အခန်း ၂၂
Vol. 3 Ch. 22
Chapter 22
ခြံဝန်းတစ်ခုလုံး ဆူညံနေချေသည်။ ကလေးငယ်များ စားပွဲကြားတွင် ပြေးလွှားနေကြကာ ကလေးအော်သံများ နားထဲတွင် စူးရှနေပေသည်။ ကလေးငယ်အချို့နောက်တွင် မိန်းကလေးငယ်အချို့ စိတ်ပျက်လက်ပျက်ဖြင့် လိုက်ဖမ်းနေကြပြီး ဝမ်သိုက်ဘေးမှ ဖြတ်သွားသောအခါ "မပြေးနဲ့လေ" ဟု ပြောသံကို သဲ့သဲ့ ကြားလိုက်ရပေသည်။
ရှေ့တွင် ပိတ်ရပ်နေသော ရွာသူ၊ ရွာသားများ တိုင်းရင်းသားဝတ်စုံများကို ဝတ်ဆင်ထားကြပေသည်။ ရွာသူတစ်ဦး လက်ထဲတွင် အစေ့များကိုကိုင်ကာ ဝမ်သိုက်ကို မဖုံးမကွယ် စိုက်ကြည့်နေပေသည်။ သူမ အစေ့များကို အလွန်လျင်မြန်စွာ ဝါးစားနေပြီး အခွံများကို မြေပြင်ပေါ်သို့ ပစ်ချလျက် ခပ်သွက် သွက် ပြောဆိုတော့သည်။
"နင် သိပ်လှတာပဲ၊ အားယုံတော့ ကံကောင်းတာပဲ၊ နင့်မှာ မောင်နှမတွေ ဘာတွေ ရှိသေးလား"
သူမ ခေါင်းကို ရှေ့သို့တိုးကာ ဝါကျင့်ကျင့်မျက်လုံးများဖြင့် ဝမ်သိုက်ကို စိုက်ကြည့်နေပေသည်။
ထိုအမျိုးသမီး၏ ညာဘက်တွင် ရပ်နေသော အမျိုးသားမှာ သူမခင်ပွန်းဖြစ်ဟန် တူပေသည်။ သူ့အကြည့်များ ရမ္မက်များပါနေသဖြင့် လူကို စိတ်မသက်မသာ ဖြစ်စေပေသည်။ သူ ပြုံးလိုက်သောအခါ ဝါကျင့်ကျင့်သွားများကို မြင်လိုက်ရပေသည်။
"ဟုတ်တယ်၊ ညီမလေးတွေရှိရင် ပိုကောင်းတာပေါ့၊ ဒီမှာ မိန်းမ မရတဲ့ လူပျိုကြီးတွေ အများကြီးပဲ၊ နင် ကုသိုလ်လုပ်ပေးပါဦး"
ဝမ်သိုက် ယဉ်ကျေးသော အပြုံးကိုဖော်ပြလျက် ပခုံးတွန့်ကာ ပြန်ပြောလိုက်ပေသည်။
"အဲ့ဒါတော့ မတတ်နိုင်ဘူးရှင့်၊ ကျွန်မမှာ အစ်ကိုတစ်ယောက်ပဲ ရှိတယ်၊ သူလည်း နောက်နှစ်ရက်လောက်ဆို ရောက်လာတော့မှာ"
ထိုစကားကို ကြားသည်နှင့် ဇနီးမောင်နှံနှစ်ဦး၏ မျက်နှာ ချက်ချင်းပြောင်းလဲသွားပေသည်။ စောစောက ရင်းနှီးဟန်ပြနေသော မျက်နှာများ ပျောက်ကွယ်သွားကာ နှုတ်ခမ်းများ တွဲကျသွားချေသည်။ အမျိုးသမီး အစေ့များကို ဆက်လက်ဝါးစားနေရင်း စူးစူးဝါးဝါး မေးလိုက်ပေသည်။
"နင့်မှာ အစ်ကိုရှိတာလား၊ သူ ဒီကို ဘာလာလုပ်မှာလဲ"
