အခန်း ၃၆
Vol. 4 Ch. 36
Chapter 36
ဗီလာမှာ မြို့ပြင်တွင်ရှိပြီး စံအိမ်တော်ကြီးဟု ခေါ်လျှင် ပို၍ သင့်တော်ပေလိမ့်မည်။
အလိုအလျောက် စနစ်ဖြင့် ပွင့်သွားသော တံခါးကြီးမှတစ်ဆင့် ကားလေးသည် စံအိမ်ထဲသို့ ဝင်ရောက်လာသည်။ မြေအောက် ကားပါကင်တွင် လုပ်ငန်းသုံးနှင့် အပြင်သွား ကားအမျိုးမျိုးကို စနစ်တကျ စီထားသည်။ ဒရိုင်ဘာက အလွန် စနစ်ကျသူဖြစ်သဖြင့် ကားပေါ်မှဆင်းပြီး သူတို့သွားရမည့် လမ်းကို ပြပေးရုံသာ လုပ်ပေးပြီး ထွက်သွားခဲ့သည်။
ဝမ်သိုက်နှင့် ချန်စစ်ကျယ်တို့သည် လမ်းညွှန်ချက်အတိုင်း ဓာတ်လှေကားဖြင့် လေးလွှာသို့ တက်လာခဲ့ကြသည်။
ဓာတ်လှေကား တံခါးပွင့်သွားသည်နှင့် ဘေးဘက်တွင် ဖိနပ်များ စီထားသည်ကိုတွေ့ရသည်။ ဝမ်သိုက်သည် ဖိနပ်စွပ်ကို ယူရန် လက်ပြင်လိုက်စဉ်မှာပင် အလွန်မြန်ဆန်သော ခြေသံများကြားလိုက်ရသည်။ လူကို မမြင်ရသေးသော်လည်း ထိုကယောက်ကယက် ဖြစ်နေသော ခြေသံများကို နားထောင်ခြင်းဖြင့် ပိုင်ရှင်မှာ မည်မျှထိတ်လန့်နေကြောင်း သိနိုင်ပေသည်။
ထိုသူဌေးသည် ပြေးလာရင်း ချော်လဲကာ သူတို့ရှေ့သို့ ရောက်လာခြင်း ဖြစ်သည်။ ဝမ်သိုက်သည် ဖိနပ်အစွပ်ကို ကိုင်ထားဆဲပုံစံဖြင့် ထိုအမျိုးသားကို ကြည့်နေမိသည်။
ဆံပင်အနက်ရောင်များမှာ ငှက်သိုက်ကဲ့သို့ ဖရိုဖရဲဖြစ်နေသည်။ မျက်နှာမှာလည်း ရှုံ့တွနေပြီး ပါးပြင်ပေါ်တွင် တွန့်လိပ်နေသော အရေးအကြောင်းများမှာ ထူးဆန်းလှသည်။ အဆန်းကြယ်ဆုံးမှာ သူ့ မျက်လုံးအဖြူသားများပင်။
ဝါကျင့်ကျင့် ဖြစ်နေပြီး အနီးကပ်ကြည့်လျှင် ထိုအဝါရောင်ကြား၌ ဖျော့တော့သော အပြာနုရောင်များ ယှက်သန်းနေသည်။ သူဝတ်ထားသော အိပ်ယာဝင် ဝတ်စုံမှာလည်း အလွန်ဖရိုဖရဲ ဖြစ်နေချေပြီ။
သူ ရပ်လိုက်ပုံကလည်း ထူးခြားသည်။ ဝမ်သိုက်၏ခြေရင်းတွင် ဒူးထောက် လျက်သားလဲကျသွားခြင်း ဖြစ်သည်။ သူ ပြန်ထရပ်ရန် ကြိုးစားသော်လည်း အကြိမ်ကြိမ်ပြန်ချော်လဲနေသဖြင့် ဒူးနှင့် ကြမ်းပြင် ထိမှန်သံမှာ အသံကြားရုံနှင့်ပင် နာကျင်မှုကို ခံစားရစေသည်။
