အခန်း ၁၀၇
Vol. 11 Ch. 107
🍏 Chapter 107
ဇနီးဖြစ်သူ ရောက်လာသောအခါမှ သူသည် ဒေါသမျက်နှာကို ဖျောက်လိုက်ပြီး ပြုံးလျက်
“ဘာမှမဟုတ်ပါဘူး၊ မင်း ပင်ပန်းနေပြီလား”
ဇနီးသည်က အဘွား၏လက်မောင်ကို တွဲထားရင်း
“မပင်ပန်းပါဘူး၊ ဝမ်းလည်းသာတယ်၊ အားလည်းကျတယ်၊ အဘွားက ရှင့်ကို အရမ်းချစ်တာပဲနော်
ခုနကအဘွားပြောတဲ့ စကားတွေကြောင့် ကျွန်မတောင် ငိုမိတယ်၊ ကျွန်မ အဘွားစောစောဆုံးသွားတာ နှမြောဖို့ကောင်းတယ်”
ထိုစဉ်က သူ၏ တုံ့ပြန်မှုမှာ ဇနီးသည်ကို နွေးထွေးစွာ ကြည့်ပြီး အဘွားကိုမူ အေးစက်စက် ခြိမ်းခြောက်အကြည့်ဖြင့် ကြည့်ခဲ့ခြင်းသာ။
ဘယ်အချိန်ကစပြီး အရာအားလုံး ပြောင်းလဲသွားခဲ့တာလဲ။
အဖြစ်အပျက်များစွာသည် သူနှင့် အဘွားကြားရှိ သံယောဇဉ်ကို ဖြတ်တောက်ခဲ့သည်။
နေရောင်ခြည်က သူ့မျက်လုံးကို တစ်ချက်စူးသွားသောအခါမှ အဘွား၏ မျက်လုံးပုံစံကို ပြန်မြင်ယောင်လာသည်။ သူ့ရှေ့တွင် ရပ်နေသော အဘွားအိုမှာ သာမန်လူအိုတစ်ယောက်ကဲ့သို့ပင်။
အဘွားက ဘယ်အချိန်က စအိုသွားတာလဲ။
ကျန်းရှသည် ထိုအချက်ကို မှတ်မိခြင်းမရှိတော့သဖြင့် ကြောက်လန့်သွားသည်။
သူမှတ်မိနေသည်မှာ သူ့ကို လှောင်ပြောင်နေကြသော မျက်နှာများနှင့် အသံများသာ ဖြစ်သည်။
မျက်ရည်များက အရင်စီးကျလာသည်။ သူသည် မျက်နှာကို လက်ဖြင့်အုပ်ကာ “တောင်းပန်ပါတယ်... တောင်းပန်ပါတယ်...” ဟု တတွတ်တွတ် ရေရွတ်ရင်း ငိုကြွေးတော့သည်။
အဘွားအိုသည် သူ့ရှေ့သို့ တိုးလာပြီး လက်ကို ဆန့်ထုတ်လိုက်သော်လည်း သူမ၏လက်မှာ ကျန်းရှ ဦးခေါင်းကို ဖြတ်သန်းသွားသည်။
ဝိညာဉ်များလည်း တုန်ရင်တတ်ပုံရသည်။ အဘွားအိုသည် တိတ်ဆိတ်စွာ ကြည့်နေပြီးမှ
“ရှောင်ရှန်းလေး ကြီးပြင်းလာပြီပဲ၊ အခုတော့ တောင်ကြီးတစ်လုံး ဖြစ်နေပြီဆိုတော့ အဘွားရဲ့ နှစ်သိမ့်မှု မလိုတော့ပါဘူး”
သို့သော် ကျန်းရှက ခေါင်းကို အပြင်းအထန် ခါရမ်းလိုက်ပြီး
“မဟုတ်ဘူး၊ အဘွား... ကျွန်တော် တောင်ကြီး မဖြစ်ချင် တော့ဘူး”
“ခြေတစ်လှမ်းချင်းစီ လျှောက်ခဲ့ရတာ အရမ်းပင်ပန်းတယ် အဘွား... ကျွန်တော်က ဘယ်သူလဲဆိုတာတောင် မသိတော့ဘူး၊ ဇနီးအတွက် ခင်ပွန်း
ကလေးအတွက် အဖေ၊ အဖေအတွက် သား... တောင်ကြီးတစ်လုံးလို တာဝန်တွေ ထမ်းထားရတာ
အဘွား... ကျွန်တော် တောင်ကြီး မဖြစ်နိုင်တော့ဘူး၊ အဘွား... တောင်ကြီးက ကျွန်တော့်ပုခုံးပေါ်မှာ တင်နေပြီ”
အရွယ်ရောက်ပြီးသား အမျိုးသားတစ်ဦးသည် ကလေးငယ်တစ်ဦးကဲ့သို့ ရှိုက်ကြီးတငင် ငိုကြွေးနေသည်။
ဝမ်သိုက်နှင့် ချန်စစ်ကျယ်တို့မှာ ဘေးမှ တိတ်ဆိတ်စွာ ကြည့်နေကြသည်။
အဘွားအိုက သက်ပြင်းတစ်ချက်ချကာ
“ဒါဆိုရင်လည်း တောင်ကြီး မလုပ်ပါနဲ့တော့၊ အခုတော့ အဘွားရဲ့ ရှောင်ရှန်းလေးပဲလုပ်ပါ
ရှောင်ရှန်းလေးက ငယ်ငယ်ကတည်းက စိတ်ထဲမှာ အရာရာကို သိမ်းထားတတ်တာ...