"အစ်ကိုဖြစ်သူ ညီမလေးအတွက် စိတ်မပူဘဲ နေပါ့မလား၊ သွေးသားရင်းချာတွေပဲလေ၊ ညီမလေးတစ်ယောက်တည်း ဒီလောက်ဝေးတဲ့ တောထဲအထိ ရည်းစားကိုလိုက်ရှာတာဆိုတော့ အစ်ကိုဖြစ်သူ စိတ်ပူမှာပေါ့”
“အကယ်၍ သူ စိတ်မပူဘူးဆိုရင် လူမှ ဟုတ်ပါတော့မလား၊ ခွေးတစ်ကောင်တောင် ကျွေးထားရင် သခင်ကို သိသေးတာပဲ၊ အိမ်က ခွေးတောင် အိမ်စောင့်တတ်သေးရင် လူက ခွေးထက်တော့ မနိမ့်သင့်ဘူး မဟုတ်လား"
ဝမ်သိုက် သရော်လှောင်ပြောင်သော စကားများကို အပြစ်ကင်းစင်သော အပြုံးဖြင့် ရောနှောပြောဆိုလိုက်ပေသည်။ ထိုသူနှစ်ဦး၏ မျက်နှာများပိုပျက်သွားသည်ကို မြင်သော်လည်း သူမ ဂရုမစိုက်ဟန် နေလိုက်ပေသည်။ သူမမျက်လုံးအစုံ လရောင်အောက်တွင် တလက်လက် တောက်ပနေပေသည်။
ရုတ်တရက် ခြံဝသို့ လူအချို့ ရောက်လာကြပေသည်။
အရပ်ရပ်တွင် စကားပြောနေကြသော ရွာသားများ မီးရောင်ဆီသို့ တိုးဝှေ့လာသော ဖလံကောင်များကဲ့သို့ ထိုလူများဆီသို့ စုပြုံသွားကြပေသည်။ မြှောက်ပင့်ဖားယားနေသော စကားများကို ဝမ်သိုက် နားမလည်သော်လည်း သူတို့အမူအရာကို ကြည့်ခြင်းဖြင့် သိနိုင်ပေသည်။ ယုံကျာ သူမရှေ့တွင် ကာရပ်ပေးကာ အသံတိုးတိုးဖြင့် ပြောလိုက်ပေသည်။
"ရွာသူကြီးတို့ လာပြီ၊ နင် သတိထားနော်၊ ပြဿနာတစ်ခုခုဖြစ်ရင် ငါတို့ မနေ့ညက တိုင်ပင်ထားတဲ့အတိုင်းပဲ ပြော"
လူများ ဝိုင်းရံထားသော ရွာသူကြီးဘေးတွင် သူ့ဇနီး ယီချိုင် ရှိနေပေသည်။ နောက်ဘက်တွင်မူ ဝဝဖိုင့်ဖိုင့် အမျိုးသား ကျန့်ဖူ ရှိနေပေသည်။ သူ့ရမ္မက်ခိုးများ လွှမ်းနေသော အကြည့်များ လူကြားထဲမှ တိုးထွက်ကာ ဝမ်သိုက်ထံသို့ ရောက်ရှိလာပေသည်။
ရွာသူကြီး ပြုံးလျက် ရွာသားများကို ဖယ်ခိုင်းကာ ယုံကျာနှင့် ဝမ်သိုက်တို့ရှေ့သို့ လျှောက်လာပေသည်။ သူ ယုံကျာကို ကြည့်ကာ အဓိပ္ပာယ်ပါသော လေသံဖြင့် ပြောလိုက်သည်။
"အာယုံ၊ မင်း မင်းရည်းစားအတွက် သိပ်စိတ်မချဖြစ်နေတာလား"
"ဗျာ၊ မဟုတ်၊ မဟုတ်ပါဘူး၊ ဦးလေးအားဖု ဘာလို့ အဲ့လိုမေးတာလဲ၊ ဟုတ်ကဲ့၊ နည်းနည်းတော့ စိတ်ပူတာပေါ့"
