အခန်း ၃၀
Vol. 3 Ch. 30
Chapter 30
ပင်ပန်းနွမ်းနယ်နေသော လေသံမှာ ပျံ့လွင့်လာသည်။
"လက်မခံဘူး၊ အိပ်မက်မက်မနေနဲ့.... မင်းလိုမျိုး... စုန်းတွေနတ်တွေနဲ့ ပတ်သက်နေတဲ့ သူကို အမြင်မစောင်းတဲ့လူက သိပ်မရှိဘူး၊ တာအိုကျောင်းမှာလည်း ငြင်းခုန်နေကြတာတွေ အများကြီးပဲ၊ မင်းသာ အဲဒီကို ရောက်သွားရင်တော့ ဟူး...... အကုန်လုံး ဗြောင်းဆန်ကုန်မှာပဲ၊ အခုတောင် အတော်လေး ရှုပ်နေတာ၊ ငါ ကျောင်းက တခြားလူတွေကို မကြိုက်ဘူး၊ မင်းလည်း ကြိုက်မှာ မဟုတ်ဘူး"
မျှော်လင့်မထားဘဲ ဝမ်သိုက်မှာ သူ၏ နှိမ်ချခြင်းကို မခံရဘဲ သူနှင့် တစ်ဖက်တည်း ရောက်သွားသကဲ့သို့ ခံစားချက်မျိုးက တကယ်ကို ထူးခြားလှပေသည်။
"ဪ"
နှစ်ရက်တိုင်တိုင် ထိုအတွေးကို ဆုပ်ကိုင်ထားခဲ့သော ဝမ်သိုက်မှာ ငြင်းပယ်ခံလိုက်ရသော်လည်း သိပ်ပြီး အရေးမစိုက်ပေ။ သူမသည် ပျင်းရိပျင်းတွဲဖြင့် စားပွဲပေါ်မှ သစ်တော်သီး တစ်လုံးကို ယူ၍ လေထဲတွင် မြှောက်ကစားနေရင်း စကား ပြောဖော်ရသဖြင့် ပါးစပ်က ငြိမ်မနေတော့ပေ။
"ဒါနဲ့ အဲဒီ သူဌေးကြီးက ပိုက်ဆံတွေ အများကြီးပေးပြီး ဘာလုပ်ခိုင်းတာလဲဟင်၊ ဘယ်လို ယတြာမျိုးလဲ၊ အသက်ရှည်အောင် လုပ်ပေးရမှာမျိုးတော့ မဟုတ်ဘူးမလား၊ အဲဒါမျိုးဆိုရင်တော့ ကျွန်မ မလုပ်တတ်ဘူးနော်"
ချန်စစ်ကျယ်သည် သူ့ ဘေးတွင် ရှိနေသူမှာ လူမဟုတ်ဘဲ ငှက်ကလေး တစ်ကောင်ကဲ့သို့ ခံစားနေရပေသည်။
သူက စိတ်ပျက်သလို ညည်းတွားလိုက်ပြီး မှိတ်ထားသော မျက်လုံးများကို ဖြည်းဖြည်းချင်း ဖွင့်လိုက်သည်။ ဝေဝေရီရီ ဖြစ်နေသော မျက်ဝန်းများဖြင့် ဘေးတွင် သစ်တော်သီးနှင့် ကစားနေသော ကလေးဆန်သည့် သူကို စောင်းကြည့်ကာ ဆိုလိုက်သည်။
"မင်း ဝတ္ထုတွေ အဖတ်များနေတာလား၊ ကိုယ်တိုင်လည်း ဒီအလုပ် လုပ်နေတာပဲ၊ အသက်ရှည်အောင် လုပ်ပေးလို့ မရဘူးဆိုတာ မသိဘူးလား၊ ဒီလောကမှာ တကယ်လုပ်နိုင်တဲ့ လူရှိချင်ရှိမှာပေါ့၊ ဒါပေမဲ့ အဲဒီအတွက် ပေးဆပ်ရတာ မနည်းဘူးလေ၊ ဘယ်သူက လုပ်ရဲမှာလဲ၊ တကယ်သာ လွယ်လွယ်နဲ့ လုပ်လို့ရမယ်ဆိုရင် ရှေးခေတ်က ထာဝရအသက်ကို လိုချင်တဲ့ ဧကရာဇ်တွေ ဘာလို့ သေကုန်ကြမှာလဲ"
"အောက်လမ်းနှင်တာနဲ့ အမျှဝေပေးတာလောက်ပါပဲ၊ မင်းရဲ့ စိတ်ကူးယဉ်မှုတွေကို လျှော့ဦး"
...
