အခန်း ၂၆
Vol. 3 Ch. 26
Chapter 26
ယုံကျ ရွာသူကြီးကို မကျေမနပ် ကြည့်ကာ ပြောလိုက်ပေသည်။
"ဖုယိ၊ မင်းက နာမည်နဲ့ မလိုက်အောင် တကယ်ကို ယုတ်မာတာပဲ၊ ငါ့ညီမလေးကို မင်းသတ်ခဲ့တာဆိုတာ ငါ သိပြီ၊ အဲ့ဒါကြောင့်လည်း မင်းက ညီမလေးမှာ ရည်းစားရှိတယ်လို့ သတင်းလွှင့်ပြီး ငါတို့ကို နှုတ်ပိတ်ခဲ့တာကိုး"
ရွာသူကြီးကမူ ဝမ်သိုက်နှင့် ချန်စစ်ကျယ်ကို ကြည့်ကာ လှောင်ပြုံး ပြုံးလိုက်ပေသည်။
"ဝမ်သိုက်က မင်းရည်းစား မဟုတ်ဘဲ အပြင်က ခေါ်လာတဲ့ လူယုံပဲကိုး... ဒါပေမဲ့ ဘာဖြစ်လဲ၊ ဒီရွာထဲကနေ ထွက်သွားဖို့က ခက်တယ်ဆိုတာ သိထားကြပါ" ဟု ပြောကာ ရွာသားများကို တိုက်ခိုက်ရန် အမိန့်ပေးလိုက်ပေသည်။
ရွာသားအချို့မှာ ရွာသူကြီး၏ စကားကြောင့် လက်နက်များကိုယ်စီဖြင့် ရှေ့သို့ တိုးလာကြသဖြင့် ဝမ်သိုက်က "တကယ်ကို ရေတွင်းထဲက ဖားတွေပဲ၊ ဥပဒေကိုတောင် ဂရုမစိုက်ဘဲ အရာရှိတွေကိုပါ တိုက်ခိုက်ရဲတယ်" ဟု အထင်သေးစွာ ပြောလိုက်ပေသည်။
ထိုစဉ် သေနတ်သံ တစ်ချက်ထွက်ပေါ်လာသဖြင့် လူအုပ်ကြီးမှာ ငြိမ်ကျသွားပေသည်။ အမျိုးသမီးအရာရှိက သေနတ်ကို အပေါ်သို့ ထောင်ဖောက်ကာ သတိပေးလိုက်ခြင်း ဖြစ်ပေသည်။
"ဟိုမှာ ရပ်နေတဲ့သူက ရှေ့နေပဲ၊ အရာရှိကို တိုက်ခိုက်ရင် ဘယ်လောက် ပြစ်ဒဏ်ကြီးလဲဆိုတာ သူ့ကို မေးကြည့်လိုက်ကြ၊ ရှင်တို့က အရာရှိတွေကို ဘာမှတ်နေကြတာလဲ"
အရာရှိက ရွာသူကြီးကို ကြည့်ကာ "အခု ရှင့်ကို လူသတ်မှု၊ မုဒိမ်းမှုတွေနဲ့ ဖမ်းဆီးလိုက်ပြီ၊ ကျန်တဲ့လူတွေလည်း မလွတ်ဘူး၊ အရာရှိကို တိုက်ခိုက်တာအပြင် ပြစ်မှုကို ဖုံးကွယ်ထားတဲ့အတွက် အားလုံး အဖမ်းခံရမယ်" ဟု ကြေညာလိုက်ပေသည်။
ရွာသားများမှာ ဥပဒေအကြောင်း ကြားလိုက်ရသည်နှင့် ကြောက်လန့်တကြားဖြစ်ကာ "ကျွန်တော်တို့ မှားပါပြီ၊ ရွာသူကြီး ခိုင်းလို့ လုပ်ရတာပါ" ဟု အပြစ်များကို အပြန်အ လှန် လွှဲချနေကြတော့သည်။
နောက်ဆုံးတွင် ရွာသူကြီးနှင့် ကြံရာပါများကို အရာရှိများက ဖမ်းဆီး ခေါ်ဆောင်သွားကြပေသည်။
ရွာအဝင်ဝတွင် ကျန်ရစ်သော ကလေးငယ်များနှင့် လူအချို့မှာ ကြောင်တောင်တောင်ဖြင့် ကျန်ရစ်ခဲ့ကြသည်။
