အခန်း ၂၇
Vol. 3 Ch. 27
Chapter 27
မမျှော်လင့်ဘဲ အတွင်းဘက်သို့ အထည့်ခံလိုက်ရသဖြင့် ဝမ်သိုက်မှာ အံ့အားသင့်စွာဖြင့် သူ့ကို ငုံ့ကြည့်လိုက်မိသည်။ အပေါ်မှ အောက်သို့ ကြည့်လိုက်သော အကြည့်ကြောင့် သူ့ မျက်တောင်များ မည်မျှ ရှည်လျားသည်ကို သူမ ရှင်းလင်းစွာ မြင်လိုက်ရသည်။ မိမိ၏ အာရုံက ဘာကြောင့် ဒီမျက်တောင်တွေပေါ် ရောက်နေရသလဲဆိုတာ သူမကိုယ်တိုင်လည်း မသိတော့ချေ။
မျက်တောင်များကို နှစ်ချက်မျှ ခတ်လိုက်ပြီးနောက် သူမက ထိုင်ခုံပေါ်တွင် တင်ထားသော အိတ်ကို ကောက်ယူကာ ရင်ခွင်ထဲတွင် ပိုက်ထားလိုက်ပြီး ထိုင်ခုံပေါ်သို့ ဖြည်းညှင်းစွာ ထိုင်လိုက်သည်။
အဝေးပြေးကားအတွင်းတွင် ရှေ့မှ နောက်သို့ ဆူညံသံများ ထွက်ပေါ်နေသည်။ ကားစတင် ထွက်ခွာသည့်အခါ ကွေ့တစ်ခုတွင် အရှိန်ကြောင့် ဝမ်သိုက်မှာ ချန်စစ်ကျယ် ရှိရာဘက်သို့ ယိုင်လဲသွားသည်။ လက်တစ်ဖက်က ဗီဇအရ သူ့ ပေါင်ပေါ်သို့ ထောက်မိသွားသည်။
လက်အောက်မှ နွေးထွေးမှုကြောင့် သူမ၏ လက်ဖဝါးမှာ အပူလောင်သွားသလို ခံစားလိုက်ရသဖြင့် သူမ လက်ကို ချက်ချင်းပြန်ရုတ်လိုက်သည်။ ကားကလည်း အကွေ့ကို ကျော်သွားပြီ ဖြစ်သဖြင့် သူမ ကိုယ်နေဟန်ထားကို အမြန် ပြန်ပြင်လိုက်သည်။
သူ့ဘက်ကို လှည့်မကြည့်ရဲသော်လည်း ရှင်းပြချက်တစ်ခုတော့ ပေးရမည် မဟုတ်ပါလား။
"ရှင် စိတ်ချပါ၊ ကျွန်မက အခြေအနေကိုလိုက်ပြီး အခွင်းအရေးယူတတ်တဲ့ လူစားမျိုး လုံးဝမဟုတ်ပါဘူး၊ ပြီးတော့ ကျွန်မက အဲဒီလောက်လည်း ဖြစ်ပျက်မနေပါဘူး၊ ခုနက ကားအကွေ့ ကြောင့်ဆိုတာ ရှင် နားလည်တယ် မဟုတ်လား”
“အားနာပါတယ်နော်၊ ဒါပေမဲ့ ကျွန်မမှာ တခြား ဘာရည်ရွယ် ချက်မှ မရှိပါဘူး၊ သန့်သန့်ရှင်းရှင်း ဗီဇအရပါပဲ၊ ရှင့်ကို ကိုင်ချင်တဲ့ ဗီဇ မဟုတ်ပါဘူး၊ ကိုယ့်ကိုယ်ကိုယ် မလဲအောင် ထိန်းလိုက်တဲ့ ဗီဇပါ"
စကားလုံးများက စိုးရိမ်တကြီးဖြင့် ပါးစပ်မှ တရစပ်ထွက်ပေါ်လာသည်။ ဝမ်သိုက်၏မျက်လုံးများက ချန်စစ်ကျယ်၏ မျက်နှာပေါ်သို့ ခဏခဏ ဝေ့ကြည့်နေသော်လည်း စကားကိုတော့ မရပ်ဘဲ ပြောနေမိသည်။ သူမသည် ရင်ခွင်ထဲမှ အိတ်ကို တင်းတင်းကြပ်ကြပ် ပိုက်ထားပြီး လက်ချောင်းများက အိတ်၏အသားကို မသိမသာ ကုတ်ခြစ်နေမိသည်။
