အခန်း ၂၄
Vol. 3 Ch. 24
Chapter 24
သူမ နောက်ပြောင်သော စကားများဖြင့် နှုတ်ဆက်နေသော် လည်း တုန်ရီနေသော အသံကြောင့် ဝမ်းနည်းမှု ပို၍
ထင်ရှားနေပေသည်။
ခေတ္တမျှအတွင်းမှာပင် ဝမ်သိုက်ခန္ဓာကိုယ်ထဲမှ ရင်းနှီးသော ခံစားချက် ပျောက်ကွယ်သွားပေသည်။ ဝမ်သိုက် မျက်မှန်ကိုချွတ်လိုက်ကာ မျက်ရည်များကို သုတ်လိုက်ပေသည်။
"သူ ထွက်သွားပါပြီ"
သိုလန် မျက်နှာကို လက်ဖြင့်အုပ်ကာ ရှိုက်ကြီးတငင် ငိုကြွေးနေပေသည်။ ဇာကန်မှာမူ တိတ်ဆိတ်စွာပင် မျက်ရည်ကျနေပေသည်။
"မျက်မှန်တပ်ထားတာ ဝိညာဉ်ဝင်နေတုန်းမှာ ကျွန်မရဲ့ မျက် လုံးတွေ ဖြူနေတတ်လို့ပါ၊ ရှင်တို့ကို လန့်သွားမှာ စိုးလို့ပါ၊ နာထုန် သိပ်တော်တဲ့ ကောင်မလေးပဲ၊ သူ နောက်ဘဝမှာ ကံကောင်းမှာပါ၊ အခုတော့ ကျွန်မတို့ စိတ်ကို ထိန်းကြရ အောင်၊ ပြဿနာတွေ လာနေပြီ"
ဝမ်သိုက် တံခါးဘက်သို့ ကြည့်ကာ ပြောလိုက်ပေသည်။
ထိုစဉ် တံခါးကို ပြင်းထန်စွာ ခေါက်သံနှင့်အတူ ရွာသူကြီး၏ အော်သံ ထွက်ပေါ်လာပေသည်။
"တံခါးဖွင့်စမ်း"
အပြင်ဘက်တွင် လူအများအပြား ရှိနေဟန် တူပေသည်။ ဝမ်သိုက် တံခါးကို ဖွင့်ရန် ပြင်လိုက်စဉ် ယုံကျာ သူမကို တားဆီးကာ ရှေ့သို့ ထွက်သွားပေသည်။
တံခါးပွင့်သွားသည်နှင့်အပြင်ဘက်မှ လင်းထိန်သော အလင်း ရောင်များ အခန်းထဲသို့ တိုးဝင်လာပေသည်။
တံခါးဝတွင် ရွာသူကြီး တုတ်တစ်ချောင်းကို ကိုင်ကာ ရပ်နေပြီး သူ့နောက်တွင် ကျန့်ဖူနှင့် ရွာသားအချို့ ရှိနေကြပေသည်။ ရွာသူကြီးဘေးတွင် ရပ်နေသော အမျိုးသားတစ်ဦး တိုးတိုးလေး ပြောလိုက်ပေသည်။
"ကျွန်တော် ဒီမှာ စောင့်ကြည့်နေတာကြာပြီ၊ သူတို့ အထဲဝင်သွားတာနဲ့ လိုက်ကာတွေ အကုန်ပိတ်ပစ်တာ၊ အထဲကနေ 'အဖေ' 'အမေ' လို့ ခေါ်ပြီး ငိုနေတဲ့ အသံတွေကိုလည်း ကြားလိုက်ရတယ်"
ရွာသူကြီး မျက်နှာပျက်လျက် ယုံကျာကိုကြည့်ကာ မေးလိုက်ပေသည်။
"မင်းတို့မှာ ဘာရှင်းပြစရာ ရှိလဲ၊ အားယုံ၊ ဒီမိန်းကလေး တကယ်ပဲ မင်းရဲ့ ရည်းစား ဟုတ်ရဲ့လား"