ဖူလိုင်ထီခါ ဘူတာရုံအပြင်ဘက်တွင် မိုးများ ရွာသွန်းနေပေသည်။ သိုလန်သည် သူမ အိမ်မှ ကြက်ဥများကို ဝမ်သိုက်၏ လက်ထဲသို့ အတင်းထည့်ပေးကာ ကျေးဇူးတင်စကားပြောနေပေသည်။
"ကျေးဇူးတင်ပါတယ်၊ တကယ်ကို ကျေးဇူးတင်ပါတယ်၊ ကျွန်မတို့ရဲ့ နာထုန်လေး နောက်ဆုံးတော့ အမှုမှန် ပေါ်သွားပြီ" ဟု ပြောကာ ဝမ်သိုက်နှင့် ချန်စစ်ကျယ်ကို ဒူးထောက်၍ ကန်တော့ရန် ပြင်လိုက်ပေသည်။
ဝမ်သိုက် အမြန်ပင် တားဆီးလိုက်ကာ "ဒေါ်လေး၊ ဒီလို လုပ်စရာ မလိုပါဘူး၊ ကျွန်မလည်း ကုသိုလ်ရပါတယ်"
ယုံကျာသည်လည်း ဒူးထောက်ကာ သူတို့နှစ်ဦးကို ခေါင်းသုံးကြိမ် တိုက်၍ အရိုအသေပေး လိုက်ပေသည်။
"ဒီကျေးဇူးကို ကျွန်တော် တစ်သက်လုံး မမေ့ပါဘူး၊ နောင်တစ်ချိန်မှာ ကျွန်တော် တိုးတက်လာခဲ့ရင် ဒီကျေးဇူးကို ပြန်ဆပ်ပါ့မယ်"
ဇာကန်သည်လည်း သူတို့ကိုကန်တော့ရန် ပြင်နေသဖြင့် ချန်စစ်ကျယ်က တွဲထူပေးကာ
"ဦးလေး... ဒီလို မလုပ်ပါနဲ့၊ ကျွန်တော်တို့က လုပ်သင့်လုပ်ထိုက်တာကို လုပ်ပေးတာပါ၊ လူကြီးတွေ ဒီလို လုပ်တာကို ကျွန်တော်တို့ မခံယူဝံ့ပါဘူး" ဟု ယဉ်ကျေးစွာ ပြောဆိုလိုက်သည်။
ဝမ်သိုက်၏ တီရှပ်အပြင်ဘက်သို့ ပေါ်ထွက်နေသော အသား အရေပေါ်တွင် ကြက်သီးမွေးညင်းများ ရုတ်တရက် ထလာပြီးနောက် ပြန်လည် ငြိမ်သက်သွားခဲ့သည်။
ကိုယ်ထဲရှိ အစောင့်အရှောက်များမှတစ်ဆင့် အသံတစ်ခုက ပြတ်သားစွာ ထွက်ပေါ်လာသည်။
"နာထုန်ရဲ့အာဃာတတွေ ပြေပျောက်သွားပြီ၊ အခု ပြန်ဝင် စားဖို့ သွားပြီ"
ဝိညာဉ်ချွတ်သည့် အလုပ်ကိုမလုပ်ရတော့သဖြင့် ပခုံးပေါ်ရှိ တာဝန်များ အနည်းငယ် လျော့ပါးသွားသော်လည်း နာထုန် မိမိကိုယ်ပေါ်မှ မထွက်ခွာမီ ပြောသွားခဲ့သည့် စကားကို ဝမ်သိုက် ရုတ်တရက် သတိရလိုက်သည်။ သူမသည် မျက်တောင်များကို ပင့်လိုက်ပြီး ချန်စစ်ကျယ်ဘက်သို့ လှည့်ကာ မျှော်လင့်ချက်အပြည့်ဖြင့် ပြောလိုက်သည်။
"ချန်စစ်ကျယ်... ရှင့်ကို အကူအညီတစ်ခုလောက် တောင်းချင်လို့၊ အဲဒါကလေ၊ ဦးလေးဇာကန်က အရင်တုန်းက အပြင်မှာ ဆောက်လုပ်ရေးလုပ်ခဲ့တုန်းက အကြွေးနှစ်သောင်း မရသေးတာ ရှိတယ်လေ၊ ရှင် ကြည့်ပေးလို့ ရမလား"
