← Chapters

အခန်း ၃၂

Vol. 4 Ch. 32

အခန်း ၃၂

Vol. 4 Ch. 32

Chapter 32

ကုန်တိုက်အတွင်း၌ ဓာတ်လှေကား ရှာရင်း ပတ်လျှောက်နေကြသည်။ အွန်လိုင်းတွင်သာ ငေးကြည့်ခဲ့ရသော အင်္ကျီများကို ယခုတော့ လက်တွေ့ မြင်နေရပြီ ဖြစ်ပေသည်။ ဝမ်သိုက်သည် နာမည်ကြီး ဒီဇိုင်နာ အမှတ်တံဆိပ် ဆိုင်တစ်ဆိုင်ထဲသို့ ဝင်သွားပြီး သူမ ကြိုက်နေသည်မှာ ကြာပြီဖြစ်သော ဂါဝန်လေးရှေ့တွင် ရပ်လိုက်သည်။ သို့သော်...

"စိတ်မရှိပါနဲ့ရှင်၊ ဒီဂါဝန်က VIP တွေအတွက်ပဲ ရောင်းတာမို့လို့ပါ၊ မမမှာ Black Card ရှိပါသလားရှင်"

မျှော်လင့်မထားသော စကားကြောင့် ဝမ်သိုက်မှာ ကြောင် အမ်းအမ်း ဖြစ်သွားရသည်။ သူမက ရှက်ကိုးရှက်ကန်းဖြင့် ပြန်ထွက်မည် လုပ်စဉ်မှာပင် သူမ ဘေးမှ လက်တစ်ဖက်ဆန့်ထွက်လာပြီး လက်ချောင်းဖြူဖြူများကြားတွင် Black Card တစ်ကတ်ကို အရောင်းဝန်ထမ်းဆီသို့ ကမ်းပေးလိုက်သည်။ ထို့နောက် သြဇာပါသော အသံတစ်ခုထွက်ပေါ်လာသည်။

"ငါ့မှာ ရှိတယ်၊ ဒီဂါဝန်ကို ထုတ်ပေးလိုက်"

ထိုအခါမှ ကြောင်အမ်းအမ်း ဖြစ်နေသော ဝမ်သိုက်မှာ ချန်စစ်ကျယ်ဘက်သို့ လှည့်ကြည့်လိုက်သည်။ သူကတော့ ထုံးစံအတိုင်း လူကို အထက်စီးက ကြည့်နေသော ပုံစံဖြင့်ပင်။ သူမက ဘာမှမလုပ်ဘဲ ကြောင်ရပ်နေသဖြင့် သူက ခပ်အေးအေး လေသံဖြင့် မေးလိုက်သည်။

"ဘာလဲ၊ လူကောင်းကို မတွေ့ဖူးဘူးလား၊ တခြား ဘာလိုချင်သေးလဲ မြန်မြန်ပြော"

ဆိုင်အတွင်းကို တစ်ချက် ဝှေ့ကြည့်လိုက်ပြီးနောက် ဝမ်သိုက်က ခေါင်းခါကာ ငွေရှင်းကောင်တာဆီသို့ လျှောက်သွားလိုက်သည်။

"ဘာမှ မလိုတော့ဘူး"

သို့သော် ကောင်တာသို့ ရောက်သည့်အခါ သူမထက် အရင် ငွေရှင်းလိုက်သူမှာ ချန်စစ်ကျယ်ဖြစ်ပေသည်။ ထိုအမျိုးသားသည် ကတ်ကို အလွယ်တကူ ထုတ်ပေးလိုက်ပြီး တစ်သိန်းကျော်တန်သော ဂါဝန်တစ်ထည်အတွက် ငွေရှင်းလိုက်စဉ်တွင် သူ့မျက်နှာမှာ ရေပြင်ကဲ့သို့ တည်ငြိမ်နေပေသည်။ ဤမျှ ကပ်စေးနှဲသော လူက ယခုတော့ တကယ်ကို ရက်ရောနေသည် မဟုတ်ပါလား။

ဈေးဝယ်အိတ်ကို သူမလက်ထဲ ထည့်ပေးလိုက်သဖြင့် ဝမ်သိုက်မှာ အိတ်ကိုကိုင်ကာ ဆိုင်ပြင်သို့ ထွက်လာပြီးနောက် သူ့ဘေးသို့ ကပ်ကာ အထူးအဆန်းဖြစ်သလို မေးလိုက်သည်။

