← Chapters

အခန်း ၃၄

Vol. 4 Ch. 34

အခန်း ၃၄

Vol. 4 Ch. 34

Chapter 34

အမျိုးသမီးက တုန်ရီသော အသံဖြင့်ပြောလာသည်။ အကျဉ်းချုပ် ပြောပြချက် ဖြစ်သော်လည်း သူမ မျက်ဝန်းထဲမှ မျက်ရည်များမှာမူ အတားအဆီးမဲ့ စီးကျလာပြန်သည်။ တစ်ရှူးများလည်း စိုရွှဲ သွားချေပြီ။ သူမသည် အခြားလက်တစ်ဖက်ဖြင့် ရင်ဘတ်ရှိ အဝတ်အစားကို တင်းတင်းဆုပ်ကိုင်ကာ လည်ချောင်းထဲမှ အသံကို အားယူပြီး

"ဒါက ကျွန်မအတွက်တော့ အရမ်းကို စိတ်ထိခိုက်ရပါတယ်၊ ကျွန်မ တစ်ယောက်တည်း သူတို့သားအဖအတွက် နာရေးကိစ္စတွေ လုပ်ပေးခဲ့ရတာ၊ ဒါကို အချို့လူတွေက ကျွန်မကြောင့် သူတို့ သေရတာတဲ့၊ ကျွန်မက ကိုယ့်သားအရင်း မဟုတ်လို့ အစကတည်းက မုန်းနေတာဆိုပြီး ပြောကြတယ်”

“ကျွန်မက မကျေနပ်လို့ ကားကို တစ်ခုခုလုပ်ထားတာ ဖြစ်မှာပါတဲ့၊ ဒါပေမဲ့ မကြာသေးခင်ကမှ ကျွန်မတို့ ပါတီတစ်ခုမှာ အတူတူ ပျော်ပျော်ရွှင်ရွှင်ကစားခဲ့ကြတာလေ၊ အရင်ကတော့ ကျွန်မလို မိထွေးမျိုးက အရမ်းသဘောကောင်းတယ်၊ ရှာမှရှားလို့ အားလုံးက ပြောခဲ့ကြတာ”

“ကျွန်မ မသိတော့ဘူး၊ တကယ်ကို နားမလည်တော့ဘူး၊ ခင်ပွန်းနဲ့ သားကို ဆုံးရှုံးလိုက်ရတာ ကျွန်မပါ၊ မိသားစုပြိုကွဲသွားတာလည်း ကျွန်မပဲ၊ ဒါကို ဘာလို့ လူတွေက အပြစ်အား လုံးကို ကျွန်မအပေါ် ပုံချနေကြတာလဲ"

အမျိုးသမီး၏ ကျောပေါ်တွင် မှီကပ်နေသော ကလေးငယ်သည် ဝမ်သိုက်ကို အစောကလို မကောင်းဆိုးဝါးဆန်ဆန် ပြုံးမပြတော့ဘဲ လက်ကလေးကို ရှေ့သို့ ဆန့်ကာ မျက်ရည်တွေ စိုနေသည့် အမျိုးသမီး၏ပါးပြင်ပေါ်သို့ တင်ထားလိုက်သည်။ သို့သော်လည်း အချည်းနှီးသာ ဖြစ်ပေသည်။

ဝမ်သိုက်သည် အမျိုးသမီး၏ဘေးတွင် ထိုင်နေရင်း စိတ်ခံစားချက်များ ပေါက်ကွဲပြီးနောက် အသက်ရှူ မမှန်ဖြစ်နေသော သူမကို ကြည့်ကာ ရက်စက်လှသော အမှန်တရားကို ဖွင့်ဟလိုက်သည်။

"ဘာဖြစ်လို့လဲဆိုတော့ သူတို့က ဘေးကနေ မီးလောင်ရာကြည့်နေတဲ့ လူစိမ်းတွေမို့လို့ပါ၊ ကမ်းနဖူးကနေ မီးလောင်တာကြည့်တဲ့သူက မီးပိုတောက်ပြီး ဇာတ်လမ်းဆန်တာကိုပဲ မြင်ချင်ကြတာပေါ့”

