အခန်း ၂၃
Vol. 3 Ch. 23
Chapter 23
"ရွာသူကြီး ကျွန်မကို ပေးပြန်မယ့်ပုံ မပေါ်ဘူး၊ အဲ့ဒီကလေး လုပ်တာတွေ သူ ခိုင်းတာပဲ ဖြစ်ရမယ်၊ ကျွန်မရဲ့တန်ဖိုးကို သူသိအောင် လုပ်ပြရမယ်၊ သူ သံသယ သိပ်ကြီးတာပဲ"
ဝမ်သိုက် ကုလားထိုင်တွင် ထိုင်ကာ ပြောလိုက်ပေသည်။
ယခုအခါ သူမ ချန်စစ်ကျယ်နှင့် အဆက်အသွယ် ပြတ်တောက်သွားချေပြီ။ သူ ဘယ်လိုနေမလဲဆိုသည်ကိုမူ သူမ မသိနိုင်တော့ပေ။
နေရောင်ခြည် ရွှေရောင်သန်းသော ပိုးသားခြုံလွှာကဲ့သို့ တရားရုံးအပြင်ဘက်တွင် လေနှင့်အတူ ငြိမ်သက်စွာ ရွေ့လျားနေပေသည်။
လက်ချုပ်ဝတ်စုံကို သေသပ်စွာ ဝတ်ဆင်ထားသော အမျိုး သားတစ်ဦး၏ ကိုယ်လုံး တင့်တယ်ခန့်ညားလှပေသည်။ သူ့ဘေးတွင် ရပ်နေသော အလတ်တန်းစား အမျိုးသားတစ်ဦး ပြုံးလျက် လက်ဆွဲနှုတ်ဆက်ကာ ချီးကျူးစကား ပြောကြားနေပေသည်။
"ဒီတစ်ခေါက်တော့ ရှေ့နေချန်ကို တကယ်ကျေးဇူးတင်ရပါတယ်၊ ရှေ့နေချန် ငယ်ငယ်ရွယ်ရွယ်နဲ့ တကယ်ကို ထူးချွန်တဲ့ မျိုးဆက်သစ်ပါပဲ"
ချန်စစ်ကျယ် ခေါင်းကို အနည်းငယ် ညိတ်ပြကာ လုပ်ထုံး လုပ်နည်းအတိုင်း ယဉ်ကျေးစွာ တုံ့ပြန်ပြီးနောက် နှုတ်ဆက်ထွက်ခွာလာခဲ့ပေသည်။
သူ လမ်းဘေးတွင် ရပ်ထားသော ကားဆီသို့ လျှောက်သွားရင်း ကျရောက်နေသော နေခြည်များကို ခေတ္တမျှ ငေးကြည့်နေမိသည်။ ရင်ထဲတွင် အကြောင်းရင်းမရှိဘဲ လေးလံနေကာ တောင်တန်းမြင်ကွင်းအချို့ သူ့အာရုံထဲတွင် ရုတ်တရက် ပေါ်လာချေသည်။
ကားမောင်းသူနေရာတွင် ထိုင်လိုက်ပြီးနောက် သူ ဖုန်းကို ထုတ်ယူကာ ဝမ်သိုက်နှင့် စကားပြောထားသော စာမျက်နှာကို ဖွင့်ကြည့်လိုက်ပေသည်။ မနက်က ပို့ထားသော စာ ယခုထိ ပြန်စာမလာသေးဘဲ သူမနှင့် အဆက်အသွယ် ပြတ်တောက်နေသည်မှာ ကိုးနာရီ ရှိနေပြီ ဖြစ်ပေသည်။
သူ ဖုန်းမျက်နှာပြင်ပေါ်တွင် ခေတ္တမျှ တွေဝေနေပြီးနောက် နံပါတ်တစ်ခုကို အမြန်ပင် ခေါ်ဆိုလိုက်ပေသည်။
"ဟယ်လို၊ ဘာဖြစ်လို့လဲ၊ အမှုပြီးသွားပြီလား"
တစ်ဖက်မှ ချန်နျို၏အသံမှာ အံ့ဩခြင်းများနှင့်အတူ ထွက်ပေါ်လာပေသည်။
"မနက်ဖြန် ခွင့်ယူမယ်၊ သန်ဘက်ခါလည်း ယူရလိမ့်မယ်၊ အဲ့ဒီနောက်နေ့လည်း..."