အေးစက်စက်အကြည့်တို့က သူမဘက်သို့ ဝေ့ဝဲလာသည်။ ထိုမြေခွေးမျက်လုံးများဖြင့် အကြည့်ခံရတိုင်း ဝမ်သိုက်မှာ ထိုမျက်လုံးများကို ကလော်ထုတ်ပစ်ချင်စိတ် ပေါက်လာတတ်သည်။
သူ၏ မိုးပေါ်တတ်တော့မလို ထောင်လွှားနေသော အမူအရာကို သူမ အမြင်ကပ်လှသည်။ သို့သော် ယခုမူ သူမက သူတစ်ပါးကို အကူအညီ တောင်းနေရသူ မဟုတ်ပါလား။
စိတ်ထဲမှ မျှော်လင့်ချက်များ ကွယ်ပျောက်လုနီးပါးဖြစ်လာသည်။ ဝမ်သိုက်မှာ ပြောပြီးသည်နှင့် နောင်တရသွားရသည်။ သိုလန်တို့ မိသားစုရှေ့တွင် ချန်စစ်ကျယ်ကို ထိုသို့တောင်းဆိုလိုက်ခြင်းမှာ သူ့ကို အကျပ်ကိုင်သလို ဖြစ်မနေပေဘူးလား။
မိမိ၏လုပ်ရပ်သည် ကိုယ်ကျင့်တရားအရ အကျပ်ကိုင်သလို ဖြစ်နေသည်ကို သတိထားမိသွားသဖြင့် သူမ နှုတ်ခမ်းကို ဖိစေ့လိုက်ပြီး ဆက်ပြောလိုက်သည်။
"ရှင် စိတ်ချပါ၊ ရှင့်ကို အလကား ခိုင်းမှာ မဟုတ်ပါဘူး၊ ရှေ့နေခကို ကျွန်မ ပေးပါ့မယ်"
"မင်းက ဘာပေးမှာလဲ၊ ငါ မကူညီဘူးလို့ မပြောရသေးပါဘူး"
စဉ်းစားမရနိုင်လောက်အောင်ပင် သူ့ အသံနေအသံထားက မြင့်တက်သွားသည်။ ချန်စစ်ကျယ်က မျက်မှောင်အနည်း ငယ် ကြုတ်လိုက်ပြီး ဝမ်သိုက်၏ အံ့အားသင့်နေသော အကြည့်ကို ရရှိသောအခါ သူ့ အကြည့်များကို အသာအယာ လွှဲဖယ်လိုက်သည်။ ထိုနီရဲသော နှုတ်ခမ်းနှစ်လွှာက ပွင့်ဟလာပြီးနောက်
"မင်းပဲ ပြောတယ်လေ၊ ဒါက ကုသိုလ်ယူတဲ့ အလုပ်ပါဆို၊ စစ်ချန် ရှေ့နေရုံးကလည်း အခြေခံဥပဒေဆိုင်ရာ အကူအညီတွေကို လက်ခံပေးနေကျပဲ၊ အကူအညီ လိုအပ်နေတဲ့သူ ရှိနေမှတော့ ငါကတော့ လက်ပိုက်ကြည့်မနေပါဘူး"
မျက်ရည်များတိတ်ကာနီး ဖြစ်နေသော သိုလန်မှာ တစ်ဖန် ပြန်၍ ရှိုက်ကြီးတငင် ငိုကြွေးပြန်သည်။ သူမသည် လက်မောင်းကို နှာခေါင်းအောက်တွင် ကာထားပြီး ရှိုက်သံများ ထွက်ပေါ်လာကာ ဇာကန်နှင့် ယုံကျာတို့လည်း မျက်ရည်များကို မထိန်းနိုင်ကြတော့ချေ။ ယုံကျာ မြေပြင်မှ ထရပ်လိုက်ပြီး မျက်ရည်များကို သုတ်ကာ အက်ရှရှအသံဖြင့် ပြောလိုက်သည်။
