← Chapters

အခန်း ၂၈

Vol. 3 Ch. 28

အခန်း ၂၈

Vol. 3 Ch. 28

Chapter 28

သူမ နူးညံ့သော လေသံဖြင့် နှစ်သိမ့်လိုက်သည်။

"နာထုန်လည်း သိမှာပါ၊ သူ မြင်နေမှာပါ၊ ကျွန်မတို့ကသာ သူ့ကို မမြင်နိုင်တာ၊ ဖြစ်နိုင်တာကတော့ သူ အခု အန်တီ့ရဲ့ ဘေးမှာ ရှိနေမှာပါ"

ဖုန်းပြောပြီးသွားသောအခါ သူမသည် ကောင်းကင်ယံကို လှမ်းကြည့်လိုက်သည်။ တောက်ပသော နေရောင်ခြည်က ကောင်းကင်ယံတွင် ဖြာကျနေပြီး မြို့ပြပေါ်သို့ ကျရောက်နေသည်။ နေရောင်ခြည်က နေရာရွေ့သွားလိမ့်မည်။ အလင်းမရသေးသော နေရာများသည် နောက်တစ်ခဏတွင် နွေးထွေးမှုကို ရရှိပေမည်။ သို့သော် အလင်းမရနိုင်သော နေရာများလည်း ရှိနေပါသေးသည်။

ပြန်လည် စုစည်းလိုက်သော စိတ်အာရုံတို့က ရင်ထဲတွင် ရှိနေဆဲပင်။ ဝမ်သိုက်က အင်္ကျီလဲပြီး အိတ်ကိုလွယ်ကာ အပြင်ထွက်သည့်အခါ မတွေးဘဲ မနေနိုင်ပေ။ ကောင်းကင်ကြီးက တကယ်ကို ဉာဏ်များ လှသည်။ မလှုပ်ချင်သော လူကို အပြင်ထွက်လာအောင် နည်းမျိုးစုံဖြင့် လုပ်တတ်ပေသည်။

စက်တင်ဘာလဆန်း၏ လီကျိုးမြို့တွင် ဆောင်းဦးအငွေ့အ သက်များ ပါဝင်နေပြီး လေထုထဲတွင် အေးမြမှုများ ပျံ့လွင့်နေသည်။ ဝမ်သိုက်က ရည်ရွယ်ချက်မရှိဘဲ မြို့ထဲတွင် လျှောက်သွားနေမိသည်။

နမ်ကွမ်ဘုရားကျောင်းသို့ ထပ်မသွားချင်တော့ချေ။ ကံတရားကိုပဲ ပုံအပ်ထားလိုက်တော့မည်ဟု တွေးကာ သူမသည် လမ်းညွှန်လည်း မကြည့်၊ ရထားလည်း မစီးဘဲ စိတ်အာရုံအတိုင်းသာ ကွေ့ချင်သည့်နေရာကွေ့၊ သွားချင်သည့်နေရာ သွားလိုက်သည်။

မမျှော်လင့်ဘဲ သူမသည် မသိမသာဖြင့် နတ်ကွန်းတစ်ခု၏ တံခါးဝသို့ ရောက်သွားခဲ့သည်။

ဘုရားဖူးလာသူများက နမ်ကွမ်ဘုရားကျောင်းလောက် မများသော်လည်း အနီးအနားတွင် ရပ်ထားသော ကားများကို ကြည့်ခြင်းအားဖြင့် အထဲတွင် ချမ်းသာသူ အချို့ ရှိနေနိုင်သည်ဟု ယူဆရသည်။

ဝမ်သိုက် ထိုရိုးလ်ရွိုက်စ်ကားပေါ်မှ အကြည့်ကို ပြန်ရုတ်လိုက်ပြီး စိတ်ထဲမှ တွေးလိုက်မိသည်။ ဒီနေ့ ဒုတိယမြောက် ချီယာနှင့် တွေ့ကောင်း တွေ့နိုင်မည်၊ အရင်တုန်းက နမ်ကွမ်ဘုရားကျောင်းမှာ တုန်းကလည်း ရိုးလ်ရွိုက်စ်ကားတစ်စီးကို မြင်ခဲ့ရသည် မဟုတ်ပါလား။