သူ့စကားမဆုံးမီမှာပင် ချန်နျို အလန့်တကြား ဖြတ်ပြောလိုက်ပေသည်။
"ခွင့်ယူမယ် ဟုတ်လား၊ နင် တစ်ခါမှ ခွင့်မယူဖူးတဲ့ စံပြဝန်ထမ်း မဟုတ်လား၊ ဘာဖြစ်လို့လဲ၊ တစ်ခုခု ဖြစ်လို့လား၊ နင့်ကျန်းမာရေးကော အဆင်ပြေရဲ့လား"
ချန်စစ်ကျယ် သက်ပြင်းတစ်ချက်ချကာ ပြန်ပြောလိုက်ပေသည်။
"ချန်နျို.... နင့်ရဲ့ စိတ်ကူးယဉ်မှုတွေကို လျှော့ပါဦး၊ စိတ်ချပါ၊ ငါ မပျောက်နိုင်တဲ့ ရောဂါဖြစ်လို့ လောကကြီးကို နောက်ဆုံးကြည့်ဖို့ ခွင့်ယူတာ မဟုတ်ဘူး၊ ဥပဒေအရ ငါ့ရဲ့ ခွင့်ယူတဲ့ အကြောင်းရင်းက ပုဂ္ဂိုလ်ရေးဆိုင်ရာ လျှို့ဝှက်ချက်ပဲ၊ အရေးကြီးတဲ့ ကိစ္စရှိလို့လို့ပဲ မှတ်ထားလိုက်"
တစ်ဖက်မှ ခေတ္တ တိတ်ဆိတ်သွားပြီးနောက် ချန်နျို၏ စိတ်ပျက်လက်ပျက် အသံ ထွက်ပေါ်လာပေသည်။
"အေးပါ၊ သိပါပြီ၊ နင်က တကယ့် သစ်သားတုံးပဲ၊ ဥပဒေစာချုပ်တွေ ထွင်းထားတဲ့ သစ်သားတုံးကြီး"
သူမစကားမဆုံးမီမှာပင် ချန်စစ်ကျယ် ဖုန်းကို ချလိုက်ပေသည်။ သူ အချိန်အစောဆုံး လေယာဉ်လက်မှတ်ကို ချက်ချင်းဝယ်ယူလိုက်ပြီး ကားကို အိမ်သို့ အမြန်မောင်းနှင်ခဲ့ပေသည်။
ကောင်းကင်ယံတွင် ရွှေရောင်အဆင်းများ လွှမ်းခြုံနေကာ ညချမ်းအချိန်သို့ ရောက်ရှိရန် ပြင်ဆင်နေချေပြီ။ ကားအရှိန် သူ့ရင်ခုန်သံကဲ့သို့ပင် မြန်ဆန်နေကာ ချန်စစ်ကျယ် စိုးရိမ်စိတ်များကြောင့် အသက်ရှူရ ခက်ခဲနေပေသည်။
အကြောင်းရင်းမရှိသော စိတ်ခံစားမှုအရ ဝမ်သိုက် အန္တရာယ်ရှိနေပြီဟု သူ ဗီဇအရ ခံစားနေရပေသည်။
ရေခွက်ကို စားပွဲပေါ်သို့ "တောက်" ခနဲ ပြန်တင်လိုက်ပေသည်။ ဝမ်သိုက် ရေသောက်ပြီးနောက် အခန်းတွင်းရှိ လိုက်ကာများကို လုံအောင် ဆွဲပိတ်လိုက်ပေသည်။
ကုလားထိုင်ပုလေးပေါ်တွင် ထိုင်နေသော သိုလန်နှင့် ဇာကန်တို့ သူမကို စိုးရိမ်တကြီး ကြည့်နေကြကာ ယုံကျာမှာမူ လက်နှစ်ဖက်ကို တင်းတင်းဆုပ်ထားပေသည်။
ဝမ်သိုက် သူတို့ရှေ့ရှိ ကုလားထိုင်တွင် ထိုင်လိုက်ကာ သူမ ပြင်ဆင်လာသော မျက်မှန်အမည်းကို တပ်လိုက်ပေသည်။ ထို့နောက် ခန္ဓာကိုယ်ကို လျှော့ချကာ လက်နှစ်ဖက်ကို အပေါ်သို့ လှန်လျက် မျက်လုံးမှိတ်၍ သူတို့နားမလည်သော စကားများကို ရေရွတ်နေပေသည်။