"ရှင်က ဘယ်လိုလုပ် ဒီဆိုင်ရဲ့ VIP ဖြစ်နေတာလဲ၊ ပြီးတော့ ဘာလို့ ကျွန်မအတွက် ပိုက်ဆံရှင်းပေးတာလဲ၊ ရှင်က ဒီလောက်တောင် ရက်ရောတတ်တာလား"

"ဒီအမှတ်တံဆိပ်က အမျိုးသမီးဝတ်ပဲ လုပ်တာမှ မဟုတ်တာ၊ မင်းအတွက် ရှင်းပေးတာက Black Card က ငါ့ဟာလေ၊ မဟုတ်ရင် ဝန်ထမ်းရှေ့မှာ မင်းကို ကတ်ငှားပေးနေရမှာလား"

ခုနက ရေပြင်လို တည်ငြိမ်နေသောလူမှာ ယခုတော့ ရေထဲတွင် နစ်မြုပ်သွားပြီ ထင်ရသည်။ ချန်စစ်ကျယ် မျက်မှောင် ကြုတ်ကာ သူမကို ထူးထူးဆန်းဆန်းကြည့်ရင်း ဆိုလိုက်သည်။

"မင်း ငါ့ကို ပိုက်ဆံ ပြန်မပေးဖို့တော့ မရည်ရွယ်ပါဘူးနော်"

ဟုတ်ပြီ၊ ကြည့်ရတာ ဟိုစေးနှဲတဲ့လူ ပြန်ဖြစ်သွားပြီပဲ။

"ရှင် စိတ်ချပါ၊ ပြန်ပေးမှာပါ.... ကျွန်မကို ကျေးဇူးကန်းတဲ့ လူမျိုးလို အကြည့်နဲ့ မကြည့်ပါနဲ့ ကျေးဇူးတင်ပါတယ်"

ဝမ်သိုက်က နှုတ်ခမ်းကို မဲ့လိုက်ပြီး မျက်နှာကို တစ်ဖက်သို့ လွှဲလိုက်သည်။

ခုနက ကတ်ခြစ်လိုက်သူမှာ သူမ မဟုတ်သော်လည်း ချန်စစ်ကျယ်ကို ပိုက်ဆံပြန်လွှဲပေးရမည်ကို ဝမ်သိုက် သိပေသည်။ သူမ ဘဏ်စာရင်းထဲမှ တစ်သိန်း လျော့သွားမည်ကို တွေးမိသည့်အခါ သူမမှာ ရင်တုန်လာရသည်။ သူမသည် လက်နှစ်ဖက်ကို ပွတ်သပ်ရင်း နောင်တရသော အကြည့်များဖြင့် ရေရွတ်လိုက်မိသည်။

"ဒါပေမဲ့ ကျွန်မ မဝတ်ကြည့်ရသေးဘဲနဲ့ ရှင်က ဝယ်လိုက်တာလေ၊ အမှန်ဆို ကျွန်မက အရင် ဝတ်ကြည့်ချင်တာ၊ မတော်ရင် ဘယ်လိုလုပ်မလဲ..."

ချန်စစ်ကျယ်က သူမကို အကဲခတ်သလို ကြည့်လိုက်သည်။ သူမ၏ ကိုယ့်ကမ္ဘာနှင့်ကိုယ် ဖြစ်နေသော မျက်ဝန်းများကို ခဏမျှ စိုက်ကြည့်ပြီးနောက် အကြည့်ကို လွှဲလိုက်သည်။

"မင်း အထဲကို ဝင်သွားတုန်းက ပစ်မှတ်က တိတိကျကျပဲဆိုတော့ ကြိုပြီးသဘောကျနေတာလို့ ငါထင်လို့ပေါ့၊ မဝတ်ကြည့်ရသေးရင်ကော ဘာဖြစ်လဲ၊ တော် မတော်က ကြည့်ရုံနဲ့ သိသာနေတာပဲ မဟုတ်လား၊ ငါထင်တာတော့ တော်မှာပါ၊ ကွက်တိပဲ ဖြစ်လိမ့်မယ်... ပိုက်ဆံသုံးပြီးမှ နောင်တ မရနဲ့"

သူ့စကားလုံးများမှာ ပြတ်သားလွန်းလှသဖြင့် ဝမ်သိုက်မှာ သူ့ကို မော့ကြည့်လိုက်မိသော်လည်း စကားလုံးများမှာ လည်ချောင်းထဲတွင်ပင် တစ်နေတော့သည်။

