← Chapters

အခန်း (၁၅၃)

Vol. 16 Ch. 153

အခန်း (၁၅၃)

Vol. 16 Ch. 153

🍏 Chapter 153

"ဒါက သာမန် ကိုယ့်ကိုကိုယ် ကာကွယ်တာ သက်သက်ပါပဲ၊ မင်း ငါ့ကို အလွန်အကျွံ လုပ်တယ်လို့ ပြောတာကမှ တကယ် အလွန်အကျွံ လုပ်တာပါ"

"ကျွန်မက ဘေးလူတစ်ယောက်အနေနဲ့ ဘယ်လိုလုပ် အလွန်အကျွံ လုပ်မှာလဲ၊ ကျွန်မက အကြောင်းအရာအပေါ်မှာပဲ မူတည်ပြီးပြောတာပါ"

"မင်း ပြောတာက အမှန်တရား ဖြစ်သွားရောလား၊ ဒါဆိုရင် ငါလည်း စောစောက အလွန်အကျွံမလုပ်ခဲ့ဘူးလို့ ပြောမယ်၊ ငါလည်း ကိုယ့်ကိုကိုယ် ကာကွယ်တဲ့ အနေနဲ့ပဲ လုပ်ခဲ့တာ"

ဤလူနှစ်ဦးသည် အဆုံးမရှိသော ငြင်းခုံပွဲကြီးကို ဆင်နွှဲတော့မည်ကို မြင်တွေ့လိုက်ရသဖြင့် ကုချီသည် အလျင်အမြန်ပင် လီချင်းယွီအား မျက်ရိပ်ပြလိုက်သည်။

နှမြောစရာကောင်းသည်မှာ အရွယ်ငယ်ရွယ်လှသော မိန်းကလေးငယ်လေးသည် သူ၏ အရိပ်အ ယောင်ကို မည်သို့ နားလည်နိုင်မည်နည်း။ ထို့အပြင် အလယ်တန်းကျောင်းသူ အရွယ်ရှိသော လီချင်းယွီသည် ဤကလေးဆန်သည့် လူသားနှစ်ဦး၏ရန်ဖြစ်ခြင်းကို စိတ်ဝင်တစားဖြင့် ကြည့်ရှုနေချေသည်။

ကြည့်ရသည်မှာ စိတ်မသက်မသာဖြစ်ရသော ရွှီကျင့်သည် မျက်နှာကို လွှဲကာ နားထင်ကို နှိပ်လိုက်ပြီး ထရပ်လျက် အားကိုးရာမဲ့စွာပြောလိုက်သည်။

"ရှင်တို့နှစ်ယောက် ခဏလောက် ရပ်ပေးလို့ ရမလား၊ ရတနာဆေးလုံးရှိတဲ့ ဆရာတော်ကို တွေ့ဖို့ ကံစမ်းရမယ် ဆိုကတည်းက ကျွန်မတို့ အခု ဆက်ပြီးလှုပ်ရှားကြရအောင်လေ"

လူအုပ်စုသည် လမ်းလျှောက်နေသော ဖုတ်ကောင်များကဲ့သို့ လူစုဖွဲ့ကာ လျှောက်လှမ်းခဲ့ကြပြီး ယင်းအထဲတွင် ဝမ်သိုက်သည် လီချင်းယွီ၏ လက်ကို ဆွဲကာ ရွှီကျင့်နှင့်အတူ လျှောက်လှမ်းနေပြီး တစ်ခါမျှ မဆုံတွေ့ဖူးသော အမျိုးသမီးနှစ်ဦးမှာ ဤတစ်ကြိမ် သိကျွမ်းပြီးနောက် စကားများကို မေ့မေ့ လျော့လျော့ ပြောဆိုနေကြသဖြင့် ကုချီနှင့် ချန်စစ်ကျယ်တို့မှာမူ နောက်ခံလူများအဖြစ်သို့ အပြည့်အဝရောက်ရှိသွားကြတော့သည်။

အတော်ကြာ တုံ့ဆိုင်းနေပြီးနောက် နောက်ဆုံးတွင် ခြေလှမ်းများကို ရွှေ့ကာ ချန်စစ်ကျယ်၏ ဘေးသို့ လျှောက်လှမ်းလာပြီး ကုချီက ပြောလိုက်သည်။

