← Chapters

အခန်း ၃၃

Vol. 4 Ch. 33

အခန်း ၃၃

Vol. 4 Ch. 33

Chapter 33

သူမ ရှေ့တွင် ထိုင်နေသော လူကတော့ ဘာမှမပြောသော် လည်း သူမကို အကြည့်ဖြင့် အပြစ်တင်နေသယောင် ရှိပေသည်။

သူမသည် အလုပ်ကို အရမ်းချစ်နေသော ဝန်ထမ်းကို မော့ကြည့်လိုက်ပြီး စကားလုံးတစ်လုံးချင်းစီကို အံကြိတ်ကာ ဆိုလိုက်သည်။

"ကျွန်မတို့က စုံတွဲမဟုတ်ပါဘူး၊ တွဲဖက်တွေသက်သက်ပါ"

ထိုအခါမှ ဝန်ထမ်းမှာ စကားမှားသွားမှန်းသိပြီး တောင်းပန်စကားများ ဆိုလေတော့သည်။ သို့သော် သူ့ တောင်းပန်စကားများမှာလည်း ပိုဆိုးရွားလှပေသည်။

"တောင်းပန်ပါတယ်ရှင်၊ လူကြီးမင်းတို့ နှစ်ယောက်စလုံးက ရုပ်ရည်လည်း လှပကြပြီး အတူတူ လျှောက်လာတာကို ကြည့်ရတာ လင်မယားရုပ်လည်း အရမ်းဆင်နေကြလို့ ကျွန်မက အစောတည်းက မှားတွေးမိသွားတာပါ၊ တကယ်ကို တောင်းပန်ပါတယ်"

ဝမ်သိုက်ကတော့ စကားပြောဖို့ရာ လက်လျှော့လိုက်ပြီ ဖြစ်သည်။ သူမသည် ခေါင်းကို ငုံ့ကာ မီနူးစာအုပ်ထဲမှ ဟင်းပွဲနှစ်ခုကို အလွယ်တကူ ရွေးလိုက်သည်။ ချန်စစ်ကျယ်မှာလည်း ထိုဝန်ထမ်း စကားကြောင့် စိတ်မသက်မသာ ဖြစ်သွားပုံရပြီး ဟင်းပွဲကို ခပ်မြန်မြန်ပင် မှာလိုက်လေသည်။ တိုက်တိုက်ဆိုင်ဆိုင်ပင် သူတို့နှစ်ယောက်စလုံးက Steak ကို မမှာခဲ့ကြပေ။

နောက်ဆုံးတွင် ငွေရှင်းလိုက်သူမှာ ချန်စစ်ကျယ်ဖြစ်ပေသည်။ ဝမ်သိုက်သည် ဘဏ်မှတစ်ဆင့် သူ့ထံသို့ ၁၁၀,၀၀၀ (တစ်သိန်းတစ်သောင်း) ပြန်လွှဲပေးလိုက်သည်။ ကြယ်ခုနှစ်ပွင့် ဟိုတယ်၏စားသောက်ဆိုင်မှာ သေးသေးမွှားမွှား မဟုတ်ပေ။ သူမ ဟင်းပွဲ နှစ်ခုပဲ မှာသော်လည်း နှစ်ထောင်နီးပါးကုန်သွားခဲ့သည်။ ဂါဝန်ဖိုးနှင့် ပေါင်းလိုက်လျှင် သူမမှာ တစ်သိန်းတစ်သောင်း ဆုံးရှုံးသွားရပြီ ဖြစ်ပေသည်။

ဝိညာဉ်ပင် ထွက်သွားသကဲ့သို့ ဖြစ်နေသော ဝမ်သိုက်မှာ ချန်စစ်ကျယ်ဘေးမှ သစ်သားရုပ်ကြီးလို လိုက်ပါလာခဲ့သည်။ ယခုတစ်ကြိမ် ဓာတ်လှေကား စီးသည့်အခါတွင်တော့ သူတို့ နှစ်ယောက်တည်း မဟုတ်တော့ပေ။ ပွင့်လာသော တံခါးမှ တွေ့လိုက်ရသူမှာ ဝမ်သိုက်အတွက်တော့ ထင်မှတ်မထားသော သူတစ်ယောက် ဖြစ်ပေသည်။ ကံကြမ္မာ၏ ဆုံစည်းမှုဟုပင် ဆိုရပေမည်။

