← Chapters

အခန်း ၁၃၀

Vol. 13 Ch. 130

အခန်း ၁၃၀

Vol. 13 Ch. 130

🍏 Chapter 130

ဓာတ်ပုံကို ချိုက်ချီနှင့် ချန်စစ်ကျယ်ဆီသို့ အရင်အတိုင်း ပေးပို့လိုက်ပြီး စာကိုလည်း ထပ်တူပင် ရေးလိုက်သည်။

[သူတို့ ရုတ်တရက် အခန်းထဲဝင်ပြီး ရှာနေကြလို့ ကျွန်မ အပြင်ကို ထွက်ပြေးလာရတယ်၊ အခုတော့ သိပ်စိုးရိမ်နေရပြီ၊ ရှင်တို့ အမြန်ဆုံး ရောက်လာပေးပါဦး]

သူမက မြက်တောထဲသို့ ပို၍ တိုးဝင်လိုက်ပြီး ပိုးကောင်တွေ ရှိနေတဲ့ မြေကြီးပေါ်မှာ ထိုင်နေရတာကိုတောင် အညစ်အကြေး မရွေးနိုင်တော့ဘဲ ကိုယ်ကို ကျုံ့ထားလိုက်သည်။

ထိုလူတွေ ဘယ်အချိန် ထွက်သွားမလဲဆိုတာ မသေချာသဖြင့် ဝမ်သိုက်လည်း ဇွတ်မလှုပ်ရှားရဲချေ။ သို့သော်လည်း ငြိမ်နေရခြင်းက သူမကို ပို၍ စိတ်ပူပန်စေသည်။

သူမ စိတ်ထဲတွင် "ကျရှုံးခြင်း" ဆိုသည့် စကားလုံးကိုသာ တွေးနေမိသည်။

ကံကောင်းသည်မှာ သူမ ကြိုတင် ပြင်ဆင်ထားခြင်းပင်။ မျက်နှာသစ်စင်ပေါ်က ရေတွေကို ခြောက်အောင် သုတ်ထားခဲ့သော်လည်း ဖုန်တွေကိုတော့ သူမ မဖန်တီးနိုင်ခဲ့ချေ။ ထိုစဉ်က မျက်နှာသစ်တိုင်း ဖုန်တွေ လိုက်လိမ်းနေရမှာ ပျင်းသဖြင့် မလုပ်ခဲ့မိသည်မှာ အခုတော့ ပြဿနာ ဖြစ်လာတော့သည်။

ဒါပေမဲ့ ဖုန်တွေ ဖန်တီးနိုင်ခဲ့ရင်တောင်မှ ကုတင်ပေါ်က စောင်ကတော့ ရှင်းပြရ ခက်နေဦးမှာပင်။ ဦးလေးကြီးနှင့် အန်တီကြီးတို့ကသာ လိမ်ညာပြီး ကူညီပေးနိုင်ပါစေဟု သူမ ဆုတောင်းနေမိသည်။

"ဒီအခန်းမှာ လူနေလား"

အရပ်ရှည်ရှည် အမျိုးသားက သူများအိမ်ကို ကိုယ့်အိမ်လို သဘောထားကာ ဆေးလိပ်ပြာကို မြေကြီးပေါ် ခါချရင်း မေးလိုက်သည်။ သူက ဘယ်သူ့ကိုမှ မကြည့်ဘဲ လေသံကလည်း လွင့်မျောနေသည်။

ဦးလေးကြီးတို့လင်မလားက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီးနောက် အန်တီကြီးက သူမ၏ အမျိုးသားကို ညွှန်ပြကာ ချက်ချင်း ပြောလိုက်သည်။

"သူ နေတာပေါ့၊ တခြားဘယ်သူ ရှိဦးမှာလဲ၊ ငါက ပြောရမှာ အရှက်သည်းနေလို့ပါ၊ ငါ မနေ့ညက ပြန်လာတုန်းက သူလည်း နောက်က လိုက်လာတယ်လို့ ဘယ်လို ပြောထွက်ပါ့မလဲ"