"ခင်ဗျား... ဝမ်သိုက်ကို သဘောကျနေတာလား"

သူ့ လေသံထဲတွင် စိုးရိမ်ပူပန်မှုများ ထင်ရှားနေပြီး ဤစကားကို ပြောဆိုလိုက်သည့်အခါ လည် ချောင်းနှင့် ရန်ဖြစ်နေရသကဲ့သို့ ရှိကာ ဤကဲ့သို့ သာမန်ကိစ္စရပ်တစ်ခုကို မေးမြန်းခြင်းမှာပင် ထိတ်လန့်စိုးရိမ်စရာ ခံစားချက်မျိုး ဖြစ်ပေါ်နေချေသည်။

လမ်းလျှောက်စဉ် လက်လှုပ်ရှားမှုမှာ သဘာဝမကျလှဘဲ တင်းကျပ်စွာ ဆုပ်ကိုင်ထားသော လက်သီးကို ချန်စစ်ကျယ် သတိမပြုမိသော်လည်း သူ့ မျက်ဝန်းထဲရှိ မငြိမ်မသက် ဖြစ်မှုကိုမူ အမိအရ ဖမ်းဆွဲလိုက်ချေသည်။

ချန်စစ်ကျယ်သည် မျက်ခုံးကို ပင့်လိုက်ပြီး အရှေ့မလှမ်းမကမ်းတွင် စုပေါင်းလျှောက်လှမ်းနေကြသော လူသုံးဦးထံသို့ အကြည့်ကိုပို့ဆောင်လိုက်ရာ အကြည့်မှာ အလွန် စူးစိုက်လှပြီး ဝမ်သိုက်၏ ကိုယ်ပေါ်တွင်သာ ရပ်တန့်ရန် ရွေးချယ်လိုက်တော့သည်။

ပြာမှိုင်းရောင် တီရှပ်ပေါ်တွင် အနည်းငယ်ပွသော ချည်ထိုးအင်္ကျီကို ထပ်ဆင့်ဝတ်ဆင်ထားခြင်းက သူမ၏ ပိန်ပိန်ပါးပါးနှင့် သွယ်လျသော ကိုယ်အထက်ပိုင်း အချိုးအစားကို အထင်းသား ပေါ်လွင်နေစေပါသည်။

ဆံနွယ်စရှည်များမှာ ကျောပြင်ပေါ်တွင် ဝဲကျနေပြီး ဆံနွယ်စများ၏ အဆုံးတွင် သေးငယ်သော ခါးလေး ရှိနေသဖြင့် ခန္ဓာကိုယ် အချိုးအစားကို ကွက်တိ ဖြစ်စေသည်၊ ဘောင်းဘီရှည်မှာလည်း ပြာမှိုင်းရောင် ဖြစ်ပြီး ပုံစံကျသော ဒီဇိုင်း ဖြစ်သဖြင့် ဘောင်းဘီအနားမှာ ခြေဖနောင့်အများစုကို ဖုံးကွယ်ထားကာ ဖိနပ်နောက်ကျောမှာ ဘောင်းဘီထဲတွင် ပုန်းကွယ်နေချေသည်။

ရံဖန်ရံခါ စိတ်လှုပ်ရှားဖွယ် စကားလုံးများပြောဆိုသည့်အခါ သူမသည် ဘေးရှိ လူထံသို့ မျက်နှာကို ရုတ်တရက် လှည့်လိုက်တတ်ပြီး ဝဲခါသွားသော ဆံပင်များကြားမှ ဘေးတိုက် မျက်နှာသွင်ပြင် ထွက်ပေါ်လာကာ ရုပ်ရည်မှာ သန့်ရှင်းသပ်ရပ်ပြီး ရုပ်သွင်မှာ သေးငယ်လှပပေသည်။

ဒါကတော့ ရုပ်ရည်ပိုင်းကိုပြောခြင်း ဖြစ်သည်။

အကယ်၍ စရိုက်ပိုင်းကို ပြောရမည်ဆိုလျှင်... ချန်စစ်ကျယ်သည် သူမနှင့် သိကျွမ်းပြီး အတူတူ လျှောက်လှမ်းခဲ့ရသော ဤတစ်နှစ်နီးပါး ကာလရှည်ကြီးကို ပြန်လည် တွေးတောမြော်မြင်မိချေသည်။