ယုံကျာ ဝမ်သိုက်ကို မိမိနောက်တွင် ကွယ်ထားကာ တည်ငြိမ်စွာပင် ပြန်ပြောလိုက်ပေသည်။
"ဒါပေါ့၊ ကျွန်တော်တို့ အွန်လိုင်းမှာ သိတာ တစ်နှစ်ရှိပြီ၊ ရည်းစားဖြစ်တာ ခြောက်လရှိပြီ၊ အဲ့ဒါကြောင့် သူ ကျွန်တော့်ဆီ လာလည်တာပေါ့၊ ဦးလေးအားဖု၊ ဒီလူ ဘာတွေ လာပြောလဲတော့ ကျွန်တော် မသိဘူး၊ ဒါပေမဲ့ တစ်ဖက်သတ် စကားကိုပဲ နားမထောင်ပါနဲ့၊ ကျွန်တော်တို့ သူများပစ္စည်း ခိုးတာလည်း မဟုတ်ဘူး၊ ကိုယ့်အိမ်ထဲမှာ ကိုယ် စကားပြောနေတာကို ဘာလို့ လာပြီးစစ်ဆေးနေတာလဲ"
ယုံကျာ နာထုန်ထံမှ အဖြစ်မှန်ကို သိရှိသွားပြီ ဖြစ်သဖြင့် သူ့ဒေါသများကို အနိုင်နိုင် ထိန်းချုပ်ကာ ပြောဆိုနေခြင်း ဖြစ်သည်။
ရုတ်တရက် အမျိုးသားတစ်ဦး၏ နောက်သို့ တွန်းပို့ခံလိုက်ရသဖြင့် ဝမ်သိုက်အမြင်အာရုံ ကွယ်သွားပေသည်။ နှစ်ဖက်အပြန်အလှန် စကားနာထိုးနေကြသည်ကို နားထောင်ရင်း သူမ တုံ့ပြန်မည့်စကားလုံးများကို အမြန်ပင် စီစဉ်လိုက်ပေသည်။
ထို့နောက် သူမကို ကာကွယ်ထားသော ယုံကျာ၏ လက် မောင်းကို ဖယ်ရှားကာ ဘေးသို့ တိုးထွက်လိုက်ပေသည်။ သူမ ရွာသူကြီး၏စောင်းမြောင်းကြည့်တတ်သော မျက်လုံးများကို တည်ငြိမ်စွာ စိုက်ကြည့်လျက် နှုတ်ခမ်းထောင့်ကို အနည်းငယ်တင်၍ ပြုံးလိုက်ပေသည်။
"ဘာတွေ ဆူညံနေကြတာလဲ၊ ဘာလို့ ရန်ဖြစ်နေကြတာလဲ"
"ဦးလေးအားဖု၊ ဦးလေး ဒီလို ကောလာဟလတွေကို ယုံပြီး လုပ်တာတော့ တကယ်ကို မသင့်တော်ပါဘူး၊ ကျွန်မတို့ဆီမှာဆိုရင် ဒီလိုမျိုး တစ်ခါမှမကြုံဖူးဘူး၊ အိမ်ထဲကို ခွင့်ပြုချက်မရှိဘဲ ချောင်းကြည့်တဲ့လူကို မဆုံးမဘဲနဲ့ အပုပ်ချခံရတဲ့ ကျွန်မတို့လို ဒုက္ခသည်တွေကို လာပြီး စစ်ဆေးနေရတာလဲ”
“ကျွန်မ လိုက်ကာပိတ်ထားတာကို ကြိုက်တာလေ၊ လိုက်ကာပိတ်ထားမှ လူအချင်းချင်းပိုပြီး ရိုးသားတဲ့ ခံစားချက်မျိုး ရမှာမဟုတ်လား... ဟုတ်ပါတယ်၊ 'အဖေ' နဲ့ 'အမေ' လို့ ခေါ်တာ ကျွန်မပါ၊ သူတို့သမီးလေး ဆုံးသွားတဲ့အကြောင်း ပြောပြလို့ စိတ်မကောင်းဖြစ်ပြီး နောက်ဆို ကျွန်မကပဲ သူတို့သမီးအဖြစ်နေပေးမယ်လို့ ပြောမိတာ၊ အဲ့ဒါ ဘာပြဿနာရှိလို့လဲ"