"ငါတို့တွေက ရန်ဖြစ်နေကြတာပဲ၊ ငါ သူနဲ့ ကွာရှင်းမလို့ ပြန်လာတာဆိုတာ ရှင်တို့လည်း သိသားပဲ၊ အဲဒါကို သူ နောက်က လိုက်လာတာကို ငါက အထဲပေးဝင်တယ်ဆိုရင် ငါက စိတ်ပျော့သွားတယ်လို့ ရှင်တို့ ထင်ကုန်မှာပေါ့၊ အဲဒီတော့ ငါ ဘာလုပ်ရမလဲ၊ သူ့ကို အပြင်ကို နှင်ထုတ်ရမှာလား၊ ဒီလောက် ဝေးတဲ့လမ်းကို သူ့ကို ပြန်ခိုင်းရင် မိုးလင်းသွားမှာပေါ့"

"သူက ဒီနေ့မနက်မှ ရောက်တာ မဟုတ်ဘဲ ညကတည်းက လိုက်လာတာလို့ ပြောရင် ငါ့မျက်နှာ ဘယ်နား သွားထားရမလဲ" အဘွားကြီး၏ မတင်မကျ လေသံနှင့် မျက်နှာလွှဲလိုက်ပုံမှာ တကယ်ပင် ယုံကြည်ချင်စရာ ကောင်းလှသည်။

သို့သော် စိတ်မကောင်းစရာမှာ ထိုလူ သုံးယောက်လုံးက ဘာမှ ပြန်မပြောခြင်းပင်။

ဦးလေးကြီးနှင့် အန်တီကြီးတို့၏ လိမ်ညာမှုက ကံကောင်းခြင်းတွေ သယ်ဆောင်လာပေးပါစေဟု ဝမ်သိုက်က မြက်တောထဲတွင် ဆုတောင်းနေရင်း ငိုက်မြည်းလာသည်။ သူမက ကျောပိုးအိတ်ကို ဖက်ကာ မျက်နှာအပ်ထားပြီး တင်းကျပ်နေသော အာရုံကြောများနှင့် အိပ်ချင်စိတ်တို့ တိုက်ပွဲဖြစ်နေကြသည်။

နွေဦးဦးကာလ ဖြစ်သဖြင့် တိုက်ခတ်လာသော လေက သူမ၏ လည်ပင်းကို အေးစက်သွားစေသည်။ သူမ၏ နားရွက်တွင် မိတ်ကပ် မလိမ်းထားသဖြင့် ဆံပင်များနှင့်အတူ ခေါင်းပေါင်းထဲတွင် ထည့်ထားရာ အနည်းငယ်တော့ နွေးထွေးနေသည်။

အချိန်ကုန်အောင် အိပ်စက်ဖို့ ကြိုးစားနေရင်း အိပ်ပျော်ကာနီးတွင်မှ ဝမ်သိုက်သည် အပေါ့သွားချင်စိတ်ကြောင့် မျက်လုံးပွင့်လာသည်။

မျက်လုံးပွင့်လာတာက ကိစ္စမရှိသော်လည်း ပွင့်လာပြီး မြင်လိုက်ရသည့်အရာကတော့ သူမကို ပို၍ စိုးရိမ်စိတ် မြန်စေသည်။

သူမက မသိစိတ်ဖြင့် ခေါင်းကို ဘယ်ဘက်သို့ လှည့်ကြည့်လိုက်ရာ မြက်ခြေရင်းတွင် ခွေနေသော မြွေတစ်ကောင်ကို တွေ့လိုက်ရသည်။ အမည်းရောင် နောက်ခံတွင် ငွေရောင် အကွင်းလေးများ ပါရှိကာ အကြေးခွံများမှာ အလင်းပြန်နေသည်။

ဝမ်သိုက်သာ ထိုမြွေဘေးမှာ ရှိမနေဘူးဆိုလျှင်တော့ ထိုမြွေ၏ အလှကို ချီးကျူးမိမှာပင်။

ဒါက အလွန် အဆိပ်ပြင်းတဲ့ ငွေဟင်္သာမြွေပဲ။

စောစောက အတိတ်နိမိတ်မှာ "သေးငယ်လျှင် ကောင်းသော်လည်း ကြီးမားလျှင် ဘေးဖြစ်မည်" ဟု ပါသော်လည်း အတိတ်နိမိတ်က အခုထိ သက်ရောက်နေတုန်းလား။ သူမ ဘာမှတောင် မလုပ်ရသေး ဘူးလေ။

ပုန်းဖို့ နေရာရှာကာမှ ငွေဟင်္သာမြွေရဲ့ အိမ်နား သွားပုန်းမိတယ်လို့...

