အခန်း ၆၆
Vol. 7 Ch. 66
🍏 Chapter 66
နက်မှောင်သော သစ်သားတံခါးပေါ်တွင် မစင်ကြယ်သေးသော ကော်ရာအချို့ ကျန်ရှိနေပြီး တွန်းဖွင့်လိုက်ချိန်တွင် တကျိကျိ မြည်သံ ထွက်ပေါ်လာပေသည်။
တံခါးလက်ကိုင်ကို ကိုင်ထားသော ချန်စစ်ကျယ်သည် ဤဟောင်းနွမ်းလှသော တံခါးကို တစ်ချက် ကြည့်လိုက်ပြီးနောက် အိမ်ရှေ့ခန်းတွင် ရပ်နေသော ဝမ်သိုက်ကို မျက်မှောင်ကြုတ်ကာ ကြည့်လိုက်ပေသည်။
သူသည် ဖိနပ်နင်းခုံပေါ်သို့ တက်လိုက်ပြီး တံခါးကို ပြန်ပိတ်လိုက်ရာ တကျိကျိ မြည်သံနှင့်အတူ မေးလိုက်ပေသည်။
"မင်း တံခါး မလဲသေးဘူးလား"
ဝမ်သိုက်သည် နှုတ်ခမ်းအောက်နားကို လက်ညှိုးဖြင့် ဖိကာ စိတ်မပါသလို ခေါင်းညိတ်ပြလိုက် ပေသည်။ သူမ မျက်မှောင် အနည်းငယ် ကြုတ်နေပြီး မျက်ဝန်းများမှာလည်း တစ်စုံတစ်ခုကို ငေးမောနေသည့်နှယ် ဝေဝါးနေပေသည်။
သူမ ဖိနပ်စွပ်တစ်ခုကို ချန်စစ်ကျယ်၏ ရှေ့သို့ မယဉ်မကျေး ကမ်းပေးလိုက်ပေသည်။ သူမ မျက်လုံးများမှာ လေထဲက တစ်နေရာကိုသာ စိုက်ကြည့်နေဆဲဖြစ်ပြီး အသံမှာလည်း အားနည်းနေပေသည်။
"ကိုယ်တိုင်စွပ်လိုက်၊ ကျွန်မအိမ်မှာ လေအေးပေးစက်လည်း မရှိဘူး၊ ပိုတဲ့ ဖိနပ်လည်း မရှိဘူး"
သူမ ဆိုလိုသည်မှာ ကိုယ်တိုင် ဖိနပ်စွပ် စွပ်လျှင်စွပ်၊ မစွပ်လျှင် ခြေဗလာဖြင့် အေးခဲပြီး သေလိုက်တော့ ဟူ၍ ဖြစ်ပေသည်။
ချန်စစ်ကျယ် မျက်လုံးများထဲတွင် ဆွံ့အမှုများ ပြည့်နှက်သွားပေသည်။ သူ နှုတ်ခမ်းကို တစ်ချက်တွန့်လိုက်ပြီး သူမ ကမ်းပေးသော ဖိနပ်စွပ်ကို လှမ်းယူလိုက်ပေသည်။
သူ၏မွန်ရည်သော အမူအရာကို ခေတ္တဘေးဖယ်ကာ မကျေမနပ်ဖြင့် ဖိနပ်စွပ်ကို စွပ်လိုက်ပြီး အထဲသို့ ဝင်လာစဉ် တစ်ချက် နှာခေါင်းရှုံ့ကာ ပြောလိုက်ပေသည်။
"မင်းလောက် ကပ်စေးနှဲတဲ့သူ တစ်ခါမှမမြင်ဖူးဘူး"
ဝမ်သိုက်သည် နှုတ်ခမ်းအောက်နားကို အမှတ်မထဲ့ ပြင်းပြင်းလေး ဖိလိုက်မိသဖြင့် နာကျင်သွားကာ မျက်နှာလေး ရှုံ့မဲ့သွားပေသည်။ သူမသည် ချန်စစ်ကျယ်နှင့်အတူ ဧည့်ခန်းသို့ လျှောက်သွားရင်း လက်နှစ်ဖက်ကို ဘေးသို့ ဆန့်ထုတ်ကာ ပြောလိုက်ပေသည်။