မှတ်မိလား.. ငယ်ငယ်က ထင်းစိုတဲထဲမှာ ပုန်းပြီး ငိုနေတုန်းက အဘွားပဲ တွေ့ခဲ့ပြီး အတူနေပေးခဲ့တာလေ... အခုလည်း အဲ့ဒီလိုပဲ လုပ်လို့ရပါတယ်”
နေရောင်ခြည်က တဖြည်းဖြည်း ရွှေ့လျားလာသည်။
မွန်းတည့်ချိန် ရောက်လာသောအခါ ဝမ်သိုက်သည် ကျန်းရှ၏ အမြင်ကို ပိတ်လိုက်ပြီး ဤမြင်ကွင်းကို အဆုံးသတ်စေလိုက်သည်။
အဘွားအို ပျောက်ကွယ်သွားသောအခါ ကျန်းရှ မိန်းမောနေရာမှ သတိပြန်ဝင်လာပြီး “ကျေးဇူးတင်ပါတယ်” ဟု ဝမ်သိုက်နှင့် ချန်စစ်ကျယ်ကို ပြောလိုက်သည်။
ဝမ်သိုက် “အခုမှ ကျေးဇူးမတင်နဲ့ဦး၊ အလုပ်မပြီးသေးဘူး၊ ရှင့်အဘွားမှာ ရန်ငြိုးမရှိပေမဲ့ သံယောဇဉ် အစွဲတော့ရှိတယ်၊ ဒီအိမ်က ယင်ဓာတ်တွေများနေလို့ ကျွန်မတို့ ရှင်းပေးမယ်
ရှင့်အဘွား စိတ်အေးလက်အေး ထွက်ခွာသွားဖို့ကတော့ ကျွန်မ ပြောသလိုပဲ မိသားစုလိုက် ထမင်းတစ်နပ် အတူစားပေးဖို့ပဲ လိုတယ်”
ဝမ်သိုက်သည် ချန်စစ်ကျယ်ကို မျက်ရိပ်ပြလိုက်ပြီး အစီအရင်လုပ်ရန် ဟင်္သာပြဒါးမှုန့် များကို ထုတ်လိုက်သည်။
ချန်စစ်ကျယ်က အစီအရင်လုပ်နေစဉ် ဝမ်သိုက်သည် ကျန်းရှဆီသို့ သွားပြီး “ကျန်တဲ့ ပိုက်ဆံပေးရတော့မယ်နော်” ဟု ပြုံးလျက် ပြောလိုက်သည်။
အဘွားနှင့်စကားပြောပြီးနောက် ကျန်းရှ ပြောင်းလဲသွားလိမ့် မည်ဟု ထင်ထားသော်လည်း ကျန်းရှသည် ချက်ချင်းပင် မျက်နှာပြောင်းသွားပြီး
“ဘာကို ကျန်တဲ့ပိုက်ဆံလဲ၊ အဘွားကိုမှ မပို့ရသေးတာ၊ စာချုပ်ထဲမှာ အားလုံးပြီးမှ ပေးရမယ်လို့ ပါတယ်လေ၊ အဘွား လုံးဝထွက်သွားပြီဆိုမှ ပိုက်ဆံပေးမယ်” ဟု အသံ ကျယ်ကျယ်ဖြင့် ပြောလိုက်သည်။
ဝမ်သိုက်မှာ အံ့သြသွားပြီး “ရှင်ကတော့ တကယ့် တိရစ္ဆာန်ပဲ”
ချန်စစ်ကျယ် ရောက်လာပြီး
“ကျွန်တော်တို့ အလုပ်ပြီးပြီ၊ ကျန်တာ ခင်ဗျားအလုပ်ပဲ၊ စာချုပ်ကို ချိုးဖောက်ချင်တာလား”
