အခန်း ၉၁
Vol. 10 Ch. 91
🍏 Chapter 91
လက်ဖက်ရည်စားပွဲပေါ်ရှိ အမွှေးတိုင်အိုးထဲတွင် အမွှေးတိုင် သုံးတိုင် ထွန်းညှိထားသည်။ ထိုအိုးမှာ ဝမ်သိုက်က သူမ အိမ်မှ သယ်ဆောင်လာခြင်းဖြစ်ကာ နေရာပြောင်းသွားသော်လည်း မိမိ၏ ဆရာသခင်များကို အမွှေးတိုင်ပူဇော်သည့် အလေ့အထကိုမူ မပျက်ကွက်ဝံ့ချေ။
သို့သော် ယခုအချိန်တွင်မူ ထိုအမွှေးတိုင်များကို အခြားသော ဝိညာဉ်တစ်ခုအတွက် ခေတ္တအသုံးပြုပေးထားခြင်း ဖြစ်၏။
အမွှေးတိုင်အိုးရှေ့တွင် တင်ထားသော နို့လက်ဖက်ရည်မှာ အအေးခံထားသဖြင့် အရသာ ပျောက်ရှနေပြီ ဖြစ်သည်။ စားပွဲရှေ့တွင် ရပ်နေဆဲဖြစ်သော ကောင်လေးမှာမူ နို့လက်ဖက်ရည်၏ မွှေးပျံ့သော အရသာကို ပြန်လည်ခံစားနေသကဲ့သို့ နှုတ်ခမ်းလေးများကို လှုပ်ရှားနေသည်။
ဝမ်သိုက် ရှိနေသဖြင့် အခြားသော ဝိညာဉ်များက လာရောက်လုယူရန် မဝံ့ရဲကြချေ။ ချီယာ ကြောက်ရွံ့နေသည်မှာလည်း အခြားသော မိစ္ဆာများ ရောက်လာမည်ကိုပင် ဖြစ်သည်။
“မင်းနာမည် ဘယ်လိုခေါ်လဲ”
ဝမ်သိုက်သည် ကောင်လေး၏အနီးသို့ တိုးကပ်သွားကာ မေးလိုက်သည်။
“ကျန့်ယီပါ၊ လေးနဲ့မြှားရဲ့ ‘ကျန့်’၊ တစ် နှစ် သုံး လေး ရဲ့ ‘ယီ’ ပါ၊ မေမေရှိတုန်းက ပြောဖူးတယ်၊ ကျွန်တော်က ပထမဆုံး ကလေးဖြစ်သလို တစ်ဦးတည်းသော ကလေးလည်း ဖြစ်လာမှာတဲ့”
ကောင်လေး၏အသံမှာ ဝမ်သိုက်နားထဲသို့ တိုးဝင်လာသည်။ ထိုအသံမှာ ကလေးသံဖြစ်သော်လည်း ရင့်ကျက်မှုနှင့် နုနယ်မှုတို့ရောနှောနေသည့် ခံစားချက်ကို ပေးစွမ်းနေပေသည်။
အနီးကပ် ကြည့်လိုက်သောအခါ ဆံပင်အရှည်များကြားမှ ကျန့်ယီ၏မျက်လုံးများကို မြင်လိုက်ရသည်။ ထိုမျက်လုံးများမှာ အရောင်အဝါကင်းမဲ့နေ၏။
“ဒီကလေးရဲ့ ပုံစံကို ငါလည်း မြင်လို့ရမလား” ချန်ဝမ်ခန်းက မေးလိုက်သည်။
သူ့အကြည့်မှာ ဦးတည်ချက်မရှိဘဲ မိမိ၏ခြေထောက်နားကို ကြည့်နေသော်လည်း ကျန့်ယီနှင့် မထိမိချေ။ ချန်ဝမ်ခန်းသာမက ချီယာသည်လည်း ဆိုဖာပေါ်တွင် မှီနေရာမှ ကိုယ်ကို ရှေ့သို့ကိုင်းလျက် ဝမ်သိုက်ကို မျှော်လင့်တကြီး ကြည့်ကာ ဆိုသည်။
“ငါလည်း မြင်ချင်တယ်”
တတိယမျက်လုံးကို စိတ်တိုင်းကျ ဖွင့်ပေး၍မရချေ။ ဝမ်သိုက်သည် စားပွဲတစ်ဖက်တွင် ရှိနေသော ချန်စစ်ကျယ်ကို လှမ်းကြည့်လိုက်ရာ သူက မျက်တောင် နှစ်ချက် ခတ်ပြလေသည်။
“ရပါတယ်၊ ဒါပေမဲ့ ခဏပဲမြင်ရမှာနော်၊ ပြီးရင် ကျွန်မ ပြန်ပိတ်ပေးမယ်၊ ဒါမျိုးကို အကြာကြီး မြင်နေရင် ကိုယ့်ရဲ့ စွမ်းအင်တွေအတွက် မကောင်းဘူး”