ဟိုတယ်မှ ထွက်ခွာစဉ်က တွေ့ခဲ့သော ကလေးသရဲ ကပ်နေသည့် အမျိုးသမီးမှာ ဓာတ်လှေကားထောင့်တွင် ရပ်နေပေသည်။ သူမ၏ တောက်ပြောင်သောဆံပင်များမှာ ဖရိုဖရဲ စည်းထားပြီး ဝတ်ထားသော အဝတ်အစားများမှာအဆင့် အတန်း မြင့်မားလှပေသည်။ သို့သော် အသက်မပါသော မျက်ဝန်းများနှင့် နွမ်းနယ်နေသောမျက်နှာမှာ ထိုအဝတ်အ စားများနှင့် လားလားမျှ မအပ်စပ်ဘဲ ဖြစ်နေပေသည်။

သူမ ထွက်လာသည်အထိ စောင့်မည်ဟု ဝမ်သိုက်က ကြံရွယ်သော်လည်း ထိုအမျိုးသမီးမှာ အခွံသက်သက်သာ ကျန်တော့သည့်အလား နေရာတွင် ကြောက်မတ်ဖွယ်ရပ်နေပေသည်။ သူမ ခေါင်းမှာ ပုခုံးပေါ်သို့ မှီလုနီးပါး စောင်းနေပြီး လည်ပင်းမှာ ဘာမှမလုပ်နိုင်တော့သယောင် ရှိပေသည်။

"အစ်မ... နေကောင်းရဲ့လားဟင်"

ဝမ်သိုက်က ရှေ့သို့ နှစ်လှမ်းတိုးကာ သူမ ဘေးသို့ သွားလိုက်သည်။ နောက်မှ ချန်စစ်ကျယ်ကတော့ ဓာတ်လှေကားတံခါး မပိတ်အောင် ခလုတ်ကို နှိပ်ပေးထားသည်။

ထိုအမျိုးသမီးက စက်ရုပ်တစ်ရုပ်ကဲ့သို့ ခေါင်းကိုဖြည်း ဖြည်းချင်း လှည့်လိုက်ပြီး ဝမ်သိုက်ကို ကြည့်လိုက်သည်။ သူမ နှုတ်ခမ်းများမှာ အတန်ကြာမှပွင့်လာပြီး အက်ကွဲနေသော အသံမှာ နားထောင်ရသူ၏ လည်ချောင်းကိုပါ နာကျင်စေသည့်အလား ဖြစ်နေပေသည်။

"ကျွန်မ... ကျွန်မ ဘာမှ မဖြစ်ပါဘူး"

ဝမ်သိုက်မျက်သူငယ်အိမ်မှာ အနည်းငယ် ပြောင်းလဲသွားပြီးနောက် ပုံမှန်အတိုင်းပြန်ဖြစ်သွားသည်။ သူမက တိုးတိုးလေး တောင်းပန်စကား ဆိုလိုက်ပြီးနောက် ထိုအမျိုးသမီး၏လက်ကိုတိုက်ရိုက် ဆုပ်ကိုင်ကာ သွေးခုန်နှုန်းကို စမ်းသပ်လိုက်သည်။

လက်ကောက်ဝတ်မှ လက်ဖဝါးအထိ စမ်းသပ်ပြီးနောက် သူမ၏ မျက်ခုံးနှစ်ခုကြားမှ အရေးအကြောင်းများမှာ ပို ထင်ရှားလာလေသည်။

"အစ်မ ဘာတွေ လုပ်ခဲ့တာလဲ၊ အောက်လမ်းနည်းနဲ့ ဝိညာဉ်ခေါ်တာမျိုးကိုတောင် လုပ်ခဲ့တာလား"

ဒီလို ခဏတာဆုံတွေ့ရတဲ့ မိန်းကလေးငယ်က မိမိလုပ်ဆောင်ခဲ့တာတွေကို ရိပ်မိသွားလိမ့်မည်ဟု ထိုအမျိုးသမီးမှာ ထင်မထားခဲ့ပေ။ သူမမှာ အနည်းငယ် အားအင်ပြန်ရှိလာသကဲ့သို့ ဝမ်သိုက်ကို သေချာစိုက်ကြည့်လိုက်ပြီး မျှော်လင့်ချက်အပြည့်ဖြင့် ဆိုလိုက်သည်။

