အခန်း ၂၉
Vol. 3 Ch. 29
Chapter 29
လမ်းဟူသည်မှာ ကြိုတင်ခင်းကျင်းထားပြီးသား ဖြစ်ပေရာ သူမက လျှောက်လှမ်းရန်သာ လိုတော့ပေသည်။
ကောင်းကင်ဘုံမှ ကြည့်ရှုနေသူ နတ်မင်းများက မည်သို့သော အကြိုက်ဆိုးများ ရှိနေသလဲဆိုသည်ကို ဝမ်သိုက် နားမလည်နိုင်သလို နားလည်း မလည်ချင်ပေ။
ဧည့်ခန်းငယ်လေးအတွင်း၌ ဖိတ်ခေါ်ခြင်းခံရသဖြင့် ဝင်ထိုင်လိုက်သည့်အခါ သူမမှာ အနည်းငယ် မိန်းမောတွေဝေနေဆဲ ဖြစ်ပေသည်။ လက်ထဲသို့ ရေနွေးနွေးထည့်ထားသော စက္ကူခွက်လေး ရောက်လာသည့်အခါမှ ဝမ်သိုက်က ခေါင်းညိတ်၍ ကျေးဇူးတင်စကား ဆိုလိုက်လေသည်။
"ဒါဆိုရင် လာဘ်လာဘ ကော၊ ခုနက ဘေးဒုက္ခ အကြောင်းပဲ မင်းပြောသွားတာလေ၊ လာဘ်လာဘ ကော ဘယ်လိုလဲ"
ဆရာတော်က မဆိုင်းမတွပင် ကုလားထိုင်၌ ဝင်ထိုင်လိုက်သည်။ သူ့ အမူအရာကို ကြည့်ရသည်မှာ ဝမ်သိုက်၏ အတွေးအမြင်များကို စိတ်ဝင်စားနေပုံရပြီး သူမ မျက်နှာကိုလည်း မလွှတ်တမ်း စိုက်ကြည့်နေပေသည်။
"သဘောတရားချင်း အတူတူပါပဲ"
သူမက အတိုချုံးပင် ဆိုလိုက်သည်။ ရေခွက်ကို မကာနှုတ် ခမ်းနားသို့ ကပ်လိုက်ပြီးနောက် လက်ဖက်ရည်နွေးနွေးကို တစ်ငုံ ငုံလိုက်လေသည်။ ထိုအခါမှ စိုစွတ်သွားသော လည် ချောင်းမှာ ပွင့်သွားသကဲ့သို့ ရှိကာ သူမက ဆက်၍ ဆိုလိုက်သည်။
"တကယ်တော့ အဲဒါတွေကို အများကြီး လိုက်တွေးနေဖို့ မလိုဘူးလို့ ကျွန်မ ထင်တယ်၊ အဓိပ္ပာယ်က ဘာလဲဆိုတာက အရေးကြီးလို့လား၊ ဒီဘဝကို အဆုံးထိလျှောက်ပြီးမှ နောက်ကြောင်းပြန်ကြည့်ရင် အလိုလို နားလည်သွားမှာပဲလေ၊ တရားတွေ သိနေလို့လည်း အပိုပဲ၊ လမ်းကတော့ ကိုယ့်ဘာသာကိုယ် လျှောက်ရမှာပဲ၊ တရားသိနေလည်း ချော်လဲမှာကတော့ လဲမှာပဲ"
သူမ၏ ရှေ့တွင် ထိုင်နေသော အမျိုးသားမှာ များစွာစိတ်ဝင် စားသွားဟန်ဖြင့် ဝမ်သိုက် မျက်နှာကို စိုက်ကြည့်ရင်း ဆိုလိုက်သည်။
"မင်းက အသက်အရွယ်က ငယ်ငယ်လေးနဲ့ ဘယ်လိုလုပ် ဒါတွေကို ဒီလောက်တောင် သိနေတာလဲ၊ ဒီအရွယ်နဲ့ ဒီလို အတွေးအခေါ်မျိုး ရှိတာ တကယ်ကို ချီးကျူးဖို့ ကောင်းတယ်"
သူပြောသမျှကို ဝမ်သိုက်က သာမန်ကာလျှံကာပင် သဘော ထားပြီး နှာခေါင်းရှုံ့ကာ ဆိုလိုက်သည်။
