အခန်း ၂၅
Vol. 3 Ch. 25
Chapter 25
တာဝန်ကျအရာရှိသည် ထိုင်နေရာမှ ထရပ်ကာ တစ်စုံတစ် ယောက်ကို ဖုန်းဆက်ရန် ပြင်လိုက်ပေသည်။
ချန်စစ်ကျယ်က ထိုအရာရှိကို တားဆီးကာ တည်ငြိမ်စွာ ပြောလိုက်ပေသည်။
"ခဏစောင့်ပါဦး၊ ခါးမူကျေးရွာက မြေပုံမှာ ရှာလို့မရပါဘူး၊ ကျွန်တော့်သူငယ်ချင်းက လမ်းပြမယ့်သူကို ကြိုရှာထားပါတယ်၊ အခုက ညဉ့်နက်နေပြီဆိုတော့ မနက်မှ ထွက်ကြတာပေါ့"
အရာရှိက ပြုံးလျက် ချန်စစ်ကျယ်ကို ကြည့်ကာ ပြောလိုက်ပေသည်။
"မြို့ကြီးက လာတာဆိုတော့ တကယ်ကို စေ့စပ်တာပဲ၊ ခင်ဗျားတို့သူငယ်ချင်းနှစ်ယောက်က စုံထောက်တွေလိုပဲ၊ ခင်ဗျားသူငယ်ချင်းကလည်း တော်တော်ကို တော်တာပဲ၊ ဒါပေမဲ့ နောက်ဆိုရင် ဒီလိုမျိုး ကိုယ့်ဘာသာ ကိုယ် မလုပ်ပါနဲ့၊ အန္တရာယ်ရှိတယ်၊ အဲ့ဒီရွာက သိပ်ပြီးခေါင်တာ"
ချန်စစ်ကျယ်သည် လေယာဉ်စီး၊ တက္ကစီစီးကာ ပင်ပန်းနေသော်လည်း အရာရှိနှင့် မနက်အစောကြီး တွေ့ရန် ချိန်းဆိုပြီးနောက် ထွက်လာခဲ့ပေသည်။
မြို့နယ်အတွင်းရှိ ဟိုတယ်ဆိုသည်မှာ ရိုးရိုးအိမ်များကို ပြန်ပြင်ထားခြင်းသာ ဖြစ်ပေသည်။ ချန်စစ်ကျယ်သည် ပင်ပန်းလွန်းသဖြင့် အိပ်ပျော်သွားသော်လည်း စိုးရိမ်စိတ်များကြောင့် အိပ်မက်များစွာ မက်နေမိပေသည်။
သူ အသက် (၁၃) နှစ်အရွယ်က မက်ခဲ့ဖူးသော အိပ်မက်ကို ထပ်မံမက်ပြန်ပေသည်။ စစ်မီးများ တောက်လောင်နေသော ကမ္ဘာတွင် ဓားလှံချင်း ထိခိုက်သံများမှာ ဆူညံနေပေသည်။
သူသည် ဒဏ်ရာများဖြင့် တိုက်ပွဲဝင်နေရင်း လူတစ်ယောက် ၏အမည်ကို ခေါ်သံ ကြားလိုက်ရပေသည်။
"ချန်စစ်ကျယ်"
ထိုခေါ်သံမှာ သူမ ဖြစ်ကြောင်း သူသိပေသည်။
သူသည် ဒဏ်ရာများဖြင့် လဲကျလုနီးပါး ဖြစ်နေစဉ် သွယ်လျသော ပုံရိပ်တစ်ခုက သူ့ဆီသို့ ပြေးလာပေသည်။ သူမသည် ဓားကို ကိုင်လျက် သူ့ကို ကာကွယ်ပေးကာ တင်းတင်းကျပ် ကျပ် ဖက်ထားပေသည်။ သူမ၏ တုန်ရီနေသော အသံဖြင့် "သေတဲ့အထိ အတူ နေသွားပါ့မယ်" ဟု ပြောနေပေသည်။
မြှားမိုးများအောက်တွင် သူမက ပြောလိုက်ပေသည်။
"ငါ နင့်ကို ချစ်တယ်"
သူကလည်း နောက်ဆုံးခွန်အားကို သုံး၍ ပြန်ပြောလိုက်ပေသည်။
"ငါလည်း အတူတူပါပဲ"
မိုးအုံ့နေသော ကောင်းကင်ကြောင့် လူကို စိတ်မသက်မသာ ဖြစ်စေပေသည်။
ခုနစ်ရက်တိုင်တိုင် သာယာခဲ့သော ရာသီဥတုမှာ ယနေ့မှ မိုးရွာရန် ပြင်နေချေပြီ။ ဝမ်သိုက်တို့ မိသားစုမှာ စိုးရိမ်နေကြပေသည်။ မိုးရွာလိုက်ပါက သက်သေများမှာ ပျက်စီးသွားနိုင်ပေသည်။
