အခန်း ၃၁
Vol. 4 Ch. 31
Chapter 31
သူမ ရင်ထဲတွင် အလိုလို စိုးရိမ်စိတ်များ ဝင်လာသည်။ အတိတ်က အတွေ့အကြုံများအရ ဝမ်သိုက်၏ အာရုံက နောက်ထပ် ကံဆိုးမှုများ ဆက်တိုက် လာတော့မည်ဟု ပြောနေပေသည်။
သူမထံမှ မကောင်းသော စွမ်းအင်များကို ချန်စစ်ကျယ်က ခံစားမိသွားသဖြင့် မျက်ခုံးကို အနည်းငယ် တွန့်လိုက်ပြီး ဆိုလိုက်သည်။
"မကောင်းတဲ့ အရာတစ်ခု ဖြစ်ရုံနဲ့ ကိုယ့်ကိုယ်ကိုယ် သိမ်ငယ်နေစရာ မလိုပါဘူး၊ မင်းတစ်ယောက်တည်း ပိတ်မိနေတာမှ မဟုတ်တာ၊ ငါလည်း ပါတာပဲလေ"
ချန်စစ်ကျယ် ပြောသကဲ့သို့ပင် ဟိုတယ်၏ ပြုပြင်ရေးမှာ အလွန်လျင်မြန်လှပေသည်။ ခဏအကြာမှာပင် သူတို့ လွတ်မြောက်ခဲ့ကြသည်။
ဟိုတယ်မန်နေဂျာက တောင်းပန်စကား ဆိုပြီးနောက် သူတို့၏ အခန်းနံပါတ်ကို မေးမြန်းကာ လျော်ကြေးတစ်ခု ပေးပို့မည်ဖြစ်ကြောင်း ပြောလိုက်လေသည်။
တစ်ခုဆုံးရှုံးလျှင် တစ်ခုပြန်ရတတ်သည် မဟုတ်ပါလား။ ဝမ်သိုက် ရင်ထဲမှ မကျေနပ်မှုများမှာ အနည်းငယ်လျော့ပါးသွားခဲ့သည်။ ချန်စစ်ကျယ်နှင့်အတူ အပြင်သို့ ထွက်လာစဉ် သူမ၏ မျက်လုံးထောင့်မှ ဟိုတယ်ထဲသို့ ဝင်လာသော အမျိုးသမီး တစ်ယောက်ကို မြင်လိုက်ရသည်။
ထိုအမျိုးသမီး၏ ကျောပေါ်၌ ပိုးထားသော ကလေးငယ်မှာ လှည့်ကြည့်လိုက်ရာ ဝမ်သိုက်နှင့် မျက်လုံးချင်း ဆုံသွားပေသည်။
မည်းနက်နေသော မျက်လုံးအိမ်မှာ မျက်လုံးတစ်ပြင်လုံးကို ဝါးမြိုထားသကဲ့သို့ ရှိနေပြီး ကွေးတက်သွားသော နှုတ်ခမ်းများမှာ ကြောက်မက်ဖွယ်ကောင်းသော အပြုံးတစ်ခုကို ဖော်ဆောင်နေလေတော့သည်။
နေ့ခင်းကြောင်တောင်ကြီးတွင် ဤသို့သော အဖြစ်အပျက်မျိုးနှင့် ရုတ်တရက် တိုးရသည်မှာ သန်းခေါင်ယံအချိန်လောက် ကြောက်စရာမကောင်းသော်လည်း ဝမ်သိုက်၏ ကျောရိုးထဲတွင်မူ စိမ့်ကနဲ ဖြစ်သွားရဆဲပင်။
ခြေလှမ်းများကတော့ ရှေ့သို့ ဆက်လျှောက်နေဆဲ။ သူမသည် အနွေးထည်လက်ကို မတင်လိုက်ပြီး လက်မောင်းပေါ်တွင် ထလာသော ကြက်သီးများကို ပွတ်သပ်ရင်း ဘေးနားတွင် အေးအေးဆေးဆေး ရှိနေသော ချန်စစ်ကျယ်ကို ကြည့်ကာ မေးလိုက်သည်။
"ရှင် မြင်လိုက်လား"
ရှေ့မှ ခပ်သွက်သွက် လျှောက်နေသော အမျိုးသားက မျက် လုံးအိမ်ကို အသာစောင်းကာ သူမကို ကြည့်လိုက်ပြီး ပျင်းရိ ပျင်းတွဲ လေသံဖြင့် တုံ့ပြန်လိုက်သည်။