“သူတို့က ရှင်နဲ့ သူတို့ ဘယ်လိုပတ်သက်လဲဆိုတာကို ဂရုမစိုက်ကြဘူး၊ သူတို့ ဂရုစိုက်တာက ပျင်းရိစရာကောင်းတဲ့ သူတို့ဘဝထဲမှာ ရှင်က ဘယ်လောက်အထိ ထူးခြားတဲ့ သတင်းအသစ် ဖြစ်စေမလဲဆိုတာပဲ"

မျက်ရည်များ ဖြည်းဖြည်းချင်း ခြောက်သွားသည်။ အမျိုး သမီးသည် ဆိုဖာပေါ်တွင် အသံတိတ် မှီထိုင်နေပြီး ကျောကလေးကုန်းကာ ပုခုံးများလည်း ကျဆင်းနေချေပြီ။ သူမ၏ ဟာလာဟင်းလင်း ဖြစ်နေသော အကြည့်များမှာ စားပွဲပေါ်သို့ ရောက်နေပေသည်။

အရာရာ ငြိမ်သက်နေသည်။ စားပွဲပေါ်ရှိ ရှန်ပိန်ပုလင်းထဲမှ အရည်များမှာလည်း တိတ်တဆိတ် လှုပ်ရှားနေသလား မသိပေ။

တိတ်ဆိတ်နေသော ပတ်ဝန်းကျင်ကို ချန်စစ်ကျယ်က ရုတ်တရက် ဖြိုခွင်းလိုက်သည်။

"အောက်လမ်းနည်းနဲ့ ဝိညာဉ်ခေါ်ဖို့ ဘယ်သူက သင်ပေးတာလဲ"

အလုပ်ကိစ္စဘက်သို့ ပြန်ရောက်သွားသဖြင့် အမျိုးသမီးသည် နှုတ်ခမ်းကို လှုပ်ရှားကာ အတော်ကြာမှ

"ကျွန်မ ဘုရားကျောင်းကို သွားတုန်းက အပြင်ထွက်လာတော့ အဖိုးကြီး တစ်ယောက်နဲ့ ဆုံပါတယ်၊ ကျွန်မ ဘာမှမပြောရသေးခင် သူက အားလုံးကို သိနေခဲ့တာ၊ သူက ပြောတယ်၊ ကျွန်မ လိုအပ်ရင် အောက်လမ်းနည်းနဲ့ ဝိညာဉ်ခေါ်တာကို သင်ပေးနိုင်တယ်တဲ့၊ ကျွန်မ တစ်ယောက်တည်း သနားလို့ ဝိညာဥ်လောက ကလူနဲ့ စကားပြောပြီး အထီးကျန်တာကို ဖြေဖျောက်ဖို့ ဒီနည်းလမ်းက မဆိုးဘူးလို့ သူက ပြောခဲ့တာပါ"

"တကယ် အောက်တန်းကျတဲ့ အဖိုးကြီးပဲ"

ဝမ်သိုက်သည် ရင်ထဲတွင် မကျေမနပ်ဖြစ်သွားသဖြင့် ပေါင်ကို တစ်ချက်ပုတ်လိုက်ကာ မျက်မှောင်ကြုတ်ပြီး

"အဲဒီလူက ပုံမှန်ဆိုရင် ဘယ်နားမှာ နေတတ်လဲ ရှင် သိတယ်မလား"

သူမသည် အိတ်ထဲမှ ဖုန်းကိုထုတ်ကာ မျက်နှာပြင်ကို အမြန်ပွတ်ပြီး QR ကုဒ်ကို ပြလိုက်သည်။

"We chat အပ်ထားလိုက်ရအောင်၊ ဒီနေ့တော့ ရှင့်ရဲ့ ယန်ဓာတ်အားနည်းတာကို အရင်ဖြေရှင်းပေးမယ်၊ နောက်ပိုင်းတော့ ရှင့်ရဲ့ အကူအညီ လိုဦးမယ်၊ အဲဒီအဖိုးကြီးကို ချိန်းပေးနိုင်ရင် အကောင်းဆုံးပဲ၊ ဒီလို လူလိမ်ကို ကျွန်မ သွားတွေ့ရမယ်၊ ကျွန်မနာမည်က ဝမ်သိုက်ပါ၊ 'ခြောက်သွယ်သော နန်းဆောင်မှာ အလှဆုံး' ဆိုတဲ့ ဝမ်သိုက်ပေါ့၊ ဟိုဘက်က တစ်ယောက်ကတော့ ချန်စစ်ကျယ်ပါ"