ခုနက ပေါင်ပေါ်မှ ထိတွေ့မှုက မပြီးပြတ်သေးသလို ခံစားနေရဆဲ ဖြစ်သဖြင့် ချန်စစ်ကျယ် ခန္ဓာကိုယ်၏တောင့်တင်းမှုကို ဖယ်ရှားလိုက်သည်။ သူက မတ်မတ်ထိုင်နေသော ဝမ်သိုက်ကို အေးစက်စက် တစ်ချက်ကြည့်လိုက်ပြီး လှောင်ပြုံး ပြုံးကာ ပြောလိုက်သည်။
"ငါက မင်းကို အခွင့်အရေးယူတယ်လို့ မပြောရသေးပါဘူး၊ မင်းက အဲဒီလောက် အသဲအသန် ရှင်းပြနေတော့မှပဲ လူကို ပိုပြီး တွေးတောစရာ ဖြစ်အောင် လုပ်နေသလိုပဲ"
ဘေးဘက်ရှိ ပြတင်းပေါက်ကို ဝမ်သိုက်အကုန် ဖွင့်လိုက်သဖြင့် တိုးဝင်လာသော လေညင်းထဲတွင် အေးမြမှု အနည်း ငယ် ပါဝင်နေသည်။ စိုစွတ်သော မိုးစက်အချို့ကလည်း တိုးဝင်လာပြီး အသားပေါ်သို့ လာမှန်သည်။ သူမက ချန်စစ်ကျယ်၏စကားထဲမှ ဆူးငြောင့်များကို အလိုအလျောက် ပယ်ထုတ်လိုက်သည်။
စိုစွတ်သော လေကို မျက်နှာနှင့် ခံယူရင်း ဝမ်သိုက်က ခေါင်းကိုပြန်မလှည့်ဘဲ ပြတင်းပေါက် အပြင်ဘက်မှ စိမ်းလန်းစိုပြည်မှုများနှင့် မြူခိုးများကြားတွင် ဝေဝါးနေသော တောင် တန်းများကို ကြည့်ကာ ရုတ်တရက် စကားစလိုက်သည်။
"ချန်စစ်ကျယ်"
"အင်း"
"တကယ်တော့ ရှင်ကလည်း လူကောင်းတစ်ယောက်ပါပဲ၊ ကျွန်မ ထင်ထားသလောက် လူမှုရေးမရှိတာမျိုး၊ သဘော ထားသေသိမ်တာမျိုး မဟုတ်ပါဘူး"
"မင်း အခုမှ သိတာလား"
ပြတင်းပေါက်တွင် မှီနေသော ဝမ်သိုက်က မိုးရေများ စိုစွတ်နေသည့် မျက်နှာကို လှည့်လာသည်။
သူမသည် လက်ကိုမြှောက်ကာ တစ်ချက် သုတ်လိုက်သည်။ ချန်စစ်ကျယ်နှင့် ဆုံလိုက်သော မျက်လုံးများရှိ မျက်တောင်များမှာ စိုစွတ်နေသော်လည်း မျက်ဝန်းအိမ်ကို ပိုကြည်လင်စေသည်။ သူမ၏ နှုတ်ခမ်းလွှာများက နှစ်ချက်မျှ လှုပ်ရှားသွားပြီးနောက် ပြောလိုက်သည်။
"တကယ်တော့၊ တောင်ပေါ်က ကိစ္စတွေ၊ ဒါမှမဟုတ် လူတွေ မမြင်နိုင်တဲ့ နေရာတွေနဲ့ပတ်သက်ပြီး ကျွန်မမှာ အတိုင်းအ တာတစ်ခုအထိ မှန်းဆချက်တွေ ရှိပါတယ်၊ ဒါပေမဲ့ တကယ်တမ်း မြင်လိုက်ရပြီး ကိုယ်တိုင် ကြုံတွေ့လိုက်ရတဲ့အခါမှာတော့ စိတ်ထဲမှာ အရမ်းကို ခြောက်ကပ်ကပ် ဖြစ်သွားတာပဲ၊ ကိုယ့်ရဲ့ ခံစားချက်ကို ဘယ်လို ဖော်ပြရမလဲတောင် မသိဘူး၊ ခြောက်ကပ်ကပ် ဖြစ်တယ်လို့ပဲ ပြောနိုင်မယ်"