သူ ရိပ်မိနေပြီ။ သူမ၏ စိတ်ကို သူ ရိပ်မိနေမှန်း သူမ သိလိုက်သည်။

ဒါပေမဲ့ သူက နှစ်သိမ့်စကားတွေ မပြောဘဲ နေပေးတာကပဲ သူမအတွက်တော့ သိက္ခာကို ဆယ်ပေးရာ ရောက်နေသည် မဟုတ်ပါလား။

ဂါဝန်ကိုတော့ ဟိုတယ်ဝန်ထမ်းထံသို့ အခြောက်လျှော်ရန် ပေးလိုက်သည်။ ဝမ်သိုက်သည် ဤအလုပ် ပြီးသွားလျှင် တစ်ရက်လောက်တော့ ဆက်နေပြီး လည်ပတ်ရန် စီစဉ်ထားပေသည်။ လီကျိုးကို ပြန်ရောက်သွားလျှင်တော့ သူမသည် အိမ်ထဲမှာပဲ အောင်းပြီး လိုက်ဖ်လွှင့်ရသည့် ဘဝထဲကို ပြန်ရောက်သွားဦးမည် ဖြစ်ပေသည်။

အွန်လိုင်း လိုက်ဖ်လွှင့်ခြင်းက ဖောက်သည်တွေကို အလိုလို ရောက်လာစေသည်။ အလုပ်အများစုမှာ ကံကြမ္မာကြည့်ပေးရခြင်းဖြစ်ပြီး အချို့သောအောက်လမ်းနှင်သည့် အလုပ်များ ဆိုလျှင်တော့ သန်းခေါင်ယံအချိန်တွင် လူသူကင်းဝေးသော နေရာသို့ သွားရောက် ဖြေရှင်းပေးရလေ့ရှိပေသည်။

အခုတော့ သူမအနေဖြင့် ချန်ဝမ်ခန်းနှင့် ဆက်ဆံရေးကောင်းအောင် ထားဖို့ပဲ လိုတော့သည်။ ဒီဦးလေးကတော့ သူမကို တော်တော်လေး သဘောကျနေပုံရပေသည်။

ဟိုတယ်က ညစာ ဝန်ထမ်းဆောင်မှု ပေးပေသည်။ ဝမ်သိုက်သည် အပြင်မထွက်ခင် ဝရံတာတွင် ရပ်ကာ ဘေးခန်းက ချန်စစ်ကျယ်ကို အတူတူ သွားစားမလားဟု ယဉ်ကျေးပျူငှာစွာ မေးလိုက်သည်။ သူမအတွက်တော့ အရေးမကြီးသော်လည်း အခုက တွဲဖက်တွေ ဖြစ်နေပြီ မဟုတ်ပါလား။

တွဲဖက်ဆိုတာ တစ်ယောက်တည်း ခိုးစားတာမျိုး မကောင်းဘူးလေ၊ အရင်လိုတစ်ယောက်တည်း ရုန်းကန်ခဲ့ရတဲ့ ပုံစံမျိုးကို ဆက်သုံးလို့မဖြစ်တော့ဘူး။

ဒါပေမဲ့ ချန်စစ်ကျယ် အခန်းထဲက ထွက်လာတဲ့ အခါမှာတော့ သူမ အကြီးအကျယ် နောင်တရသွားရသည်။ သူမ၏ ပါးစပ်ကို ကော်နှင့် ကပ်ထားလိုက်ချင်တော့သည်။ ဘာကြောင့်လဲ ဆိုတော့ ဤလူက ထွက်ထွက်ချင်းပြောလိုက်သည့် စကားမှာ "သွားကြစို့" ဆိုသည့် စကားမဟုတ်ဘဲ

"မင်းက ဘာလို့ ဘယ်သွားသွား ငါ့ကိုလိုက်ခေါ်နေရတာလဲ၊ ငါ့အပေါ် မဟုတ်တာတွေ ကြံစည်နေတာတော့ မဟုတ်ပါဘူးနော်"

