အခန်း ၈၉
Vol. 9 Ch. 89
🍏 Chapter 89
သူသည် ချန်စစ်ကျယ်ကို အားကျဟန်ဖြင့် ကြည့်လိုက်သည်။ ချန်စစ်ကျယ်၏ကုတ်အင်္ကျီမှာ နူးညံ့လှပကာ လက်ကောက်ဝတ်ရှိ နာရီမှာလည်း ငွေရောင် တလက်လက် တောက်ပနေပေသည်။
ရှောင်ထုံသည် အားကျစွာဖြင့် တိုးတိုးလေး ဆိုသည်။
"ကျွန်တော် အလုပ်ကောင်းကောင်း ရချင်တယ်၊ ပိုက်ဆံအများကြီး ရှာချင်တယ်၊ မေမေ့ကို အိမ်ကြီးကြီးမှာ ထားချင်တယ်၊ ဆောင်းတွင်းကျရင်လည်း မီးဖိုတွေ ဖိုစရာမလိုတော့တဲ့ အိမ်မျိုးပေါ့"
သူ ဝမ်သိုက်ကို ကြည့်ကာ ပြုံးလျက် ဆက်ပြောသည်။
"ပြီးတော့ အစ်မဝမ်သိုက်ကိုလည်း ကျေးဇူးဆပ်ချင်တယ်၊ အစ်မရဲ့ ဆန္ဒတွေကို ဖြည့်ဆည်းပေးချင်တယ်၊ ကျွန်တော် လူကြီးဖြစ်လာရင် မေမေနဲ့ အစ်မကို ကာကွယ်ပေးမှာပါ"
သူ၏ခိုင်မာသော စိတ်ဓာတ်မှာ ချီးကျူးစရာ ကောင်းသော်လည်း ဝမ်သိုက်မှာမူ ထိုစကားကို နားထောင်ရန် သတ္တိမရှိသကဲ့သို့ ဖြစ်နေသည်။ ချန်စစ်ကျယ်ကသာ ကြားဝင် ပြောဆိုလိုက်လေသည်။
"မင်း လုပ်နိုင်မှာပါ၊ ဒါပေမဲ့ အခု မင်းရဲ့ တာဝန်က ကိုယ့်ကိုယ်ကိုယ် ကျန်းမာအောင် နေဖို့နဲ့ စာကြိုးစားဖို့ပဲ၊ ရည်မှန်းချက်ဆိုတာ ပိုက်ဆံအများကြီး ရှာဖို့တင် မဟုတ်ဘူး၊ မင်းရဲ့ အနာဂတ်အတွက် တိကျတဲ့ ပန်းတိုင်တစ်ခု ရှိရမယ်၊ အဲဒီ ပန်းတိုင်ကပဲ မင်းကို လမ်းညွှန်ပေးမှာ"
သူသည် ရှောင်ထုံကို စိုက်ကြည့်ကာ လမ်းညွှန်ချက်များ ပေးနေသည်။ သူက ဆက်ပြီး အားပေးစကား ဆိုလေသည်။
"မင်းရဲ့ ပန်းတိုင်ကို တစ်ဆင့်ချင်းစီ ခွဲခြားပြီး လုပ်ဆောင်ပါ၊ ငါ နောက်တစ်ခါ လာရင် မင်းအတွက် စာအုပ်အချို့ ယူလာပေးမယ်၊ စိတ်ကူးယဉ်တာက ပထမအဆင့်ပဲ၊ နောက်တစ်ဆင့်ကတော့ လက်တွေ့လုပ်ဖို့ပဲ၊ မင်း အောင်မြင်မယ့်နေ့ကို ငါ စောင့်ကြည့်နေမယ်"
အဲဒီနေ့က ရောက်လာမှာ မဟုတ်ဘူးလေ။
ဝမ်သိုက်သည် ရင်ထဲမှ အသံကို မျိုချလိုက်ရသည်။ ရှောင်ထုံကတော့ "ဟုတ်ကဲ့" ဟု အားတက်သရော ထူးလိုက်၏။