သူတို့ နားလည်နိုင်သော တစ်ခုတည်းသော စကားမှာ "နာထုန်၊ ရှီချန်း ခါမူကျေးရွာ..." ဟူသော အချက်အလက်များ ဖြစ်ပေသည်။
တိတ်ဆိတ်မှောင်မည်းနေသော အခန်းငယ်လေးထဲတွင် ဝမ်သိုက်၏ တိုးညှင်းသော စကားသံများ လွှမ်းမိုးနေပေသည်။ ခေတ္တအကြာတွင် သူမခန္ဓာကိုယ် လျှပ်စစ်စီးသွားသကဲ့သို့ တုန်ခါသွားကာ လက်နှစ်ဖက်ကို ရှေ့သို့ ဆန့်ထုတ်လိုက်ပေသည်။
သူမ ပြန်လည်ပြောဆိုလိုက်သော အသံ တုန်ရီနေကာ "အဖေ၊ အမေ... အစ်ကို" ဟု ခေါ်လိုက်ပေသည်။ ကာမူကျေးရွာ၏ ဒေသန္တရလေသံအတိုင်း ထွက်ပေါ်လာသော ထိုစကားသံကြောင့် သိုလန်မျက်ရည်များ ချက်ချင်းဝေ့တက်လာပေသည်။
သိုလန် ထိုင်နေရာမှ ဝုန်းခနဲ ထရပ်ကာ ဝမ်သိုက်ရှေ့တွင် ဒူးထောက်မတတ် ပုံစံမျိုးဖြင့် သူမလက်များကို ဆုပ်ကိုင်လိုက်ပေသည်။ ကြမ်းတမ်းသော သိုလန်လက်ဖဝါးနှင့် နူးညံ့သော ဝမ်သိုက်လက်တို့ ထိတွေ့သွားပေသည်။
သူမ ဝမ်သိုက်လက်မောင်းကို မ၍ မျက်မှန်နောက်ကွယ်မှ မျက်လုံးများကို စိုက်ကြည့်နေပေသည်။ သူမ ရှေ့မှ ခန္ဓာကိုယ်ကို ဖြတ်ကျော်၍ အတွင်းရှိ ဝိညာဉ်ကို ကြည့်နေခြင်း ဖြစ်ပေသည်။
"အားနာ၊ ငါ့ရဲ့ အားနာလေး... သမီးလေး ဒုက္ခရောက်ခဲ့ရပြီ၊ ဒုက္ခတွေ အများကြီး ခံခဲ့ရပြီ"
သိုလန် ငိုရှိုက်ရင်း ပြောလိုက်ပေသည်။
ဝမ်သိုက်ခန္ဓာကိုယ်ထဲတွင် ခေတ္တဝင်ရောက်နေသော နာထုန် ခေါင်းခါလျက် ထိုင်နေရာမှ ထရပ်လိုက်ပေသည်။ သူမ သိုလန်ကို တွဲထူပေးကာ မျက်မှန်အောက်မှ မျက်ရည်များ စီးကျလာပေသည်။
"သမီး အမေတို့ကို အရမ်းလွမ်းတာပဲ၊ သမီး လယ်ကွင်းထဲကနေ ထွက်လို့မရဘူး၊ အမေတို့ လာမလားလို့ နေ့တိုင်း စောင့်နေခဲ့တာ၊ ဒါပေမဲ့ သမီး မျှော်လင့်သလို ဖြစ်မလာခဲ့ဘူး"
လယ်ကွင်းမှာ နာထုန်သေဆုံးခဲ့သည့် နေရာဖြစ်ပေသည်။
ဇာကန်လည်း ထိုင်နေရာမှ ထရပ်ကာ ငိုယိုနေသော သားအမိနှစ်ဦးနားသို့ တုန်ရီသော ခြေလှမ်းများဖြင့် လျှောက်လာပေသည်။ သူ့မျက်လုံးများထဲတွင် ရှုပ်ထွေးသော ခံစားချက်များဖြင့် ဝမ်သိုက်ကို စိုက်ကြည့်နေပေသည်။