"အခု မြင်ဖူးသွားပြီပေါ့"
ချန်စစ်ကျယ်သည် ဧည့်ခန်း ဆိုဖာပေါ်တွင် အေးအေးဆေး ဆေး ထိုင်လိုက်ပြီး ဝမ်သိုက်၏ကြုတ်ထားသော မျက်မှောင်ကို ခေတ္တမျှ ကြည့်လိုက်ပေသည်။ ထို့နောက် အောက်သို့ အကြည့်ရွှေ့ကာ သူမ၏အနည်းငယ် ရောင်ရမ်းနေသော နှုတ်ခမ်းအောက်နားကို စိုက်ကြည့်ရင်း မေးလိုက်ပေသည်။
"မင်း ဘာဖြစ်နေတာလဲ၊ ဈေးပေါတဲ့ နှုတ်ခမ်းပြုပြင်တာမျိုး လုပ်ထားတာလား"
ခေါင်းအုံးတစ်လုံးသည် ချန်စစ်ကျယ်ဆီသို့ ပျံသန်းသွားသော်လည်း သူက လျင်မြန်စွာ ဖမ်းယူလိုက်ပေသည်။ ဝမ်သိုက်သည် သူ့ကို စောင်းကြည့်ကာ ဆိုဖာပေါ်တွင် ထိုင်လိုက်ပြီး သက်ပြင်းတစ်ချက် ချလိုက်ပေသည်။ သူမသည် မျက်နှာပျက်ပျက်ဖြင့် ပြောလိုက်ပေသည်။
"ရှင် စကားကောင်းကောင်း မပြောတတ်ရင် ပါးစပ်ပိတ်ထားလို့ မရဘူးလား၊ ဒီစကားကို ကျွန်မ ဘယ်နှစ်ကြိမ် ပြောခဲ့မှန်းတောင် မသိတော့ဘူး... ကျေးဇူးပြုပြီး ပါးစပ်ပိတ်ထားပါ"
ဝမ်သိုက်၏အားအင်ကုန်ခမ်းနေသော ပုံစံကို ကြည့်ကာ ချန်စစ်ကျယ်က လက်ထဲမှ ခေါင်းအုံးကို ဘေးသို့ ချထားလိုက်ပေသည်။ သူ့ မြေခွေးမျက်လုံးများက သူမကို အကဲခတ်နေပြီး
"ဘာဖြစ်တာလဲ၊ မကောင်းတာတွေ များလွန်းလို့လား၊ မင်း..."
"ထွက်သွားစမ်း"
အားအင်မရှိသလို ဖြစ်နေသော ဝမ်သိုက်သည် ရုတ်တရက် နိုးကြားလာပြီး နောက်က ခေါင်းအုံးကို ယူကာ သူ့ကို ထပ်ပစ်လိုက်ပေသည်။ သူမ၏ ဖြူဖျော့နေသော မျက်နှာလေးမှာ ဒေါသကြောင့် ပန်းရောင်သန်းလာပေသည်။
စကားပြောလိုက်စဉ် ပါးစပ်ဟလိုက်သဖြင့် နှုတ်ခမ်းဒဏ်ရာက ထပ်မံ နာကျင်သွားပြန်ရာ ဝမ်သိုက်သည် သူမ ပါးစပ်ကို လျင်မြန်စွာ အုပ်လိုက်ပေသည်။ သူမသည် နာကျင်မှုကြောင့် မျက်နှာရှုံ့မဲ့ရင်း ချန်စစ်ကျယ်ကို ဒေါသတကြီး ကြည့်ကာ နှုတ်ခမ်းကို အသာဆွဲပြီး ဗလုံးဗထွေး ပြောလိုက်ပေသည်။
"နှုတ်ခမ်းထဲမှာ အပူဖု ပေါက်နေတာပါ၊ ရှင့်ပါးစပ်က မကောင်းတာတွေ လျှောက်မပြောနဲ့"
ထိုအခါမှ ချန်စစ်ကျယ်မှာ ပိုသိချင်စိတ် ပြင်းပြလာပုံရပေသည်။
"ဘာလို့ အပူဖု ပေါက်တာလဲ၊ ဆေးလိမ်းပြီးပြီလား"