ရက်ရောသော သူဌေးကြီးက ချန်စစ်ကျယ်နှင့် ဝမ်သိုက်တို့အတွက် စီစဉ်ပေးထားသော ဟိုတယ်မှာလည်း အလွန်ပင် အဆင့်မြင့်လှသည်။ ဟန်မြို့၏ တစ်ခုတည်းသော ကြယ်ခုနှစ်ပွင့် ဟိုတယ်ဖြစ်ပြီး အခန်းမှာလည်း ဇိမ်ခံအခန်း အမျိုးအစားဖြစ်ပေသည်။
နားလည်မှုရှိသော သူဌေးကြီးက ချန်စစ်ကျယ်ထံ ဖုန်းဆက်ကာ သူသည် အလုပ်ကိစ္စကြောင့် ကိုယ်တိုင်လာမကြိုနိုင်သဖြင့် လေဆိပ်သို့ ဒရိုင်ဘာ လွှတ်လိုက်မည်ဖြစ်ကြောင်းနှင့် လေယာဉ်စီးလာသဖြင့် ပထမတစ်ရက်တွင် အရင်နားလိုက်ရန်ပြောထားသဖြင့် အောက်လမ်းနှင်မည့် အလုပ်ကို မနက် ဖြန်မှသာ လုပ်ရန်စီစဉ်ထားပေသည်။
ဝမ်သိုက်နှင့် ချန်စစ်ကျယ်တို့၏အခန်းမှာ ကပ်လျက်ဖြစ်ပြီး ဝရံတာသို့ ထွက်လိုက်လျှင် တစ်ယောက်နှင့် တစ်ယောက် မျက်နှာချင်းဆိုင် မြင်တွေ့နိုင်ပေသည်။
သူမသည် ဝရံတာမှ သစ်သားလက်ရန်းကို ကိုင်ကာ ကိုယ်ကို အနည်းငယ် ရှေ့သို့ ကိုင်းလိုက်ပြီး မြို့ပြမြင်ကွင်းကို ငေးကြည့်နေသော ချန်စစ်ကျယ်ကို မျှော်လင့်ချက်အပြည့်ဖြင့် ကြည့်ကာ ဆိုလိုက်သည်။
"ဟေး၊ ရှင့်မှာ ဒီနေ့ ဘာအစီအစဉ် ရှိလဲ၊ မနက်ဖြန်အထိ ဟိုတယ်ထဲမှာပဲ အိပ်နေဖို့တော့ မရည်ရွယ်ဘူးမလား"
တာအိုဆရာလည်းဖြစ် ရှေ့နေလည်းဖြစ်သော သူ့ရှေ့တွင် သူမက စမ်းသပ်သလို ပြောလိုက်သည့် အခါ ချန်စစ်ကျယ်က တံတောင်ကို လက်ရန်းပေါ်တွင် တင်လိုက်ပြီး ခေါင်းကို စောင်း၍ သူမကို တစ်ချက်ကြည့်ကာ အေးစက်သော လေသံဖြင့် ဆိုလိုက်သည်။
"ဒါပေါ့၊ မဟုတ်ရင် မင်းနဲ့အတူ လိုက်ကစားပေးရမှာလား... ငါတို့ရဲ့ ဆက်ဆံရေးကို ပြန်သုံးသပ်ကြည့်ပါဦး၊ ငါက မင်းရဲ့တွဲဖက်ပဲ၊ ရည်းစားမဟုတ်ဘူး၊ လိုက်ကစားပေးတဲ့ ဝန်ဆောင်မှု မပေးဘူး၊ အလကားတော့ မပေးဘူးပေါ့၊ ငါပြောဖူးတယ်လေ၊ ငါ့ရဲ့ တစ်နာရီနှုန်းက ရှစ်ထောင် ဆိုတာ"
စီးပွားရေးသမား အစုတ်ပလုပ်~
ဝမ်သိုက်သည် သူ့ စကားကို ကြားရသဖြင့် သွားကျိန်းမတတ် ခံစားလိုက်ရသည်။ အရင်က သူ့ကို ချီးကျူးခဲ့သမျှကို ပြန်ရုတ်သိမ်းချင်လှပြီ။ သူ့ကို ရင်းရင်းနှီးနှီး ပေါင်းဖို့ စဉ်းစားခဲ့မိတာ မှားတာပဲ။