ထိုစဉ် ဝမ်သိုက် စိတ်ထဲမှ အသံက ပြောလိုက်ပေသည်။
"မပူပါနဲ့၊ ငါ အရာရှိတွေနဲ့အတူ လာနေပြီ"
ဝမ်သိုက်သည် ရင်ပြင်ဝတွင် ထိုင်လျက် ကျောက်ခဲဖြင့် မြေကြီးကို ခြစ်နေမိပေသည်။ သူမသည် ချန်စစ်ကျယ်ကို စောင့်ဆိုင်းရင်း စိုးရိမ်စိတ်များ လွှမ်းမိုးနေပေသည်။
"မိုးရွာတော့မယ်၊ ကျွန်မတို့ သက်သေကိုသွားပြီး ကာကွယ်ထားရအောင်၊ ချန်စစ်ကျယ်တို့လည်း လာနေပြီ"
ဝမ်သိုက် ယုံကျာကို ပြောလိုက်ပေသည်။
သူတို့သည် အဝတ်စုတ်ဘူးခွံတစ်ခုကို ယူကာ လယ်ကွင်းဆီသို့ ထွက်လာခဲ့ကြပေသည်။ ရွာသားများက သူတို့ကို စိုက်ကြည့်နေကြသော်လည်း ဝမ်သိုက်သည် မိုက်မဲသော သူဌေးသမီးလေးအဖြစ် သရုပ်ဆောင်ကာ သူတို့ကို လှည့်စားခဲ့ပေသည်။
"လယ်ကွင်းကို သွားကြည့်ချင်လို့ပါ၊ ကျွန်မက မြို့မှာပဲ နေတာဆိုတော့ စပါးပင်တွေကို မမြင်ဖူးဘူးလေ"
ရွာသားများမှာ "တကယ့်ကို သူဌေးသမီးပဲ၊ အလုပ်မရှိ အလုပ်ရှာနေတယ်" ဟု အပြစ်တင်နေကြသော်လည်း သူတို့ကမူ ဂရုမစိုက်အားပေ။
ရွာအပြင်ဘက်သို့ ရောက်သောအခါ ဆိုင်ကယ်သံများကို ကြားလိုက်ရပေသည်။ လမ်းပြအမျိုးသမီးနှင့်အတူ ပါလာသော လူအုပ်ထဲတွင် ဝမ်သိုက်သည် အမျိုးသားတစ်ဦးကို မြင်လိုက်ရပေသည်။
သူသည် ဖုန်မှုန့်များဖြင့် ပေကျံနေသော်လည်း ဝမ်သိုက်ကို မြင်လိုက်ရသည်နှင့် ပြေးလာခဲ့ပေသည်။
ချန်စစ်ကျယ် ဝမ်သိုက်ကို ကြည့်ကာ အမောတကောဖြင့် ပြောလိုက်ပေသည်။
"ငါ လာပြီ"
စကားသုံးလုံးတည်း ဖြစ်သော်လည်း ဝမ်သိုက်အတွက်မူ အားရှိသွားပေသည်။ သူမ မျက်ရည်များမှာ ဝေ့တက်လာပေသည်။
"နင် အချိန်မီ ရောက်လာတာ တော်သေးတာပေါ့၊ မဟုတ်ရင် သက်သေတွေ ပျက်စီးတော့မှာ၊ မိုးရွာတော့မယ်၊ လာ... သက်သေရှိတဲ့နေရာကို သွားရအောင်"
ဝမ်သိုက်သည် အရာရှိများကို လမ်းညွှန်ပြသကာ အမှုမှန်ပေါ်ပေါက်ရေးအတွက် အတူတူ ထွက်ခွာသွားကြသည်။
ရွာအဝင်ဝမှ လေတိုက်သံနှင့်အတူ ဝမ်သိုက်နှင့် ယုံကျာနောက်သို့ တိတ်တဆိတ် လိုက်ပါချောင်းမြောင်းနေသော ရွာသားတစ်ဦးသည် အခြေအနေကို အကုန်အစင် ကြားသိသွားပေသည်။ သူသည် ခန္ဓာကိုယ်ကို ယိမ်းထိုးလျက် ရွာထဲသို့ အမြန်ပြန်ပြေးကာ ရွာသူကြီးထံ သတင်းပို့ရန် ပြင်ဆင်နေချေပြီ။