ယုံကျာ ထိတ်လန့်သွားကာ ရွာသူကြီးကို ခေတ္တကြည့်ပြီးမှ ဝန်ခံလိုက်ပေသည်။
ခြောက်ခြားဖွယ်ရာ ရယ်သံများ ထွက်ပေါ်လာပြီးနောက် ရွာသူကြီး ခေါင်းကို ဖြည်းညှင်းစွာ ခါရမ်းလျက် သက်ပြင်းတစ်ချက် ချလိုက်ပေသည်။ ထို့နောက် ဝမ်သိုက်ကို ကြည့်ကာ မေးလိုက်ပေသည်။
"မနေ့ညက အိပ်လို့ပျော်ရဲ့လား၊ အဆင်ပြေရဲ့လား၊ နေမကောင်းတာ ဘာညာ ရှိသေးလား"
ထိုမျက်လုံးများ လူကို အလွန်အန္တရာယ်ရှိသော ခံစားချက်မျိုး ပေးပေသည်။ သူ့သားဖြစ်သူ၏ အကြည့် ရွံရှာဖွယ်ကောင်းသော်လည်း သူ့အကြည့်မှာမူ ကျောချမ်းဖွယ် ကောင်းလှပေသည်။ ဤကဲ့သို့ ပိန်ပိန်ပါးပါး လူတစ်ယောက်မှ ဝက်ဝံကြီးကဲ့သို့ သားမျိုး မည်သို့မွေးလာသည်ကိုပင် ဝမ်သိုက် အံ့ဩမိပေသည်။
"အဆင်ပြေပါတယ်ရှင်၊ ဘာမှ မဖြစ်ပါဘူး"
ဝမ်သိုက် သူမ၏ စိတ်မသက်မသာဖြစ်မှုကို ထိန်းချုပ်ကာ ပြုံး၍ပြန်ဖြေလိုက်ပေသည်။ သို့သော် သူမလက်မောင်းများတွင် ကြက်သီးများ ထနေချေပြီ။
ယီချိုင် ကျန့်ဖူကို ရှေ့သို့ တွန်းထုတ်လိုက်ပေသည်။ သူမ ပြုံးလျက် ပြောလိုက်ပေသည်။
"ဟဲ့ မိန်းကလေး၊ နင့်မှာ သူငယ်ချင်းတွေ ဘာတွေရှိရင်လည်း ခေါ်လာပါဦး၊ မိန်းကလေးအချင်းချင်း အတူတူလာလည်ကြပေါ့၊ ငါတို့ ကားနဲ့ သွားကြိုပေးပါ့မယ်၊ ငါ့သားကို ကြည့်စမ်း၊ သိပ်အားကိုးရတာ၊ ကြည့်ရတာ စိတ်ချရတယ် မဟုတ်လား"
ကျန့်ဖူ၏ စိုက်ကြည့်နေသော အကြည့်များကြောင့် ဝမ်သိုက်မှာ အန်ချင်စိတ်ပင် ပေါက်လာရသည်။ သူမ အောင့်အည်း သည်းခံကာ အပြုံးဖြင့် ပြန်ပြောလိုက်ပေသည်။
"နောက်မှပဲ ကြည့်ရမှာပေါ့၊ ကျွန်မမှာ မိန်းကလေးသူငယ် ချင်း သိပ်မရှိဘူး၊ ပြန်ရောက်မှပဲ သူတို့ကို ပြောကြည့်ပါ့မယ်"
"ပြန်ရောက်မှ"
ဟူသော စကားကို ကြားလိုက်ရသည်နှင့် ယီချိုင် စိတ်ပျက်သွားဟန်ဖြင့် တစ်ဖက်သို့ လှည့်ကာ အခြားရွာသူများနှင့် စကားသွားပြောတော့ပေသည်။
ခြံဝန်းထဲတွင် ကစားနေသော ကလေးများ ရုတ်တရက် ဝမ်သိုက်ထံသို့ အာရုံရောက်လာကြပေသည်။ ကလေးငယ်တစ်ဦး ဝမ်သိုက်၏ ခြေထောက်နားသို့ ပြေးလာကာ သူမကို မော့ကြည့်နေပေသည်။ ဝမ်သိုက် သူ့ကို ငုံ့ကြည့်ကာ နူးညံ့ဟန်ဖြင့် မေးလိုက်ပေသည်။
