← Chapters

အခန်း ၃၅

Vol. 4 Ch. 35

အခန်း ၃၅

Vol. 4 Ch. 35

Chapter 35

မျက်ရည်ကျပြီးနောက် ရှိုက်သံများမှာလည်း တဖြည်းဖြည်း တိုးသွားသည်။ ရန်ချင်းသည် အသက်ကို ပြင်းပြင်းရှူလိုက်ပြီး လှည့်လာကာ မြေပြင်မှ ထလာသော ဝမ်သိုက်နှင့် ဘေးမှ ချန်စစ်ကျယ်ကိုကြည့်ရင်း ဖုန်းကို မောပန်းစွာ မြှောက်ပြလိုက်သည်။

"ဘယ်လောက်ကျလဲ၊ ကျွန်မ လွှဲပေးပါ့မယ်"

"ပိုက်ဆံပေးစရာ မလိုပါဘူး၊ ပေးချင်ရင်လည်း သူ့ကိုသာ ပေးလိုက်ပါ၊ ကျွန်မကတော့ မယူပါဘူး၊ ကျွန်မကိုယ်တိုင်က ကူညီချင်လို့ ကူညီတာပါ"

ဝမ်သိုက်သည် ဘေးမှ ချန်စစ်ကျယ်ကို ညွှန်ပြလိုက်သည်။ သူမ မျက်နှာတွင်လည်း အနည်းငယ် မောပန်းရိပ်များ ယှက်သန်းနေချေပြီ။

ရန်ချင်းသည် အလွန်ခိုင်မာနေပေသည်။ သူမသည် ခေါင်းခါလိုက်ပြီး ဖုန်းကို ကိုင်ကာ ဝမ်သိုက်ထံသို့ ငွေငါးထောင် လွှဲပေးလိုက်ရင်း

"ပိုက်ဆံကတော့ ပေးရမှာပါ၊ ရှင်က စိတ်ကောင်းရှိပေမဲ့ ကျွန်မကတော့ အခမဲ့ လက်ခံလို့ စိတ်မဖြောင့်ပါဘူး၊ အဲဒီအပြင် ကျွန်မက ပိုက်ဆံမရှိတဲ့သူ မဟုတ်ဘူး၊ အခုချိန်မှာ ကျွန်မမှာ အရှိဆုံးက ပိုက်ဆံပဲ"

နောက်ဆုံး စကားများတွင် စိတ်ဓာတ်ကျနေသည့် အသံများ ပါဝင်နေသည်။

"သူငယ်ချင်း အသစ်ဖြစ်ရုံပဲ ရှိသေးလို့ We chat က တစ်နေ့ကို ငါးထောင်ပဲ ကန့်သတ်ထားတယ်၊ ဝမ်သိုက် ရှင် ကျွန်မကို ဖုန်းနံပါတ်ပေးပါဦး၊ Alipay ကနေ လွှဲပေးမယ်၊ ဒါမှမဟုတ် ချန်စစ်ကျယ်လည်း ကျွန်မကို We chat အပ်လိုက်ပါ၊ ကျွန်မ လွှဲပေးပါ့မယ်"

လက်ကို အိတ်ထဲထည့်ထားသော ချန်စစ်ကျယ်မှာမူ ဘာမှ မလှုပ်ရှားပေ။ ပိုက်ဆံပေးချင်ဇော ပြင်းနေသော ရန်ချင်းကို ကြည့်ကာ မျက်မှောင်ကြုတ်လျက် ပြောလိုက်သည်။

"မလိုပါဘူး၊ ဒါက သာမန် ကိစ္စလေးတင်ပါ၊ မင်း ပေးတဲ့ ငါးထောင်ကတောင် များနေပါပြီ၊ တကယ်လို့ ပိုက်ဆံတွေ သိပ်များနေတယ် ထင်ရင်လည်း ကိုယ့်ကိုယ်ကိုယ် ပြန်ပြင်ဆင်ဖို့ သုံးလိုက်ပါဦး၊ ကောင်းတာလေးတွေ ဝယ်စား ဝယ်ဝတ်လိုက်ပေါ့"

သာမန် စကားလေးဖြစ်သော်လည်း ရန်ချင်းမှာ မျက်ရည်များ ပိုးပိုးပေါက်ပေါက် ကျလာပြီး နှုတ်ခမ်းကို တင်းတင်းစေ့ကာ ဒူးထောက်ချင်နေပြန်သည်။