ယခုမူ သူမအတွက် ရိုးလ်ရွိုက်စ်ကားမှာ ကံကောင်းခြင်း၏ ပြယုဂ်ဖြစ်နေလေပြီ။ အရင်တစ်ခေါက် ကလို မိုးကြိုးပစ်ခံရတာမျိုးနဲ့ ချန်စစ်ကျယ်ရဲ့ တရားစွဲခံရတာမျိုး နောက်တစ်ခါ မဖြစ်ဖို့ပဲ ဆုတောင်းရမည်။

လမ်းလျှောက်ရသဖြင့် ညောင်းညာနေသော ခြေထောက်များက ပြန်၍ အားတက်လာသည်။ ဝမ်သိုက်က နတ်ကွန်းထဲသို့ လှမ်းဝင်လိုက်သည်။ တံခါးခုံကို ကျော်လိုက်သည်နှင့် အမွှေးတိုင်နံ့များက နှာခေါင်းထဲသို့ တိုးဝင်လာသည်။

သူမက အရင်ဆုံး စန်းချင်းနတ်နန်းသို့ သွားကာ ဆရာသခင်ကိုဦးချလိုက်သည်။ ပြန်အထွက်တွင် ဝတ်စုံပြည့် ဝတ်ထားသော အမျိုးသားတစ်ဦးနှင့် တွေ့ဆုံခဲ့သည်။ သူ့ ဘေးတွင် ဝတ်ရုံဝတ်ထားသော နတ်ဆရာတစ်ပါး ပါလာသည်။

ထိုအမျိုးသားမှာ အသက်လေးဆယ် မပြည့်သေးဟု ထင်ရသော်လည်း သူ၏လေကြီးလေကျယ် အမူအရာကို ကြည့်ခြင်းအားဖြင့် ငါးဆယ်ကျော်လောက် ရှိမည်ဟု ခန့်မှန်းရသည်။

နတ်ဆရာရှိနေသဖြင့် ဝမ်သိုက် ချက်ချင်းသွားပြီး စကားမပြောသေးပေ။ အိတ်လွယ်ကြိုးကို ကိုင်ကာ သူတို့၏ အနီးအနားတွင် မသိမသာ လိုက်ပါသွားပြီး မည်ကဲ့သို့ စကားစရမည်ကို ဦးနှောက်သုံးကာ စဉ်းစားနေမိသည်။

စိတ်ထဲတွင် ချီယာနှင့် ချန်စစ်ကျယ်တို့၏မျက်နှာများ ရုတ်တရက် ဖြတ်ခနဲ ပေါ်လာသည်။ ဝမ်သိုက်က မိမိကို လမ်းပြပေးနေသော နတ်ဆရာကို စိတ်ထဲမှ ချက်ချင်း မေးလိုက်သည်။

"ဒါက ဘာသဘောလဲ"

မည်သည့် တုံ့ပြန်မှုမျှ မရှိချေ။

သူမက စိတ်ထဲမှ နတ်ဆရာကို ဇွတ်အတင်း မေးမြန်းနေစဉ်မှာပင် မလှမ်းမကမ်းရှိ နတ်ဆရာက သူမကို လှမ်းခေါ်လိုက်သည်။

"ဟေ့၊ ဟို မိန်းကလေး"

ဝမ်သိုက်မှာ ကြောင်တောင်တောင်ဖြင့် ခေါင်းကို မော့ကြည့်လိုက်ရာ ရှေ့မှ နတ်ဆရာနှင့် ရာထူးကြီးပုံရသော အမျိုးသားတို့မှာ မည်သည့်အချိန်က ရပ်သွားသည်မသိဘဲ ယခုမူ သူမဘက်သို့ လှည့်၍ ကြည့်နေကြသည်။