"ညီမက ဒါကို သိနေတာလား... ဒါဆိုရင် ကျွန်မကို ကူညီနိုင်မလားဟင်၊ ကျွန်မ တကယ်ပဲ... ဘယ်လိုလုပ်ရမလဲ မသိတော့ဘူး"

သူမသည် ခေါင်းကို ပြန်ငုံ့လိုက်ပြီး မျက်ရည်များမှာလည်း ကျလာတော့သည်။ လက်ဖြင့် မျက်နှာကို အုပ်ကာရှိုက်ကြီး တငင် ငိုသံမှာ ဓာတ်လှေကားအတွင်း၌ ပျံ့လွင့်သွားလေတော့သည်။

ဓာတ်လှေကားခလုတ်ကို ဖိထားသော ချန်စစ်ကျယ်မှာတော့ စိတ်ရှည်မှု ကုန်ဆုံးသွားပုံရပေသည်။ သူက ခလုတ်ကို လွှတ်လိုက်ပြီး အတွင်းသို့ဝင်လာကာ တံခါးပိတ်သွားသည့်အခါ မေးလိုက်သည်။

"ဘာဖြစ်တာလဲ"

ဝမ်သိုက် သူမတို့ တည်းခိုသည့် အထပ်ကို နှိပ်လိုက်ပြီး မျက်နှာကို အုပ်ကာ ငိုနေသော အမျိုးသမီးကိုကြည့်လိုက်သည်။ ရှိုက်သံများကြားမှ အမျိုးသမီး၏အသံ ထွက်ပေါ်လာသည်။

"ကျွန်မ... ကျွန်မ ယောင်္ကျားဆုံးသွားပြီ၊ ကလေးလည်း ဆုံးသွားပြီ၊ သူချန်ထားခဲ့တဲ့ ပိုက်ဆံတွေကလွဲရင် ကျွန်မမှာ ဘာမှ မကျန်တော့ဘူး"

“သူ ချန်ထားခဲ့တဲ့ ပိုက်ဆံတွေကလွဲရင် ကျွန်မမှာ ဘာမှ မကျန်တော့ဘူး”

ဝမ်သိုက် ရင်ထဲတွင် လေးလံသွားရပြီး အကြည့်များက ထိုအမျိုးသမီးအပေါ်တွင် ရပ်တန့်သွားလေတော့သည်။

ဦးနှောက်တစ်ခုလုံး ရုတ်တရက် ထုံထိုင်းသွားပြီး ကမ္ဘာလော ကကြီးပင် ချာချာလည်နေသလား၊ ကိုယ်တိုင်ပဲ ချာချာလည်နေသလား မဝေခွဲနိုင်တော့ပေ။

"ကျွန်မ နေ့တိုင်း အိမ်ပြန်ရောက်လို့ ဟာလာဟင်းလင်းဖြစ်နေတဲ့ အိမ်ကြီးကိုကြည့်ပြီး ဘာလုပ်ရမှန်းကို မသိတော့ဘူး၊ ကျွန်မတို့ လက်ထပ်ခဲ့တာ ခြောက်နှစ်ရှိပြီ၊ အရာရာက သာယာပျော်ရွှင်ခဲ့တာပါ”

“အရင်ကတော့ ကံတရားက ကျွန်မအပေါ် အရမ်းကောင်းတယ်လို့ ထင်ခဲ့မိတာ၊ ကျွန်မရဲ့ ပျော်ရွှင်မှုတွေဟာ ဘယ် တော့မှ အဆုံးသတ်မှာမဟုတ်ဘူးလို့ ယုံကြည်ခဲ့တာပေါ့၊ တကယ်တော့ အဲဒီနေ့က သာမန်နေ့လေး တစ်နေ့ပါပဲ၊ သိပ်ကို သာမန်ဆန်တဲ့ နေ့လေးတစ်နေ့ရယ်ပါ"

အမျိုးသမီးသည် ပါးပြင်ပေါ်တွင် အုပ်မိုးထားသော လက်များကို ဖယ်ချလိုက်ပြီး ရှေ့သို့ ကမ်းထုတ်လိုက်သည်။ စောင်းငဲ့နေသော သူမ၏ မျက်နှာသည်လည်း ဖြည်းညှင်းစွာ မော့တက်လာပေသည်။