လွန်ခဲ့သော လအနည်းငယ်က သိုလန်တို့ မိသားစုနှင့် နေခဲ့စဉ်က လေ့ကျင့်ခဲ့သော အာရုံခံစားမှုကြောင့် ဝမ်သိုက်သည် ချက်ချင်းပင် ရှေ့သို့ ပြေးသွားကာ ဒူးထောက်တော့မည့် ရန်ချင်းကို လှမ်းဖမ်းလိုက်ရသည်။

သူမသည် ဘာကြောင့်မှန်း နားမလည်ဘဲ

"မဟုတ်ဘူးလေ၊ ရှင်က ဘာလို့ ဒီလို လုပ်နေရတာလဲ၊ ဒါက တကယ်ကို သေးငယ်တဲ့ ကိစ္စလေးပါ၊ ကျွန်မ ရှင့်ကို ပေးရမယ့် အဆောင်တောင် မပေးရသေးဘူးလေ"

"ကျွန်မ စိတ်ထဲမှာ အရမ်းကိုကျေးဇူးတင်လို့ပါ၊ ရှင့်တို့ကို ဆုံရတာ ကျွန်မရဲ့ ကံကောင်းခြင်းပါပဲ၊ ကျွန်မ ဘုရားကျောင်းမှာ တွေ့ခဲ့တဲ့ လူတွေဆိုရင် ကျွန်မဆီက ပိုက်ဆံရဖို့ပဲ ကြည့်နေကြတာ"

ရန်ချင်း၏အသံမှာ ထပ်မံ တုန်ရီလာသဖြင့် သူမ မျက်လုံးများထဲတွင် ရေကန်ကြီးတစ်ခုလုံး ရှိနေသလားဟုပင် ထင်မှတ်ရပေသည်။

"ပိုက်ဆံ မယူရုံလေးပါ၊ ဒီလိုလူတွေက နည်းတာပဲ ရှိတာပါ၊ လုံးဝ မရှိတာ မဟုတ်ပါဘူး၊ ကျွန်မလည်း ပုံမှန်ဆိုရင် ပိုက်ဆံယူတာပဲလေ၊ အများကြီးတောင်းတာနော်၊ ကျွန်မက တကယ်တော့ အရမ်း လောဘကြီးတာပါ၊ ရှင့်ဆီက မယူတာကတော့ ကျွန်မတို့ ဆုံရတာ ရေစက်ပါလို့ထင်လို့ပါ၊ ပြီးတော့ ဒါက ခက်ခဲတဲ့ ကိစ္စလည်း မဟုတ်ဘူးလေ၊ သူပြောသလိုပဲ သာမန် ကူညီပေးရုံတင်ပါ"

ဝမ်သိုက်သည် တောင့်တောင့်ကြီးရပ်နေသော ချန်စစ်ကျယ်ကို တံတောင်နှင့် ဝေ့ပြလိုက်ပြီး ရန်ချင်း နောက်တစ်ကြိမ် ဒူးမထောက်နိုင်အောင် လက်မောင်းကို တင်းတင်းဆွဲထားလိုက်ရသည်။

ရန်ချင်း၏ အခြေအနေမှာ တည်ငြိမ်မှု မရှိသဖြင့် ဝမ်သိုက်နှင့် ချန်စစ်ကျယ်တို့သည် သူမကို အခန်းအထိ ကိုယ်တိုင် လိုက်ပို့ပေးခဲ့ကြသည်။ ဓာတ်လှေကားဖြင့် ပြန်ဆင်းလာစဉ် အစောက မြင်ခဲ့ရသော vip အခန်းကို ပြန်စဉ်းစားကာ ဝမ်သိုက်က ရင်ဖွင့်လိုက်သည်။

"ကဲ၊ သူကတော့ တကယ်ကို ပိုက်ဆံချမ်းသာတဲ့သူပဲ၊ တစ်ညကို ဘယ်လောက် ပေးရမလဲဆိုတာတောင် ကျွန်မ မတွေးရဲဘူး"

သူမ ဘေးတွင် ရပ်နေသော ချန်စစ်ကျယ်က သူမကို တစ်ချက် စောင်းငဲ့ကြည့်လိုက်ပြီး ခဏအကြာမှ