သို့သော် ဝမ်သိုက် မြင်နေရသည်မှာ ရှောင်ထုံ၏ လက်ကောက်ဝတ်ရှိ ငါးမင်းဒင်္ဂါး အဆောင်ပင် ဖြစ်သည်။ အဆောင်ပေါ်တွင် အမည်းရောင် မြူခိုးများ ရစ်ပတ်နေကာ ရှောင်ထုံ၏ တစ်ကိုယ်လုံးတွင်လည်း သေမင်း၏ အရိပ်အယောင်များ ဖုံးလွှမ်းနေပေသည်။
သူမ၏ လက်သည်းများက အသားထဲသို့ နစ်ဝင်နေသော်လည်း သူမ သတိမကပ်နိုင်တော့ပေ။ ကံကြမ္မာက တကယ်ပဲ ရက်စက်လှပါလား။ အစကတည်းက သတ်မှတ်ထားပြီးသား အဆုံးသတ်တစ်ခုကို ရင်ဆိုင်ရတော့မည် မဟုတ်ပါလား။
နှုတ်ဆက်ပြီး ထွက်လာသောအခါ လေအေးများက ဝမ်သိုက်ကို နှုတ်ဆက်သည်။ သူမက တိုးတိုးလေး ရေရွတ်မိသည်။
"တကယ်လို့ သက်တမ်းတိုးပေးနိုင်တဲ့ အဆောင်တွေ ရှိရင် ကောင်းမှာပဲ"
ချန်စစ်ကျယ်က သူမကို ကြည့်ကာ အေးစက်စွာ ဆိုလေသည်။
"တကယ် ရှိပါတယ်၊ ဒါပေမဲ့ သာမန်လူတွေ မလုပ်နိုင်ဘူး၊ ပြီးတော့ ပေးဆပ်ရမယ့် တန်ဖိုးကလည်း မနည်းဘူး၊ သူတစ်ပါးရဲ့ ဘဝထဲကို ဝင်မစွက်ဖက်ပါနဲ့၊ မင်း ဒီအလုပ်လုပ်လာတာ ကြာပြီပဲ၊ ဒီအခြေခံ စည်းမျဉ်းကို မသိသေးဘူးလား"
ထိုစဉ် လေပြင်းတစ်ချက်ကြောင့် သစ်ပင်ပေါ်မှ နှင်းများ ဝမ်သိုက်၏ ခေါင်းပေါ်သို့ ပြုတ်ကျလာသည်။ သူမ အေးစက်သွားကာ နှင်းများကို ခါချရန် မပြင်မီမှာပင် ချန်စစ်ကျယ်က သူမ၏ ခေါင်းပေါ်မှ နှင်းများကို အသာအယာ ဖယ်ရှားပေးလိုက်လေသည်။
သူက လှောင်ပြုံးလေးဖြင့် ဆိုသည်။
"ကောင်းကင်ကြီးကတောင် နင့်ကို အေးအေးဆေးဆေး နေခိုင်းနေတာ"
"ရှင်ကတော့........၊ သူတစ်ပါး ဘဝထဲ ဝင်မစွက်ဖက်ကောင်းဘူးဆိုတာ ကျွန်မလည်း သိတာပေါ့၊ ဒါပေမဲ့ ခုနက ရှောင်ထုံကို ဘာလို့ အဲဒီစကားတွေ ပြောခဲ့တာလဲ၊ ရှင်လည်း သိနေတာပဲ၊ သူက"
ဝမ်သိုက်က စကားကို ဖြတ်လိုက်ကာ ချန်စစ်ကျယ်ကို စိုက်ကြည့်လိုက်သည်။ သူမ၏ အသံမှာ အားအင်ကုန်ခမ်းစွာဖြင့် ထွက်ပေါ်လာလေသည်။
"သူ့မှာ အနာဂတ် မရှိဘူးဆိုတာ"
ချန်စစ်ကျယ်က တည်ငြိမ်စွာဖြင့် ပြန်ပြောသည်။
"အနာဂတ် မရှိတာက မျှော်လင့်ချက် မထားရဘူးလို့ မဆိုလိုပါဘူး၊ ကမ္ဘာကြီးက သူ့ကို အနာဂတ် မပေးခဲ့ပေမဲ့ မျှော်လင့်ချက် ထားပိုင်ခွင့်ကိုတော့ မပိတ်ပင်ထားပါဘူး၊ လမ်းဆုံးကို မရောက်ခင်မှာ ချိုချဉ်လေး နည်းနည်းတော့စားခွင့်ရှိတာပဲ မဟုတ်လား"