"အားနည်းတဲ့သူတွေရဲ့ အခြေအနေက တကယ်ကို ခက်ခဲပါတယ်၊ နိမ့်ကျတဲ့ နေရာဖြစ်လေ ပိုပြီး အန္တရာယ် များလေပဲ၊ အားနည်းသူဆိုတာ အမျိုးသမီးတွေတင် မဟုတ်ဘူး၊ အားသာသူတွေထဲမှာလည်း အမျိုးသမီးတွေ ရှိနိုင်တာပဲ၊ အဲဒီအခါကျတော့ တစ်ယောက်ကိုတစ်ယောက် ပြန်ပြီးနှိပ်စက်ကြတာ ဖြစ်သွားရော၊ တကယ်တော့ အမြဲတမ်း တစ်ယောက်ကိုတစ်ယောက် နှိပ်စက်နေကြတာပါပဲ”
“လိင်တူအချင်းချင်း မဟုတ်ဘူး၊ လူသားချင်းပါပဲ၊ အာဏာရှိသူအောက်မှာ အားနည်းသူတွေက အမြဲတမ်း ခြယ်လှယ် ခေါင်းပုံဖြတ်ခံနေရတာ၊ ဒီကမ္ဘာကြီးကလေ၊ နည်းနည်းလေးမှ မသန့်ရှင်းဘူး၊ တစ်ခါမှလည်း မသန့်ရှင်းခဲ့ဖူးဘူး၊ သန့်ရှင်းမှုဆိုတာ လူနည်းစုမှာပဲ ရှိတာ၊ အဲဒီ လူနည်းစုထဲမှာတောင် သန့်ရှင်းမှုကို ရယူတဲ့ နည်းလမ်းတွေက မသန့်ရှင်းကြတဲ့သူတွေ အများကြီးပဲ"
သူမ လည်ပင်းက ငုံ့သွားသည်။ အိတ်ပေါ်တွင် တင်ထားသော လက်နှစ်ဖက်က တစ်ခုနှင့်တစ်ခု လိမ်ယှက်နေပြီး အသံက ပိုတိုးညှင်း လေးလံသွားသည်။
ရှေ့နေတစ်ယောက် အနေဖြင့် ချန်စစ်ကျယ်သည် လူ့လောက ၏အဖုံဖုံသော အခြေအနေများကို မြင်တွေ့ဖူးသည်မှာ အမှန်ပင်။ အကျပ်အတည်း ဆိုက်နေသူများသည် သနားစရာ ကောင်းသော်လည်း အချို့မှာမူ စက်ဆုပ်ဖွယ်လည်း ကောင်းလှသည်။ ခဏမျှ တုံ့ဆိုင်းနေပြီးနောက် သူက စကားစလိုက်သည်။
"ခုနက တောင်ပေါ်မှာတုန်းက ပစ္စည်းတွေ ကိုင်ပြီး ရဲတွေကို တိုက်ခိုက်တဲ့ ရွာသားတွေကို မင်း မှတ်မိတယ် မဟုတ်လား၊ မင်း ဒီရက်ပိုင်းအတွင်း ခါမူရွာမှာ နေခဲ့တုန်းက အဲဒီထဲက လူတွေအကြောင်း အတိုင်းအတာတစ်ခုအထိ သိလိမ့်မယ်လို့ ထင်ပါတယ်”
“သူတို့ တကယ်တမ်း ဘယ်လိုမျိုးလဲဆိုတာ ငါ သေချာ မသိပေမဲ့ ဖြစ်နိုင်ခြေတစ်ခုကတော့ အခု ရန်လိုနေတဲ့ ခါမူရွာသားတွေဟာ တကယ်တော့ တစ်ချိန်တုန်းက ဘေးဒုက္ခ ခံစားခဲ့ရသူတွေ ဖြစ်နိုင်တယ်၊ ဘေးဒုက္ခ ခံစားရသူကနေ နှိပ်စက်သူ ဖြစ်သွားတဲ့ သာဓကတွေက အများကြီးပဲ၊ ဒါက မကောင်းတဲ့ သံသရာပဲ၊ မင်းပြောတဲ့ တစ်ယောက်ကိုတစ်ယောက် နှိပ်စက်နေကြတယ်ဆိုတာ မမှားပါဘူး"