နားဘေးတွင်မူ သူ့အဖြေကို မစောင့်ဆိုင်းနိုင်တော့ဘဲ မိမိဘာသာ ဆက်လက် ရေရွတ်နေသော ကုချီ၏အသံ ဖြစ်ပေသည်။

"တကယ်လို့ ခင်ဗျား သူမကို သဘောမကျဘူးဆိုရင် ကျွန်တော့်ကို သေချာပြောပြပေးပါ၊ ကျွန်တော် သူမကို သဘောကျလို့ပါ၊ အခု လောလောဆယ် သူမက ကျွန်တော့်ကို သဘောမကျသေးပေမယ့် တစ်နေ့နေ့မှာ ကျွန်တော့်ရဲ့စိတ်ရင်းကြောင့် သူမ စိတ်လှုပ်ရှားသွားလိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်"

"ဒါဆိုရင် မင်း မယုံကြည်တာကမှ ပိုကောင်းဦးမယ်"

ရုတ်တရက် ထွက်ပေါ်လာသော ချန်စစ်ကျယ်၏စကားကြောင့် ကုချီသည် ပါးစပ်အဟောင်းသား ဖြစ်သွားရပြီး သူသည် မိမိဘေးရှိ အမျိုးသားကို အံ့အားသင့်စွာဖြင့် လှမ်းကြည့်လိုက်ရာ အချိန်တို အတွင်း ချန်စစ်ကျယ်၏ဆိုလိုရင်းကို နားမလည်နိုင်သေးပုံရသလို ချန်စစ်ကျယ်က ဤကဲ့သို့ ရိုင်းစိုင်းသော စကားမျိုး ပြောလိမ့်မည်ဟုလည်း ထင်မှတ်မထားမိခြင်း ဖြစ်နိုင်ချေသည်။

သို့သော် နောက်ပိုင်းတွင် ပိုမိုရိုင်းစိုင်းသော အရာများရှိနေသေးသည်။

သူ့ ဘေးတွင် အေးဆေးစွာ လျှောက်လှမ်းနေသော အမျိုးသားသည် အရေးမစိုက်သကဲ့သို့ တစ်ချက် စောင်းငဲ့ကြည့်လိုက်ပြီး ဝေ့ဝဲလာသော မြေခွေးမျက်ဝန်းလေးဖြင့် သူ့ကို ကြည့်ရင်း လေသံမှာ နူးညံ့လှသည်။

"မင်း သိလား၊ လူတစ်ယောက်က ကိုယ့်ကို လုံးဝသဘောမကျမှန်း သိလျက်နဲ့ ဇွတ်တရက် လိုက်လံ ပတ်သက်နေတာဟာ ဘယ်လိုအမျိုးအစားထဲမှာ ပါဝင်သလဲ ဆိုတာကို"

မသိစိတ်အရ ပြန်လည်မေးခွန်းထုတ်လိုက်သော ကုချီက ပြောသည်။

"ဘယ်လို အမျိုးအစားလဲဟင်"

"နှောင့်ယှက်ခြင်း အမျိုးအစားပဲ"

နူးညံ့သော လေသံမှာ ရက်စက်မှုအဖြစ်သို့ ပြောင်းလဲသွားချေပြီ။

ချန်စစ်ကျယ်သည် သူ့ကိုယ်ပေါ်တွင် ရှိနေသော အကြည့်ကို ရုပ်သိမ်းလိုက်ပြီး ဥပဒေ စာအုပ်ကြီးအတိုင်း ပြောဆိုလိုက်သည်။

"မြို့ပြဥပဒေအရ လူတိုင်းမှာ ကိုယ်ပိုင်လွတ်လပ်ခွင့်နဲ့ သီးသန့်နေထိုင်ခွင့် ရှိတယ်၊ ဘယ်သူကမှ တစ်ဖက်လူ မလိုလားဘဲ ဇွတ်အတင်းလိုက်နှောင့်ယှက်တာမျိုး၊ စိတ်အနှောင့်အယှက်ဖြစ်အောင် လုပ်တာမျိုးနဲ့ သူတစ်ပါးရဲ့ အေးချမ်းတဲ့ လူနေမှုကို ဖျက်ဆီးခွင့် မရှိဘူးလို့ ပြဌာန်းထားတယ်"