ကျန်းရှ အိမ်အပြင်ဘက်သို့ သူတို့ကို ခေါ်ထုတ်သွားပြီး မျက်နှာပြောင်ပြောင်ဖြင့်
“စာချုပ်ကို ချိုးဖောက်ရင် ဘာဖြစ်မလဲ၊ ကျွန်တော်က ဥပဒေမသိဘူး ထင်နေတာလား၊ ခင်ဗျားတို့လုပ်တာတွေက အယူသည်းမှုတွေပဲ၊ ဒီစာချုပ်က တရားမဝင်ဘူး”
သူသည် ဖုန်းကို ထုတ်ပြကာ
“ကျွန်တော် ခုနက အကုန်လုံး အသံသွင်းထားတယ်၊ ခင်ဗျားတို့လုပ်တာက လိမ်လည်မှုပဲ၊ ကျွန်တော် မတိုင်ရင်တောင် ကံကောင်းလှပြီ၊ ပိုက်ဆံလိုချင်သေးတယ်လား၊ အိမ်မက်ပဲ မက်နေလိုက်”
ဝမ်သိုက်မှာ ဒေါသထွက်လွန်းသဖြင့် အံကြိတ်ထားရသည်။
“သူ့ကို ထိုးလို့ရမလား၊ ကျွန်မ မအောင့်နိုင်တော့ဘူး”
ချန်စစ်ကျယ် သူမပုခုံးကို ကိုင်ကာ “အကြမ်းဖက်လို့ မဖြစ်ဘူး၊ ဒါက ဥပဒေစိုးမိုးတဲ့ လူ့အဖွဲ့အစည်းလေ” ဟု အေးအေး ဆေးဆေး ပြောလိုက်ပြီး ကျန်းရှရှေ့သို့ တိုးသွားသည်။
ကျန်းရှသည် ချန်စစ်ကျယ်၏အရပ်နှင့် အရှိန်အဝါကြောင့် နောက်သို့ ဆုတ်သွားသော်လည်း
“ခင်ဗျား ဘာသာ ဥပဒေစိုးမိုးရေးအကြောင်း ပြောပြီးပြီနော်၊ လက်ပါရင် ကျွန်တော် တိုင်မှာ” ဟု ခြိမ်းခြောက်သည်။
ချန်စစ်ကျယ်က လှောင်ရယ်လိုက်ပြီး
“ကျွန်တော်တို့ ပေးတာက ဝိညာဥ်ရေးရာ ဝန်ဆောင်မှုပါ၊ စာချုပ်မှာလည်း ခင်ဗျားကိုယ်တိုင် သဘောတူထားပြီးသား
အခုမှ အယူသည်းမှုလို့ လာပြောတာလား၊ ခင်ဗျားက ဥပဒေကို နားမလည်တာ မဟုတ်ဘူး၊ ကိုယ့်ကိုကိုယ် အထင်ကြီးလွန်းနေတာ”
“ဒီစာချုပ်ကို ကြိုက်တဲ့ရှေ့နေကို သွားပြလိုက်၊ ဘယ်ရှေ့နေက ခင်ဗျားဘက်က အမှုလိုက်ပေးမလဲလို့
ပြီးတော့ ခင်ဗျားက ရှေ့နေငှားဖို့ ပိုက်ဆံတောင် နှမြောနေမယ့်သူပဲ မဟုတ်လား၊ ကဲ... တိုင်ချင်ရင်လည်း တိုင်ပါ၊ ဖိတ်ခေါ်ပါတယ်” ဟု မထီမဲ့မြင် ပြောဆိုလိုက်လေသည်။