"အတွေးအခေါ်နဲ့ အသက်အရွယ်နဲ့ ဘာဆိုင်လို့လဲ"
ထို့ထက်ပိုသော စကားများကိုတော့ သူမ လည်ချောင်းထဲတွင်ပင် ထိန်းထားလိုက်ပြီး ဘာမှ ထပ်မရှင်းပြတော့ဘဲ ခွက်ထဲတွင် လှုပ်ခတ်နေသော ရေလှိုင်းလေးများကိုသာ ငေးကြည့်နေခဲ့သည်။
သူမသည် လှိုင်းကြက်ခွပ်လေးနှင့် တူပေသည်။ မိမိဘာသာ ရုန်းကန်ရန် ခက်ခဲလှသဖြင့် တွန်းပို့ရာနောက်သို့သာ လိုက်ပါနေရလေသည်။
အတိတ်ကာလ၌ မိမိဘာသာ အားတက်သရောကြိုးစားခဲ့သည့် ရလဒ်ထက်စာလျှင် ယခုကဲ့သို့ စိတ်ဓာတ်ကျကာ အလိုလို ဖြစ်ချင်ရာဖြစ်လွှတ်ထားသည့် ရလဒ်က ပိုကောင်း မွန်နေသည်မှာ သက်သေပင်။
"မင်းလို မိန်းကလေးမျိုးရဲ့အကျင့်ကို ငါ သဘောကျတယ်၊ ရင်းနှီးသွားအောင် မိတ်ဆက်ကြရအောင်လေ... ငါ့နာမည်က ချန်ဝမ်ခန်းပါ၊ we chat လေး ဘာလေး အပ်ကြမလား"
ပျော့ပျောင်းသော အသံမှာ သူ့ရုပ်ရည်နှင့် လိုက်ဖက်လှပေသည်။ ထိုအမျိုးသားသည် အိတ်ထဲမှ ဖုန်းကို ထုတ်လိုက်ပြီး ဝမ်သိုက်နှင့် ဝှီးချက် ကုတ်ချင်းစကန်ဖတ်ကာ သူငယ်ချင်းအဖြစ် အပ်လိုက်လေသည်။
အပြန်လမ်းတွင်မူ သူမသည် လောက်စ်ရွိုက်စ်ကားကို ထပ်မံ စီးနင်းခဲ့ရပြန်သည်။ ကွာခြားသွားသည်မှာ ယခုတစ်ကြိမ်တွင် သူမက ရှေ့ခန်း၌ ထိုင်ရခြင်း ဖြစ်ပေသည်။
ကားအတွင်း၌ ဘုရားကျောင်းမှ နံ့သာနံ့ အေးအေးလေးမှာ သင်းပျံ့နေပေသည်။ ချန်ဝမ်ခန်းသည် လက်က စတီယာရင်ကို ကိုင်ထားရင်း အလွန်စကားပြောကောင်းလှသည်။
"ဝမ်သိုက် ဆိုတဲ့ နာမည်လေးက တော်တော်ကောင်းတာပဲ၊ ဝမ် ဆိုတဲ့ မျိုးရိုးက ရှားတယ်လေ၊ ပြောရရင် ငါ့မှာ အရင်က သူငယ်ချင်းဟောင်း တစ်ယောက် ရှိဖူးတယ်၊ သူကလည်း ဝမ် မျိုးရိုးပဲ၊ အထက်တန်းတုန်းက ငါနဲ့ သူက တော်တော် ရင်းနှီးတာ၊ ငါတို့ နှစ်ယောက်ပဲ အမြဲ တွဲကစားကြတာလေ”
“ဒါပေမဲ့ နောက်ပိုင်းမှာတော့ လမ်းခွဲခဲ့ကြရတယ်၊ နှမြောစရာပဲ၊ တက္ကသိုလ်ကျတော့ ငါက နိုင်ငံခြားမှာ သွားတက်တာ၊ အဲဒီတုန်းက အခုလို ဆိုရှယ်မီဒီယာတွေကလည်း မရှိသေးတော့ ဒီလောက် ဝေးကွာသွားတဲ့အခါ ပြန်ဆုံဖို့က ခက်ခဲသွားတယ်၊ အခုတော့ လီကျိုးကို ငါ ပြန်ရောက်နေပေမဲ့ သူ ဘယ်မှာလဲဆိုတာ မသိတော့ဘူး၊ ကမ္ဘာတစ်ဖက်စီ ရောက်နေကြသလိုပဲပေါ့"
"ဪ..."