အရာရှိများ ရောက်ရှိလာသည့်အခါ ချန်စစ်ကျယ်၏ ဖျောင်း ဖျပြောဆိုနိုင်စွမ်းကြောင့် အခင်းဖြစ်ပွားရာကို စစ်ဆေးမည့် ကျွမ်းကျင်သူများပါ ပါဝင်လာပေသည်။ ဝမ်သိုက်သည် ချန်စစ်ကျယ်၏ ဘေးတွင် ကပ်၍လျှောက်လှမ်းနေရင်း မသိစိတ်အရ သူနှင့် နီးကပ်စွာ နေမိပေသည်။ သူမက တိုးတိုးလေး မေးလိုက်ပေသည်။
"နင် သူတို့ကို ဘယ်လိုပြောလိုက်တာလဲ၊ နာထုန်က သက်သေချန်ထားခဲ့တယ်ဆိုတာ ငါလည်း နင့်ကို မပြောရသေးဘူးလေ"
ချန်စစ်ကျယ်သည် ဝမ်သိုက်၏ နူးညံ့သောအသားအရေနှင့် ထိမိသွားသဖြင့် အနည်းငယ် ရှက်ကိုးရှက်ကန်း ဖြစ်သွားကာ သူ၏ ရွှံ့ပေနေသော လက်မောင်းကို အသာအယာ ပြန်ခွာ လိုက်ပေသည်။ သူ့ မျက်လုံးများက ဝမ်သိုက်ကို တစ်ချက်ကြည့်ကာ ပြန်ပြောလိုက်ပေသည်။
"ဒါက ဦးနှောက်သုံးရုံပဲလေ၊ နာထုန်က သက်သေမချန်ခဲ့ရင် တောင် မြှုပ်ထားတဲ့ အလောင်း ကိုယ်တိုင်က သက်သေပဲလေ၊ သင်္ဂြိုဟ်ပြီးသားဆိုပေမဲ့လည်း ပြန်တူးပြီး စစ်ဆေးလို့ ရတာပဲ မဟုတ်လား"
ဝမ်သိုက်က "အော်" ဟုသာ တုံ့ပြန်ပြီး ရှေ့တွင် လမ်းပြနေသော ယုံကျာဆီသို့ အပြေးလေး လိုက်သွားပေသည်။ သူမသည် လယ်ကွင်းထဲရှိ ရွှံ့စေးလမ်းကျဉ်းလေးပေါ်တွင် သတိထား၍ လျှောက်လှမ်းနေပေသည်။
ယုံကျာသည် နာထုန်၏အလောင်းကို စတင်တွေ့ရှိခဲ့သည့် နေရာသို့ ရောက်သောအခါ ရပ်တန့် လိုက်ပေသည်။ သူသည် မြေကြီးပေါ်တွင် မျက်လုံးကစားရင်း မြက်ပင်များ ဖုံးအုပ်နေသော နေရာတစ်ခုတွင် အကြည့်တို့ ရပ်တန့်သွားပေသည်။ သူက ဘာမှမဖြစ်သကဲ့သို့ အမူအရာဖြင့် အရာရှိများကို ကြည့်ကာ ပြောလိုက်ပေသည်။
"ဒီနေရာက ကျွန်တော့်ညီမလေး အသတ်ခံရတဲ့နေရာပါ၊ တွေ့တဲ့အချိန်မှာ သူက ဘာအဝတ်အစားမှ မပါတော့ဘူး၊ ကိုယ်ပေါ်မှာလည်း ညိုမည်းဒဏ်ရာတွေနဲ့ ပြည့်နေတာ၊ ရွာသူကြီးတို့ကတော့ ကျွန်တော့်ညီမလေးက ကျောင်းမှာရည်းစားထားပြီး ဖောက်ပြန်လို့ ဖြစ်ရတာလို့ ပြောကြတယ်”
“ဒါပေမဲ့ ကျွန်တော်တို့ မိသားစုက သူ့အကြောင်း ကောင်း ကောင်းသိတယ်၊ သူက အဲ့ဒီလို မိန်းကလေးမျိုး မဟုတ်ဘူး၊ ပြီးတော့ သူက မြို့ပေါ်မှာ ကျောင်းတက်နေတာလေ၊ လမ်းပြမပါဘဲ ဒီနေရာကို ဘယ်လိုလုပ် ရောက်လာနိုင်မှာလဲ"
ယုံကျာသည် နာထုန်၏ဝိညာဉ် ပြောပြခဲ့သည်များကို ပြန် လည်အမှတ်ရရင်း မျက်ရည်များဝဲတက်လာပေသည်။ သူသည် လက်သီးကို တင်းတင်းဆုပ်ကာ ဆက်ပြောလိုက်ပေသည်။