"မင်းလည်း မွဲနေတဲ့သူမဟုတ်ပါဘူး"

"ရှင်၊ ဘယ်နေရာမှာ မြင်လို့လဲ၊ ပိုက်ဆံရှိတဲ့သူက ကျွန်မလို ဖုန်အန်းရပ်ကွက်က အိုဟောင်းနေတဲ့ အိမ်လေးမှာ နေပါ့မလား"

ဝမ်သိုက်သည် ချန်စစ်ကျယ်ကို မော့ကြည့်လိုက်သည်။ သူမသည် သူမ၏လုပ်ရပ်တိုင်းမှာ ငွေမရှိသောသူ ဖြစ်ကြောင်း ပြသနေသည်ဟု ထင်သော်လည်း တကယ်တမ်းတွင်မူ ထိုစကားနှင့် ကင်းကွာနေပေသည်။

ဓာတ်လှေကား တံခါးမှာ ဖြည်းဖြည်းချင်း ပွင့်လာသည်။ သူတို့သည် ဘေးချင်းယှဉ်ကာ ထွက်လာကြရာ ဟာလာဟင်း လင်း ဖြစ်နေသော လျှောက်လမ်းတွင် အသံမှာ အလွန်ပင် ကြည်လင်စွာ ထွက်ပေါ်နေချေသည်။ ချန်စစ်ကျယ်သည် မီးလောင်ရာလေပင့်သကဲ့သို့ အမှန်အတိုင်း ပြောလိုက်သည်။

"ဘယ်လို ငွေမရှိတဲ့သူက တစ်သိန်းကျော်တန် ဂါဝန်ကို ဝယ်ဝတ်မှာလဲ၊ တကယ်လို့ မင်းသာ ငွေမရှိရင် ချင်ယန်နဲ့ ချင်ထုံ တို့ဆီက ပိုက်ဆံ မယူတာက ထားပါတော့၊ အခု ရန်ချင်းဆီကတော့ တစ်ပြားမှ မယူဘဲ မနေပါဘူး၊ မင်းက ပိုက်ဆံရှိပြီး မသုံးချင်တာပဲ နေမှာပါ"

လိုက်ကာကြားမှ တိုးထွက်လာသော စူးရှသည့်အလင်းတန်းကို လိုက်ကာများက တားဆီးထားနိုင်ခြင်းမရှိပေ။ နောက်တစ်ခဏ၌ လိုက်ကာများ တစ်ဟုန်ထိုး ပွင့်သွားပြီး စူးရှတောက်ပသော အဖြူရောင်အလင်းတန်းများ အခန်းထဲသို့ တိုးဝင်လာသည်။

ရေချိုးခန်းထဲမှ ထွက်လာကာစ ဝမ်သိုက်သည် လိုက်ကာအဝေးထိန်းခလုတ်ကို ချထားလိုက်သည်။ ကုတင်ခေါင်းရင်းတွင် အားသွင်းထားသော ဖုန်းကို သူမကောက်ကိုင်လိုက်ရာ We Chat ထဲတွင် ချန်စစ်ကျယ်ထံမှ ငွေလွှဲဝင်လာသည်ကို တွေ့လိုက်ရသည်။ မနေ့ည အိပ်ခါနီးတွင် ရန်ချင်းပေးသော ငွေငါးထောင်လုံးကို သူမက ချန်စစ်ကျယ်ထံ လွှဲပေးခဲ့ခြင်း ဖြစ်သည်။

ဖုန်းမျက်နှာပြင်ပေါ်တွင် လိမ္မော်ရောင် ငွေလွှဲစာတိုလေး ပေါ်နေပြီး ၂၅၀၀ ဆိုသော ဂဏန်းမှာ ကြည်လင်စွာ နေရာယူထားသည်။

【ချန်စစ်ကျယ် - ငါပြောသားပဲ၊ ငါ့မှာ ပူးပေါင်းဆောင်ရွက်မှု စိတ်ဓာတ်ရှိတယ်၊ တစ်ယောက်တည်း မောင်ပိုင်စီးတတ်တဲ့ အကျင့်မရှိဘူး】