သူ့စကားကို ဝမ်သိုက်က သိပ်စိတ်မဝင်စားသော်လည်း အဖော်ပြုပေးသည့် အနေဖြင့်သာ တုံ့ပြန်လိုက်သည်။
"ငါ့မှာ မင်းထက် အသက်နည်းနည်းပိုကြီးတဲ့ သားတစ်ယောက်ရှိတယ်၊ အခွင့်ကြုံရင် မင်းတို့ နှစ်ယောက်ကို မိတ်ဆက်ပေးမယ်လေ၊ သူ့အမေက ဗုဒ္ဓဘာသာကို ယုံကြည်တာ၊ ငါကတော့ သူ့ကို တိတ်တဆိတ်ပဲ တာအိုဘာသာထဲ သွင်းလိုက်တယ်၊ သူ့အမေကတော့ သူ့သားက တာအိုဆရာတစ်ယောက် ဖြစ်နေတာကို အခုထိ မသိသေးဘူး"
ဝမ်သိုက် ဦးနှောက်အတွင်းရှိ အာရုံကြောများမှာ ရုတ်တရက် တင်းကနဲ ဖြစ်သွားသည်။ ခုနက အစောင့်အရှောက်များက သူမကို ပြသခဲ့သည့် ပုံရိပ်များကို ပြန်လည် မြင်ယောင်လာပြီး သဲလွန်စများကို ဆက်စပ်ကြည့်လိုက်သည့်အခါ ဝမ်သိုက်က မသိမသာ မတ်တတ်ထိုင်လိုက်ပြီး ချန်ဝမ်ခန်းကို ဘေး စောင်းကြည့်ကာ တွန့်ဆုတ်စွာ မေးလိုက်လေသည်။
"ဦးလေး... ဦးလေးသားရဲ့ နာမည်က ဘယ်သူလဲဟင်"
ရှေ့မှ မီးနီနှင့် ကွက်တိ တိုးသွားသဖြင့် ချန်ဝမ်ခန်းက ကားကို ရပ်လိုက်ပြီး သူမကို လှည့်ကြည့်လိုက်သည်။ သူမ၏ စိုးရိမ် တကြီး စိုက်ကြည့်နေသော မျက်ဝန်းများကို ကြည့်ကာ သူက အဖြေပေးလိုက်သည်။
"ချန်စစ်ကျယ်လေ၊ ကျွမ်းကျင်စွာ လျှောက်လှမ်းနိုင်တဲ့ ချန်စစ်ကျယ် ပေါ့"
"သူက ရှေ့နေလေ၊ စစ်ချန်ရှေ့နေရုံးအကြောင်း မင်း ကြားဖူးမှာပေါ့၊ သူက အဲဒီရုံးရဲ့ ရှယ်ယာရှင်တစ်ယောက်ပဲ"
ခေါက်ဆွဲပြုတ်နံ့မှာ ဧည့်ခန်းအတွင်း၌ ပျံ့နှံ့နေပေသည်။ ခွက်ထဲမှ ခေါက်ဆွဲများမှာ ဟင်းရည်ကို စုပ်ယူထားသဖြင့် ပွယောင်းနေပြီး အောက်ခြေတွင် ဟင်းဖတ်များဖြင့် ရောထွေးနေလေသည်။
သို့သော်လည်း အိမ်ရှင်မမှာမူ ဝရံတာတွင် ရပ်နေဆဲ ဖြစ်ပြီး လှည့်မကြည့်သေးပေ။
"ဘယ်လောက်တောင်လဲ"
ဝမ်သိုက်သည် လက်တစ်ဖက်ကို ပြတင်းပေါက်တွင်ထောက် ထားပြီး သူမ၏ မျက်နှာတွင် မယုံနိုင်စရာ ဖြစ်နေသော အမူအရာများ ပြည့်နှက်နေပေသည်။ သူမ ကိုင်ထားသော ဖုန်းမျက်နှာပြင်ပေါ်တွင် ချန်စစ်ကျယ်၏အမည်မှာ ပေါ်နေပြီး ဖုန်းပြောသည့် အချိန်မှာလည်း တစ်စတစ်စ ပိုရှည်လျားလာနေပေသည်။