"ဘာဖြစ်လို့လဲ ကလေးရဲ့"
ထိုကလေး ဘာမှမပြောဘဲ သူမကိုသာ စိုက်ကြည့်နေပေသည်။ ဝမ်သိုက် သူ့ကို ဖယ်ခိုင်းရန် ပြင်လိုက်စဉ်မှာပင် ထိုကလေး ဝမ်သိုက်၏ အိတ်ကပ်ထဲသို့ လက်နှိုက်ကာ ဖုန်းကို လုယူသွားပေသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ထိုကလေး ဖုန်းကို ခြံဝန်းဘေးရှိ မြေပြင်ပေါ်သို့ အားကုန် ပစ်ချလိုက်ပေသည်။ ဖုန်းမျက် နှာပြင်မှာ ချက်ချင်းကွဲအက်သွားချေသည်။
ဖုန်းပြုတ်ကျသံကြောင့် ရွာသားအချို့ လှည့်ကြည့်ကြသော် လည်း ခေတ္တမျှသာဖြစ်ပြီး သူတို့ စကားဝိုင်းကို ဆက်လက်ဆင်နွှဲနေကြပေသည်။
မကောင်းမှုလုပ်ထားသော ကလေးငယ်မှာ ဂုဏ်ယူဝံ့ကြွားစွာ ပြုံးနေပေသည်။ ဝမ်သိုက် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားမိပေသည်။ သူမအနေဖြင့် ထိုကလေးကို လူပီသအောင် ဆုံးမပေးချင်စိတ် ပေါက်နေပေသည်။
သို့သော် ယခုအခြေအနေက သူမကို ခွင့်မပြုပေ။
"အို၊ တောင်းပန်ပါတယ်ကွယ်၊ အဲ့ဒီကလေး ငယ်သေးတော့ ဆိုးတာပေါ့၊ နားလည်ပေးပါဦး"
ရွာသူကြီး လျော်ကြေးပေးရန် စကားတစ်ခွန်းမျှ မဟဘဲ ဟန်ဆောင်ကောင်းစွာ ပြောလိုက်ပေသည်။
ဝမ်သိုက် ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် သဘောထားကြီးဟန်ဖြင့် ပြုံးပြလိုက်ပေသည်။
"ရပါတယ်ရှင်၊ ဖုန်းတစ်လုံးပဲဥစ္စာ၊ တစ်သောင်းကျော်ပဲ ရှိတာပါ၊ အသစ်လဲဖို့ အခွင့်အရေး ရသွားတာပေါ့"
ရွာသူကြီး မျက်မှောင်ကြုတ်လျက် ဝမ်သိုက်ကို အကဲခတ်လိုက်ပေသည်။
"တစ်သောင်းကျော်တန် ဖုန်းကို အလွယ်တကူ ဝယ်နိုင်တာလား၊ ညည်း တကယ်ချမ်းသာတာပဲ၊ အိမ်မှာ ပိုက်ဆံရှိပုံရတယ်"
ဝမ်သိုက် မေးကို မော့လျက် ခပ်အေးအေးပင် ပြန်ပြောလိုက်ပေသည်။
"အိမ်မှာ ပိုက်ဆံရှိရုံတင် မဟုတ်ပါဘူး၊ ကျန်တာတွေကတော့ ပြောဖို့ မကောင်းလို့ပါ"
သူမ၏ ထိုကဲ့သို့ အမူအရာကြောင့် ရွာသူကြီးမှာ တွေးတောစရာ ဖြစ်သွားပေသည်။ သူ စဉ်းစားနေဟန်ဖြင့် လက်သီးကို မေးစေ့တွင် တင်ထားရင်း ရုတ်တရက် ပြောလိုက်ပေသည်။