ဘာမှန်းမသိဘဲ ဝမ်သိုက်က သူတို့ရှေ့သို့ ခပ်သွက်သွက် ပြေးသွားလိုက်သည်။ သူမ၏ မျက်ဝန်းများတွင် ဇဝေဇဝါ ဖြစ်နေသော အမူအရာများ ရှိနေပြီး "ဘာဖြစ်လို့လဲရှင်" ဟု မေးလိုက်သည်။

နတ်ဆရာက သူမကို အပေါ်အောက် အကဲခတ်ကြည့်လိုက်သည်။ အပြုံးနုနုနှင့် မျက်နှာက သူမဘက်သို့ လှည့်လာပြီး အကြောင်းရင်းမရှိဘဲ မေးလိုက်သည်။

"ဘေးဒုက္ခနဲ့ ကံကောင်းခြင်းဆိုတာ တံခါးမရှိဘူး၊ လူကသာ ကိုယ့်ဘာသာ ဖိတ်ခေါ်တာပါ ဆိုတဲ့ စကားကို မင်း ဘယ်လို နားလည်သလဲ"

"ကျွန်မ တစ်ကိုယ်ရည် အမြင်အရတော့ ဒီစကားက အဓိကအားဖြင့် နောက်ပိုင်းမှာ ဖြစ်လာတဲ့ ကံတရားအကြောင်းကို ပြောတာလို့ ထင်ပါတယ်၊ မွေးရာပါ ပါလာတဲ့ ကံကြမ္မာထဲက ဘေးဒုက္ခနဲ့ ကံကောင်းခြင်းကတော့ သတ်မှတ်ပြီးသားပဲ၊ နောက်ပိုင်းမှာ ပြောင်းလဲနိုင်တာက ကံပဲ ရှိတယ်၊ ဒီ လူကသာ ကိုယ့်ဘာသာ ဖိတ်ခေါ်တာ ဆိုတဲ့နေရာမှာ အချက်နှစ်ချက် ရှိတယ်လို့ မြင်ပါတယ်”

“ပထမကတော့ အလကားနေရင်း စိုးရိမ်ပူပန်နေတာ၊ သိပ်ပြီး စိတ်ဓာတ်ကျတာ၊ သိပ်ပြီး စိုးရိမ်တာတွေက ကိုယ့်ရဲ့ ကံဇာတာကို ညံ့စေတတ်တယ်၊ အဲဒီကနေ ဘေးဒုက္ခတွေ ဖြစ်လာတာပဲ၊ ဒုတိယကတော့ ကိုယ်ပြုတဲ့ကံ ကိုယ်ပြန်ခံရတာပေါ့၊ မျက်မှောက်ဘဝမှာတင် လက်ငင်း ခံရတဲ့အခါကျမှ ဆင်းရဲဒုက္ခဆိုတာကို သိကြတာ၊ တကယ်လို့ မွေးရာပါ ပါလာတဲ့ ကံကြမ္မာထဲက ဘေးဒုက္ခတွေ အားလုံးက လူကသာ ကိုယ့်ဘာသာ ဖိတ်ခေါ်တာလို့ ပြောမယ်ဆိုရင်တော့"

စိတ်ထဲတွင် မိမိ၏အတိတ်ကိုသာမက တခြားလူများစွာ၏ ဘဝကိုလည်း ဖြတ်ခနဲ မြင်ယောင်သွားမိသည်။

ဝမ်သိုက်က သူ၏မျက်လုံးများကို တည့်တည့် ကြည့်လိုက်သည်။ သူ တစ်ခုခုကို သိနေသလားတော့ သူမ မသိပေ။ သို့သော် ဤအချက်နှင့် ပတ်သက်လျှင်တော့ သူမက ပြန်၍ ချေပပြောဆိုရပေမည်။ နတ်ဆရာဆိုသည်မှာ အလုပ်အကိုင်တစ်ခုသာ ဖြစ်သည်။ သူမက အတွေးအခေါ်ကို လက်ခံသော် လည်း ဂိုဏ်းဂဏအောက်က လူတွေကိုတော့ မျက်စိမှိတ် ယုံကြည်မှာ မဟုတ်ပါချေ။ လူတိုင်းတွင် ကိုယ်ပိုင် အသိစိတ် ရှိကြသည် မဟုတ်ပါလား။

