ ကောင်းလှသည်။ အသက်ရှူဖို့ပင် မဝံ့ရဲတော့ပေ။

ဝမ်သိုက်မှာ ထိုမြင်ကွင်းကြောင့် ခြေမခိုင်တော့ဘဲ လဲကျလုနီးပါး ဖြစ်သွားသည်။ သူမသည် ကုတင်ပေါ်မှ အမျိုးသမီးကို စိုက်ကြည့်ရင်း

"အတောမသတ် ရက်စက်တာကတော့ လူတွေပဲ၊ တကယ့် တိရစ္ဆာန်တွေထက်တောင် ဆိုးသေးတယ်" ဟု ခပ်တိုးတိုး ရေရွတ်လိုက်မိတော့သည်။

All Chapters