ဝမ်သိုက်သည် ဖိနပ်အစွပ်ယူမည့် စိတ်ကို ဖျောက်လိုက်ပြီး ချန်စစ်ကျယ်နှင့်အတူ ထိုသူဌေးကို တွဲထူပေးလိုက်သည်။
"အဲ... သူဌေး၊ ရှင် ဘာဖြစ်လို့လဲ"
ယခုအချိန်အထိ ဝမ်သိုက်သည် ထိုသူဌေး၏အမည်ကို မသိသေးပေ။ သူမသည် သူဌေးလက်မောင်းကို ကိုင်ကာ အားကုန်သုံး၍ တွဲထားပေးရသည်။
ခြေထောက်နှစ်ဖက်လုံး ပျော့ခွေနေသော ထိုအမျိုးသားသည် သူတို့နှစ်ဦးကို တစ်ချက်စီကြည့်ကာ အားမရှိသော အပြုံးဖြင့်
"ကျွန်တော် ဘာဖြစ်နေလဲဆိုတာ အသိသာကြီး မဟုတ်ဘူးလား၊ ဝဋ်လည်နေတာပါပဲ၊ ကျွန်တော့်နာမည်က ချောင်တယ် ပါ"
ဝမ်သိုက်အတွက် ဝိညာဉ်မြင်နိုင်သော မျက်စိမှာ တစ်ခါတစ် ရံ အလိုအလျောက်ပွင့်တတ်ပြီး တစ်ခါတစ်ရံ ကိုယ်တိုင် ဖွင့်ယူရသည်။ စောစောက ရန်ချင်း၏ကျောပေါ်မှ ဟောက်ဟောက်ကို မြင်ရခြင်းမှာ အလိုအလျောက် ပွင့်သွားခြင်းဖြစ်သော်လည်း ယခု ချောင်တယ်၏အိမ်ထဲတွင် ဝမ်သိုက် အကဲ ခတ်ကြည့်သော်လည်း မည်သည့် ဝိညာဉ်အရိပ်အယောင်မျှ မတွေ့ရပေ။
သူတို့သည် ချောင်တယ်ကို ဧည့်ခန်းရှိ ဆိုဖာပေါ်သို့တွဲပို့ပေး လိုက်ကြသည်။ ဝမ်သိုက်သည် နာကျင်နေသော သူမ၏ လက်မောင်းကို နှိပ်ရင်း ဆိုဖာပေါ်တွင် တုန်ရီနေသော ချောင်တယ်ကိုကြည့်ကာ ပြောလိုက်သည်။
"ပြဿနာကို ဖြေရှင်းဖို့ဆိုရင်တော့ ချောင်သူဌေးဘက်က အဖြစ်မှန်ကို အရင်ပြောပြဖို့ လိုပါမယ်၊ ရှင်က နယ်ကျော်ပြီး ချန်စစ်ကျယ်ဆီအထိ ရှာလာတယ်ဆိုကတည်းက ရှင့်ဆီက ပြဿနာကို ဒေသခံဆရာတွေ မဖြေရှင်းနိုင်လို့ ဖြစ်မှာပါ”
“ကျွန်မ ခန့်မှန်းရသလောက်တော့ ရှင် လမ်းဘေးမှာ မတော် တဆ ဝိညာဉ် အကပ်ခံရတာမျိုး မဟုတ်ပါဘူး၊ တစ်ခုခု ရန်ငြိုးရှိနေတယ်ဆိုရင် အမှန်အတိုင်းပြောပြပါ၊ ရှင် လိမ်ပြောရင်လည်း ကျွန်မက ရှင့်ရဲ့ အတိတ်ကို တိုက်ရိုက်ကြည့်လို့ရတယ်နော်"
"တကယ်တော့လည်း ဘာမှ မဟုတ်ပါဘူး..."