ဝမ်သိုက်သည် ခြေလှမ်းများကို ရပ်လိုက်ကာ သူ့ကို လှည့်ကြည့်သည်။ သူမက ပြန်လည် ငြင်းခုံလိုက်၏။
"ကျွန်မ ထင်တာတော့ မျှော်လင့်ချက်ပေးပြီးမှ ပြန်ရုပ်သိမ်းတာထက် စကတည်းက မရှိတာက ပိုကောင်းမယ် ထင်တယ်"
"ဒါပေမဲ့ မျှော်လင့်ချက်က ဘယ်သူမှ လုယူလို့ မရပါဘူး၊ သူ ထားချင်သရွေ့ ရှိနေမှာပါ၊ သူ သွားရမယ့် လမ်းတစ်လျှောက်မှာ အဖော်ပြုပေးမှာက အဲဒီ မျှော်လင့်ချက်ပဲ၊ သူ ထွက်ခွာသွားရမယ့် အချိန်ကျရင်လည်း အဲဒီ မျှော်လင့်ချက်ကပဲ သူ့နောက်က လိုက်ပါသွားမှာပါ"
ချန်စစ်ကျယ်၏ အသံက ဆောင်းလေအေးများနှင့်အတူ ဝမ်သိုက်၏ နားထဲသို့ တိုးဝင်လာခဲ့လေသည်။
ကားနောက်ဖုံးအတွင်း စီရီထားသော "နှစ်သစ်ကူးလက်ဆောင်" များက ဝမ်သိုက်၏ အမြင်အာရုံကို အသစ်တစ်ဖန် ပြောင်းလဲစေခဲ့သည်။
အရေပြားထိန်းသိမ်းမှု ပစ္စည်းအစုံလိုက်မှသည် နှုတ်ခမ်းနီ လက်ဆောင်ဗူးများအထိ။ ထောင့်တစ်နေရာတွင် ကပ်နေသော ဟင်္သာပြဒါးမှုန့်နှင့် ငှက်သိုက်ဘူးများမှာပင် သနားစရာ ကောင်းလောက်အောင် သေးငယ်သွားသယောင် ရှိပေသည်။
ဝမ်သိုက်သည် မယုံကြည်နိုင်သော အကြည့်များဖြင့် ဘေးတွင် ဂရုမစိုက်ဟန်ဖြင့် ရပ်နေသော အမျိုးသားထံသို့ ဖြည်းညှင်းစွာ လှည့်ကြည့်လိုက်သည်။ သူမသည် လက်ပိုက်ကာ ရပ်နေသော ချန်စစ်ကျယ်ကို မေးထူးလိုက်သည်။
"ဒါတွေက ကျွန်မအတွက်လား"
အမျိုးသားမှာမူ အလေးမထားသော ပုံစံဖြင့်ပင် မေးစေ့ကို အနည်းငယ်မျှ မလှုပ်ဘဲ "အင်း" ဟု တစ်ခွန်းသာ ထွက်လာလေသည်။
ဖြူဖွေးသော နှင်းစက်လေးများသည် သူ၏ နက်မှောင်သော ကုတ်အင်္ကျီပေါ်သို့ ကျဆင်းနေကာ သူ၏ အသားအရည်နှင့်အပြိုင် တောက်ပနေသည်။ ဝမ်သိုက်သည် ပထမဆုံးအကြိမ်အဖြစ် သူ၏ ပုံစံမှာ ကျောက်စိမ်းကဲ့သို့ နူးညံ့သိမ်မွေ့သော လူကြီးလူကောင်း တစ်ဦးနှင့် တူနေသည်ဟု ခံစားလိုက်ရသည်။
"အရင်က ကျွန်မ ရှင့်ကို အထင်လွဲခဲ့တာပဲ ချန်စစ်ကျယ်၊ ရှင်က လူကောင်းနဲ့တူသားပဲ"