"ကျွန်တော် ဘာပြောရမလဲတောင် မသိတော့ပါဘူး၊ ဒီကျေး ဇူးတွေကို ရင်ထဲမှာ အမြဲ မှတ်ထားပါ့မယ်၊ ကျွန်တော့်ကို ယုံပေးပါ၊ ကျေးဇူးကို မဖြစ်ဖြစ်အောင် ပြန်ဆပ်ပါ့မယ်၊ ခင်ဗျားတို့လို လူကောင်းတွေဟာ ကောင်းကျိုးကို မုချ ခံစားရမှာပါလို့လည်း ကျွန်တော် ယုံကြည်ပါတယ်"
သူသည် ဆုတောင်းသည့် အမူအရာကို ပြုလုပ်လိုက်သည်။ မျက်ရည်စများနှင့် မျက်နှာတွင် တည်ကြည်သော အမူအရာများရှိနေပြီး ပါးစပ်မှ ရွတ်ဆိုလိုက်သော စကားလုံးများမှာ ဝမ်သိုက်နှင့် ချန်စစ်ကျယ်တို့အတွက် စိမ်းသက်နေသော် လည်း ကောင်းချီးပေးသည့် စကားဖြစ်မည်ဟု ခန့်မှန်းရသည်။
ကားဂိတ်တွင် ကားထွက်တော့မည် ဖြစ်သဖြင့် အသံချဲ့စက်မှ ကြေညာသံများ ထွက်ပေါ်လာသည်။ သူတို့သည် သိုလန်တို့ မိသားစုကို အလျင်အမြန် နှုတ်ဆက်ပြီး ကားဂိတ်အတွင်းသို့ ဝင်ကာ လက်မှတ်ဖြတ်ပြီး အဝေးပြေးကားပေါ်သို့ တက်ခဲ့ကြသည်။
ဝမ်သိုက်သည် အဝေးပြေးကားကို တစ်ခါမျှ စီးဖူးပုံမရသည့် ဤသခင်လေးကို ငဲ့ညှာသောအားဖြင့် သူ့ကို ဆွဲခေါ်ကာ ပြတင်းပေါက်နားရှိနေရာကို ဦးအောင် ယူလိုက်သည်။ သူမက လက်ကို ဝှေ့ယမ်းပြပြီး သူ့ကို အတွင်းဘက်တွင် ထိုင်ရန် အချက်ပြလိုက်သည်။
"ရှင် ကားမူးမှာ စိုးလို့၊ ပြတင်းပေါက်နား ကပ်ထိုင်ပြီး ပြတင်း ပေါက် ဖွင့်ထားရင် လေဝင်လေထွက် ကောင်းလိမ့်မယ်"
မြို့ထဲသို့ သွားမည့်သူ သိပ်မများသော်လည်း လူသွားလမ်း တွင် အသွားအလာ ရှိနေသဖြင့် ပွတ်တိုက်မိခြင်းကို ရှောင်လွှဲ ၍ မရပေ။ ချန်စစ်ကျယ်က သူမ လက်မောင်းကို ဆုပ်ကိုင်ပြီး သူမကို အတွင်းဘက်သို့ ထည့်ပေးလိုက်ကာ သူက အပြင်ဘက် ထိုင်ခုံတွင် ထိုင်လိုက်သည်။
ကားပေါ် တက်ကတည်းက သူသည် လည်ပင်းကို ငုံ့ထားရသည်။ တစ်ရာ့ကိုးဆယ် စင်တီမီတာကျော်ရှိသော သူ့ အရပ် အမောင်းကြောင့် ထိုင်လိုက်သည့်အခါ ခြေထောက်နှစ်ဖက်မှာ အတော်လေး အနေရခက်နေရှာသည်။
"ငါက မင်းထင်သလောက် မပျော့ညံ့ပါဘူး"
သူသည် လက်နှစ်ဖက်ကို ပိုက်ကာ ထိုင်ခုံနောက်မှီကို မှီထား သည်။ မျက်နှာတွင် မည်သည့် ခံစားချက်မှမရှိဘဲ တည်ငြိမ်စွာဖြင့် ရှေ့သို့ တည့်တည့်ကြည့်နေလေသည်။