ရှေ့မှ ခန္ဓာကိုယ် စိမ်းသက်နေသော်လည်း အတွင်းမှ ထွက်ပေါ်နေသော ရင်းနှီးမှုကြောင့် သူ မနေနိုင်ဘဲ သူမပခုံးကို ကိုင်လိုက်ပေသည်။ သူ စကားလုံးများကို အနိုင်နိုင် မျိုသိပ်ကာ "အားနာ..." ဟုသာ ခေါ်နိုင်တော့ပေသည်။
လူကြမ်းအမျိုးသားကြီး ဇာကန်လည်း မျက်ရည်များ ကျလာချေပြီ။ သူ သမီးဖြစ်သူပခုံးကို တင်းတင်းဆုပ်ကိုင်ထားချင်သော်လည်း အားမစိုက်ဝံ့ပေ။ သူ ဆုပ်ကိုင်ထားချင်သည်မှာ ဤခန္ဓာကိုယ်မဟုတ်ဘဲ အတွင်းရှိ ဝိညာဉ်သာ ဖြစ်ပေသည်။
"အဖေ သမီးကို တောင်းပန်ပါတယ်၊ အဖေ အသုံးမကျလို့ပါ၊ ကိုယ့်သမီးကိုတောင် မကာကွယ်နိုင်ခဲ့ဘူး"
ဇာကန် မိမိကိုယ်ကိုယ် အပြစ်တင်ရင်း ပေါင်ကို လက်သီးဖြင့် ထုနှက်နေပေသည်။
နာထုန် ဇာကန်ကို ကြည့်ကာ သူ့လက်ကို အမြန်ပင် တားလိုက်ပေသည်။
"မဟုတ်ဘူး၊ အဖေ့အပြစ် မဟုတ်ပါဘူး၊ ဘယ်သူ့အပြစ်မှ မဟုတ်ဘူး၊ အပြစ်ရှိတာ သူတို့ပဲ၊ အဲ့ဒီလူယုတ်မာတွေပဲ၊ ရွာသူကြီးတို့က ငါတို့ရွာ ဝေးလံတာကို အခွင့်ကောင်းယူပြီး သူတို့ပိုင်နက်လို လုပ်ထားကြတာ၊ အပြင်လူတွေလည်း ဒီကို မလာချင်ကြဘူး၊ အကူအညီတောင်းဖို့လည်း မလွယ်ဘူးလေ"
"ရွာထဲက လူတွေ အများကြီး ရွာသူကြီးရဲ့ အစေခံတွေ ဖြစ်နေကြပြီ၊ အဖေတို့သာ သမီးအတွက် စိတ်လိုက်မာန်ပါ လုပ်မိရင် သမီး ပိုပြီး စိတ်မကောင်းဖြစ်ရလိမ့်မယ်၊ သူတို့ အဖေတို့ကို ဘယ်လို ပြန်ပြီး ကလဲ့စားချေမလဲ မသိနိုင်ဘူးလေ”
“သမီး စာထဲမှာ ဖတ်ဖူးတယ် 'သားငါးယောက်နဲ့ သမီးတစ်ယောက်ကို မလဲနိုင်ဘူး' ဆိုတာလေ၊ သမီးကြောင့် အဖေတို့ ဒုက္ခမရောက်စေချင်ဘူး၊ လူ့သဘာဝဆိုတာ အမှောင်ဖုံးတဲ့ နေရာမှာ ပိုပြီးတော့ ကြောက်ဖို့ကောင်းတယ်"
နာထုန့်အသံမှာ တဖြည်းဖြည်း တိုးဝင်သွားပေသည်။ သူမ ခေါင်းငုံ့လျက် ဝမ်းနည်းနေချေသည်။
ယုံကျာလည်း ထိုင်နေရာမှ ထရပ်လိုက်ပေသည်။ သူ့မျက်လုံးများ နီရဲနေကာ မျက်ရည်များဖြင့် ပြည့်နှက်နေပေသည်။ သူ နာထုန်ကို ကြည့်ကာ မေးလိုက်ပေသည်။
"ကျန့်ဖူ လုပ်တာလား၊ ညီမလေး တစ်ခုခု သက်သေချန်ထားခဲ့လား"
နာထုန် ခေါင်းခါလိုက်ပေသည်။
"သူ မဟုတ်ဘူး၊ ရွာသူကြီးပဲ၊ သမီး သက်သေချန်ထားခဲ့ပါတယ်၊ သူ သမီးကို စော်ကားနေတုန်းမှာ သမီး မြေကြီးပေါ်မှာ သူ့နာမည်ကို လက်နဲ့ ခြစ်ထားခဲ့တယ်၊ ပြီးတော့ မြက်ပင်တွေနဲ့ ဖုံးထားလိုက်တယ်၊ သူက သူ့သားထက် ပိုပြီးတောင် ယုတ်ညံ့သေးတယ်၊ သူက သိပ်ပြီးမာန်တက်နေတာ၊ သမီးအလောင်းကို တွေ့ရင်တောင် သူ ဘာမှမဖြစ်ဘူးလို့ ယုံကြည်နေတာ”