ဓာတ်လှေကားသည် အောက်သို့ ဆင်းနေသည်။ သူမသည် မော့ကြည့်လိုက်ခြင်းမှာ ကောင်းကင်ကြီးကို မေးခွန်းထုတ်ချင်၍ ဖြစ်တန်ရာသော်လည်း ယခု သူမ မော့ကြည့်မိသည်မှာ မှန်ချပ်ကဲ့သို့ ပြောင်လက်နေပြီး သူမ မျက်နှာကို ပြန်လည် ထင်ဟပ်နေသော ဓာတ်လှေကား မျက်နှာကြက်သာ ဖြစ်ချေသည်။

သူမ၏ ဆင်းရဲဒုက္ခများကို ဆက်လက် ရင်ဖွင့်နေဆဲ ဖြစ်သည်။

ဝမ်သိုက်သည် စိတ်အာရုံများ လွင့်ပါးသွားပြီး လွန်ခဲ့သော နှစ်ပေါင်းများစွာဆီသို့ ပြန်ရောက်သွားပေသည်။

လက်မောင်းပေါ်တွင် ကြက်သီးမွေးညှင်းများ ထလာပြီး လက်ထိပ်ဖျားများမှတစ်ဆင့် အအေးဓာတ်က လှိုက်တက်လာသည်။

သွေးနှင့် အရိုးများပင် အေးစက်နေသော်လည်း မှတ်ဉာဏ်ထဲတွင် ပိတ်လှောင်ထားသည့် ထိုမီးတောက်ကြီးကမူ ပူလောင်နေဆဲ ဖြစ်သည်။

သို့သော် လူဆိုသည်မှာ အတိတ်မှတ်ဉာဏ်ထဲတွင် အမြဲတမ်း နစ်မြောနေ၍ မရပေ။ ခြေထောက်က မြေပြင်ပေါ်တွင် ရှိနေသဖြင့် ဓာတ်လှေကားတံခါး ပွင့်သွားသည့်အသံက သူမကို သတိပြန်ဝင် လာစေသည်။

ဝမ်သိုက်သည် ကိုယ့်ဒုက္ခကိုယ် ရှာရသည်ကို ကြိုက်နှစ်သက်နေသည်လား မသိပေ။ သူမသည် အမျိုးသမီးရှိရာသို့ ခြေ လှမ်းအနည်းငယ် တိုးသွားပြီး လက်ကိုဆန့်ကာ အမျိုး သမီး၏ လက်မောင်းကို ဖမ်းဆွဲလိုက်သည်။ ထို့နောက် သူမကို ဆွဲခေါ်ကာ ဓာတ်လှေကားထဲမှ ထွက်လာခဲ့ပြီးနောက်

"ကျွန်မ ရှင်ဖြစ်နေတာကို နားလည်ပေးနိုင်ပါတယ်၊ ဒါပေမဲ့ ရှင့်ရဲ့ လုပ်ရပ်ကတော့ ဒုက္ခရောက်နေတုန်း လမ်းမှားလိုက်နေသလိုပဲ၊ ရှင့်ရဲ့ ခင်ပွန်းနဲ့ ကလေးဆုံးပါးသွားတာ မှန်ပေမဲ့ ဝိညာဉ်ခေါ်တာက ဘာထူးမှာလဲ၊ လူသာမန် တစ်ယောက်အတွက် အောက်လမ်းနည်းတွေ သုံးတာက ဘယ်လောက် အန္တရာယ်များလဲ ရှင်သိရဲ့လား"

သူမသည် အမျိုးသမီးကိုဆွဲပြီး လျှောက်လမ်းအတိုင်း လျှောက်လာခဲ့ရာ အခန်းရှေ့ရောက်မှ ခြေလှမ်းများ ရပ်တန့်သွားသည်။ သူမသည် မော့ကြည့်လိုက်ရာ ချန်စစ်ကျယ်၏ အကြည့်နှင့် ဆုံသွားသဖြင့် နှုတ်ခမ်းကို လှုပ်ရှားကာ ခိုင်မာသော လေသံဖြင့်

"ရှင် ကျွန်မကို သူများကိစ္စ ပါဝင်ပတ်သက်ပြီး ဒုက္ခရှာတယ်လို့ ပြောချင်ရင် ပြောနိုင်ပါတယ်၊ ကျွန်မ အရင်က ပြောဖူးသလိုပဲ၊ သူနဲ့ ဆုံရတာက ရေစက်ပါ၊ ကျွန်မရဲ့စိတ်ထဲမှာ သူ့ကို ကူညီချင်တဲ့ စိတ်ဖြစ်လာတာက ကံကြမ္မာပဲပေါ့"