ဝမ်သိုက်မှာ ကြောက်လန့်တကြား ဖြစ်သွားပြီး အသက်ရှူဖို့ပင် မေ့သွားသည်။ သူမက စောစောက လုပ်ခဲ့တဲ့ လှုပ်ရှားမှုတွေကို ပြန်စဉ်းစားကြည့်သည်။ ဒီနေရာမှာ ထိုင်မိတာ၊ ဖုန်းရိုက်တာ၊ သစ်ရွက်တွေကို ဖယ်ထုတ်တာ။

အခုမှ ပြန်စဉ်းစားကြည့်ရင် အဲဒီ သစ်ရွက်တွေသာ မြွေပေါ် သွားကျခဲ့ရင် သူမတော့ သေတာ ကြာလှပြီ။

ဒါပေမဲ့ အခုလည်း သူမက "သေဖို့ နီးစပ်နေတုန်း" ပါပဲ။

သူမက တံတွေးတောင် မမျိုရဲတော့ဘဲ စိတ်ထဲကနေ သူမရဲ့ နတ်ဆရာတွေနဲ့ ဆက်သွယ်ဖို့ ကြိုးစားတော့သည်။

"နတ်မင်းတို့ရေ... စပါးအုန်းနတ်မင်းကြီးပဲဖြစ်ဖြစ်၊ မြွေနတ်မင်းကြီးပဲဖြစ်ဖြစ် ဘယ်သူရှိရှိ ကူညီကြပါဦး၊ အဲဒီနတ်မင်းတွေ မအားရင်လည်း တန်ခိုးအကြီးဆုံး နဂါးမင်းကြီးပဲ ကြွလာပြီး ကယ်ပါတော့... ကယ်ကြပါဦး"

နတ်လောကတွင် မြေခွေး၊ မြွေ၊ စပါးအုန်း၊ ကြွက် စသည့် နတ်များ ရှိကြသည်။ နဂါးမင်းမှာ အဆင့်မြင့်လွန်းသဖြင့် ဝမ်သိုက်က ခေါ်လို့ ရမည်ဟု မသေချာချေ။ အကောင်းဆုံးကတော့ အမျိုးအနွယ်တူ မြွေနတ်မင်းပဲ ဖြစ်သည်။

ဝမ်သိုက်က စိတ်ထဲကနေ အော်ဟစ်နေမိသည်။

" စပါးအုန်း နတ်မင်းကြီး ၊ ဆရာကြီးရဲ့ မူလရုပ်သွင်နဲ့ ဒီမြွေကို ဟန့်တားပေးပါဦး၊ တပည့်မလေးရဲ့ အသက်ကို ကယ်ပါဦး၊ မဟုတ်ရင် တပည့်မလေးက ဝိညာဥ် ဖြစ်သွားတော့မှာပါ"

သူမမှာ မိဘတွေအတွက် တရားမျှတမှု မရှာရသေးသလို ရန်သူတွေကိုလည်း အပြစ်မပေးရသေးပေ။ သူမ သေလို့ မဖြစ်သေးဘူး။

အရင်ကတော့ မိဘတွေနောက်ကို လိုက်သွားချင်ခဲ့ပေမဲ့ အခုတော့ အခြေအနေတွေ ပြောင်းလဲသွားပြီ။

အရင်က အသက်မဲ့သလို နေထိုင်ခဲ့တဲ့ ဝမ်သိုက်ဟာ အတိတ်မှာ ကျန်ရစ်ခဲ့ပြီ။ အခု ဝမ်သိုက်က အသက်ရှင်ချင်တယ်။ သူမ အသက်ရှင်ရုံတင်မကဘဲ အမှောင်ထဲမှာ ဖမ်းဆီးခံထားရသူတွေကိုပါ ကယ်တင်ချင်သည်။