"...သွားချင်သွား၊ မသွားချင်နေ၊ ဒါဆိုရင်လည်း ရှင် ဟိုတယ်မှာပဲ အိပ်နေလိုက်တော့၊ ကျွန်မကတော့ ဒီမြို့ရဲ့ သက်ဝင်လှုပ်ရှားမှုတွေကို သွားခံစားတော့မယ်"
သူမသည် လက်ရန်းကို လက်နှစ်ဖက်နှင့် တွန်းလိုက်ပြီး အခန်းထဲသို့ ပြန်ဝင်သွားလေတော့သည်။
မိမိလာတုန်းက ခရီးဆောင်အိတ်ထဲ ဘာတွေ ထည့်လာခဲ့သလဲ ဆိုသည်ကို သိနေပါလျက်နှင့် "သိသိကြီးနဲ့ မေး" သည့် ပုံစံမျိုးဖြင့် အိတ်ကိုဖွင့်လိုက်ပြီး အထဲမှ ရိုးရိုးစင်းစင်း အဝတ်အစားများကို စိုက်ကြည့်နေမိသည်။ ဝမ်သိုက်သည် အိတ်ထဲမှ ချည်သားအင်္ကျီနှင့် ဂျင်းဘောင်းဘီကို ထုတ်လိုက်ပြီးနောက် ရှပ်အင်္ကျီနှင့် အနွေးထည်များကိုလည်း ထပ်မံ ရှာဖွေလိုက်သည်။
ငယ်ငယ်တုန်းကတော့ အလှအပ ကြိုက်ခဲ့သည်၊ ပန်းရောင် နုနုလေးတွေကို သဘောကျခဲ့သည်၊ ဒါဆိုရင်... ဒါတွေက ဘယ်အချိန်ကစပြီး ပြောင်းလဲသွားတာလဲ။ အဖြေကိုစဉ်းစား နေစရာ မလိုပေ။ ဝမ်သိုက် လက်မှာ အိတ်အနားသို့ ကျသွားပြီး လေးလံသော စိတ်မကောင်းမှုများက ရင်ထဲသို့ ပြန်လည် ရောက်ရှိလာပြန်သည်။
သူတို့ ထွက်သွားကြပြီ၊ သူမလည်း မိမိကိုယ်ကိုယ် ချစ်နိုင်စွမ်းကို ဆုံးရှုံးခဲ့ရပြီ။
ဝမ်သိုက်မှာ အတိတ်၏ ဝဲဂယက်ထဲသို့ ကျဆင်းလုနီးပါး ဖြစ်နေစဉ်မှာပင် ရုတ်တရက် မြည်လာသော လူခေါ်ဘဲလ်သံက သူမကို လက်တွေ့ကမ္ဘာဆီသို့ ပြန်လည် ခေါ်ဆောင်ပေးလိုက်သည်။
"တောင်... တောင်"
သူမသည် လျင်မြန်စွာ မတ်တတ်ရပ်လိုက်ပြီး လက်ကို ဆန့်ကာ အိတ်ဖုံးကို ပိတ်လိုက်ပြီး တံခါးဆီသို့ အပြေးအလွှား သွားကာ တံခါးကို ဖွင့်လိုက်လေသည်။
တံခါးဝတွင် ရပ်နေသူမှာ ခုနက ဝရံတာတွင် ဈေးခေါ်နေသော ချန်စစ်ကျယ် ဖြစ်ပေသည်။
သူသည် အပြင်သွားရန်အတွက် သီးသန့် အဝတ်အစားလဲစရာမလိုသော လူမျိုး ဖြစ်ပေသည်။ မီးခိုးရောင် လက်ရှည် အနွေးထည်အောက်တွင် တီရှပ်ဖြူလေး တစ်ထည်ကို ဝတ်ဆင်ထားပြီး အနွေးထည်၏အနားသတ်များမှာ မသိ မသာ ဒီဇိုင်းဖော်ထားပေသည်။ သူ့ ဘောင်းဘီမှာလည်း အသားကောင်းပြီး ချုပ်လုပ်မှု သေသပ်လှသဖြင့် သူ၏ ဝတ်စားဆင်ယင်မှု အဆင့်အတန်းကို ဖော်ပြနေပေသည်။
