အခန်း ၁၈၆
Vol. 19 Ch. 186
🍏 Chapter 186
"ငါလုပ်ချင်တာက မင်းရဲ့နောက်ကွယ်မှာ မတ်တတ်ရပ်ပေးဖို့ပဲ၊ မင်း ထာဝရ အမှီအခိုကင်းနေဖို့၊ ထာဝရ သန်မာနေဖို့ မလိုတော့ဘူး၊ ဝမ်းနည်းတဲ့အခါ စိတ်ညစ်ပြေဖို့ ဆေးလိပ်သောက်စရာ မလိုတော့ဘူး၊ ငါ့ကို စကားတွေ ပြောပြရင်ဖြစ်ဖြစ်၊ မင်းရဲ့ မျက်ရည်တွေကို ကျဆင်းခွင့်ပြုလိုက်ရင်ဖြစ်ဖြစ် ရပါတယ်၊ ငါ မင်းရဲ့ ဘေးနားမှာ အမြဲရှိနေမှာ၊ အနာဂတ်မှာ မင်း တစ်ယောက်တည်း ဖြစ်နေဖို့ မလိုတော့ဘူး"
သူ့ စကားလုံးများကြောင့် မျက်ဝန်းအိမ်ထဲတွင် ပူနွေးသော ခံစားချက်များနှင့်အတူ ဝမ်းနည်းမှုများ ထွက်ပေါ်လာသည်။ မျက်ရည်များက ကျဆင်းချင်နေပြီး ချက်ချင်းပင် ကျဆင်းတော့မည့်အလား ဖြစ်ပေသည်။
ဝမ်သိုက်သည် နှုတ်ခမ်းအောက်ကို ကိုက်ထားလိုက်ပြီး မျက်ရည်များကို အောင့်အည်းထားရင်း သူ့ကို အတော်ကြာအောင် စိုက်ကြည့်နေမိရာ မက်မွန်ပွင့်မျက်ဝန်း အစုံမှာ သူ၏ အကြည့်များကြားတွင် တဖြည်းဖြည်း နီမြန်းလာသည်။
"ဒါ့အပြင်၊ ချစ်သူသက်တမ်း ဖြတ်သန်းရခြင်းရဲ့ ရည်ရွယ်ချက်က လက်ထပ်ဖို့ပဲ မဟုတ်ဘူးလား၊ ငါက စွမ်းဆောင်ရည် မြင့်မားမှုကိုပဲ လိုက်စားတာ၊ ဘာပဲဖြစ်ဖြစ် စောစောစီးစီး လက်ထပ်ရမှာပဲ၊ အမြန်ဆုံး လုပ်လိုက်တာ ပိုကောင်းပါတယ်"
ဤလူသည် သူမ၏ စိတ်လှုပ်ရှားမှုများကို မောင်းထုတ်ရန် စိတ်ကူးရှိ၍လား၊ သို့မဟုတ် အခြေအနေကို ပေါ့ပါးစေရန်နှင့် သူမအား မျက်ရည်မကျစေရန် မျှော်လင့်၍လား မသိပါပေ။
ဝမ်သိုက် ဝှက်ဖုံးထားသော လုံခြုံမှုမရှိသည့် ဗီဇလေးမှာ ဤအခိုက်အတန့်တွင် ပေါ်လွင်သွားသည်။ သူမသည် မိမိ၏ အဝတ်စွန်းလေးကို ဆုပ်ကိုင်ထားလိုက်ပြီး မျက်ရည်ကျနေသော မျက်ဝန်းများကို ဘေးသို့ လွှဲလိုက်ရင်း ဆိုသည်။
"ဒါပေမဲ့ အတူတူ နေထိုင်တာနဲ့ သာမန်ရက်တွေမှာ တွဲဖက်တာက မတူဘူးလေ၊ ရှင်နဲ့ ကျွန်မက အတူတူ နေထိုင်ဖူးတာလည်း မဟုတ်ဘူး၊ မတော်လို့ ကျွန်မရဲ့ လူနေမှုပုံစံက ရှင်နဲ့ လုံးဝ ကွာခြားနေရင်ကော၊ မတော်လို့ လူနေမှုဘဝထဲမှာ ကျွန်မက အလွန် ဆိုးဝါးတာကို ရှင် ရှာဖွေတွေ့ရှိသွားရင်ကော၊ မတော်လို့……"
သို့သော် သူက သူမ၏ မပြောရသေးသော စကားလုံးများကို ပြတ်သားစွာ ဖြတ်တောက်လိုက်သည်။
"မတော်လို့ဆိုတာ မရှိဘူး"