လျှောက်လမ်းမှ မီးရောင်သည် ရွှေရောင်များထည့်ထားသကဲ့သို့ စူးရှသော အဝါရောင် ဖြစ်သည်။ ဝမ်သိုက်၏ မျက်ဝန်းအိမ်ထဲတွင် ထိုရွှေရောင် အစအနများ ဝင်ရောက်နေပြီး သူမ၏ ခေါင်းမာမှုကို ဖော်ပြနေပေသည်။

‘တကယ်ကို ထူးဆန်းတဲ့ မိန်းကလေးပဲ’ ဟု ချန်စစ်ကျယ်က တွေးလိုက်မိသည်။

တစ်ဖက်တွင်လည်း ငွေမက်ကြောင်းပြသနေသော်လည်း တစ်ဖက်တွင်မူ သနားကြင်နာတတ်သော သူတော်စင်မကြီးကဲ့သို့ ဖြစ်နေပြန်သည်။

"သိပါပြီကွာ"

သူ မေးစေ့ကို အနည်းငယ် မော့လိုက်သည်။ မြေခွေးမျက် ဝန်းထဲတွင် ခံစားချက်တို့ကို ဖုံးကွယ်ထားပြီး မြေပြင်ပေါ်သို့ ခြေသံမှန်မှန်ဖြင့် နင်းလျှောက်ကာ အမျိုးသမီးနောက်မှနေ၍ ဝမ်သိုက် အခန်းထဲသို့ လိုက်ဝင်သွားသည်။ သူသည် တံခါးကိုဆွဲထားသော ဝမ်သိုက်ကို တစ်ချက်ကြည့်ကာ အတည် ပေါက် ပြောလိုက်သည်။

"ငါက အမြဲတမ်း ပူးပေါင်းဆောင်ရွက်မှုကို အလေးထားတဲ့သူပါ"

ပုခုံးချင်း ပွတ်တိုက်သွားသော အမျိုးသား၏ကျောပြင်ကို ဝမ်သိုက် လှည့်ကြည့်ပြီး တံခါးကို ဆွဲထားသော လက်ကို ပြန်ရုတ်လိုက်သည်။

တကယ်ကို စိတ်ပြောင်းလွယ်တဲ့ လူသာ ဖြစ်သည်။

သူမသည် အခန်းထဲသို့ လှည့်ဝင်လိုက်သည်။ ဧည့်ခန်း ဆိုဖာပေါ်တွင် ဝမ်းနည်းမှုထဲမှ မရုန်းထွက် နိုင်သေးသော အမျိုးသမီးထိုင်နေပြီး ချန်စစ်ကျယ်ကမူ တစ်ဖက်ရှိ ဆိုဖာတစ်လုံးပေါ်တွင် ခြေထောက်ချိတ်ကာ ပျင်းရိပျင်းတွဲထိုင်နေချေသည်။ သူသည် ဘယ်နေရာမှာ ပူးပေါင်းဆောင်ရွက်မှုကို အလေးထားနေသလဲ မသိရဘဲ ဘေးကနေ ထိုင်ကြည့်နေသည့် ပုံစံနှင့်သာ တူနေပေသည်။

ဝမ်သိုက်သည် စိတ်ထဲကနေ မျက်စောင်းခဲလိုက်ပြီး အမျိုး သမီးဘေးတွင် ဝင်ထိုင်လိုက်သည်။ အိတ်ထဲမှ တစ်ရှူးထုတ်ကိုထုတ်ကာ အမျိုးသမီးကိုပေးရင်း မျက်ရည်သုတ်ခိုင်းလိုက်ပြီး

"ရှင့်ရဲ့ စိတ်ကို နည်းနည်း ထိန်းလိုက်ပါဦး၊ ဘာဖြစ်ခဲ့တာလဲဆိုတာ ဖြည်းဖြည်းချင်းပြောပြပါ"

"လွန်ခဲ့တဲ့ သုံးလက ကျွန်မခင်ပွန်းက သားလေးကိုခေါ်ပြီး သူ့အဖွားအိမ်ကို သွားတာပါ၊ တောင်ပတ်လမ်းမှာ ကားမှောက်ပြီး အဲဒီမှာတင် ဆုံးသွားကြတယ်"

All Chapters