သူမသည် ချန်စစ်ကျယ်ကို မေးစေ့ဖြင့် ညွှန်ပြလိုက်သည်။ အမျိုးသမီးသည်လည်း နာခံစွာဖြင့် We chat အပ်လိုက်ပြီး နာမည်ကို ဖြည်းဖြည်းချင်း ရိုက်ထည့်လိုက်သည်။ သူမ၏ မျက်ဝန်းများမှာ နီရဲနေဆဲ ဖြစ်ပြီး တိုးညှင်းသော အသံဖြင့် ပြောလိုက်သည်မှာ

"ရန်ချင်းပါ၊ အစိမ်းရောင် ချင်းပါ"

သူမသည် ဖုန်းကို ပြန်သိမ်းလိုက်ပြီး ဝမ်သိုက်ကို စိုးရိမ်တ ကြီး ကြည့်ကာ အကြာကြီးတုံ့ဆိုင်းနေပြီးမှ

"ကျွန်မရဲ့ ယန်ဓာတ်အားနည်းကို ဘယ်လိုလုပ်မှာလဲ၊ အဲ့လိုလုပ်ပြီးသွားရင် ဟောက်ဟောက်က ကျွန်မဆီက ထွက်သွားမှာလား"

ရန်ချင်း၏ မျက်ဝန်းထဲမှ မခွဲနိုင် မခွာရက်ဖြစ်နေသော ဝေခွဲမရမှုကို ဝမ်သိုက်က မြင်လိုက်ရသည်။ သူမသည် ရန်ချင်း၏ အနားမှ ဆင်းသွားသော 'ဟောက်ဟောက်' ကို လှည့်ကြည့်လိုက်ရာ ကလေးငယ်သည် ရန်ချင်း၏ ညာဘက် ဆိုဖာလက် တန်းပေါ်တွင် ထိုင်နေပြီး ကိုယ်ကိုရန်ချင်း၏ ပေါင်ပေါ်သို့ မှီထားကာ ခေါင်းလေးစောင်းပြီး ရန်ချင်းကိုငြိမ်သက်စွာ ကြည့်နေပေသည်။

အမှန်တရားကို လက်ခံထားသော ဝမ်သိုက်သည် ဖျောင်းဖျရန် စကားလုံး ရှာမရဖြစ်နေသော်လည်း ချန်စစ်ကျယ်ကမူ ရန်ချင်း၏မျှော်လင့်ချက်ကို အပြီးတိုင် ချိုးဖျက်လိုက်လေသည်။

"ထွက်သွားမှာပေါ့၊ အနှေးနဲ့အမြန် သွားရမှာပဲ၊ လူနဲ့ ဝိညာဉ်ဆိုတာ လမ်းကြောင်းမတူဘူး၊ သူ မင်းဘေးမှာ အမြဲရှိနေတာက သက်ရောက်မှု သိပ်မရှိဘူး ဆိုပေမဲ့ မင်းတို့ကြားက သံယောဇဉ်က ပြဿနာပဲ၊ မင်းကတော့ ပုံမှန်အတိုင်းနေနိုင်ပြီး ပျင်းရင် သူနဲ့ စကားပြောလို့ ရပေမဲ့ ဒီကမ္ဘာက သူနေရမယ့် နေရာမဟုတ်ဘူး၊ သူက နောက်ဘဝ ကူးပြောင်းဖို့လို အပ်တယ်၊ သူကိုယ်တိုင်က နေချင်တယ် ဆိုရင်တောင် မင်းက သူ့ကိုလွင့်ပါးနေတဲ့ ဝိညာဉ်ဘဝနဲ့ အမြဲရှိမနေခိုင်းသင့်ဘူး"

နီရဲနေသော မျက်ဝန်းများသည် ဓာတ်လှေကားမှာ ဆုံခဲ့စဉ်ကဲ့သို့ ပြန်လည် မှေးမှိန်သွားသည်။ ရန်ချင်းသည် လျှာအဖြတ်ခံလိုက်ရသူကဲ့သို့ ဆိုဖာပေါ်တွင် အားငယ်စွာ ထိုင်နေချေသည်။