သူမ၏ တအံ့တဩ ဖြစ်နေမှုနှင့် ဆန့်ကျင်ဘက်ဖြစ်စွာပင် ချန်စစ်ကျယ်လေသံမှာ ပုံမှန်အတိုင်းဖြစ်ပြီး ဘာခံစားချက်မှ မပါဘဲ ဆိုလိုက်သည်။
"တစ်သိန်း"
သူပြောသည့် လေသံမှာ ဆယ်ဂဏန်းလောက်ကို ပြောနေသကဲ့သို့ပင်။ ဝမ်သိုက်မှာ မျက်လုံး အပြူးသားဖြင့် ပါးစပ်ပင် မစေ့နိုင်တော့ဘဲ တံတွေးကို ခက်ခက်ခဲခဲ မျိုချလိုက်ရသည်။ သူမမှာ တစ်ကိုယ်လုံး ပေါ့ပါးသွားသကဲ့သို့ ခံစားရပြီး တိုးတိုးလေး ရေရွတ်လိုက်မိသည်။
"ရှင့်ရဲ့လာဘ်ကတော့ တကယ်ကောင်းလွန်းတာပဲ၊ အလုပ်တစ်ခု လက်ခံလိုက်တာနဲ့တင် တစ်သိန်းတောင် ရတာလား၊ သူဌေးကြီးတွေက ရှင့်ကိုပဲ လိုက်ရှာနေကြတာပဲ"
"...စကားတွေ အပိုမပြောနဲ့၊ မင်း အားလား၊ အားတယ်ဆိုရင် ငါ လက်မှတ်ဖြတ်လိုက်မယ်၊ စနေနေ့ မနက် ကိုးနာရီ လေယာဉ်နဲ့ ဟန်မြို့ကို သွားရမယ်"
"သွားမယ်"
ပိုက်ဆံရမည့် အလုပ်ကို ငြင်းမည့်သူမှာ လူအပဲ ဖြစ်ပေမည်။ ဝမ်သိုက်သည် ဖုန်းချလိုက်သည်နှင့် အခန်းထဲသို့ အပြေးသွားပြီး ခရီးဆောင်အိတ်အတွင်းသို့ အသုံးဝင်မည့် အစီအရင်များနှင့် မန္တန်စာရွက်များကို လျင်မြန်စွာ ထည့်သွင်းလိုက်လေသည်။
စားပွဲပေါ်၌ ပစ်ထားသော ခေါက်ဆွဲပြုတ်မှာ အေးစက်သွားသည့် အခါမှသာ သူမ ပါးစပ်ထဲသို့ ရောက်သွားသော်လည်း သူမကမူ အေးစက်မှုကို မခံစားရတော့ပေ။
တွဲဖက်ကောင်း တစ်ယောက်ရခြင်းမှာ တကယ်အလုပ်တွင် အဆင်ပြေလှပေသည်။ ပုံမှန်ဆိုလျှင် သူမမှာ ထောင်ဂဏန်းလောက်ရှိသည့် အလုပ်အနည်းငယ် ရလျှင်ပင် မဆိုးလှဟု ယူဆရပြီး တစ်ခါတလေဆိုလျှင် အရှုံးပင် ပေါ်တတ်သေးသည်။ အခုတော့ တာအိုဆရာဆိုသည့် နာမည်နောက်ခံနှင့်မို့ ဖောက်သည်ရှာရသည်မှာ အလွန်ပင် လွယ်ကူနေပေသည်။
အဲဒီလိုဆိုရင် သူမလည်း တာအိုဆရာမ သွားလုပ်ရင် ကောင်းမလား။
"တာအိုဆရာမ သွားလုပ်ရင် ကောင်းမလား"