"အင်း"
သူ၏ ဂရုမစိုက်သော အမူအရာကို ဝမ်သိုက် နားမလည်နိုင်သဖြင့် ခြေလှမ်းကို သွက်သွက်လှမ်းကာ သူ့ ဘေးစောင်းသို့ ရောက်အောင် သွားလိုက်သည်။ သူမက ကိုယ်ကို စောင်းကာ နောက်ပြန် လျှောက်ရင်း သူ့ကို စိုက်ကြည့်ကာ ဆိုလိုက်သည်။
"မဖြစ်နိုင်တာ၊ ရှင်က ဒီလောက်တောင် အေးစက်ရတာလား၊ အဲဒီ အမျိုးသမီးနောက်မှာ ကလေးသရဲ ကပ်နေတာကို ရှင်တို့လို တာအိုကျင့်တဲ့သူတွေဆိုရင် နည်းနည်းပါးပါး ဝင်ပါပြီး ကူညီရမှာ မဟုတ်ဘူးလား၊ မေတ္တာတရားတို့ ဘာတို့လေ"
ချန်စစ်ကျယ်က ရှေ့သို့ တစ်လှမ်းတိုးလိုက်ပြီး ဝမ်သိုက်၏ ပုခုံးကို လှမ်းကိုင်ကာ တစ်ဖက်သို့ ဆွဲလိုက်ရင်း ဆိုလိုက်သည်။
"လမ်းကို သေချာလျှောက်စမ်းပါ"
ခဏတာမျှ ဖြစ်ပေါ်သွားသော ရင်းနှီးသည့် အပြုအမူလေးမှာ သူမ ကျောပြင်က သူ့ ရင်ဘတ်နှင့် ထိလုနီးပါး ဖြစ်သွားသည့် အချိန်တွင် သူက ပြန်ဖယ်လိုက်သည်။
"မေတ္တာထားတယ်ဆိုတာ သူများကိစ္စ လိုက်စပ်စုတာကို မဆိုလိုဘူး၊ ကံမပါလာရင် သူတို့ရဲ့ အကြောင်းအကျိုး ရလဒ်တွေထဲ ဝင်ပါစရာ မလိုဘူ..... မင်းကသာ ကိုယ့်ဘာသာ ကိုယ် ပြဿနာရှာတတ်တာ"
သူ၏ စောင်းမြောင်းပြောဆိုသော လေသံကို ကြားရသည်မှာ တစ်ခွန်းလောက်တော့ ပြန်ပက်လိုက်ချင်စရာပင်။
ဟိုတယ်ပြင်ပသို့ ရောက်သည့်အခါ တက္ကစီ ငှားလိုက်ကြသည်။ ကားစောင့်နေစဉ်အတွင်း ဝမ်သိုက်က မကျေမနပ်ဖြင့် ပြန်ချေပလိုက်သည်။
"ဒါက ဘယ်မှာ ပြဿနာရှာတာလဲ၊ ဆုံတွေ့ရတယ်ဆိုကတည်းက ကံပါလာလို့ပေါ့၊ ကျွန်မမှာ သူ့ကို ကူညီချင်စိတ် ပေါ်လာတယ်ဆိုရင် ဒါက သူ့ကို ကျွန်မ ကူညီရမယ့် ကံပါလာလို့ပဲ၊ သူများကိစ္စ စပ်စုတာ ဘယ်မှာ ဟုတ်လို့လဲ"
သူမက ခိုင်ခိုင်မာမာ ငြင်းခုံနေစဉ်တွင် တိမ်စိုင်များကြားမှ နေရောင်ခြည်က ဖြာကျလာပြီး သူမ မျက်နှာပေါ်သို့ ရွှေရောင်အလင်းတန်းများ ကျရောက်နေပေသည်။
သူမ၏ လှပသော မျက်နှာသွင်ပြင်မှာ သဘာဝအလင်းအမှောင်ကြောင့် ပန်းချီကားတစ်ချပ်သဖွယ်ဖြစ်နေပြီး သဘာဝတရားက ဖန်တီးထားသော အနုပညာလက်ရာတစ်ခုနှင့် တူနေပေသည်။