"ကျွန်တော်တို့ တိုင်ချက်မဖွင့်တာ မဟုတ်ပါဘူး၊ ဒီလို ခေါင်တဲ့ရွာမှာ ရွာသူကြီးက ဘုရင်ပဲလေ၊ သူ သဘောကျတဲ့လူက အခွင့်အာဏာရှိတာပဲ၊ အရာရှိတွေ ဒီကိုလာဖို့ ခက်ခဲသလို ရွာသူကြီးနဲ့ သူ့လူတွေကလည်း ကျွန်တော်တို့ကို အမြဲစောင့်ကြည့်နေတာ”
“တောင်အောက်ဆင်းဖို့ ကြိုးစားရင်လည်း သူတို့က ခြိမ်း ခြောက်ကြတယ်၊ ကျွန်တော်တို့က ဒီရွာမှာပဲ ဆက်နေရဦးမှာဆိုတော့ ဘာမှမတတ်နိုင်ခဲ့ဘူး၊ ဒါပေမဲ့ ကျွန်တော့်ညီမလေး... အသတ်ခံရရုံတင်မကဘဲ အရှက်ခွဲခံရတာကိုတော့ ကျွန်တော် လက်မခံနိုင်ဘူး"
ခေါင်းဆောင်ဖြစ်သူ အမျိုးသမီးအရာရှိက ယုံကျာကို ကိုယ်ချင်းစာစွာဖြင့် နှစ်သိမ့်ပေးလိုက်ပေသည်။ ထိုစဉ် အခြားအရာရှိများမှာ မြေပြင်ကို စတင်စစ်ဆေးနေကြပြီ ဖြစ်ပေသည်။ အရာရှိတစ်ဦးက ယုံကျာကို မေးလိုက်ပေသည်။
"ညီမလေးကို မြေမြှုပ်ထားတာလား၊ မီးရှို့လိုက်ပြီလား၊ အကယ်၍ သက်သေမတွေ့ရင် အလောင်းကို ပြန်တူးပြီး စစ်ဆေးရမှာမို့လို့ စိတ်ပြင်ဆင်ထားပါဦး"
"မြေမြှုပ်ထားတာပါ" ဟု ယုံကျာက ပြန်ဖြေလိုက်ပေသည်။
သူသည် ညီမဖြစ်သူအတွက် ကလဲ့စားချေရန် ဆုံးဖြတ်ထားပြီး ဖြစ်သဖြင့် မည်သည့်အရာကိုမဆို လုပ်ဆောင်ရန် အသင့်ရှိနေပေသည်။
သူသည် နောက်သို့ အနည်းငယ်ဆုတ်လိုက်ကာ မြေကြီးပေါ်တွင် ဖုံးအုပ်နေသော မြက်ပင်များကို ခြေထောက်ဖြင့် အမှတ်မထင် ဖယ်ရှားလိုက်ပေသည်။ ဝမ်သိုက်ကလည်း မသိမသာ လက်ကို လှုပ်ရှားလိုက်ရာ လေပြေတစ်ခု တိုက်ခတ်သွားပြီး ကျန်ရှိနေသော မြက်ပင်များ လွင့်စင်သွားကာ မြေကြီးပေါ်တွင် ခြစ်ထားသော ဖုယိဟူသော စာလုံးနှစ်လုံး ပေါ်လာပေသည်။
စစ်ဆေးရေးမှူးများက ချက်ချင်းဓာတ်ပုံရိုက်ကာ စစ်ဆေးမှုများ ပြုလုပ်လိုက်ပေသည်။ မြေကြီးထဲတွင် သွေးစွန်းခဲ့သော သဲလွန်စများကို တွေ့ရှိသွားကြသဖြင့်
"ဒီကောင်မလေးက တကယ်တော်တာပဲ" ဟု ချီးကျူးလိုက်ကြပေသည်။
ထိုစဉ် သတင်းရရှိသော ရွာသူကြီးနှင့် လူတစ်အုပ်မှာ လက် နက်များကိုယ်စီဖြင့် ရောက်ရှိလာပေသည်။ ရွာသူကြီးက "ဒါ ငါတို့ရွာက လယ်ကွင်းပဲ၊ ဘယ်သူမှ လာစစ်ဆေးပိုင်ခွင့် မရှိဘူး" ဟု အော်ဟစ်ကာ အရာရှိတစ်ဦးကို တုတ်ဖြင့် ရိုက်ရန် ပြင်လိုက်ပေသည်။
သို့သော် အရာရှိက ကျွမ်းကျင်စွာပင် ကာကွယ်လိုက်ကာ ရွာသူကြီး၏တုတ်ကို လုယူပြီး "ဒါက အရာရှိကို တိုက်ခိုက်တာပဲ၊ အဖမ်းခံရနိုင်တယ်ဆိုတာ သိလား" ဟု ဟိန်းဟောက်လိုက်ပေသည်။ အခြားအရာရှိများကလည်း နေရာကို ဝိုင်းရံထားလိုက်ကြပေသည်။