"အမျိုးသမီးများ အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေး ဥပဒေမှာလည်း ချစ်သူဖြစ်ချင်လို့ပါ၊ သူငယ်ချင်းဖြစ်ချင်လို့ပါဆိုတဲ့ အကြောင်းပြချက်တွေနဲ့ အမျိုးသမီးတစ်ယောက်နောက်ကို တကောက်ကောက်လိုက်တာ ဒါမှမဟုတ် နှောင့်ယှက်တာတွေကို ပြတ်ပြတ်သားသား တားမြစ်ထားတယ်၊ အခု မင်းလုပ်ရပ်ကရော မှန်တယ်လို့ ထင်လို့လား၊ ဒီလိုလုပ်ရပ်မျိုးအတွက် ဘယ်လိုအကျိုးဆက်တွေကို ရင်ဆိုင်ရမလဲဆိုတာ မင်း သိရဲ့လား"

စကားလုံးများမှာ တစ်ဆင့်ပြီးတစ်ဆင့် ဖိအားပေးလာသကဲ့သို့ ရှိချေသည်။

"မင်းရဲ့ ကိုယ်ပိုင် အတ္တနဲ့ စိတ်ကူးယဉ်မှု သက်သက်အတွက်နဲ့ အပြုအမူတွေကို လုပ်ဆောင်နေတာ၊ မင်းကိုယ်မင်း ဘာထင်လို့လဲ"

စကားလုံးများကြောင့် ပါးစပ်ပိတ်သွားရသော ကုချီသည် အားနာစွာဖြင့် ခေါင်းကို ငုံ့ချလိုက်တော့သည်။

တရားမျှတမှုရှိသော ကိုယ်ကျင့်တရား မြင့်မားရာ တောင်ထိပ်ပေါ်တွင် အောင်မြင်စွာ ရပ်တည်နိုင်ခဲ့ပြီး ကုချီအား မိမိကိုယ်မိမိ သံသယဝင်လာအောင် တိုက်ခိုက်ပြီးနောက် ချန်စစ်ကျယ်သည် ခြေလှမ်းများကို မြှင့်တင်လိုက်ကာ ကုချီနှင့် အကွာအဝေးကို တဖြည်းဖြည်း ချဲ့ထွင်လိုက်ရင်း ပြောရန်လည်း မမေ့ခဲ့ပေ။

"မင်း ငါနဲ့ နည်းနည်း ဝေးဝေးနေပါ၊ ငါ ဥပဒေချိုးဖောက်နိုင်ခြေ ရှိတဲ့သူနဲ့ အတူတူ မလျှောက်ချင်ဘူး"

ကုချီသည် မိမိ၏ နှလုံးသားတစ်ခုလုံး ဒဏ်ရာအနာတရများ ပြည့်နှက်သွားသကဲ့သို့ ခံစားလိုက်ရချေသည်။

မွန်းတည့်ချိန်သို့ ရောက်ရှိလာသည့် အခါတွင်မူ သူတို့သည် ရတနာဆေးလုံးရှိသော ဆရာတော်နဲ့ နောက်ဆုံးတွင် ဆုံတွေ့ခဲ့ကြရသည်။ အမှန်တော့ ထိုင်စောင့်ရင်းနှင့် သူ့အလိုလို တိုးတိုးလေး ဝင်ရောက်လာခြင်းဖြစ်ပေသည်။

လူအချို့သည် ဘုရားကျောင်းရှိ ထမင်းစားဆောင် တံခါးဝတွင် စောင့်ဆိုင်းနေကြပြီး စောင့်ဆိုင်း၍ မရပါက အမှန်ပင် ဆန်းကြယ်လှပေလိမ့်မည်။

ဆံပင်နက်များကို စုစည်းကာ ဝတ်ဆင်ထားပြီး ပြာညိုရောင် ဝတ်စုံရှည်မှာ လျှောက်လှမ်းမှုနှင့်အတူ ဝေ့ဝဲနေကာ လက်ထဲတွင် စတီးလ် ထမင်းချိုင့်ကို ကိုင်ဆောင်ထားသော ဆရာတော်၏ထမင်းစားမည့် လမ်းခရီးမှာ ပိတ်ဆို့ခြင်းကို ကြုံတွေ့လိုက်ရသည်။