ဤလူသည် ရှေ့နေအဖြစ် သရုပ်ဆောင်နေသည့် အချိန်နှင့် နေ့စဉ်ပုံစံမှာ လားလားမျှ မဆိုင်ပေ။
ဝမ်သိုက်သည် မိမိကိုယ်မိမိ ပြန်ငုံ့ကြည့်လိုက်သည့်အခါ အားကစားဝတ်စုံနှင့် ဖြစ်နေပေသည်။ သူမကို အထက်တန်း ကျောင်း တစ်ကျောင်းထဲ ပစ်ထည့်လိုက်လျှင်ပင် ဘယ်သူမှ သံသယဝင်မည် မဟုတ်ပေ။
"အပြင်သွားချင်တာ မဟုတ်လား၊ ဘာလို့ ကြောင်ရပ်နေတာလဲ၊ သွားကြစို့"
အသံမှာ သူမ၏ ခေါင်းပေါ်မှ ကျလာသကဲ့သို့ ရှိသည်။
ငုံ့နေသော ခေါင်းလေးမှာ ရုတ်တရက် မော့လာသည်။ ဝမ်သိုက်၏ မျက်ဝန်းများနှင့် လေသံမှာ သံသယများဖြင့် ပြည့်နှက်နေပေသည်။
"ကျွန်မမှာ ပိုက်ဆံမရှိဘူးနော်၊ ရှင့်ဆီက လိုက်ကစားပေးတဲ့ ဝန်ဆောင်မှုကို ဝယ်မယ်လို့ မပြောခဲ့ဘူး၊ တစ်နာရီ ရှစ်ထောင်ဆိုတာ ကျွန်မ မတတ်နိုင်ဘူး၊ ရှင် အတင်းရောင်းလို့ မရဘူးနော်"
ချန်စစ်ကျယ်သည် မျက်တောင်ကို ချလိုက်ပြီး အေးစက်သော အကြည့်ဖြင့် သူမ မျက်နှာကို စိုက်ကြည့်လိုက်သည်။ အတန်ကြာမှပင် သူ့ နှုတ်ခမ်းများ ပွင့်လာသည်။
"ပိုက်ဆံတောင်းမယ်လို့ မပြောပါဘူး၊ မရင်းနှီးတဲ့နေရာမို့ တွဲဖက်ရဲ့ ဘေးကင်းလုံခြုံရေးကို စိုးရိမ်တဲ့အနေနဲ့ ငါ့ရဲ့အချိန်ကို မတတ်သာလို့ ပေးလိုက်တာပါ"
ဒီလောက်အထိ ရုပ်တည်ကြီးနဲ့ ဒီလို စကားနာထိုးတဲ့ စကားမျိုးကို ဘယ်လိုများ ပြောနိုင်ရတာလဲ။
သို့သော်လည်း သူ၏ ထိုအကြောင်းပြချက်မှာ ဝမ်သိုက်ကို ခါးမူရွာ ခရီးစဉ်ကို အမှတ်ရသွားစေသည်။ အဲဒီတုန်းက သူမသည် သူ့ အကူအညီကို အမှန်တကယ် ရယူခဲ့ရသည် မဟုတ်ပါလား။ သူသာ လွှတ်ထားခဲ့လျှင် သူမမှာ အတော်လေး ရုန်းကန်ရမည် ဖြစ်ပေသည်။
စကားနာတော့ ပြန်ထိုးချင်သေးသဖြင့် ဝမ်သိုက်က မဲ့ကာ ဆိုလိုက်သည်။
"ဟဲဟဲ၊ ဒါဆိုရင်လည်း တကယ်ပဲ ကျေးဇူးတင်ပါတယ်ရှင်၊ ရှင်က လူကောင်းကြီးပဲ"
"အခုမှ သိတာလား"
မျက်လုံးကို စောင်းကာ ကြည့်လိုက်ပြီးနောက် ဝမ်သိုက်က တံခါးကို မလွှတ်ခင်မှာပင် ဆိုလိုက်သည်။
"ခဏစောင့်ဦး၊ ပစ္စည်းလေး သွားယူလိုက်ဦးမယ်"
အခန်းတံခါးမှာ အလိုအလျောက် ပိတ်သွားသည်။ "ဘုန်း" ဆိုသည့် အသံနှင့်အတူ ချန်စစ်ကျယ်သာ အနီးကပ်ရပ်နေလျှင် သူ့ နှာခေါင်းကို မှန်သွားမည် ဖြစ်ပေသည်။
