← Chapters

အခန်း ၁၂၉

Vol. 13 Ch. 129

အခန်း ၁၂၉

Vol. 13 Ch. 129

🍏 Chapter 129

"မင်းက လျှောက်ပြောနေပြန်ပြီ၊ ငါက မင်းကို မထိတာနဲ့ပဲ လူဝှက်ထားတာ ဖြစ်ရမလား၊ ငါ့မှာ နားချိန် မရှိရတော့ဘူးလား၊ တစ်နေကုန် ပင်ပင်ပန်းပန်း လုပ်ထားရတာကို ညဘက်ကျရင် မင်းကို ပြုစုရဦးမှာလား၊ ငါက မင်းရဲ့ ကျွန်လား"

စိတ်မကောင်းစရာမှာ သူတို့၏ သရုပ်ဆောင်မှုက ဟိုလူတွေကို စိတ်မဝင်စားစေခြင်းပင်။ တုတ်ကောက် ကိုင်ထားသော အဘိုးအိုနှင့် အဘွားအိုတို့က ကူညီဖို့ ကြိုးစားသော်လည်း ဟိုလူတွေက တားထားလိုက် ကြသည်။

အရပ်ရှည်ရှည် အမျိုးသားက ဆေးလိပ်တစ်လိပ်ကို ထုတ်ကာ အေးအေးဆေးဆေး မီးညှိလိုက်သည်။

မီးခိုးများကို မှုတ်ထုတ်လိုက်ရင်း သူက "ဖယ်စမ်း" ဟု ပြောလိုက်သည်။

သူက လက်ကို ဝေ့ယမ်းပြလိုက်ပုံမှာ လူတစ်ယောက်ကို မောင်းထုတ်နေသလိုပင်။

အခုအချိန်မှာတော့ ဆက်ပြီး ဟန်ဆောင်နေတာက အလကားပဲ ဖြစ်နေပြီ။ ဒါပေမဲ့ အန်တီကြီးကတော့ တံခါးကို အတင်းပိတ်ထားဆဲပင်။

တောရွာမှာ အလုပ်လုပ်ရတဲ့ အမျိုးသမီးတွေက ခွန်အားကြီးကြသော်လည်း လူအများကြီးကိုတော့ မယှဉ်နိုင်ချေ။

အန်တီကြီးကို အတင်းဆွဲဖယ်ဖို့ ကြိုးစားနေတဲ့ လူနှစ်ယောက်ကို မြင်ရတဲ့အခါ အဘိုးကြီးက ကူညီဖို့ ကြိုးစားပေမဲ့ အရပ်ပုပု အမျိုးသားက သူ့ကို တားထားလိုက်သည်။ ထို့ကြောင့် အဘွားကြီးကို အရပ်ရှည်ရှည် အမျိုးသားနှင့် အနီရောင် ကုတ်ဝတ် အမျိုးသမီးတို့က အတင်းဆွဲဖယ်လိုက်ကြသည်ကို သူ ရင်နာနာနဲ့ ကြည့်နေရတော့သည်။

သူတို့က အဘွားကြီးကို နံရံမှာ ကပ်ထားပြီး သူမရဲ့ အိတ်တွေကို နှိုက်ကြည့်ကြရာ အန်တီကြီးကတော့ အော်ဟစ်ငိုယိုနေတော့သည်။

"ရှင်တို့တွေ လူစိတ်မရှိကြဘူး၊ ငယ်သူငယ်ချင်း သံယောဇဉ်တွေ တစ်ခုမှ မရှိတော့ဘူးလား၊ ငယ်ငယ် ကတော့ တစ်သက်လုံး ခင်ကြမယ်ဆိုပြီး အခုကျတော့ ငါ့ကို ဒီလို လုပ်ကြတယ်၊ ရင်နာစရာပဲ..... ရှင်တို့တွေ လူစိတ်မရှိကြဘူး"

နောက်ဖေးတံခါးမှာ "ဘုန်း... ဘုန်း..." နှင့် တစ်ချက်ချင်း ဆောင့်ကန်သံများ ထွက်ပေါ်နေသည်။

အရပ်ပုပု အမျိုးသား၏ တွန်းထုတ်ခြင်းကို ခံလိုက်ရသဖြင့် တံခါးတွင် ကျောနှင့် ကပ်သွားသော ဦးလေးကြီးက လက်ကို မြှောက်ကာ သူတို့ကို ညွှန်ပြရင်း နီရဲနေသော မျက်လုံးများဖြင့် စိုက်ကြည့်ကာ အက်ကွဲသော အသံကြီးဖြင့် ဟိန်းဟောက်လိုက်တော့သည်။

"ငါ့မိန်းမကို လွှတ်စမ်း၊ မင်းတို့တွေ ရူးနေရင်လည်း သွားကုကြပါလား၊ သူများအိမ်ကို အတင်းဝင်လာရုံတင်မကဘူး လူကိုပါ ဖမ်းထားကြတယ်၊ တရားဥပဒေဆိုတာ မရှိတော့ဘူးလား"

"ဟက်..."