မျက်ရည်များက ပါးပြင်ပေါ်သို့ စီးကျလာရာ သူမက သူ့ကို အံ့ဩတုန်လှုပ်စွာ ကြည့်နေမိသည်။
"လူနှစ်ယောက် အတူရှိနေရင် မူလကတည်း အပြန်အလှန် ညှိနှိုင်းဖို့ လိုအပ်တာပဲ၊ အတူတူ နေထိုင်တယ်ဆိုတာလည်း ငါတို့ရဲ့ လူနေမှုအဆင့်အတန်းက ထပ်တူကျရမယ်လို့ မဆိုလိုပါဘူး၊ ငါ မင်းကို ချစ်တယ်၊ ဒါကြောင့် မင်း ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ ငါ အားလုံးကို လက်ခံတယ်၊ မင်းနဲ့ အတူရှိနေတာကလည်း ချစ်လို့သက်သက်ပဲ၊ မင်းပြောတဲ့ လက်တွေ့ဆန်တဲ့ အရာတွေနဲ့ ပတ်သက်ရင် 'သည်းခံခွင့်လွှတ်ခြင်း' ဆိုတဲ့ စကားလုံး ရှိပါတယ်"
ချန်စစ်ကျယ် လူလိုသူလို ပြုမူတတ်သည့် အခါတွင် ဤမျှလောက် လူဆန်လိမ့်မည်ဟု အမှန်အကန် မျှော်လင့်မထားခဲ့ချေ။
ဝမ်သိုက်သည် ဤအခိုက်အတန့်တွင် အသက် နှစ်ဆယ့်ခုနစ်နှစ်အရွယ် အမျိုးသားတစ်ယောက်၏ ရင့်ကျက်မှုကို အစစ်အမှန်အတိုင်း ခံစားလိုက်ရသည်။
သို့သော် ဤစိတ်မြန်လက်မြန် လက်ထပ်မည့် ကိစ္စတွင်မူ ဝမ်သိုက်အနေဖြင့် သူ့ကို ရင့်ကျက်မှု ဘောင်ထဲသို့ ထည့်သွင်းရန် အမှန်တကယ် မတတ်နိုင်ပါပေ။
"ကျွန်မကို စဉ်းစားခွင့်ပေးဦး"
သူမသည် ကိုယ်ကို ဖြည်းညှင်းစွာ ပြန်မတ်လိုက်ပြီး လက်ချောင်းများကို အချင်းချင်း ပွတ်သပ်ရင်း အတွေးနက်ထဲသို့ ကျဆင်းသွားသည်။
ရင်ထဲက ပြောရလျှင် သူမအနေဖြင့် ချန်စစ်ကျယ်၏ ထိုစကားလုံးများကို ငြင်းပယ်ရန် မတတ်နိုင်ပါချေ၊ သူက သူမအပေါ် အမှန်တကယ် နားလည်ထားပြီး သူမကိုယ်တိုင်ပင် သတိမထားမိသည့် အချိန်တွင် တိတ်တဆိတ် နားလည်ပေးခဲ့ခြင်း ဖြစ်သည်။ ဤကဲ့သို့ အသံတိတ် ဂရုစိုက်ခြင်း ခံရသည့် ခံစားချက်က သူမအား အမှန်တကယ် စိတ်လှုပ်ရှားစေသည်။
ကားသည် သူမ၏ အိမ်အောက်တွင် ရပ်တန့်သွားသောအခါ ချန်စစ်ကျယ်သည် မူလမေးခွန်းကို နောက်တစ်ကြိမ် ထပ်မံမေးမြန်းပြန်သည်။ သို့သော် ဝမ်သိုက်က ဒုတိယနည်းလမ်းကို ရွေးချယ်လိုက်သည်။
"အရင်ဆုံး တစ်လလောက် အတူတူနေကြည့်မယ်၊ အဆင်ပြေရင် ကျွန်မတို့ လက်ထပ်ကြတာပေါ့"
ဤစကားကို ကြားသောအခါ ချန်စစ်ကျယ်သည် မျက်မှောင်အနည်းငယ် ကြုတ်လိုက်သော်လည်း သဘောတူလိုက်သည်။ သူ၏အတွက်မူ ဒါက နောက်ထပ် တစ်လ စောင့်ဆိုင်းရရုံမျှသာ ဖြစ်ပေသည်။
သို့သော် လက်ထပ်ချင်နေသော အသက်သုံးဆယ်နီးပါး အမျိုးသားတစ်ယောက်၏ လှုပ်ရှားမှု စွမ်းရည်မှာ ဝမ်သိုက် စိတ်ကူးထက်ကျော်လွန်နေသည်။