"တချို့လူတွေဆိုရင် အရင်တုန်းက ကိုယ့်ကိုယ်ကိုယ်တောင် ပြန်ပြီး ကိုယ်ချင်းစာစိတ် မရှိကြတော့ဘူး"
သြဂုတ်လ တစ်လလုံး အနားယူခဲ့ရသည်။ တကယ်တော့ အလုပ် မရှိခြင်းသာ။
အထွေထွေ ကိစ္စများကို ခေါင်းထဲမှ ထုတ်ပစ်လိုက်ပြီး နေ့တိုင်း ထုံးစံအတိုင်း လိုက်ဖ်လွှင့်သည်။ ခါမူရွာ ခရီးစဉ် နောက်ပိုင်းတွင် ပျင်းရိသော အမူအရာများ ပေါ်ပေါက်လာသည့် ဝမ်သိုက်မှာ ကုတင်ပေါ်တွင် မှောက်လျက် ရှိနေပြီး မျက်နှာတစ်ခုလုံးကို စောင်ထဲတွင် ဖိထားသည်။
အရင်က နားခွင့်ရတုန်း နားမည်ဟု ခိုင်ခိုင်မာမာ ဆုံးဖြတ်ထားပြီး စက်တင်ဘာလတွင် အလုပ် ပြန်ရှာမည်ဟု စိတ်ကူးထားသော်လည်း ယခု စက်တင်ဘာလသို့ ရောက်လာသည့်အခါတွင်မူ သူမ၏ ပျော့ခွေနေသော အရိုးများက ပြန်၍ မမာနိုင်တော့ချေ။
မိမိစိတ်ထဲနှင့် ပခုံးပေါ်ရှိ ရှုပ်ထွေးသော ကိစ္စများကို ပစ်ချလိုက်သည်နှင့် ရရှိလာသော ထို လုံးဝ လွတ်လပ်ပေါ့ပါးသည့် ခံစားချက်မှာ တကယ်ပင် စွဲမက်ဖွယ် ကောင်းလှသည်။
ထို့ကြောင့်လည်း ဝမ်သိုက်မှာ ယခုကဲ့သို့ ဖြစ်နေရခြင်း ဖြစ် သည်။ အလုပ်လုပ်ရတော့မည်ကို စိတ်က သိနေသော်လည်း ခန္ဓာကိုယ်က မလှုပ်ချင်ပေ။
သူမသည် မျက်လုံးကို မှိတ်ထားပြီး ကိုယ့်ကိုယ်ကိုယ် လိမ်ညာရန် ကြိုးစားနေသည်။ ခဏလောက် ထပ်အိပ်ပြီးမှ အင်္ကျီလဲပြီး အပြင်ထွက်ကာ ရှေ့ဖြစ်ဟောမယ်။ အလုပ်လုပ်တဲ့အခါ စိတ်ကြည်ကြည် လင်လင်နဲ့ လုပ်ရမယ် မဟုတ်ပါလား။
ကုတင်ခေါင်းရင်းရှိ စောင်ပေါ်တွင် တင်ထားသော ဖုန်းက ရုတ်တရက် တုန်ခါလာသည်။ ဖုန်းမြည်သံက ဝမ်သိုက်၏ ပျော့ခွေနေသော လက်မောင်းကို နိုးကြားစေလိုက်သည်။ သူမက ဖုန်းကို လှမ်းယူပြီး လက်ခံလိုက်ကာ မေးစေ့ကို စောင်ပေါ်တွင် ထောက်ထားသည်။ ဖုန်းကို နားရွက်တွင် စောင်း၍ ကပ်ထားပြီး ဘာမှ မပြောဘဲ တစ်ဖက်က အရင် စကားပြောလာမည်ကို စောင့်နေလိုက်သည်။
"ဟယ်လို၊ နေကောင်းလား၊ ဝမ်သိုက်လား"