အထင်အမြင်သေးသော ရယ်သံတစ်ခုက အရပ်ပုပု အမျိုးသား၏ လည်ချောင်းထဲမှ ထွက်လာသည်။ သူက လက်မောင်းကို ဆန့်ကာ နံရံကို ထောက်လျက် ဦးလေးကြီး၏ လမ်းကို ပိတ်ထားပြီး အခြား လက်တစ်ဖက်ဖြင့် ဦးလေးကြီး၏ ပုခုံးကို တစ်ချက်ချင်း တွန်းထုတ်ကာ နောက်သို့ ပြန်ပို့နေသည်။

အန်တီကြီး၏ အင်္ကျီအတွင်းအိတ်ထဲမှ သော့ကို နှိုက်ယူလိုက်ပြီးနောက် အရပ်ရှည်ရှည် အမျိုးသားက လှည့်လာပြီး သော့တွဲကို မြှောက်ကာ ခါပြလိုက်သည်။ သူက ဆေးလိပ်ကို ခဲထားရင်း ပါးစပ်ကို ရွဲ့ကာ မထီမဲ့မြင် ပြုံးရင်း ဆိုသည်။

"တရားဥပဒေ ဟုတ်လား၊ ဒီမှာ ဘယ်သူက တရားဥပဒေလဲဆိုတာ ကြည့်စမ်း၊ အခု၊ ဒီနေရာ၊ ဒီအချိန်မှာ ငါကပဲ တရားဥပဒေပဲ"

သူက လက်တစ်ဖက်ကို မြှောက်ကာ လက်ခလယ်နှင့် လက်မဖြင့် ဆေးလိပ်ကို ကိုင်လိုက်ပြီး လက်ညှိုးဖြင့် ဦးလေးကြီးနှင့် အန်တီကြီးကို တစ်လှည့်စီ ညွှန်ပြကာ ဆေးလိပ်ကို ပါးစပ်ထဲ ပြန်ထည့်လိုက်သည်။

"မင်းတို့နှစ်ယောက် အေးအေးဆေးဆေး နေတာ အကောင်းဆုံးပဲ၊ ဒါမှ ရွာသားချင်းတွေ အဆင်ပြေပြေ နေလို့ရမှာ၊ အေး... မအေးဆေးဘူးဆိုရင်တော့—"

သူက မေးစေ့ကို ဧည့်ခန်းဘက်သို့ ညွှန်ပြကာ အဓိပ္ပာယ်ပါပါ ကြည့်လိုက်ရာ၊ ဦးလေးကြီးနှင့် အန်တီကြီးတို့မှာ ချက်ချင်းပင် နှုတ်ဆိတ်သွားကြတော့သည်။

သူက သော့ဖြင့် တံခါးကို ဖွင့်ကာ အပြင်ခန်းထဲသို့ လှမ်းဝင်လိုက်ပြီး ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သည်။

ပြတင်းပေါက် မရှိသော ထိုနေရာတွင် မျက်နှာသစ်စင် တစ်ခုသာ ရှိပြီး နံရံဘေးတွင် ပစ္စည်းဟောင်းများ စုပုံနေသည်။ သူက မျက်နှာသစ်စင်နားသို့ သွားကာ အထဲကို ငုံ့ကြည့်လိုက်ရာ ကြွေပြားခင်းထားသော စင်ပေါ်တွင် ရေမရှိဘဲ ရေဆင်းပေါက်မှာလည်း ပိတ်လျက်သားပင်။

သူက လက်ကို နှိုက်ကာ လက်ချောင်းဖြင့် စင်အောက်ခြေကို ပွတ်ကြည့်လိုက်ပြီး ပြန်ထုတ်သည့်အခါ လက်ချောင်းများကို တစ်ခုနှင့်တစ်ခု ပွတ်သပ်ရင်း စဉ်းစားသလိုဖြင့် ငုံ့ကြည့်နေသည်။

အနီရောင် ကုတ်ဝတ် အမျိုးသမီးနှင့် အရပ်ပုပု အမျိုးသားတို့က အတွင်းခန်းတံခါးကို အရင် တွန်းဖွင့်လိုက်ကြသည်။ အထဲရှိ တစ်လုံးတည်းသော ကုတင်မှာ နံရံကို မှီထားပြီး စောင်မှာ သေသေသပ်သပ် ခေါက်ထားသည်။ ဗီဒိုပေါ်တွင်လည်း အမှိုက်အချို့ကလွဲ၍ ဘာမှမရှိချေ။