ဤတစ်ကြိမ်တွင် ချန်စစ်ကျယ် သူမနှင့်အတူ အပေါ်သို့ လိုက်ပါလာခြင်းကို သူမ တားဆီးခြင်းမပြုခဲ့ပါချေ။ ယမန်နေ့က တွဲမိသည်မှာ မြန်ဆန်လွန်းသည်ဟု ဖြစ်သော်လည်း ခုနက သူ့စကားလုံးများကို ကြားပြီးနောက်တွင် သူမ၏အယူအဆမှာလည်း ထိုသူထံမှ ပြုပြင်ခြင်းကို ခံလိုက်ရချေပြီ။
ဖြစ်ပျက်သင့်သည်မှာ ဖြစ်ပျက်ရမည်သာ။ ဘာပဲဖြစ်ဖြစ် စောစောစီးစီး ဖြစ်ပျက်ရမည် ဖြစ်သဖြင့် အချိန်ကာလက ဘာကိုမှ ကိုယ်စားမပြုနိုင်ပါချေ။
ထို့ထက်မက သူတို့သည် တစ်နှစ်ကျော်လောက် သိကျွမ်းခဲ့ကြပြီး ဖြစ်ကာ အတူတူ ဖြတ်သန်းခဲ့ရသော အရာများနှင့် ပေါင်းစပ်လိုက်လျှင် 'သေဖော်သေဖက်' ဟု ခေါ်ဆိုလျှင်ပင် လွန်အံ့မထင်ပါပေ။
သို့သော် ချန်စစ်ကျယ် တံခါးထဲသို့ ဝင်လာသည်နှင့် ပထမဆုံး ပြောလိုက်သော စကားမှာ
"ဒီနေ့တော့ လဲလှယ်မယ့် အဝတ်အစား တချို့နဲ့ မင်းရဲ့ မရှိမဖြစ် ပစ္စည်းအချို့ကို အရင်ယူသွားရအောင်၊ အချိန်မစောတော့ဘူး၊ ထပ်သွားဝယ်ရင် အချိန်အများကြီး နှောင့်နှေးလိမ့်မယ်၊ ကျန်တဲ့ ပစ္စည်းတွေ ကိုတော့ မနက်ဖြန်မှ ပြောကြတာပေါ့၊ မဖြစ်မနေ ယူရမယ့် ပစ္စည်းရှိရင် မနက်ဖြန်မှ လာရွှေ့လို့ ရတယ်၊ ကျန်တဲ့ အစားထိုးလို့ ရတဲ့ ပစ္စည်းတွေကိုတော့ အသစ်ထပ်ဝယ်လိုက်ရုံပဲ"
ဖိနပ်လဲနေရုံမျှသာ ရှိသေးသော ဝမ်သိုက်သည် မိမိ၏နားကို မိမိ မယုံကြည်နိုင် ဖြစ်သွားရသည်။ သူမသည် အံ့ဩတုန်လှုပ်စွာဖြင့် ခေါင်းလှည့်ကာ သူ့ကို စောင်းငဲ့ကြည့်လိုက်သည်။
"ရှင် ဘာတွေ ပြောနေတာလဲ"
တံခါးဝတွင် မတ်တတ်ရပ်နေသော အမျိုးသားသည် ခါးကို စိုးစဉ်းမျှ မကိုင်းဘဲ အလွန်ကျိုးကြောင်း ဆီလျော်စွာ ပြန်လည်ဖြေကြားသည်။
"အတူတူ နေကြမယ်မဟုတ်ဘူးလား၊ ဒီနေ့ကစပြီး စလိုက်ရအောင်လေ၊ အခု မင်း သွားပြီး ဒီနေ့ ငါ့ဆီမှာ သွားနေဖို့လိုအပ်တဲ့ ပစ္စည်းတွေကို သိမ်းဆည်းလို့ ရပြီ၊ ကျန်တာတွေကို မနက်ဖြန်မှ စီမံကြတာပေါ့"
"ချန်စစ်ကျယ်၊ ရှင် အဲဒီလောက်တောင် မိန်းမလိုချင်နေတာလား"
ဝမ်သိုက် ရယ်ချင်သွားရသည်။
သို့သော် အတိတ်တုန်းက သိက္ခာကို အလွန်အမင်း အလေးထားတတ်သော ဤလူသည် စဉ်းစားဆင်ခြင်ခြင်းမရှိဘဲ ခေါင်းငြိတ်ပြလိုက်သည်။
"ဟုတ်တယ်၊ ဒါကြောင့် ငါ့ရဲ့ ဆန္ဒကို တတ်နိုင်သမျှ ဖြည့်ဆည်းပေးဖို့ မင်းကို ဒုက္ခပေးရတော့မယ်"