ထိုအချိန်တွင် သူမ၏ နားထဲ၌ သက်ပြင်းချသံ တစ်ခုကို ကြားလိုက်ရသည်။ သူမ၏ ဘေးတွင် ကောင်းကင်သို့ ဦးတည်နေသော အမည်းရောင် စပါးအုန်းကြီး တစ်ကောင် ရုတ်တရက် ပေါ်လာသည်။ ထိုစပါးအုန်းကြီး၏ အောက်တွင် အခြား မြွေဝိညာဥ်များလည်း မူလရုပ်သွင်ဖြင့် ပေါ်လာကြသည်။

မြွေနတ်မင်းက သူတစ်ယောက်တည်း လာတာမဟုတ်ဘဲ မြွေဝိညာဉ် အုပ်စုလိုက်ကိုပါ ခေါ်လာခြင်း ဖြစ်သည်။ အကယ်၍ ဒါတွေက အစစ်အမှန် အဆိပ်ပြင်းမြွေတွေသာ ဆိုလျှင်တော့ ဝမ်သိုက်မှာ သူမကိုယ်သူမအတွက် အမွှေးတိုင် သုံးတိုင် ကြိုထွန်းထားရမှာပင်။

ခွေနေသော ငွေဟင်္သာမြွေလေးမှာ ထိပ်ဝိုင်းဝိုင်း ဦးခေါင်းကို ဖြည်းဖြည်းချင်း ဖော်လိုက်သည်။ ၎င်း၏ မျက်လုံးဝိုင်းလေးများက ရှေ့က ဧရာမ စပါးအုန်းကြီးနှင့် စိုက်ကြည့်နေသော မြွေအုပ်စုကို မြင်လိုက်ရသည့်အခါတွင်တော့ ၎င်းသည် တစ်ခါ ထပ်ခွေသွားပြီး ခေါင်းကို အလယ်မှာ ဝှက်လိုက်ကာ အဖြူအမည်း အကွင်းများပါသော ကျောပြင်ကိုသာ ဖော်ထားတော့သည်။

ခဏမျှ တိတ်ဆိတ်သွားပြီးနောက်၊ ငွေဟင်္သာမြွေလေးက ခေါင်းကို အသာအယာ ပြန်ထုတ်ကြည့်သည်။ ရှေ့က ခြိမ်းခြောက်မှုတွေ မထွက်သွားသေးတာကို တွေ့ရတဲ့အခါမှာတော့ ၎င်းသည် အခြားတစ်ဖက်သို့ ဖြည်းဖြည်းချင်း လျှောတိုက် ထွက်သွားတော့သည်။ ဘယ်ကို သွားမှန်း မသိပေမဲ့ ဝမ်သိုက်ကတော့ ၎င်း ထွက်သွားတာကို မြင်လိုက်ရသည်။

အသက်အန္တရာယ် မရှိတော့သည့်အခါမှ ဝမ်သိုက် စိတ်သက်သာရာ ရသွားပြီး တင်းကျပ်နေတဲ့ ပုခုံးတွေလည်း လျော့ကျသွားသည်။ ညဘက်က ဦးလေးကြီးနဲ့အတူ ဒီနေရာမှာ လဲကျခဲ့တာတွေကို ပြန်စဉ်းစားကြည့်ရင် သူမရဲ့ ကံကောင်းခြင်းတွေက အဲဒီတုန်းကတည်းက ကုန်သွားပြီလားလို့တောင် သံသယ ဝင်မိသည်။

ကောင်းကင်ထိ မြင့်မားသော စပါးအုန်းကြီးသည် လူရုပ်သို့ ပြောင်းလဲသွားသည်။ ခရမ်းရင့်ရောင် ရှေးဟောင်း ဝတ်စုံကို ဝတ်ထားသော အမျိုးသမီးကြီး ဖြစ်လာပြီး သူမ၏ လက်ချောင်းများက ရင်ဘတ်ပေါ်က ဆံပင်ရှည်တွေကို လိမ်ကျစ်နေသည်။ ခရမ်းရင့်ရောင် မျက်လုံးများဖြင့် ဝမ်သိုက်ကို ကြည့်ကာ စူးစူးဝါးဝါး အသံဖြင့် ဆူပူတော့သည်။