"ဒီကမ္ဘာမှာ ဘယ်သူမှ မွေးလာကတည်းက ဒုက္ခခံဖို့ထိုက်တန် တဲ့သူ မရှိဘူး၊ ဒီဘဝမှာ ခံစားနေရတဲ့ ဆင်းရဲဒုက္ခတွေက အရင်ဘဝက မကောင်းတာ လုပ်ခဲ့လို့ဆိုတဲ့ စကားမျိုးကို ကျွန်မ အမုန်းဆုံးပဲ၊ အဲဒါတွေက အလကား အဓိပ္ပာယ်မရှိတဲ့ စကားတွေ၊ ဒုက္ခရောက်နေသူကိုပဲ အပြစ်ဖို့တဲ့ စကားတွေပဲ"

သူမသည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။ မျက်ဝန်းထဲတွင်လည်း ခိုင်မာသောယုံကြည်ချက်များ ရှိနေသည်။

စိတ်ပျက်လက်ပျက် ဖြစ်သွားသော စိတ်က အသိတရားထက် ကျော်လွန်သွားသဖြင့် ဝမ်သိုက်မှာ ယခုတစ်ခေါက် အဆက်အသွယ် ရမည့် အခွင့်အရေးကို စွန့်လွှတ်ရန် ပြင်လိုက်သော်လည်း နတ်ဆရာ၏ဘေးတွင် ရပ်နေသော အမျိုးသားက ပေါ့ပေါ့ပါးပါး ရယ်မောလိုက်သံကို ကြားလိုက်ရသည်။

သူက ဝမ်သိုက်ကို ကြည့်လိုက်သော အကြည့်ထဲတွင် အံ့သြဖွယ်ကောင်းလောက်အောင် ချီးကျူးမှုများ ပါဝင်နေသည်။

"ဒီမိန်းကလေးက တကယ်ကို ပွင့်လင်းပြီး ရိုးသားတာပဲ၊ အမှန်အတိုင်း ပြောရရင် ခုနက ကျွန်တော်တို့ ဒီစကားရဲ့ အဓိပ္ပာယ်ကို ဆွေးနွေးနေကြတာပါ၊ လူတစ်ထောင်မှာ အမြင်တစ်ထောင် ရှိနိုင်တာကိုး"

နတ်ဆရာလည်း ပြုံးရင်း ထောက်ခံလိုက်သည်။

"မင်းရဲ့ နားလည်မှုက ပြဿနာ မရှိပါဘူး၊ လူတစ်ယောက်ချင်းစီမှာ မတူညီတဲ့ အတွေးအခေါ်တွေ ရှိကြတာပဲ၊ ဒါပေမဲ့ ငါကတော့ မင်းရဲ့ နားလည်မှုကို သဘောကျတယ်၊ ကောင်းတာလုပ်တာက ကောင်းတာလုပ်တာပဲ၊ ဒါပေမဲ့ ဆင်းရဲဒုက္ခတွေကိုတော့ ကိုယ့်အပေါ်မှာပဲ အပြစ်ပုံချလို့ မဖြစ်ဘူး၊ အခု ခေတ်စားနေတဲ့ ဘေးဒုက္ခဆိုတာ ကိုယ်လုပ်လို့ ကိုယ်ပြန်ခံရတာ ဆိုတဲ့ အမြင်မျိုးကို ငါလည်း မကြိုက်ဘူး"

ဤသို့ဖြင့် မတော်တဆပင် သူတို့နှင့် အဆက်အသွယ်ရသွားခဲ့သည်။ ဝမ်သိုက်မှာ ဗီဇအရကောင်းကင်ကြီးကို မော့ကြည့်လိုက်မိပေသည်။

All Chapters