ဤပုံစံက ဝမ်သိုက်ကို အနည်းငယ် စိတ်မကောင်းဖြစ်စေ သည်။ အမှန်တရားဘက်က ကြည့်လျှင် ချန်စစ်ကျယ်၏ စကားကို သူမ ငြင်းဆန်၍ မရသော်လည်း နှစ်သိမ့်သည့် အနေဖြင့်

"တကယ်တော့လည်း အသေအချာကြီးတော့ မဟုတ်ပါဘူး၊ တစ်ကယ်လို့ ဟောက်ဟောက်ရဲ့ စွဲလမ်းမှုက ရှင့်ဘေးမှာ နေချင်တာဆိုရင်လည်း ထားထားလို့ ရပါတယ်၊ သူက ရှင့်ဘေးမှာ အမြဲရှိနေပြီး ရှင့်ရဲ့သက်တမ်းကုန်တဲ့အခါမှ ဝိညာဥ်လောကမှာ အတူတူ သွားနေလို့ရတာပဲလေ"

သူမသည် ချန်စစ်ကျယ်ကို တစ်ချက်ကြည့်လိုက်ရာ ချန်စစ်ကျယ်သည်လည်း ဟလိုက်သော နှုတ်ခမ်းကို ပြန်ပိတ်လိုက်ပေသည်။

ရန်ချင်းသည် ဆက်လက် တိတ်ဆိတ်နေဆဲဖြစ်သည်။ သူမသည် ခေါင်းကလေးစောင်းကာ နှုတ်ဆိတ်နေပြီး အေးခဲနေသည့် မျက်ဝန်းများမှာ အတော်ကြာမှ အသက်ဝင်လာကာ လက်ကို တင်းတင်းဆုပ်ပြီး ဆုံးဖြတ်ချက်ချလိုက်သည်။

"ဒါဆိုလည်း လုပ်ပေးကြပါ၊ ကျွန်မ ဟောက်ဟောက်ကို ဆွဲမထားသင့်တော့ဘူး"

ဖြေရှင်းရသည်မှာ အလွန်လွယ်ကူလှသည်။ ဝမ်သိုက်သည် ဆိုဖာပေါ်မှ ခေါင်းအုံးကို မြေပြင်ပေါ်သို့ ချလိုက်ပြီး ရန်ချင်းကိုပြတင်းပေါက် အပြင်ဘက်ရှိ ကောင်းကင်ကို မျက်နှာမူကာ ဒူးထောက် ခိုင်းလိုက်သည်။

ချန်စစ်ကျယ်ကမူ ရှေ့သို့တက်ကာ ရန်ချင်း၏ကျောဘက်မှ ပွင့်နေသော အပေါက်များကို ပိတ်ပေးလိုက်ပြီး သူမ၏ ဦးခေါင်းထက်မှ ပုခုံးနှစ်ဖက်အထိ လက်ဖြင့် ဝေ့ယမ်းကာ ယန်ဓာတ်အားနည်းနေသည်ကို ပြန်လည်ကောင်းမွန်လာအောင် လုပ်ပေးလိုက်သည်။

ဝမ်သိုက်၏ နောက်ကွယ်ရှိ ဝိညာဉ်အစောင့်အရှောက်များက သီးသန့် ခေါ်ထုတ်သွားသော ဟောက်ဟောက်သည် ငေးငိုင်စွာကြည့်နေပေသည်။ သူသည် ခေါင်းလေးကို မော့ကာ မည်းနက်သော မျက်ဝန်းများဖြင့် ဝမ်သိုက်ကို ကြည့်ပြီး ကလေးငယ် အသံဖြင့်

"အစ်မ၊ သား မေမေ့ဆီက ထွက်သွားရတော့မှာလား ဟင်"

ဖြူစင်မှုသည် အမြဲတမ်း စိတ်မကောင်းဖြစ်ရသည်။ ဝမ်သိုက်သည် ဒူးထောက်ထိုင်ကာ ကလေးငယ်နှင့် မျက်လုံးချင်း တည့်တည့်ကြည့်လိုက်ပြီး သူမ လက်ကို ဟောက်ဟောက်၏မျက်နှာရှေ့တွင် ခဏ ရပ်ထားလိုက်သည်။

ဖြည်းဖြည်းချင်းပင် ကလေးငယ် ဆုံးပါးသွားစဉ်က ပုံရိပ်သည် ယခု မျက်နှာပေါ်တွင် ထပ်ရက်ပေါ်လာချေပြီ။ ပျက်စီးနေသော မျက်နှာ၊ မီးလောင်ရာ အမာရွတ်များ နှင့် မှန်ကွဲစများ စိုက်ဝင်နေသဖြင့် မျက်စိတစ်ဖက် ကွယ်နေသော ပုံရိပ် ဖြစ်သည်။