ဝမ်သိုက် ကြိုတင်သတိပေးလိုက်ပြီးနောက် ဂါထာအချို့ကို ရွတ်ဆိုလိုက်သည်။ ခဏချင်းမှာပင် ဘာမှမရှိသော နေရာတွင် ကောင်လေးတစ်ယောက်ပေါ်လာတော့သည်။
စက္ကူရုပ်ကဲ့သို့ ဖြူဖျော့နေသော လူတစ်ယောက်ကို ရုတ်တရက် မြင်လိုက်ရသဖြင့် ချီယာမှာ အသက်ရှူပင် မှားသွားရသည်။ သူမသည် လက်ကို ရင်ဘတ်ပေါ်တင်လျက် အသာအယာ ပုတ်ကာ ညည်းတွားလိုက်သည်။
“အို... ဖြစ်မှ ဖြစ်ရလေ”
ကျန့်ယီမှာ မီးခိုးရောင်သန်းနေသော စက္ကူရုပ်လေးကဲ့သို့ ဖြစ်နေကာ ပြင်ပလောက၏ တောက်ပမှုများမှာ သူ့ကိုယ်ပေါ်သို့ မရောက်ရှိနိုင်ချေ။ ချန်ဝမ်ခန်းမှာ မျက်မှောင်ကြုတ်သွားသည်။
အပြာရောင် ကုတ်အင်္ကျီအစုတ်လေးအောက်တွင် ဆောင်းရာသီနှင့် မလိုက်ဖက်သော ဂျင်းဘောင်းဘီတစ်ထည်ကို ဝတ်ဆင်ထားကာ ညစ်ပတ်ပေရေနေပေသည်။ ကျန့်ယီမှာ အားကိုးရာမဲ့နေဟန်ဖြင့် သူတို့ကို ကြည့်နေသူများ၏အကြည့်ကြောင့် ခြေထောက်လေးများကို မသိမသာ လှုပ်ရှားနေသည်။
ထိုအခါ အောက်ခံကွာနေသော အားကစားဖိနပ်မှာ အပေါ်သို့ ဟသွားသည်ကို မြင်ရ၏။
ချန်ဝမ်ခန်း သက်ပြင်းချကာ ဆိုသည်။
“ဒီခေတ်ကြီးမှာ ဒီလောက်အထိ ဆင်းရဲဒုက္ခရောက်နေတဲ့ ကလေး ရှိသေးတယ်ဆိုတာ မယုံနိုင်စရာပဲ”
“အများကြီး ရှိပါတယ်၊ ခေတ်မီတိုးတက်လာတဲ့အခါမှာ အချို့လူတွေက ချန်လှပ်ခံခဲ့ရတာပဲ”
ဝမ်သိုက်သည် စိတ်ရှုပ်ထွေးလာသဖြင့် ဆေးလိပ်သောက်ချင်စိတ်ပေါ်လာကာ အိတ်ကပ်ကို စမ်းလိုက်မိသည်။ သို့သော် သူမ ဆေးလိပ်မသောက်သည်မှာ ကြာပြီဖြစ်၍ အိတ်ကပ်ထဲတွင် ဘာမှမရှိချေ။
ချီယာ၏ရှေ့တွင် ဘာမှမမြင်သလို ဟန်ဆောင်နေရသော ချန်စစ်ကျယ်မှာ ဆက်ဟန်ဆောင်နေ၍ မရတော့ချေ။ ချီယာက သားဖြစ်သူ၏လက်မောင်းကို လှုပ်ကာ ဂုဏ်ယူဝံ့ကြွားစွာ ဆိုလေသည်။
“မြင်လား မြင်လား၊ ငါ နင့်ကို မညာဘူး မဟုတ်လား၊ အခုတော့ ငါ့ကို အယူသီးတယ်လို့ မပြောနဲ့တော့”
ချန်စစ်ကျယ် ကျန့်ယီကို ကြည့်ကာ မေးလိုက်သည်။
“မင်း ဘာလို့ အဖေ့နောက်ကို လိုက်လာတာလဲ”
ကျန့်ယီသည် လက်ချောင်းလေးများကို လိမ်ယှက်နေကာ သူ့ဘဝဇာတ်ကြောင်းကို ဖြည်းဖြည်းချင်း ပြန်လည်ပြောပြနေသည်။
“မေမေ ဆုံးသွားတော့ ဖေဖေက ကျွန်တော့်ကို ပိုက်ဆံကုန်တဲ့အကောင်လို့ အမြဲပြောတယ်၊ အိမ်မှာ ကျွေးစရာ မရှိဘူးဆိုပြီး လမ်းပေါ်မှာ တောင်းစားခိုင်းတယ်၊ တစ်နေ့ ကျောင်းကပြန်လာတော့ တံခါးက ဖွင့်လို့မရတော့ဘူး၊ အိမ်နီးနားချင်းအန်တီက အကြွေးရှင်တွေ လာလိမ့်မယ်ဆိုပြီး သူမအိမ်မှာ ခဏ သွားပုန်းခိုင်းတယ်၊ ဖေဖေကတော့ ထွက်ပြေးသွားပြီတဲ့”