"အို၊ ဟိုကလေးတွေ အပေါ်ထပ် တက်သွားကြပြီ၊ မြန်မြန် သွားကြစို့၊ သူတို့ သော့ဖွင့်တတ်တယ်၊ ညည်းရဲ့ ပစ္စည်းတွေ ပျက်စီးကုန်ဦးမယ်"
ဝမ်သိုက်နှင့် ယုံကျာတို့ အပေါ်ထပ်သို့ အမြန်ပြေးတက်သွားကြပေသည်။ အခန်းရှေ့သို့ ရောက်သောအခါ ကလေးတစ်ဦး သော့ကို ဖွင့်နေသည်ကို တွေ့လိုက်ရပေသည်။
ထိုကလေးမှာ ဝမ်သိုက်ဖုန်းကို ပစ်ချခဲ့သော ကလေးပင် ဖြစ်ပေသည်။ ဝမ်သိုက် ထိုကလေး၏ အရှေ့သို့ သွားကာ သူ့ဆံပင်ကို ဆွဲချလိုက်ပေသည်။ သူမ ကလေးမျက်နှာနားသို့ ကပ်ကာ တိုးတိုးလေး ပြောလိုက်ပေသည်။
"ကလေးလေး၊ ငါ့အိမ်မှာ ဘယ်သူမှ ငါ့ကို ဒီလို မလုပ်ဝံ့ဘူး၊ နင့်ကို တစ်ခါသည်းခံတာ အဆုံးစွန်ပဲ၊ အာယုံတို့၊ အဒေါ်တို့၊ ရွာသူကြီးတို့ မျက်နှာကို မထောက်ရင် နင့်ပါးကို ငါ ရိုက်လိုက်မိမှာ ကြာလှပြီ"
သူမ အသံကို မနှိမ့်ဘဲ ပြောလိုက်ခြင်း ဖြစ်ပေသည်။ သူမ လက်ကို ပြန်ရုပ်သိမ်းလိုက်စဉ် ကလေး၏ပါးကို ဖြတ်ခနဲ ရိုက်လိုက်ကာ "ဦးလေးရွာသူကြီး" ဟု လှည့်၍ ခေါ်လိုက်ပေသည်။
ဝမ်သိုက် မျက်လုံးများကို ကစားလျက် အပြစ်လုပ်ထားသော ကလေးငယ်တစ်ဦးကဲ့သို့ ပြောလိုက်ပေသည်။
"ရှင် မြင်သွားပြီလား၊ ကျွန်မ ငယ်ငယ်ကတည်းက ဒီလိုအ စော်ကားမခံဖူးတော့ စိတ်တိုတတ်တယ်၊ ရယ်စရာဖြစ်သွားရင် တောင်းပန်ပါတယ်"
"မဖြစ်ပါဘူး၊ ငါကသာ တောင်းပန်ရမှာပါ.. နင့်လို မြို့ကြီးက လာတဲ့သူ ဒီလိုဆင်းရဲတဲ့နေရာကို လာပြီး လမ်းခရီးကြမ်းတာကိုလည်း မညည်းညူဘူး၊ ဒါ စိတ်တိုတာ မဟုတ်ပါဘူး၊ နားလည်ပေးနိုင်ပါတယ်"
ရွာသူကြီး လေသံပြောင်းသွားကာ ကလေးများကို မောင်းထုတ်လိုက်ပေသည်။
ဝမ်သိုက် ဝရံတာတွင် ရပ်လျက် ရွာသူကြီးထွက်သွားသည်အထိ စောင့်ကြည့်နေပေသည်။
"နင် ခုနက..."
ယုံကျာ ဝမ်သိုက်၏လုပ်ရပ်ကြောင့် အံ့ဩနေပေသည်။
ဝမ်သိုက် အခန်းထဲသို့ဝင်ရန် ပြင်လိုက်ရင်း ယုံကျာကို ကြည့်ကာ ပြောလိုက်ပေသည်။
"အထဲဝင်ပြီးမှ ပြောရအောင်"
တံခါးကို အထဲမှဂျက်ထိုးလိုက်ပြီး လိုက်ကာများကိုလည်း ဆွဲပိတ်လိုက်ပေသည်။