ဦးနှောက်က ထုံထိုင်းနေသော်လည်း ခန္ဓာကိုယ်က အရင် တုံ့ပြန်လိုက်သည်။ နှာခေါင်းထဲမှ တိုးညှင်းသော ရယ်သံ လေးတစ်ခု ထွက်သွားရာ ဝမ်သိုက်ကိုယ်တိုင်ပင် ထူးဆန်းနေမိသည်။

ဖုန်းမျက်နှာပြင်ပေါ်တွင် ဝဲနေသော လက်ချောင်းလေးက နောက်ဆုံးတွင် နှိပ်လိုက်ပြီး OK ဆိုသော လက်ဟန်အမူအရာလေး ပြန်ပို့လိုက်သည်။

အပြင်ထွက်သည့် အချိန်မှာ အတော်လေး တိုက်ဆိုင်သွားသည်။ တံခါးနှစ်ချပ်လုံး ပြိုင်တူ ပွင့်လာကြသည်။ မနေ့ညက ညစာစားစဉ်က ဖြစ်ခဲ့သော အလွဲများကြောင့် ဝမ်သိုက်သည် သူမ၏ ယဉ်ကျေးပျူငှာမှုများကို ခေတ္တခဏ ဘေးဖယ်ထားလိုက်သည်။

အကြောင်းမှာ ပထမအချက်အနေဖြင့် ချန်စစ်ကျယ်က သူမအပေါ် မဟုတ်ကဟုတ်က စိတ်ကူးယဉ်နေသည်ဟု အထင်မခံချင်တော့ခြင်းဖြစ်ပြီး၊ ဒုတိယအချက်မှာ စားပွဲထိုးများက စုံတွဲဟင်းလျာများကို လာရောက်ညွှန်းဆိုသည်ကို မခံချင်တော့သောကြောင့် ဖြစ်သည်။

သူတို့နှစ်ဦး၏ အကြည့်များမှာ အလိုအလျောက် ဆုံသွားကြသည်။ သူမက သူ့ကို မော့ကြည့်လိုက်ပြီး သူက သူမကို ငုံ့ကြည့်လိုက်သည်။ ထို့နောက် တပြိုင်နက်တည်း ထွက်ပေါ်လာသော အေးစက်စက် ရယ်သံများမှာလည်း ကြိမ်နှုန်း တူညီနေပေသည်။

ဝမ်သိုက်သည် ပိတ်တော့မည့် အခန်းတံခါးကို ပြန်တွန်းဖွင့်လိုက်ပြီး

"တကယ်ကို တိုက်ဆိုင်တာပဲ၊ ဒါဆိုလည်း ခဏနေ သုံးမယ့်ပစ္စည်းတွေကို တစ်ခါတည်း ယူသွားလိုက်တော့မယ်၊ မနက်စာစားပြီးရင် တန်းသွားကြတာပေါ့၊ နောက်တစ်ခေါက် ပြန်လာဖို့ ပျင်းလို့" ဟု ပြောကာ အခန်းထဲသို့ ပြန်ဝင်သွားသည်။ သူမ ကျောပြင်လေးပင် ချန်စစ်ကျယ်ရှေ့မှ ချက်ချင်း ပျောက်ကွယ်သွားသည်။

ထူးဆန်းသည်မှာ ဝမ်သိုက်က ပစ္စည်းယူရန် အရင်ဝင်သွားသော်လည်း သူမ ပြန်ထွက်လာချိန်တွင်မူ ချန်စစ်ကျယ်က ကျောပိုးအိတ်ကလေး လွယ်ကာ အပြင်မှာ အဆင်သင့် စောင့်နေချေပြီ။

ပုခုံးပေါ်မှ အိတ်ကြိုးကို ပြင်လွယ်ရင်း ဝမ်သိုက်က ချန်စစ်ကျယ်၏ တစ်ကိုယ်လုံးကို အကဲခတ် ကြည့်လိုက်သည်။ တစ်ပတ်ပတ်ကြည့်ပြီးနောက် အေးစက်သော မြေခွေးမျက်ဝန်းပိုင်ရှင်ကို ကြည့်ကာ သူမက ခနဲ့တဲ့တဲ့ ပြောလိုက်သည်။