ငြင်းပယ်မည့် စကားလုံးများမှာ ရုတ်တရက် ထွက်မလာတော့ပါချေ၊ ဝမ်သိုက်၏ပုခုံးများ လျှောကျသွားပြီး မျက်ဝန်းထောင့်တွင် အပြုံးအရိပ်အယောင်များ ဖြာကျလာသည်။
သူမသည် မေးစေ့ကို ချကာ ခဏမျှ တွေးတောနေပြီးနောက် ခေါင်းမော့ကာ သူမ ဆယ်နှစ်ကျော်ကျော် နေထိုင်ခဲ့သော ဤအိမ်ကလေးကို တစ်ပတ်ဝေ့ကြည့်လိုက်သည်။
လူဆိုသည်မှာ အတိတ်ထဲကနေ အမြဲတမ်း ရုန်းထွက်ရမည်သာ ဖြစ်သည်။ ခြေလှမ်းတစ်လှမ်း လှမ်းလိုက်ရုံမျှသာ ဖြစ်ပေသည်။
ဒါဆိုရင်လည်း လှမ်းလိုက်ရုံပေါ့။
ပစ္စည်းများကို သူမက စေခိုင်းပြီး ချန်စစ်ကျယ်ကို ကူညီ သယ်ယူခိုင်းလိုက်သည်။ သူမအနေဖြင့် နောက်ထပ် ပစ္စည်းအချို့ကိုပါ ယူဆောင်သွားချင်သေးသော်လည်း ချွေးအနည်းငယ် ထွက်နေသော ချန်စစ်ကျယ်၏ တားဆီးခြင်းကို ခံလိုက်ရသည်။
"ငါ ပြောပြီးပြီလေ၊ ဒီနေ့က မရှိမဖြစ် ပစ္စည်းအချို့ပဲ ယူဖို့ လိုတာ၊ ကားနောက်ဖုံးမှာ ဆံ့တော့မှာမဟုတ်ဘူး၊ ကားနောက်ထိုင်ခုံမှာလည်း မင်းရဲ့ ပစ္စည်းတွေချည်းပဲ၊ ထပ်သယ်ရင် အိမ်ကိုမရွှေ့မှရတော့မယ်"
အမျိုးသားက အနည်းငယ် မောဟိုက်စွာဆိုသည်။
သုံးထပ်မြောက် အထိပစ္စည်းသယ်ယူသူအဖြစ် အကြိမ်အနည်းငယ် အသွားအပြန် လုပ်ခဲ့ရသဖြင့် အမြဲတမ်း လေ့ကျင့်ခန်းလုပ်လေ့ရှိသော သူ၏မျက်နှာပေါ်တွင်ပင် ပန်းနုရောင် အလွှာတစ်ခု ဖြာကျနေကာ မျက်ဝန်းထောင့်တွင် ထူးခြားသော ဆွဲဆောင်မှုမျိုး တိုးပွားနေသည်။
အထူးသဖြင့် ထိုရဲရဲတောက်နေသော နှုတ်ခမ်းသားများမှာ ဖြူစင်လှပသော အရေပြားက ပေါင်းစပ်ပေးထား၍လား၊ သို့မဟုတ် ရဲရဲတောက် နှုတ်ခမ်းများက အရေပြားကို ပိုမို ဖြူစင်အောင် ပေါင်းစပ်ပေးထား၍လား မသိပါပေ။
အိမ်ကိုမရွှေ့ရတော့မည်ဟု ပြောသော်လည်း ချဲ့ကားပြောဆိုခြင်း အစိတ်အပိုင်းလည်း ပါဝင်နေသေးသည်။ ဝမ်သိုက်သည် နှမြောတသစွာဖြင့် အောက်သို့ ကျန်ရစ်ခဲ့သော အိပ်ခန်းကို တစ်ချက် ပြန်လည်ကြည့်ရှုလိုက်ပြီး ချန်စစ်ကျယ်နှင့်အတူ လိုက်ပါ လျှောက်လှမ်းခဲ့တော့သည်။
လှေကားထစ်များထဲက ထွက်ခွာလာပြီး တဂျိဂျိမြည်ဟီးတတ်သော တံခါးကိုတွန်းဖွင့်လိုက်ချိန်တွင် ညကောင်းကင်ယံထဲက မြူခိုးကဲ့သို့သော တိမ်တိုက်များသည် လမင်းကြီးကို လမ်းဖယ်ပေးလိုက် ကြသဖြင့် လင်းလက်တောက်ပသော လရောင်များ ဖြာကျလာခဲ့တော့သည်။