“ကျွန်တော် အန်တီ့ကို ဒုက္ခမပေးချင်တော့လို့ အပြင်ထွက်လာခဲ့တာ၊ ကားတိုက်ခံရတော့ အရမ်းနာတာပဲ၊ မေမေနဲ့ ဖေဖေကို လွမ်းမိတယ်၊ အဲဒီအချိန်မှာ ဒီဦးလေးရဲ့ ကားကို မြင်လိုက်တယ်၊ ကားက အရမ်းလှတယ်၊ ဦးလေးကလည်း လူကောင်းပုံစံပဲ၊ ပိုက်ဆံလည်း ရှိမယ့်ပုံပဲ”
“ဒါကြောင့် ဦးလေးနောက် လိုက်လာခဲ့တာ၊ ဦးလေးက ချမ်းသာတော့ ကျွန်တော့်ကို စွန့်ပစ်မှာ မဟုတ်ဘူး မဟုတ်လား၊ ကျွန်တော်က ဒုက္ခပေးမယ့်သူဖြစ်မှာ မဟုတ်တော့ဘူး မလား”
သူ့စကားလုံးတိုင်းမှာ လူတို့၏နှလုံးသားကို ထိမှန်စေသည်။ ချီယာမှာ ဟန်မဆောင်နိုင်တော့ဘဲ ရှိုက်ငိုလိုက်မိသည်။ ဝမ်သိုက်သည်လည်း မျက်နှာလွှဲကာ ခေါင်းငုံ့ထားသည်။ ကျန့်ယီသည် ကလေးတစ်ဦးဖြစ်ခွင့်ကို အလုခံလိုက်ရသော “ကလေး” တစ်ဦးပင် ဖြစ်တော့သည်။
ဝမ်သိုက်သည် ကျန့်ယီကို နှစ်သိမ့်ရန် ကြိုးစားသည်။
“ကျန့်ယီ၊ ပိုက်ဆံရှိတဲ့သူတိုင်းက ကလေးကို မစွန့်ပစ်ဘူးလို့မဆိုလိုဘူး၊ မင်းက တာဝန်ယူမှုရှိတဲ့သူ၊ စိတ်ထားကောင်းတဲ့သူကို ရှာရမှာ၊ အဲဒါက မိဘဖြစ်ဖို့အတွက် အခြေခံအချက်ပဲ”
ကျန့်ယီမှာ နားလည်သွားသဖြင့် ဝမ်သိုက် စိတ်အေးသွားစဉ်မှာပင် ကျန့်ယီ၏နောက်ထပ်စကားတစ်ခွန်းကြောင့် သူမ အံ့ဩသွားရသည်။
“အစ်မ၊ အစ်မက ကျွန်တော်ပြောတဲ့ လူကောင်းမျိုးဖြစ်မယ် ထင်တယ်၊ ကျွန်တော့်ရဲ့ မေမေ လုပ်ပေးနိုင်မလားဟင်”
ချန်စစ်ကျယ်က ဝင်ပြောလာသည်။
“ကျန့်ယီ၊ မင်း အခု နောက်ထပ်ကမ္ဘာတစ်ခုကို သွားသင့်ပြီ၊ အဲဒီမှာ ခဏစောင့်နေရင် မိဘအသစ်တွေကို မင်း တွေ့လိမ့်မယ်၊ ဒီကမ္ဘာမှာ မင်း ဆုံးရှုံးခဲ့တာတွေကို သူတို့က ပြန်ဖြည့်ဆည်းပေးလိမ့်မယ်”
ချီယာ သားဖြစ်သူကို ဆူပူလိုက်သည်။
“နင် စကားမပြောတတ်ရင် ငြိမ်ငြိမ်နေစမ်း၊ အခုတော့ ဝိညာဉ်လေးကိုတောင် မောင်းထုတ်နေပြီ၊ သူက နင့်ကို ဘာဒုက္ခပေးလို့လဲ”
ကျန့်ယီသည် တိုးတိုးလေး ဆိုသည်။
“ဒါပေမဲ့... ကျွန်တော် သွားရမယ့် ကမ္ဘာကို ဘယ်လိုသွားရမလဲ မသိဘူး၊ ကျွန်တော် ကောင်းကင်ပေါ် သွားလို့ရမလား၊ မေမေ့ကို သွားရှာချင်တယ်၊ မေမေ ကျွန်တော့်ကို စောင့်နေမှာပဲ၊ ဒါပေမဲ့ ဘယ်လိုသွားရမလဲဟင်”
ဝမ်သိုက်သည် ထိုစကားကို ကြားသောအခါ အရေးကြီးသောအချက်တစ်ခုကို သတိရသွားသည်။ သူမ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ကာ မေးလိုက်သည်။
“ကျန့်ယီ၊ မင်း ခန္ဓာကိုယ်ထဲက ထွက်လာတဲ့အချိန်မှာ အမည်းရောင်အရာတွေ ရောက်လာတာ မမြင်ဘူးလား”
အာဃာတ မရှိတော့လျှင် ဘာကြောင့် သူသည် ဤနေရာတွင် ရှိနေသေးသနည်း။ လမ်းပြမည့်သူများ (ဝိညာဉ်ထိန်းသိမ်းသူများ) ဘာကြောင့် ရောက်မလာခဲ့သနည်း။