လေပြေလေးက အသာအယာ တိုက်ခတ်လာသည့်အခါ ခပ်နိမ့်နိမ့် စည်းထားသော ဆံပင်အချို့မှာ လွတ်ထွက်လာပြီး ပါးပြင်ကို လာရောက်ထိခတ်နေပေသည်။ ချန်စစ်ကျယ်သည် သူမ၏ မျက်နှာမှ အကြည့်ကို လွှဲလိုက်ပြီး လမ်းပေါ်က ကားများကိုသာ ငေးကြည့်နေတော့သည်။ သူ ဘာမှ ပြန်မပြောပေ။
ဝမ်သိုက်ကတော့ တတွတ်တွတ် ပြောနေဆဲပင်။
"ပြန်လာရင် သူ့ကို ထပ်တွေ့သေးတယ်ဆိုရင်တော့ ကျွန်မ သွားနှုတ်ဆက်ပြီး တစ်ခါတည်း ကူညီပေးလိုက်တော့မယ်"
သူ၏ မျက်ဝန်းများက သူမဆီသို့ မသိမသာပြန်လည် ရောက်ရှိသွားပြန်သည်။ သူမကို တစ်ချက် ကြည့်လိုက်သော်လည်း နှုတ်ခမ်းများကတော့ ပွင့်မလာခဲ့ပေ။ သူ့အမြင်အရဆိုလျှင် သူမ အတွေ့အကြုံက သူ့ထက်ပင် ပိုများပြားနိုင်ပေသည်။ လောကကြီးကို နားလည်ပါလျက်နှင့် ကလေးကလားဆန်သော စိတ်ဓာတ်ကို ထိန်းသိမ်းထားနိုင်ခြင်းက တကယ်ပင် အဖိုးတန်လှပေသည်။
တစ်ပါးသူ စောင့်ရှောက်ထားသော ထက်သန်သည့် စိတ်ဆန္ဒပေါ်သို့ ရေအေးဖြင့် လောင်းစရာ မလိုပေ။
ကားမှာ ဝမ်သိုက် ခေါ်ထားသော အွန်လိုင်းတက္ကစီ ဖြစ်ပေသည်။ သူမ သွားမည့်နေရာကို လုံးဝ မသိသော ချန်စစ်ကျယ်မှာ ကုန်တိုက်သို့ ရောက်သည့်အခါ ကြောင်တောင်တောင် ဖြစ်သွားရသည်။ ကားတံခါးကို ပိတ်ပြီးနောက် ခပ်သွက် သွက်လျှောက်သွားသော ကျောပြင်လေးကိုကြည့်ကာ သူက မယုံနိုင်စွာဖြင့် လိုက်မေးလိုက်သည်။
"မင်းပြောတဲ့ အပြင်ထွက်လည်တယ်ဆိုတာ ကုန်တိုက်လာတာလား၊ လီကျိုးက ကုန်တိုက်တွေက ဒီထက် ပိုကောင်းတာ မဟုတ်ဘူးလား"
အသက်ဆယ်ကျော်သက်အရွယ်တုန်းက မိခင်ဖြစ်သူ ချီယာ၏ချုပ်ကိုင်မှုကိုခံခဲ့ရသော ခံစားချက်က ပြန်ပေါ်လာသည်။ ချန်စစ်ကျယ် အထိတွေ့ရဆုံး အမျိုးသမီးမှာ သူ၏ မိခင်ဖြစ်ပြီး ကုန်တိုက်ဆိုသည်မှာ သူ မှတ်ဉာဏ်ထဲတွင် အပျင်းဆုံးနှင့် လမ်းပျောက်ဆုံး နေရာတစ်ခုဖြစ်ပေသည်။
"ရှင်ပြောတာလည်း ဟုတ်ပါတယ်၊ ဒါပေမဲ့ ကျွန်မက ရုတ်တ ရက် အင်္ကျီဝယ်ချင်လာလို့လေ၊ အင်္ကျီဝယ်ဖို့ လီကျိုးကိုပြန် သွားလို့မှ မရတာ"
မိမိကိုယ်မိမိ တစ်ကြိမ်လောက်တော့ ကောင်းကောင်းထားမည်ဟု ဆုံးဖြတ်ထားသော ဝမ်သိုက်မှာ နောက်သို့ပင် လှည့်မကြည့်ပေ။
သူမ ဟန်မြို့တွင် လမ်းပျောက်သွားမှာ စိုးသဖြင့် လိုက်လာခဲ့သော ချန်စစ်ကျယ်မှာတော့ အကြီးအကျယ် နောင်တရနေလေတော့သည်။