ဝမ်သိုက် ရွာသူကြီးဘေးတွင် ကပ်ရပ်နေသော လူယုံတော်ကို စိုက်ကြည့်ကာ ခပ်စူးစူးမေးလိုက်ပေသည်။
"နင့်မှာ သမီးရှိလား၊ ရှိမှာမဟုတ်ပါဘူး၊ ဒါပေမဲ့ အမေတော့ ရှိမှာပေါ့၊ နင့်အမေ သေရင် နင် မငိုဘူးလား၊ နင့်အမေ သေတဲ့အကြောင်း ပြောရင် နင် မငိုဘူးလား"
ဝမ်သိုက်၏ အမေးအောက်တွင် ထိုလူ ဘာမှပြန်မပြောနိုင်ဘဲ မျက်နှာပျက်ကာ ခေါင်းငုံ့သွားပေသည်။
"ဒီမိန်းကလေးကတော့ တကယ့်ကို ယဉ်ကျေးမှု မရှိတာပဲ..." ဟု တိုးတိုးလေး ရေရွတ်နေမိသည်။
"နင်ကော ယဉ်ကျေးမှုရှိလို့လား၊ ယဉ်ကျေးမှုရှိတဲ့လူ သူများအိမ်ကို အကြောင်းမကြားဘဲ လာမလား၊ ချောင်းကြည့်ရုံတင်မကဘဲ တံခါးမှာပါ လာနားထောင်သေးတယ်၊ ရှင့်လိုလူမျိုးကိုသာ လီကျိုးမှာဆိုရင် ကျွန်မအဖေ သိသွားရင် ရှင်"
သူမ စကားကို ဖြတ်ခနဲ ရပ်လိုက်ပေသည်။ ညွှန်ထားသော လက်ချောင်းကို ပြန်ရုပ်သိမ်းလိုက်ကာ စကားမှားသွားသဖြင့် နောင်တရနေသည့် အမူအရာကို လုပ်ပြလိုက်ပေသည်။
ရွာသူကြီးအားဖု တုတ်ကို ကိုင်ထားသော လက်ကိုလှုပ်ရှားလိုက်ကာ သူ့မျက်လုံးထဲမှ ရက်စက်မှုများ ပြန်လည် ပျောက်ကွယ်သွားပေသည်။ သူ ကျယ်လောင်စွာ ရယ်မောလိုက်ပြီး တုတ်ကို ဘေးမှလူအား ပေးလိုက်ပေသည်။
"ကဲပါ၊ ကဲပါ၊ ဒီတစ်ခါတော့ ငါပဲ မှားသွားတာပါ၊ တောင်းပန်ပါတယ်၊ ဝမ်သိုက်၊ နင့်ရဲ့ ဒီလို ပွင့်လင်းတဲ့ စိတ်ဓာတ်ကို ငါ သဘောကျတယ်၊ ငါတို့တောင်ပေါ်က မိန်းကလေးတွေလိုပဲ ပွင့်လင်းချက်ပဲ။ ဒီနေ့တော့ ဦးလေး တောင်းပန်ပါတယ်၊ ဒီကိစ္စကို ဒီမှာတင် အဆုံးသတ်လိုက်ကြစို့"
သူ အခန်းထဲတွင် ရှိနေသေးသော သိုလန်နှင့် ဇာကန်တို့ကို ကြည့်လိုက်ပေသည်။ သိုလန်မှာ ဝမ်းနည်းမှုမှ မရုန်းထွက်နိုင်သေးဘဲ အငြင်းပွားမှုများကို ဂရုမစိုက်နိုင်အားပေ။ ဇာကန်မှာမူ ခေါင်းငုံ့နေကာ အပြင်ဘက်မှ လင်းထိန်သော အလင်း ရောင် သူ့အပေါ်သို့ ကျရောက်နေပေသည်။