"ကိုယ့်ကိစ္စ မဟုတ်တာကို ဝင်မပါနဲ့လို့ ငါ မင်းကို ပြောထားတယ် မဟုတ်လား"

အစောင့်အရှောက်နတ်မင်း ရှေ့တွင် ဝမ်သိုက်သည် ချက်ချင်းပင် ရိုးရိုးသားသား ပုံစံပြောင်းလိုက်သည်။ သူမက မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ် လုပ်ရင်း နှုတ်ခမ်းလေး စူကာ ပြောလိုက်သည်။

"ကိုယ့်ကိစ္စ မဟုတ်တာလည်း မဟုတ်ပါဘူး ဆရာရယ်.... ကြည့်ပါဦး၊ ကျွန်မက ဒီကိစ္စထဲကို ရောက်နေပြီပဲ၊ အခုတော့ ဒီကိစ္စက ကျွန်မနဲ့ ပတ်သက်နေပါပြီ"

"သနားစရာကောင်းအောင် မလုပ်နဲ့၊ နှုတ်ခမ်းလည်း မစူနဲ့၊ မင်းကတော့ အကြောင်းပြချက်တွေ များနေတာပဲ၊ တခြားလူတွေက ကိစ္စတစ်ခုကို ရှောင်နိုင်သမျှ ရှောင်ချင်ကြတာ၊ မင်းတစ်ယောက်ပဲ လိုအပ်နေတဲ့သူတွေအတွက် အကုန် လိုက်ဖြေရှင်းပေးချင်နေတာ..."

အားနေတဲ့ အချိန်မှာ အစောင့်အရှောက်က ဝမ်သိုက်ကို အတော်လေး ဆူပူနေတော့သည်။ သူမ၏ လှပသော မျက်လုံးများထဲတွင်တော့ စိုးရိမ်စိတ်နှင့် ဒေါသတို့ ရောယှက်နေသည်။

သူမ၏ ဘေးက အမျိုးသားတစ်ဦး ကလည်း ဝင်ပြောသည်။

"ကလေးကို အဲဒီလောက်လည်း မဆူပါနဲ့၊ စိတ်ကောင်းရှိတာ ကောင်းတဲ့အချက်ပဲလေ၊ ငါတို့အတွက်လည်း ကုသိုလ်ရတာပေါ့၊ ပြီးတော့ သူမက စေတနာနဲ့ လုပ်တာဆိုတော့ မမျှော်လင့်ထားတဲ့ ရလဒ်တွေ ရလာနိုင်ပါတယ်"

ထိုသူ၏ အသံမှာ ကြည်လင်သော်လည်း တည်ငြိမ်လှသည်။

"ငါက သူမကို ကုသိုလ်တွေ မရစေချင်တော့ဘူး"

အမျိုးသမီးက ဒေါသတကြီး ပြောလိုက်ပြီးနောက် မြေကြီးပေါ်မှာ ထိုင်ပြီး အဆူခံနေရတဲ့ ဝမ်သိုက်ကို စိုက်ကြည့်ရင်း သက်ပြင်းတစ်ချက် ချလိုက်သည်။

"ငါက မင်းကို သိပ်ပြီးတော်စေချင်တာ၊ တတ်စေချင်တာ မဟုတ်ပါဘူး၊ မင်း နေ့တိုင်း ကံကြမ္မာ ဟောပြီး လူတွေကို ကူညီပေးနေရင်ကို လုံလောက်ပါပြီ၊ ငါ မင်းကို ဒီလို အန္တရာယ်များတဲ့ ကိစ္စတွေထဲ မပါစေချင်ဘူး၊ လူ့အဖွဲ့အစည်းအတွက် အကျိုးပြုဖို့လည်း မတောင်းဆိုဘူး၊ ငါက မင်းကို ကိုယ့်ကိုကိုယ် ကောင်းကောင်းမွန်မွန်ဆက်ဆံစေချင်တာ"

All Chapters