ထိုဆရာတော်လက်ထဲတွင် ဆေးလုံးရှိမှန်း သေချာပြီးနောက် သူသည် လူအချို့၏ စကားလုံးများဖြင့် လမ်းညွှန်မှုကြောင့် မလှမ်းမကမ်းရှိ သစ်ပင်အောက်တွင် ရပ်တန့်လိုက်ရသည်။

ဆရာတော်သည် လက်ထဲတွင် အိုးအလွတ်ကို ကိုင်ဆောင်ထားပြီး မျက်လုံးကို မှေးကာ ချန်စစ်ကျယ်ကိုစိုက်ကြည့်နေမိပြီး ခဏမျှ တုံ့ဆိုင်းသွားပြီးနောက် အသေအချာပြောကြားလိုက်သည်။

"မင်းက... ချန်ချီယီ မဟုတ်လား၊ ငါ မင်းကို မှတ်မိတယ်၊ ဒါပေမဲ့ မင်းကတော့ ငါ့ကို မှတ်မိချင်မှ မှတ်မိလိမ့်မယ်၊ ငါ မင်းရဲ့ ဆရာနဲ့ သိတယ်လေ၊ မင်း ငယ်ငယ်တုန်းက မင်းရဲ့ ဆရာနဲ့အတူ ဒီကို လာခဲ့ဖူးတာ မဟုတ်လား"

"ငါ မင်းရဲ့ ဒီဘွဲ့အမည်ကို ပေးခဲ့ရတဲ့ အကြောင်းရင်းကိုလည်း မှတ်မိနေတုန်းပဲ၊ အမြဲတမ်း သန့်ရှင်းစင်ကြယ်ခြင်းဟာ သုည ဖြစ်သင့်တယ်လို့ ထင်မှတ်ခဲ့ကြပေမယ့် မင်းရဲ့ ဆရာကတော့ 'တစ်ခုတည်းကနေ နှစ်ခု ဖြစ်ပေါ်လာတယ်၊ နှစ်ခုကနေ သုံးခု ဖြစ်ပေါ်လာကာ သုံးခုကနေ အရာအားလုံး ဖြစ်ပေါ်လာတယ်' လို့ ပြောခဲ့ပြီး မင်းကို မူလစိတ်ကို အမြဲတမ်း ထိန်းသိမ်းထားဖို့ တောင်းဆိုခဲ့တာ၊ ဒီကိစ္စကို ငါ ဆယ်နှစ်ကျော်ကြာတဲ့အထိ မှတ်မိနေတုန်းပဲ"

မိမိ၏ဘွဲ့အမည်ကို ဖော်ထုတ်ခံလိုက်ရသော ချန်စစ်ကျယ်သည် အမူအရာ မပျက်ဘဲ ခေါင်းကို ညိတ်လိုက်သည်။

"ဟုတ်ကဲ့ပါ၊ ဆရာဦးလေး မင်္ဂလာပါ"

"အို....မင်းက ငါ့ကို ဆရာဦးလေးမှန်းတောင် ခန့်မှန်းမိသားပဲ"

ဆရာတော်သည် အံ့ဩသော အမူအရာဖြင့် ပါးစပ်ကို အနည်းငယ်ဟလိုက်မိပြီး လည်ပင်းကို မော့ကာ ခေါင်းကို နောက်သို့ ပစ်လိုက်ပြီးနောက် သူသည် ပြန်လည် ပြုံးရွှင်သွားကာ ဘေးနားတွင် ရပ်တန့် နေသော အခြားလူများကိုစောင်းငဲ့ကြည့်လိုက်ရာ ယင်းအထဲတွင် အကြည့်မှာ လီချင်းယွီနှင့် ဝမ်သိုက်တို့၏ကိုယ်ပေါ်တွင် အသီးသီး ရပ်တန့်သွားချေသည်။

သူသည် ပထမဦးစွာ ဝမ်သိုက်အား စကားတစ်ခွန်းပြောလိုက်သည်။

"ဒီမိန်းကလေးက တော်တော် စိတ်ဝင်စားဖို့ကောင်းတာပဲ"

All Chapters