ဆေးလိပ်သောက်ရင်း လျှောက်လာသော အရပ်ရှည်ရှည် အမျိုးသားက အခန်းကျဉ်းလေးကို အကဲခတ်သည်။ ကုတင်ခြေရင်းက ဗီဒိုနိမ့်လေးပေါ်တွင် ပြတင်းပေါက် ရှိပြီး ပြတင်းပေါက်ကို ထောက်ထားသော တုတ်တံမှာလည်း သေသေချာချာ ခေါက်ထားလျက်ရှိသည်။

ပြတင်းပေါက်အောက်က ဗီဒိုပေါ်တွင် တင်ထားသော နို့မှုန့်ဗူးခွံပေါ်တွင်လည်း ဖုန်များ တက်နေသည်။ သူက ထိုဗူးကို လက်ဖြင့် တစ်ခါ ထပ်စမ်းကြည့်ပြန်သည်။

ထို့နောက် စဉ်းစားဟန်ဖြင့် ပြတင်းပေါက် အပြင်ဘက်ကို လှမ်းကြည့်လိုက်ရာ အပြင်ဘက်တွင်တော့ အရင်အတိုင်းပင် လေက တဝေါဝေါ တိုက်ခတ်နေပြီး မြက်ရိုင်းများ လှုပ်ခါကာ သစ်ရွက်ခြောက် များမှာလည်း မြက်တောထဲ လွင့်စင် ပျောက်ကွယ်နေကြသည်။

အနီရောင် ကုတ်ဝတ် အမျိုးသမီးက မျက်မှောင်ကြုတ်ကာ ထောင့်က ဗီဒိုဟောင်းကြီးဆီ သွားပြီး အတင်းဆွဲဖွင့်ကြည့်သော်လည်း အထဲတွင် အဝတ်အစားဟောင်း အချို့ကလွဲ၍ ဘာမှ ရှာမတွေ့ချေ။

လိုက်ဝင်လာသော ဦးလေးကြီးနှင့် အန်တီကြီးတို့သည်လည်း အခန်းထဲတွင် ဘာမှမရှိသည်ကို မြင်ရသောအခါ အံ့အားသင့်သွားကြသည်။ သို့သော် အန်တီကြီးကတော့ အရပ်ပုပု အမျိုးသား သံသယဝင်မည့် အကြည့်ဖြင့် မကြည့်ခင်မှာပင် သူမ၏ အမူအရာကို အမြန် ပြုပြင်လိုက်သည်။

သူမက နှုတ်ခမ်းကို စေ့ကာ ခေါင်းမော့ရင်း အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။

"ငါ ပြောသားပဲ၊ ဒီမှာ ပစ္စည်းဟောင်းတွေပဲ ထားတာလို့၊ ရှင်တို့က မယုံဘဲ အတင်းဝင်ကြည့်ကြတယ်၊ အခုတော့ ယုံပြီမလား"

အနီရောင် ကုတ်ဝတ် အမျိုးသမီးက နှာခေါင်းတစ်ချက် ရှုံ့ကာ တံခါးကို ဆောင့်ပိတ်လိုက်ပြီး အန်တီကြီးကို မျက်စောင်းထိုးရင်း သတိပေးလိုက်သည်။

"တခြားအရာ ရှိမရှိဆိုတာ ညည်းကိုတိုင် အသိဆုံးပဲ၊ ညည်း ဝှက်ထားတဲ့အရာက လူတော့ မဖြစ်ပါစေနဲ့"

ပြတင်းပေါက်ကနေတစ်ဆင့် အနီရောင် ပုံရိပ်နှင့် အဝတ်အစား ရင့်ရင့် ဝတ်ထားသော လူရိပ်အချို့ကို ဝမ်သိုက် မြင်နေရသည်။ ကျောပိုးအိတ်ကို ပိုက်ကာ ပန်းပွင့်အင်္ကျီနှင့် ခေါင်းပေါင်း ပေါင်းထားသော ဝမ်သိုက်မှာ မြက်ရိုင်းတောထဲတွင် ပုန်းနေခြင်း ဖြစ်သည်။

သူမက ခေါင်းပေါ်က သစ်ရွက်ခြောက်တွေကို ဖယ်ရှားလိုက်ပြီး လက်ထဲက ဖုန်းကို မြှောက်ကာ ပြတင်းပေါက်ဘက်ကို ချိန်လိုက်သည်။ ဓာတ်ပုံကို ဆွဲချဲ့ပြီး ရိုက်လိုက်သဖြင့် ပုံက ဝေဝါးနေသော်လည်း အပြင်မှာ ကြည့်လျှင်လည်း ထိုမျှသာ မြင်ရမည် ဖြစ်သည်။

All Chapters