သူ စိုးရိမ်တကြီး မေးလိုက်သော စကားလုံးများမှာ ဝမ်သိုက်အတွက်တော့ မယုံသင်္ကာ ဖြစ်စရာပင်။
သူမသည် သူ့ကို မယုံသလို အကြိမ်ကြိမ် ကြည့်လိုက်သော် လည်း သူ၏ စစ်မှန်သော အကြည့်များကို မယှဉ်နိုင်သဖြင့် နောက်ဆုံးတွင် နှုတ်ခမ်းကို ဟပြကာ ဖြည်းဖြည်းချင်း ပြောလိုက်ပေသည်။
"မနေ့က ကိစ္စတစ်ခုကြောင့်... ကျွန်မနောက်က အစောင့်အ ရှောက်တွေကို ဆဲလိုက်မိလို့"
ချန်စစ်ကျယ်သည် နားလည်သွားသည့်ဟန်ဖြင့် ခေါင်းညိတ်ကာ အေးအေးဆေးဆေး ပြောလိုက်ပေသည်။
"နားလည်ပြီ၊ ဒါ ဝဋ်လိုက်တာပဲ"
"ဟင်း"
ချန်စစ်ကျယ်သည် ဆိုဖာနောက်မှီကို မှီကာ အေးအေးဆေး ဆေး ထိုင်လိုက်ပြီး ခြေထောက်ချိတ်လိုက်ပေသည်။ သူက ဝမ်သိုက်ကို သရော်သောအကြည့်ဖြင့် ကြည့်ကာ အသံကို ဆွဲပြီး ပြောလိုက်ပေသည်။
"အဲဒါကြောင့် ပြောတာပေါ့၊ လူဆိုတာ ယဉ်ကျေးမှုရှိရတယ်"
သူ့ကို ပြောပြမိတာ မှားပြီဟု ဝမ်သိုက် တွေးလိုက်မိပေသည်။ သူမက ပြန်အပြစ်တင်လိုက်ပေသည်။
"ရှင်ကရော ဘယ်လောက် ယဉ်ကျေးလို့လဲ၊ ကိုယ့်ကိုကိုယ် အရင်ကြည့်ဦး"
ထိုစဉ်မှာပင် အိမ်တံခါးကို လာခေါက်သံ ကြားလိုက်ရပေသည်။ တံခါးခေါက်သံမှာ အလွန် မပြင်းထန်ဘဲ တစ်ချက်ချင်း မှန်မှန်ခေါက်နေခြင်း ဖြစ်ပေသည်။ ဝမ်သိုက်သည် ထရပ်လိုက်ပြီး
"တံခါးခေါက်တာ တော်တော် ယဉ်ကျေးတာပဲ"
သူမသည် ဆိုဖာပေါ်တွင် မလှုပ်မယှက် ထိုင်နေသော ချန်စစ်ကျယ်ကို ကြည့်ကာ "ရှင့်ထက် အများကြီးယဉ်ကျေးတယ်" ဟု ခနဲ့လိုက်ပြီး တံခါးဖွင့်ရန် လျှောက်သွားပေသည်။
တံခါးဝတွင် ရောက်နေသူမှာ သူမ ထင်ထားသည့်အတိုင်း လိုင်ဝမ်ရီပင်။ လိုင်ဝမ်ရီ၏ အခြေအနေမှာ ပထမဆုံးတွေ့ခဲ့စဉ်ကထက် အများကြီးပိုဆိုးနေပေသည်။
မျက်လုံးများတွင် သွေးကြောများ ယှက်သန်းနေပြီး အရင်က သွက်လက်သောပုံစံမှာ ပျောက်ကွယ်ကာ အားအင်ကုန်ခမ်းနေသည့်ဟန်ရှိပေသည်။ သူမသည် အလွန်ထူသော အမွေးပွအင်္ကျီကို ဝတ်ထားသော်လည်း တစ်ကိုယ်လုံး တုန်ရီနေပေသည်။
သူမသည် ဝမ်သိုက်ကို မော့ကြည့်လိုက်ရာ မျက်ဝန်းအိမ်တွင် မျက်ရည်များ ဝိုင်းနေပေသည်။
"ဝမ်သိုက်..."