ဝမ်သိုက်က မေးစေ့ကို လက်ဖြင့်ထောက်ကာ စီရီနေသော လက်ဆောင်ဗူးများထံမှ အကြည့်မခွာနိုင်ဘဲ ပြောသည်။ ထို့နောက် စိတ်ကို တင်းကာ မျက်နှာလွှဲလိုက်ပြီး ဆိုလိုက်သည်။
"ကျေးဇူးတင်ပါတယ်၊ ဒါပေမဲ့ ကျွန်မမှာ ရှင့်အတွက် နှစ်သစ်ကူးလက်ဆောင် ပြန်ပေးဖို့ ပိုက်ဆံမရှိဘူး၊ ဒါကြောင့် ဒီပစ္စည်းတွေကို အန်တီ့အတွက်ပဲ ပြန်ယူသွားပေးပါ"
အကယ်၍ ချန်စစ်ကျယ်က ချီယာ စိတ်ကြိုက်ရွေးချယ်ထားသော ဤပစ္စည်းများကို အိမ်သို့ ပြန်သယ်သွားလျှင် အိမ်တွင် ပြဿနာတက်ဦးမည်ကို သူ ကောင်းကောင်းသိသည်။
သူက ချက်ချင်းပင် ငြင်းဆိုလိုက်သည်။
"ပေးတာကိုပဲ ယူထားလိုက်၊ ဘာမှ ပြန်ပေးဖို့ မလိုဘူး"
ဝမ်သိုက်က ပစ္စည်းများကို မယူဘဲ အပေါ်ထပ်သို့ တက်သွားမည်ကို စိုးရိမ်သဖြင့် သူသည် ကားနောက်ဖုံးရှိ လက်ဆောင်ဗူးအားလုံးကို တစ်ခါတည်း မယူလိုက်လေသည်။
သူသည် မေးစေ့ဖြင့် လှေကားတံခါးဘက်သို့ ညွှန်ပြကာ မျက်တောင်ကို အနည်းငယ် ချထားလျက် ဆိုသည်။
"သွားရအောင်"
သူ၏ နှာခေါင်းပေါက်ကို မော့ကြည့်နေရသော ဝမ်သိုက်မှာ ပခုံးလေး တွန့်သွားကာ ချန်စစ်ကျယ်ကို သံသယဖြင့် ဝေ့ဝဲကြည့်နေသည်။ သူမသည် ခြေလှမ်းအနည်းငယ် နောက်ဆုတ်ကာ မေးလိုက်သည်။
"ရှင် ကျွန်မအပေါ် မကောင်းတဲ့ စိတ်ကူးတွေ ရှိနေတာတော့ မဟုတ်ပါဘူးနော် ချန်စစ်ကျယ်၊ ကျွန်မ ပြောထားမယ်၊ ကျွန်မကတော့ ဒီလောက် ပိုက်ဆံလေးအတွက်နဲ့ ဒူးထောက်မယ့်သူ မဟုတ်ဘူး၊ ရှင်က ချမ်းသာပေမဲ့ ကျွန်မက ရှင့်ကို ကြိုက်မှာ မဟုတ်ဘူး၊ အဲဒီစိတ်ကူးကို ဖျောက်ပစ်လိုက်တော့"
ချန်စစ်ကျယ်က လျှာဖြင့် သွားဖုံးကို ထိလိုက်ကာ မျက်နှာလွှဲလျက် ဝမ်သိုက်ကို ရွံရှာသော အကြည့်ဖြင့် ကြည့်ကာ လှောင်ရယ် ရယ်လိုက်သည်။
"ဝမ်သိုက်၊ မင်းက အရမ်း အထိမခံ ဖြစ်နေတာပဲ၊ ယောကျာ်းတွေနဲ့ သိပ်မထိတွေ့ဖူးလို့လား၊ နှစ်သစ်ကူးလက်ဆောင် တစ်ခု ပေးတာကို ကြိုက်တာနဲ့ သွားဆက်စပ်နေတယ်”