သူသည် တံခါးကို အေးစက်စွာ စိုက်ကြည့်နေပြီးနောက် လျှာဖြင့် ပါးစောင်ကို ထိုးလိုက်မိသည်။ သူမကို လိုက်ပို့ပေးမယ်လို့ ပြောလိုက်တာ ငါ တကယ်ပဲ စိတ်လွတ်သွားတာ ဖြစ်ရမယ်။
ဖုန်း၊ ပိုက်ဆံအိတ်နှင့် အခန်းကတ်တို့ကို ယူပြီးနောက် ဝမ်သိုက်က တံခါးကို ပြန်ဖွင့်လိုက်သည်။ သူမသည် အခန်းထဲမှ ထွက်လာပြီး ချန်စစ်ကျယ်နှင့်အတူ ဓာတ်လှေကား စီးရင်း ပြုံးစိစိဖြင့် ပြောလိုက်လေသည်။
"တကယ်တော့ ရှင်လည်း ကိုယ်တိုင် သွားလည်ချင်လို့ မဟုတ်လား၊ ရှက်နေလို့ ကျွန်မကို အဖော်လုပ်ပေးတာလို့ အကြောင်းပြတာမို့လား"
ချန်စစ်ကျယ်က သူမကို အဖက်မလုပ်ပေ။ မော့ထားသော သူ့ မေးစေ့ကြောင့် ဝမ်သိုက်မှာ သူ့ နှာခေါင်းပေါက်များကိုသာ ကြည့်နေရလေတော့သည်။
ကံဆိုးသည်မှာ ဓာတ်လှေကား ပျက်သွားခြင်း ဖြစ်ပေသည်။
ဓာတ်လှေကားမှာ ရပ်တန့်သွားသဖြင့် ဝမ်သိုက်မှာ ကံကြမ္မာကို အော်ဟစ်မေးမြန်းချင်စိတ် ပေါက်သွားသည်။ သူမ၏ ကံကောင်းမှု ကိန်းဂဏန်းက အနှုတ်ပြနေတာလား။
"မဟုတ်သေးပါဘူး၊ ကြယ်ခုနှစ်ပွင့်အဆင့်ရှိတဲ့ ဟိုတယ်မှာတောင် ဓာတ်လှေကားက ပျက်တတ်တာလား"
ချန်စစ်ကျယ်က တည်ငြိမ်စွာပင် အရေးပေါ်ခေါ်ဆိုမှု ခလုတ်ကို နှိပ်လိုက်သည်။ ဝန်ထမ်း၏ စာအုပ်ကြီးအတိုင်း နှုတ် ဆက်သံကို ကြားရသည့်အခါ သူက ပြတ်သားစွာ ဆိုလိုက်သည်။
"ဓာတ်လှေကား ပျက်နေတယ်၊ ကျွန်တော်တို့ အခု ၁၄ ထပ်မှာ ပိတ်မိနေတယ်၊ အမြန်ဆုံး လူလွှတ်ပေးပါ"
သူသည် စိတ်ပျက်လက်ပျက် ဖြစ်နေသော ဝမ်သိုက်ကို ကြည့်ကာ အေးအေးလူလူပင် ဆိုလိုက်သည်။
"ကြယ်ခုနှစ်ပွင့် ဟိုတယ်က ဓာတ်လှေကားလည်း အမြဲတမ်း ပြီးပြည့်စုံနေမှာ မဟုတ်ဘူးလေ၊ ပျက်မှာပေါ့၊ ဒါပေမဲ့ ဖြစ်နိုင်ခြေ နည်းတာပဲ ရှိတာ၊ ပြုပြင်ရေးသမားတွေ အမြန်လာလိမ့်မယ်၊ လျော်ကြေးလည်း ရမှာပါ"
မြေကြီးပေါ်တွင် ဆောင့်ကြောင့်ထိုင်နေသူက တိုးတိုးလေး ဆိုလိုက်သည်။
"ရှင်းပြပေးတာ ကျေးဇူးပါပဲ၊ အဲဒါက ကျွန်မ ဘယ်လောက်တောင် ကံဆိုးသလဲဆိုတာကို ပိုသိသွားစေတယ်"