ဝမ်သိုက်မှာ ခေတ္တမျှ ကြောင်အသွားပြီးနောက် လိုင်ဝမ်ရီကို အမြန်ဆွဲခေါ်လိုက်ပေသည်။ တံခါးကို ပိတ်ပြီးနောက် သူမသည် ဖိနပ်စင်မှ သိုးမွှေးဖိနပ်တစ်စုံကို ထုတ်ပေးကာ အသံကို ညင်သာစွာထားပြီး ပြောလိုက်ပေသည်။
"ဖိနပ်လဲပြီး အထဲဝင်ထိုင်ပါဦး၊ ပြီးမှ ဘာတွေဖြစ်ခဲ့လဲဆိုတာ အသေးစိတ် ပြောပြနော်၊ ကျွန်မ ကူညီပေးပါ့မယ်၊ တကယ်လို့ ရှင် မပြောချင်ဘူးဆိုရင်လည်း... ကျွန်မ ဘာသာ ကြည့်ပေးလို့ ရပါတယ်၊ ဒါပေမဲ့ ရှင်ကိုယ်တိုင် ပြောပြတာက စိတ်ထဲက မကောင်းတဲ့ စွမ်းအင်တွေကို ထုတ်ပစ်ရာ ရောက်လို့ ပိုကောင်းပါတယ်"
"ကောင်းပါပြီ၊ ကျွန်မကိုယ်တိုင် ပြောပါ့မယ်"
လိုင်ဝမ်ရီသည် နှေးကွေးစွာ ခေါင်းညိတ်ကာ ဖိနပ်လဲလိုက်ပေသည်။ ဝမ်သိုက်က သူမကို တွဲပေးစဉ် သူမ လက်ကို ထိမိလိုက်ရာ အလွန်အေးစက်နေသဖြင့် ရေခဲတုံးကို ကိုင်လိုက်ရသကဲ့သို့ ခံစားလိုက် ရပေသည်။
ဝမ်သိုက်သည် လျိုဝမ်ဝမ်ကို တွဲခေါ်လာသောအခါ ချန်စစ်ကျယ်သည်လည်း အနေအထားကို ပြင်ထိုင်လိုက်ပေသည်။ သူသည် လိုင်ဝမ်ရီ ဝတ်ထားသော ဖိနပ်ကိုကြည့်ကာ ဝမ်သိုက်ကို တစ်ချက် စောင်းကြည့်လိုက်သော်လည်း ဝမ်သိုက်ကတော့ မမြင်ချင်ယောင် ဆောင်နေပေသည်။
သူမသည် လိုင်ဝမ်ရီကို ထိုင်ခိုင်းပြီးနောက် ဘေးတွင် ကပ်ထိုင်ကာ အေးစက်နေသော လက်ကလေးကို သူမ လက်နှစ်ဖက်ဖြင့် အုပ်ပြီးပွတ်ပေးနေပေသည်။
လိုင်ဝမ်ရီသည် ခေါင်းငုံ့ကာ သူမ ဒူးကို စိုက်ကြည့်ရင်း ခေတ္တမျှ အမောဖြေပြီးနောက် ဖြူဖျော့နေသော နှုတ်ခမ်းများဖြင့် စတင် ပြောပြလိုက်ပေသည်။
"လီချက်ကျွန်းကို သွားခဲ့တာက သင်္ဘောပေါ်မှာ အပန်းဖြေချင်လို့ပါ၊ ရေငုပ်လည်း စမ်းကြည့်ချင်လို့၊ အားလုံးလည်း ငုပ်ကြတာပဲ၊ ပြီးတော့ ကျွန်မမှာ ရေငုပ်လက်မှတ်လည်းရှိတယ်၊ ဒါပေမဲ့ ဒီလိုမျိုး ဖြစ်လာလိမ့်မယ်လို့ မထင်ခဲ့ဘူး..."