ရွာသူကြီး မျက်မှောင်ကြုတ်လျက် ခပ်ဩဩအသံဖြင့် ပြောလိုက်ပေသည်။
"သိုလန်၊ ဇာကန်၊ မင်းတို့ လည်းကြည့်ထိန်းဦး၊ ဝမ်သိုက် ငါတို့ရွာကို လာလည်တာလေ၊ ဘာလို့ စိတ်မကောင်းစရာတွေ လျှောက်ပြောနေတာလဲ၊ ပြီးခဲ့တာတွေ ပြီးခဲ့ပြီလို့ ငါပြောသားပဲ၊ အဲ့ဒါကိုပဲ ဆုပ်ကိုင်ထားရင် စိတ်ရောဂါ ရလိမ့်မယ်"
သူ့မျက်လုံးများ အေးစက်သော ဓားသွားများကဲ့သို့ စူးရှနေပေသည်။
ဝမ်သိုက် မိုက်မဲသော သူဌေးသမီးလေးအဖြစ် ဆက်လက်သရုပ်ဆောင်ကာ လက်ကို ခါယမ်းပြလိုက်ပေသည်။
"ရပါတယ်၊ သူတို့ရဲ့ ရင်ဖွင့်သံတွေကို နားထောင်ပေးချင်တာပါ၊ အဲ့ဒါမှ မိသားစုနဲ့ တူမှာပေါ့၊ ကဲ... ဒီကိစ္စကို ဒီမှာတင် ပြီးလိုက်ကြစို့၊ လူတွေလည်း လူစုခွဲလိုက်ကြပါတော့၊ ဒီမှာ ရပ်နေရတာ ပင်ပန်းပါတယ်၊ ကျွန်မကတော့ သွားနားတော့မယ်"
သူမ ယုံကျာ၏လက်မောင်းကိုဆွဲကာ လူအုပ်ကြားမှတိုးထွက်၍ အပေါ်ထပ်သို့ တက်လာခဲ့ပေသည်။ သူမမျက်လုံးထဲတွင်မူ အတွေးများစွာ ရှိနေချေပြီ။ ဤရွာတွင် နံရံများ၌ပင် နားများရှိနေကာ နေရာတိုင်းတွင် မျက်လုံးများ စောင့်ကြည့်နေပေသည်။
မြို့နယ်အတွင်းရှိ ရဲစခန်းမှာ သေးငယ်သော အဆောက်အအုံလေးတစ်ခုသာ ဖြစ်သော်လည်း ညဘက်တွင် မီးလင်းနေသော ဆိုင်းဘုတ် ထင်ရှားလှပေသည်။
"ကျွန်တော် ရှေ့နေပါ၊ ဥပဒေတွေကို ကျွန်တော် မမေ့သေးပါဘူး၊ ကျွန်တော့်သူငယ်ချင်းနဲ့ အဆက်အသွယ်ပြတ်နေတာ တစ်ရက်ရှိပါပြီ၊ သူ ကြိုတင်မှာထားတယ်၊ အဆက်အသွယ်ပြတ်ရင် အရာရှိတွေကို ခေါ်ပြီး လိုက်ရှာပါလို့၊ ခါးမူကျေးရွာက လူတွေ အွန်လိုင်းကနေ ကျွန်တော်တို့ကို အကူအညီတောင်းထားတာပါ၊ သူတို့ တိုင်ချက်မဖွင့်တာ ပြောရခက်တဲ့ အကြောင်းရင်းတွေ ရှိလို့ပါ"
ချန်စစ်ကျယ် ရောက်ရောက်ချင်းပင် ဟိုတယ်တွင် အိတ်များကို ချထားခဲ့ကာ ရဲစခန်းသို့ ပြေးလာခဲ့ခြင်း ဖြစ်ပေသည်။ သူ ဝမ်သိုက်နှင့် စကားပြောထားသော မှတ်တမ်းများကို ပြသကာ အရာရှိများကို အနိုင်နိုင် နားချလိုက်ရပေသည်။