“အဲ့ဒါကြောင့် သူ သေသေချာချာ မစစ်ဆေးဘဲ သမီးရဲ့ အဝတ်အစားတွေကိုပဲ မီးရှို့သွားတာ၊ သမီး အဲ့ဒီမှာပဲ အမြဲစောင့်နေခဲ့တာ၊ တောကောင်တွေ လာရင်တောင် သမီး ခြောက်လှန့်ပြီး မောင်းထုတ်ခဲ့တယ်"
ဆယ်ကျော်သက်အရွယ်သာ ရှိသေးသော နာထုန် သေဆုံးသွားပြီ ဖြစ်သော်လည်း အလွန်တည်ငြိမ်နေပေသည်။
ယုံကျာ ဒေါသများကို မထိန်းနိုင်ဘဲ လက်သီးကို တင်းတင်းဆုပ်ထားမိပေသည်။ သူ ချက်ချင်း ထိုနေရာသို့ သွား၍ ဓာတ်ပုံရိုက်ရန် ပြင်ဆင်တော့ပေသည်။
ထိုစဉ် ဝမ်သိုက်၏ဝိညာဉ်က နာထုန်ကို လှမ်း၍ သတိပေးလိုက်ပေသည်။
"နင့်အစ်ကိုကို မြန်မြန်တားလိုက်၊ သူ အခုသွားပြီး ဓာတ်ပုံရိုက်တာ ဘာမှ အသုံးမဝင်ဘူး၊ တစ်ဖက်လူက အဲ့ဒါကို သူကိုယ်တိုင် ခြစ်ထားတာလို့ ပြောရင်လည်းရတာပဲ၊ အကယ်၍ သူတို့ တွေ့သွားရင် ပိုဆိုးကုန်မယ်၊ သက်သေတွေပါ ဖျက်ဆီးခံရလိမ့်မယ်”
“ငါ့အဖော် အရာရှိတွေနဲ့ မကြာခင် ရောက်လာတော့မယ်၊ အဲ့ဒီကျမှ အရာရှိတွေကို အမှတ်မထင် တွေ့သလိုမျိုး လုပ်ပြလိုက်တာ ပိုကောင်းတယ်၊ အခုတော့ လောမကြီးပါနဲ့ဦး"
နာထုန် ဝမ်သိုက် ပြောသည့်အတိုင်း ယုံကျာကို ပြန်လည်ပြောပြလိုက်ပေသည်။ သူမ မိသားစုကိုကြည့်ကာ ခွဲခွာရတော့မည်ကို ဝမ်းနည်းနေပေသည်။
"သမီး လယ်ကွင်းကို ပြန်သွားရတော့မယ်၊ တစ်ခဏလေးတောင် မျက်စိအောက်က အပျောက်မခံနိုင်ဘူး၊ အဖေတို့၊ အမေတို့ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ကြပါ၊ အဖေလည်း တောထဲမှာ အလုပ် သိပ်မလုပ်ပါနဲ့တော့၊ ကတ်ထဲမှာလည်း ပိုက်ဆံတွေ ရှိနေတာပဲ မဟုတ်လား၊ အမေလည်း ခါးနာရင် အနားယူပါ၊ ပိုက်ဆံကို ချွေတာမနေပါနဲ့”
“သမီးက အဖေတို့အတွက် အများကြီး ချွေတာပေးခဲ့တယ် မဟုတ်လား၊ အစ်ကိုအားယုံလည်း ရည်းစားထားဖို့ အချိန် တန်ပါပြီ၊ အစ်ကို မင်္ဂလာဆောင်ရင် သမီး တိတ်တိတ်လေး လာကြည့်မှာပါ၊ နောက်ဆိုရင် ဘိုးဘွားတွေဆီမှာ ဆုတောင်းမနေပါနဲ့တော့၊ သမီးကပဲ အဖေတို့ကို စောင့်ရှောက်ပေးပါ့မယ်"