မနေ့က သူမ ဝတ်ဆင်ထားသည်မှာ ယခုဝတ်ထားသော အမွေးပွအင်္ကျီမဟုတ်ဘဲ ရေငုပ်ဝတ်စုံပင် ဖြစ်ပေသည်။
အပျော်စီးသင်္ဘောပေါ်မှ ရေငုပ်လှေငယ်ကို ပင်လယ်ထဲ ချလိုက်ပြီး ရေငုပ်နည်းပြက ဦးဆောင်ကာ လိုင်ဝမ်ရီနှင့် အခြားခရီးသွားများ လိုက်ပါသွားကြပေသည်။ ရေငုပ်မည့်နေရာသို့ ရောက်ခါနီးတွင် ခါးပတ်ပတ်ရန် ပြင်လိုက်စဉ်မှာပင် ပြဿနာ စတင်တော့ပေသည်။
သူမသည် သူမ၏ ထိုင်ခုံမှ ခါးပတ်ကို ဆွဲကြည့်လိုက်ရာ ပြတ်နေသဖြင့် ရှေ့မှ နည်းပြကို လှမ်းအော်ပြောလိုက်ပေသည်။
"ဟေး၊ ဒီခါးပတ်က ပြတ်နေတယ်၊ ကျွန်မ သင်္ဘောကြီးပေါ် ပြန်သွားမယ်"
ဘေးတွင် လူများပြည့်နေသဖြင့် လိုင်ဝမ်ရီသည် ပြတ်နေသော ခါးပတ်ကို လွှတ်ကာ ထရပ်လိုက်ပေသည်။ လှေမှာ လှိုင်းဒဏ်ကြောင့် ယိမ်းထိုးနေသဖြင့် သူမ မတ်တပ်ရပ်ရန် ခက်ခဲနေပေသည်။ လူဖြူနည်းပြမှာ သူမကို လက်ကာပြကာ
"မဟုတ်ဘူး၊ စိတ်မပူပါနဲ့၊ မင်း ဘေးကင်းမှာပါ" ဟု ခေါင်းခါရင်း ပြောလိုက်ပေသည်။
သူမ ရင်ထဲတွင် စိုးရိမ်မှုများကြောင့် သင်္ဘောကြီးဆီသို့ ပြန်လိုစိတ် ပြင်းပြနေပေသည်။ သူမသည် မျက်မှောင်ကြုတ်ကာ သင်္ဘောကြီးကို ညွှန်ပြပြီး
"မဟုတ်ဘူး၊ ကျွန်မ ကြောက်တယ်၊ တကယ်လို့ တစ်ခုခုဖြစ်ရင် ရှင်တို့ တာဝန်ယူမှာလား၊ ကျွန်မ ပြန်သွားမယ်၊ နောက်တစ်ခေါက်မှပဲ လာတော့မယ်"
သို့သော် နည်းပြကတော့ အာမခံချက် အပြည့်ဖြင့် "မင်း ဘေးကင်းဖို့ ငါ အာမခံပါတယ်၊ ဘာမှ မဖြစ်ပါဘူး" ဟု ထပ်ခါတလဲလဲ ပြောနေပေသည်။
လျိုဝမ်ဝမ်သည် သူမ၏အာရုံကို ယုံကြည်သဖြင့် ပြန်ချင်နေဆဲ ဖြစ်သော်လည်း ဘေးမှ အမျိုးသမီး ခရီးသွားတစ်ဦးမှာ မစောင့်နိုင်တော့ဘဲ အော်ပြောလိုက်ပေသည်။
"ကျေးဇူးပြုပြီး အချိန်မဖြုန်းပါနဲ့တော့"
ထိုအမျိုးသမီးက သူမကို မကြည်မလင် ကြည့်ကာ "ရှင် အရမ်းကြောက်နေရင် ကျွန်မနဲ့ နေရာလဲမလား" ဟု မေးလိုက်ပေသည်။
လျိုဝမ်ဝမ်သည် အခြားသူများကို ကြည့်လိုက်ရာ အားလုံး၏ မျက်နှာတွင် စိတ်မရှည်သော အမူအရာများ ရှိနေကြပေသည်။
"မြန်မြန် ဆုံးဖြတ်လို့ ရမလား၊ ဒါမှမဟုတ် ကျွန်မနဲ့ နေရာလဲလိုက်ပါ"
ရှေ့မှ ထွက်ပေါ်လာသော အသံမှာ သူမကို အထင်သေးသည့်ဟန် ပါဝင်နေပေသည်။
လျိုဝမ်ဝမ်သည် သူမ၏ထိုင်ခုံမှ ပြတ်နေသော ခါးပတ်ကို ငုံ့ကြည့်လိုက်ပေသည်။ သူမ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ကာ စိတ်ထဲမှ ကိုယ့်ကိုကိုယ် ပြန်ဖြေသိမ့်လိုက်ပေသည်။
'ဘာမှ မဖြစ်ပါဘူး၊ ခါးပတ် မရှိရုံတင်ပဲဟာ'