“ယဉ်ကျေးမှုအရ အတူတူ အလုပ်လုပ်နေတဲ့ လုပ်ဖော်ကိုင်ဖက်ကို လက်ဆောင်ပေးတာက သဘာဝကျပါတယ်၊ ပြီးတော့ ငါက ပေးမယ့်သူကို ပြောင်းလဲတတ်တဲ့ အကျင့် မရှိဘူး၊ အဲဒါက တစ်ဖက်လူကို မလေးစားရာ ကျတယ်လို့ မထင်ဘူးလား"
ဆုံးမခြင်း ခံလိုက်ရသော ဝမ်သိုက်မှာ ထူးဆန်းစွာပင် ချက်ချင်း ပြန်မပြောဘဲ ခေါင်းလေး ငုံ့သွားကာ လက်နှစ်ဖက်ကို ပွတ်သပ်နေသည်။ သူမ၏ မျက်ဝန်းများထဲတွင် နောင်တရိပ်များ ဖုံးလွှမ်းသွား၏။
"အင်း၊ ရှင်ပြောတာလည်း ဟုတ်ပါတယ်၊ တစ်ဖက်လူကို မလေးစားရာ ကျတာပေါ့၊ အကြွင်း အကျန်တွေ ပေးသလို ဖြစ်နေမှာပဲ၊ ဟုတ်ပါပြီ၊ ဒါ ကျွန်မ အမှားပါ၊ ကျွန်မက ယောကျာ်းတွေနဲ့ သိပ်မထိတွေ့ဖူးတာလည်း ပါတယ်၊ အဓိကက ရှင်က အရင်နဲ့ သိပ်မတူလို့ပါ၊ ထားပါတော့လေ"
ဝမ်သိုက်က ခေါင်းပြန်မော့ကာ ရဲရဲဝံ့ဝံ့ပင် တောင်းပန်လိုက်သည်။
"တောင်းပန်ပါတယ်၊ ကျွန်မ ရှင့်ကို အထင်လွဲသွားတယ်၊ လုပ်ဖော်ကိုင်ဖက် တစ်ယောက်အနေနဲ့ ရှင်က လူသားဆန်မယ်လို့ မထင်ထားမိဘူး"
တောင်းပန်စကား ဆိုသော်လည်း နားထောင်ရသည်မှာ တောင်းပန်ခြင်းနှင့် သိပ်မတူပေ။
ချန်စစ်ကျယ်က မျက်လုံးတစ်ချက် ဝေ့ကြည့်ကာ သူမနှင့် စကားများမနေတော့ဘဲ ကားနောက်ဖုံးကို ပိတ်လိုက်ပြီး လက်ဆောင်များကို သယ်လျက် သူမနောက်မှ လိုက်လာခဲ့သည်။
လှေကားတံခါး ပွင့်သွားသည့် အသံမှာ လေတိုးသဖြင့် တကျီကျီ မြည်နေကာ မှောင်မည်းသော လမ်းကြားထဲသို့ လူနှစ်ယောက် ဝင်သွားကြသည်။
ဝမ်သိုက်က တံခါးဖွင့်ကာ သူ့ကို အရင်ဝင်ရန် အချက်ပြသည်။
သူတစ်ပါးပစ္စည်းကို အလကား ရထားသဖြင့် သူမ၏ စိတ်ထဲတွင် အားနာနေမိသည်။ ထို့ကြောင့် ဝမ်သိုက်သည် သူမနှင့် မရင်းနှီးသော ဧည့်ဝတ်ပြုမှုများကို စတင်လိုက်သည်။
သူမသည် အပြေးအလွှား သွားကာ ရေနွေးတစ်ခွက် ခပ်ပေးသည်။ သို့သော် အပြင်မထွက်ခင်က တည်ထားသော ရေနွေးများကို ရေနွေးအိုးထဲ ထည့်ရန် မေ့နေသဖြင့် ရေမှာ အေးစက်စက်သာ ရှိတော့သည်။
သူမသည် ရေခွက်ကို ကိုင်ကာ ဗီရိုပေါ်မှ ဖိနပ်စွပ်ကို ရှာဖွေရင်း ပြောလိုက်သည်။
"ရှင် အထဲဝင် ထိုင်ပါဦး၊ ရေလေး ဘာလေး သောက်"