ဝမ်သိုက်၏ စိတ်ထဲတွင် ကံကောင်းလှချေသည်ဟု တွေးမိလိုက်သည်။ အလွန်တရာ ရက်စက်သော ကံကောင်းမှုမျိုးပေါ့။ သူမသည် ဤကလေးငယ် သေသွားခြင်းမှာပင် ကံကောင်းသည်ဟု ထင်မိသည်။

အသက်ရှင်နေလျှင်လည်း သူ နေရခက်ပေလိမ့်မည်။ လူတစ်ယောက် လျော့သွားခြင်းကလည်း ရန်ချင်း၏နာကျင်မှုကို လျော့နည်းစေမည် မဟုတ်ပေ။ နောင်မှ တမ်းတနေခြင်းနှင့် ညည်းတွားနေခြင်းမှာ မိမိကိုယ်ကိုယ် စိတ်ကူးယဉ် ဖြေသိမ့်နေခြင်းသာ ဖြစ်ပေသည်။

"ဟုတ်တယ်၊ သား မေမေနဲ့ ခဏလောက် ခွဲခွာရဦးမှာပါ"

ဝမ်သိုက်သည် 'ခဏလောက်' ဆိုသော စကားကို အလေးပေး ပြောလိုက်ပြီး ဟောက်ဟောက်ကို ကြည့်ကာ လေသံကို ပျော့ပြောင်းစွာဖြင့်

"သား မေမေက ဒီကမ္ဘာမှာ ခရီးထွက်နေသေးတယ်လို့ သဘောထားလိုက်ပေါ့၊ မင်းကတော့ ဖေဖေနဲ့ အရင်သွားနေရမယ်၊ တခြားတစ်နေရာမှာလည်း ကျောင်းတက်ရဦးမှာနော်၊ အစ်မ စဉ်းစားကြည့်တာ၊ မင်း ဟိုဘက်မှာ အိမ်ထောင်ရက် သား ကျတဲ့အခါကျမှ မေမေနဲ့ ပြန်ဆုံရမှာပေါ့"

ရန်ချင်း၏အားအင်ပြဿနာကို ဖြေရှင်းပြီးနောက် ချန်စစ်ကျယ်သည် ဝမ်သိုက် ဘေးသို့ လျှောက်လာသည်။ သူတို့၏စကားများကို သူ အားလုံး ကြားလိုက်ရသလို မလှမ်းမ ကမ်းတွင် ရပ်နေသော ရန်ချင်းသည်လည်း တစ်ရှူးဖြင့် မျက်ရည်သုတ်ကာ ရှိုက်ငိုနေပြန်သည်။

အသက်မပြည့်သေးသော ကလေးငယ်သည် မတော်တဆမှုဖြင့် သေဆုံးသွားရာတွင် ဖခင်ဖြစ်သူက အဖော်ပြုခေါ်ဆောင်သွားခြင်း ဖြစ်သဖြင့် ပုံမှန်အားဖြင့် ရန်ငြိုးမရှိတတ်ပေ။ သူသည် ဤကမ္ဘာ၏ အညစ်အကြေးများဖြင့် မထိတွေ့ရသေးပေ။

အစောက ရန်ချင်းကို ဖျောင်းဖျခဲ့သော စကားများမှာ နှုတ်ကထွက်သည့် အပေါ်ယံစကားများသာဖြစ်သဖြင့် ဝမ်သိုက်သည် ရန်ချင်းကို တစ်ချက်ကြည့်ကာ တုန်ရီနေသော သူမ၏ ပုခုံးများမှ အကြည့်ကိုလွှဲလိုက်ပြီး မန္တန်အချို့ကို တိတ်တ ဆိတ် သုံးလိုက်ရာ ဟောက်ဟောက်၏ ပုံရိပ်မှာ ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားချေသည်။

ရန်ငြိုးမရှိသော ကလေးဖြစ်သဖြင့် ဝိညာဉ်ချော့ရန် မလိုဘဲ သူမက ပြန်ပို့ပေးလိုက်ရုံသာ။

All Chapters