သူ့ သံသယဝင်နေသော အကြည့်ကို ရင်ဆိုင်ရသည့်အခါ ဝမ်သိုက်မှာ မယုံနိုင်စရာ ဖြစ်သွားရုံတင်မကဘဲ သူ့ကို ခွဲစိတ်ကြည့်ချင်စိတ်ပါ ပေါက်သွားသည်။ သူ့ ဦးနှောက်ထဲက အာရုံကြောတွေ ဘယ်လိုများ ရှိနေသလဲဆိုတာကို ကြည့်ချင်လှပြီ။

ဓာတ်လှေကားဆီသို့ အတူတူ လျှောက်သွားသည့် ပုံစံမှာ ကြည့်ရသည်မှာတော့ ပြေလည်နေသယောင်ပင်။ ဝမ်သိုက်က နှုတ်ခမ်းကိုမဲ့ကာ အေးစက်စွာ ရယ်လိုက်သည်။

"ကျွန်မက ရှင့်အပေါ် မဟုတ်တာ ကြံစည်ရမယ်..ဟုတ်လား... ကိုယ့်လူ၊ ကျွန်မက နှိပ်စက်ခံရတာကိုကြိုက်တဲ့ ပုံစံပေါက်နေလို့လား၊ ကျွန်မက Masochist မဟုတ်ဘူးနော်၊ ရှင့်ရဲ့ စကားနာထိုးတာတွေကို ခံချင်တဲ့ စိတ်လည်းမရှိဘူး၊ ရှင့်နဲ့ စကား ပြောရတာနဲ့တင် ကျွန်မမှာ ဒေါသထွက်ပြီး သွေးတက်နေရပြီ၊ ရှင့်မှာ ယဉ်ကျေးမှုဆိုတာရှိရဲ့လား၊ ကျွန်မက တွဲဖက်တစ်ယောက်အနေနဲ့ ယဉ်ကျေးမှုအရ လာခေါ်တာလေ၊ ကိုယ့်ကိုယ်ကိုယ် အထင်မကြီးစမ်းပါနဲ့"

( Masochist ဆိုသည်မှာ နာကျင်မှုများ၊ ဒုက္ခများ တွင်သာယာသူကိုဆိုလိုခြင်းဖြစ်သည်)

"မင်းရဲ့ ပါးစပ်ကတော့ တကယ်ပဲ စကားကောင်းထွက်မလာဘူးပဲ၊ ဒါပေမဲ့ နည်းနည်းလောက်တော့ ယဉ်ကျေးအောင် ပြောလို့ မရဘူးလား၊ ငါက ဖြစ်နိုင်ခြေ ရှိတာကိုပဲ ပုံမှန် ဆွေးနွေးနေတာကို မင်းက အဲဒီထဲက 'ဖြစ်နိုင်ခြေ' ဆိုတာကို ဖြုတ်ပြီး စကားလုံး သုံးပုံ တစ်ပုံလောက်ကို လိင်ပိုင်းဆိုင်ရာ ပုံစံမျိုးနဲ့ ပြောနေတာပဲ"

အချို့လူတွေ၏ စောင်းမြောင်းပြောဆိုနိုင်စွမ်းမှာ ပါရမီတစ်ခုပင် ဖြစ်ပေသည်။ ချန်စစ်ကျယ်ကဲ့သို့ပင်။ သူသည် ဓာတ်လှေကားခလုတ်ကို နှိပ်လိုက်ပြီး ဝင့်ကြွားသော လေသံဖြင့် ဆိုလိုက်သည်။

"မဟုတ်တာ မကြံစည်တာ အကောင်းဆုံးပဲ၊ ငါတို့ကြားက ဖြူစင်တဲ့ တွဲဖက်ဆက်ဆံရေးကို အညစ်အကြေး မစွန်းထင်စေချင်ဘူး"

ဓာတ်လှေကားတံခါးမှာ ဖြည်းဖြည်းချင်းပွင့်လာသည်။ အထဲတွင် ဘယ်သူမှ မရှိသဖြင့် ဝမ်သိုက်က ဝင်သွားရင်း ပြန်ပက်လိုက်ရန် အခွင့်ကောင်းရသွားသည်။ သူမသည် တံခါးဘက်သို့ မျက်နှာမူကာ ရပ်လိုက်ပြီး သူ့ဘက်ကို မျက်လုံးပင် စောင်းမကြည့်ဘဲ လေသံအေးအေးဖြင့် ပြောလိုက်သည်။

"ရှင် ငါးစားရင် ငါးရိုး တစ်ခါမှ မစူးဖူးဘူး မဟုတ်လား"