စနေနေ့အထိ ထိုအတွေးမှာ ဝမ်သိုက်စိတ်ထဲမှ ထွက်မသွားသေးပေ။ သူမသည် ခရီးဆောင်အိတ်ကိုဆွဲကာ ချန်စစ်ကျယ် ဘေးမှ ကပ်၍လိုက်ပါလာခဲ့သည်။
အရပ်ချင်း ကွာခြားလွန်းသဖြင့် သူက တစ်လှမ်းလှမ်းလျှင် သူမက နှစ်လှမ်းလောက် ခပ်သွက်သွက် လိုက်နေရသဖြင့် အနည်းငယ်တော့ ပင်ပန်းပေမဲ့ သည်းခံနိုင်ပေသည်။ သူမက ခေါင်းကို မော့ကာ အမျိုးသား၏မေးစေ့နှင့် ပါးပြင်တစ်ဖက်ကို ကြည့်ရင်းဆိုလိုက်လေသည်။
"ချန်စစ်ကျယ်၊ ရှင့်မှာ ဂျူနီယာ ညီမလေးတွေ မလိုဘူးလား၊ ရှင့်ဆရာက တပည့် မလိုဘူးလား"
ဝန်ထမ်းများက လက်မှတ်စစ်ပြီးနောက် ချန်စစ်ကျယ်မှာ VIP နားနေခန်းအတွင်းသို့ ဝင်သွားပေသည်။ နောက်တွင် ကျန်ရစ်ခဲ့သော ဝမ်သိုက်မှာမူ ထူးထူးခြားခြား ဘာမှ မပြောဘဲ ရှိနေပေသည်။ အဘယ်ကြောင့်ဆိုသော် သူမက ဤအလုပ်ကို အခမဲ့ ကပ်လိုက်လာသူ ဖြစ်သောကြောင့်ပင်။ သူမသည် ချန်စစ်ကျယ်၏ ဘေးရှိ ဆိုဖာပေါ်သို့ အပြေးအလွှား သွားထိုင်လိုက်ပြီး ကိုယ်ကို သူ့ဘက်သို့ စောင်းကာ မျက်ဝန်းအစုံကို ဝိုင်းစက်နေအောင် ဖြဲကြည့်ရင်း ဆိုလိုက်သည်။
"ရှင် ကျွန်မပြောတာ ကြားရဲ့လား၊ ဘာလို့ လူကို အရေးမလုပ်တာလဲ"
"ငါက တာအိုဆရာဆိုတာ မင်း ဘယ်လိုသိတာလဲ"
ချန်စစ်ကျယ်သည် လက်ကို ရင်ဘတ်ပေါ်တွင် ပိုက်ထားရင်း ဆိုဖာပေါ်၌ ပျင်းရိစွာ မှီနေပေသည်။ သူ့ မျက်ဝန်းများမှာ မှိတ်ထားပေသည်။
"ရှင့်အဖေ ပြောတာလေ" ဟု ဝမ်သိုက်၏ ပါးစပ်မှ လွှတ်ခနဲ ထွက်သွားလုနီးပါး ဖြစ်သွားသော်လည်း အချိန်မီ ထိန်းလိုက်နိုင်ပြီး အမူအရာမပျက် ပြန်ဖြေလိုက်သည်။
"ခန့်မှန်းကြည့်တာပေါ့၊ ရှင့်လို လူမျိုးက တာအိုပညာကို ပိုက်ဆံပေးပြီး သင်မယ့်လူမျိုး မဟုတ်သလို မိသားစု အမွေ အနှစ်လည်း မဖြစ်နိုင်ဘူးလေ"
နှာခေါင်းရှုံ့သံတစ်ခုမှာ အနားယူနေသော အမျိုးသား၏ နှာခေါင်းမှ ထွက်ပေါ်လာသည်။ သူ၏ မျက်တောင်များမှာ စိုးစဉ်းမျှ လှုပ်ခတ်ခြင်း မရှိပေ၊ အလွန်ပင် စိတ်အေးလက်အေး ရှိနေပုံရသလို အလွန်ပင်ပန်းနေပုံလည်းရသည်။