မှတ်ဉာဏ်ထဲတွင် သိမ်းထားသော ဒေသန္တရအသံကိုကြား လိုက်ရသဖြင့် ဝမ်သိုက်မှာ ချက်ချင်း စိတ်ကြည်သွားသည်။ သူမက ကုတင်ပေါ်မှ ထလိုက်ပြီး ဖုန်းကို ကိုင်ကာ ပြတင်းပေါက်နားတွင် သွားရပ်လိုက်သည်။
"ဟုတ်ကဲ့၊ ကျွန်မပါပဲ၊ ဘာဖြစ်လို့လဲ အန်တီ သိုလန်"
ဖုန်းထဲမှ ထွက်ပေါ်လာသော အသံတွင် ဝမ်းသာပီတိများ မဆုံးနိုင်အောင် ပါဝင်နေသည်။
"အို၊ နင့်ကို ကျေးဇူးတင်မလို့ပါ၊ ဟို ရှေ့နေ ချန် မိတ်ဆက်ပေးတဲ့ ရှေ့နေက နင့်ရဲ့ ဦးလေးဇာကန်အတွက် အမှုနိုင်အောင် ကူညီပေးလို့လေ၊ ဟိုသူဌေး အကြွေးတင်နေတဲ့ လုပ်ခတွေ အကုန်ရပြီတော်၊ ဒီလောက် မြန်မြန်ဆန်ဆန် ရလဒ် ထွက်လာလိမ့်မယ်လို့တောင် မထင်ထားဘူး"
သိုလန်၏တက်ကြွသော စိတ်ဓာတ်ကြောင့် ဝမ်သိုက်မှာလည်း အားအင်များပြည့်ဝသွားသလို ခံစားလိုက်ရသည်။ ပြတင်းပေါက် အပြင်ဘက်သို့ လှည့်ထားသော မျက်နှာတွင် အလင်းရောင်များ ယှက်သန်းနေပြီး ဝိုင်းစက်နေသော မျက်ဝန်းများတွင် အံ့သြဝမ်းသာမှုများ ပြည့်နှက်နေကာ ပြုံးနေသော နှုတ်ခမ်းများမှာလည်း ပြန်မကျတော့ချေ။
"တကယ်လား၊ အဲဒါဆို သိပ်ကောင်းတာပေါ့၊ တကယ်ပဲ မျှော်လင့်ချက်ဆိုတာ စောင့်နေရင် ရတာပဲ၊ နောင်ကျရင် ပိုပြီး ကောင်းလာမှာပါ"
"ဟုတ်ပါ့၊ ပြီးတော့လေ၊ ဖုယိကို ရွာလူကြီး ရာထူးကနေဖယ်လိုက်ပြီး နင့်ရဲ့ဦးလေးဇာကန်ကိုပဲ အစားထိုး ခန့်လိုက်ပြီ၊ အထက်က လူတွေ ဆင်းလာပြီး ငါတို့ရွာကို ဆင်းရဲနွမ်းပါးမှု ပပျောက်ရေး ကူညီပေးကြသလို တစ်ခါတည်း စောင့်ကြည့်ပေးကြမယ်တဲ့၊ နောင်ကျရင် နေလို့ ထိုင်လို့ကောင်းတော့မှာပါ"
ဝမ်းသာအားရ ပြောနေရင်းမှ ဝမ်းနည်းသံများ ရုတ်တရက် ထွက်ပေါ်လာပြန်သည်။ သိုလန်၏ သက်ပြင်းချသံက ဖုန်းထဲမှ လေးလံစွာ ထွက်ပေါ်လာပြီး အသံထဲတွင် လွမ်းဆွတ်မှုများ ပြည့်နေသည်။
"နှမြောစရာ ကောင်းတာက နာထုန် မရှိတော့တာပဲ"
ဝမ်သိုက် မေးစေ့ကို အနည်းငယ် ငုံ့လိုက်ပြီး အကြည့်များက ပြတင်းပေါက် အပြင်ဘက်သို့ ရောက်သွားသည်။ မနီးမဝေးရှိ အဆောက်အဦးအောက်မှ ပန်းခြံထဲတွင် မြက်ပင်များမှာ သိပ်ပြီး စိမ်းစိုမနေသော်လည်း အစိမ်းရောင်ပင် ဖြစ်သည်။ သို့သော် မည်မျှပင် စိမ်းသည် ဆိုစေဦးတော့ ထိုထက်ပို၍ တော့ စိမ်းလာမည် မဟုတ်တော့ချေ။