"ရှင် အခုပုံစံက ကျောင်းတက်ဖို့သွားနေတဲ့ အထက်တန်း ကျောင်းသားလေးနဲ့ တူနေတာပဲ၊ မဆိုးပါဘူး၊ နုပျိုအောင် ပြင်ဆင်ထားတာ အောင်မြင်တယ်လို့ ပြောရမယ်၊ ကိုယ့်အသက်ကို ဆယ်နှစ်လောက် လျှော့ပစ်နိုင်တာပဲ"

"မင်း မနက်က သံပရာရည် သောက်ထားတာလား၊ အပြင်းစားထင်တယ်၊ စကားတွေက ချဉ်စုတ်စုတ်နဲ့" ဟု ချန်စစ်ကျယ်က အေးစက်စက် ပြောကာ သူမနှင့်အတူ ဓာတ်လှေကားဆီသို့ ယှဉ်လျှောက်လာခဲ့သည်။

ဓာတ်လှေကားထဲတွင် အခြားလူများ ရှိနေသဖြင့် သူတို့နှစ်ဦး ခေတ္တ ငြိမ်သွားကြသည်။

မနက်စာကို အလောတကြီးပင် ဖြေရှင်းလိုက်ရသည်။ အကြောင်းမှာ ယခင်က "မလောပါဘူး၊ အေးအေးဆေးဆေး နားကြပါ" ဟု ပြောထားသော အလုပ်ရှင်က ရုတ်တရက် စိတ်ပြောင်းသွားကာ သူတို့ မနက်စာ စားနေစဉ်အတွင်း ချန်စစ်ကျယ်ထံသို့ ဖုန်းဆက်ကာ ပြီးပြီလားဟု မကြာခဏလှမ်းမေးနေသောကြောင့် ဖြစ်သည်။

ဝမ်သိုက်သည် အိတ်ထဲမှ ရေသန့်ဘူးကိုထုတ်ကာ အမြန်မော့သောက်လိုက်သည်။ သူမသည် လမ်းဘေးတွင် ဆောင့် ကြောင့်ထိုင်ကာ အစားများကို တစ်ခါတည်း အများကြီး စားလိုက်ရသဖြင့် အောင့်နေသော သူမ၏ ဝမ်းဗိုက်ကို နှိပ်ရင်း ညည်းညူကာ ပြောလိုက်သည်။

"တကယ်ဆို မနေ့ကတည်းက သွားလုပ်ပေးလို့ ရနေတာပဲ၊ သူပဲ နားခိုင်းထားပြီး အခုကျမှ ရှစ်နာရီကျော်တာနဲ့ လူကို အသည်းအသန် လာခေါ်နေတယ်"

ဟိုတယ်အထွက်တွင် ရပ်နေသော ချန်စစ်ကျယ်က သူမဘက်ကနေ မရပ်တည်ပေးဘဲ "ရှစ်နာရီဆိုတာ အလုပ်တက်ချိန်ပဲလေ၊ ပုံမှန်ပါပဲ.... မင်း ဒီအလုပ်လုပ်နေတာပဲ သိသင့်တာပေါ့၊ မနေ့ကတော့ သူ အခြေအနေကောင်းလို့ မလောတာ ဖြစ်မှာပါ၊ ဒီနေ့မှ တစ်ခုခု ထပ်ဖြစ်တာနေမှာ"

အလုပ်ရှင်က လွှတ်လိုက်သော ဒရိုင်ဘာမှာလည်း မကြာမီ ရောက်ရှိလာသည်။ ကားပေါ်ရောက်တော့ ဝမ်သိုက်က စကားလမ်းကြောင်း စလိုက်သည်

"ရှင့်ရဲ သူဌေးအခု ဘယ်လိုနေလဲ၊ ရှင် သိလား"

ဒရိုင်ဘာက နောက်ကြည့်မှန်မှတစ်ဆင့် ဝမ်သိုက်ကို တစ်ချက်ကြည့်လိုက်ပြီး

"ကျွန်တော်လည်း အသေအချာ မသိပါဘူး၊ သူဌေးရဲ့ ကိုယ် ရေးကိုယ်တာတွေက ကျွန်တော် သိနိုင်တဲ့အရာ မဟုတ်ဘူးလေ၊ ဒါပေမဲ့... စောစောက သူဌေး ကျွန်တော့်ကို လွှတ်လိုက်တုန်းကတော့ စကားပြောတာ အရမ်းလောနေတယ်၊ အသံတွေတောင် တုန်နေသလိုပဲ"

All Chapters