သူမ၏ ရုတ်တရက် လမ်းကြောင်းပြောင်းသွားသော စကားကြောင့် ချန်စစ်ကျယ်မှာ ဘာကို ဆိုလိုသလဲဆိုသည်ကို နားမလည်ဘဲ မျက်ခုံးကို ပင့်လိုက်ကာ သူမကို ကြည့်လိုက်သည်။

"ဟင်"

သူမက သူ့ကို ဖြည်းဖြည်းချင်း လှည့်ကြည့်လိုက်ပြီး အကြည့်များတွင် တိုက်ခိုက်လိုစိတ်များ ပြည့်နှက်နေပေသည်။ သူမက စကားလုံးကို တိတိကျကျထွက်လိုက်သည်။

"ကြည့်ရတာ ရှင်က အပြစ်ရှာ (အရိုးရွေး) တော်ပုံရလို့လေ"

ထိုအခါမှ မြေခွေးမျက်ဝန်းများမှာ ဝိုင်းစက်သွားရသည်။ ချန်စစ်ကျယ် ပြန်လည်စောင်းမြောင်းရန် ပါးစပ်ပြင်လိုက်သော် လည်း ဓာတ်လှေကားတံခါးက အချိန်ကိုက် ပွင့်သွားခဲ့သည်။ သူသည် သူမနောက်မှ လိုက်ထွက်လာခဲ့သည်။ အပေါ်ဆုံးထပ်ရှိ ဝရံတာစားသောက်ဆိုင်မှာ အလွန်လှပခမ်းနားလှပြီး ဝန်ထမ်းများက သူတို့ကို နေရာချပေးရန် လာရောက်ကြိုဆိုကြသည်။

ဝမ်သိုက်နှင့် ချန်စစ်ကျယ်တို့ နေရာယူပြီးနောက် ဝန်ထမ်းက မီနူးစာအုပ်ကို သူတို့ရှေ့တွင် ချပေးကာ ဘေးမှ ပြုံးရွှင်စွာဖြင့် အကြံပေးလေသည်။

"လူကြီးမင်းတို့ စိတ်ဝင်စားရင် Chocolate Lava Cake လေးကို မြည်းစမ်းကြည့်ပါဦးရှင်၊ ကျွန်မတို့က ရွှေဆိုင်းလေးတွေနဲ့ လူကြီးမင်းတို့ရဲ့ နာမည်ကို ရေးပေးမှာပါ၊ Black Truffle Steak လေးကလည်း မဆိုးပါဘူးရှင်၊ လိုအပ်ရင်တော့ ကျွန်မတို့ရဲ့ စားဖိုမှူးကြီးက Kobe Steak ကို နှလုံးပုံစံ နှစ်ခု ဖြစ်အောင် ပြင်ပေးနိုင်ပါတယ်..."

ဝမ်သိုက်မှာ နားထောင်ရင်းနှင့် ပိုထူးဆန်းသလို ခံစားလာရသည်။ မီနူးလှန်နေသော လက်မှာ ရပ်တန့်သွားသည်။ သူမသည် ဝန်ထမ်းကို စောင်းကြည့်ကာ တွန့်ဆုတ်စွာ မေးလိုက်သည်။

"ဟို... ပုံမှန်အတိုင်းလေးပဲ မရှိဘူးလား၊ ဥပမာ - Steak ကို နှလုံးပုံစံ မလုပ်ဘဲနဲ့လေ"

"ဪ၊ ဒါပေါ့ရှင်၊ ရှိပါတယ်၊ စုံတွဲတွေအတွက်ဆိုရင်တော့ နှလုံးပုံစံလေးက ပိုပြီးခံစားချက် ရှိစေလို့ပါ"

ပြုံးနေသော ဝန်ထမ်းအသံမှာ တက်ကြွလှသည်။ မီးဆိုင်းများ၏ အလင်းရောင်ကြောင့် သူ့ မျက်ဝန်းများမှာ တောက်ပနေပေသည်။ ကြည့်ရသည်မှာ အလုပ်ကို တကယ် ချစ်မြတ် နိုးပုံရသည်။ လစာကောင်းလို့လည်း ဖြစ်နိုင်ပေသည်။

ဝမ်သိုက် မီနူးစာအုပ်ထဲမှ ဗိုက်ပြည့်သွားစေမည့် ဈေးနှုန်းများကို ကြည့်လိုက်မိသည်။

All Chapters