ဆိုဖာပေါ်တွင် ကွေးနေသော ချောင်တယ်က တိုးညှင်းစွာ ပြောသည်။
"သူမ... သူမက ကျွန်တော့်ရဲ့အတွင်းရေးမှူးဟောင်းပါ၊ မကြာသေးခင်ကမှ အဆောက်အဦးပေါ်ကနေ ခုန်ချသေဆုံးသွားတာ... အဲဒီနောက်ပိုင်း ကျွန်တော်လည်း ခဏခဏ ဝိညာဉ်ခြောက်တာ ခံရတယ်၊ အိပ်မက်ဆိုးတွေလည်း အမြဲမက်တယ်၊ လူလည်း တဖြည်းဖြည်းအားအင်ကုန်လာတယ်”
“ကျွန်တော် ဒီမြို့က ဆရာအချို့နဲ့ ပြခဲ့ပါသေးတယ်၊ ပိုက်ဆံပေးတုန်းကတော့ သူတို့က သေချာပေါက် အမြစ်ပြတ်အောင် လုပ်ပေးမယ်၊ ဝိညာဉ်ကို တစ်ခါတည်း သတ်ပစ်မယ်လို့ ပြောကြတာပဲ၊ ဒါပေမဲ့ နှစ်ရက်လောက်ပဲ နေသာပြီး နောက်ပိုင်း ပြန်ခံစားရတာပဲ"
ဝမ်သိုက်သည် ခေါင်းကို စောင်းကာ ဘာမှမပြောဘဲ ချောင်တယ်ကို လှောင်ပြောင်သောအကြည့်ဖြင့် ကြည့်နေသည်။ ဘေးမှ ချန်စစ်ကျယ်ကလည်း တည်ငြိမ်သော မျက်နှာဖြင့်ပင် ခပ်စိမ်းစိမ်း ကြည့်နေပေသည်။
ဝမ်သိုက် နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး သက်ပြင်းချကာ
"သူဌေးဆိုတော့လည်း စကား အရမ်းတတ်တာပဲ၊ သူဌေးချောင် ကျွန်မတို့ကြားက ဆက်ဆံရေးကို ရှင်းရှင်းလင်းလင်း သိစေချင်ပါတယ်၊ ရှင် ပိုက်ဆံပေးရင် ကျွန်မတို့ အလုပ်လုပ်ပေးမှာပါ၊ ဒါပေမဲ့ ရှင်က အမှန်အတိုင်းမပြောရင် ကျွန်မတို့ ဘယ်လိုလုပ်ပေးရမလဲ၊ လူအချင်းချင်း ယုံကြည်မှုရှိဖို့လိုတယ်လေ၊ ဝိညာဉ်နှင်တဲ့ နည်းလမ်းက အများကြီးရှိတယ်၊ သတ်ပစ်တဲ့နည်းက ဝဋ်ကြွေးကြီးတယ်၊ မဖြစ်မနေမှသာ သုံးတာမို့လို့ ရှင် အဖြစ်မှန်ကို ရှင်းရှင်းလင်းလင်းပြောပြပါ"
"သူမပြောတာ မှန်တယ်၊ သူဌေးချောင် ကိုယ်ရေးကိုယ်တာ အရပြောရင် ကျွန်တော်လည်း လိမ်ပြောတဲ့ သူဌေးရဲ့အလုပ်ကို မယူချင်ဘူး၊ ခင်ဗျားရဲ့ ဝဋ်ကြွေးတွေကြားထဲ မပါဝင်ချင်ဘူး" ဟု ချန်စစ်ကျယ် အေးစက်စက် ပြောလိုက်သည်။
ချောင်တယ်သည် သူတို့နှစ်ဦး အလုပ်လက်ခံမည်မဟုတ်သည်ကို စိုးရိမ်သဖြင့် အသည်းအသန်ထထိုင်လိုက်ပြီး လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ကာ ခဏအကြာမှ ဆုံးဖြတ်ချက် ချလိုက်သည်။
"ကျွန်တော် ပြောပါ့မယ်"
"လွန်ခဲ့တဲ့ လေးနှစ်လောက်ကပေါ့၊ သူမက တက္ကသိုလ်က ဘွဲ့ရကာစ အလုပ်ရှာနေတာ၊ အင်တာဗျူးတုန်းက သူမက ရုပ်ရည်လေး သန့်တာနဲ့ ကျွန်တော်က အတွင်းရေးမှူးအဖြစ် ခန့်လိုက်တယ်၊ နောက်ပိုင်း ကျွန်တော်က 'အစ်ကိုကြီး' ပုံစံမျိုးနဲ့ သူမကို ချဉ်းကပ်ခဲ့တာပေါ့”
“သူမက ကျေးလက်ကလာတာ၊ ငွေလည်း အသည်းအသန် လိုနေတယ်ဆိုတာ ကျွန်တော် သိခဲ့တယ်၊ အရက်ဝိုင်းတစ်ခုမှာ ကျွန်တော်က သူမ အစားအရက်တွေ အများကြီး ကူသောက်ပေးခဲ့တယ်၊ တကယ်ဆို အတွင်းရေးမှူးက အလုပ် ရှင်အစား သောက်ပေးရတာလေ၊ အဲဒီနောက်တော့..."
သူက ခေတ္တရပ်ကာ မျက်တောင်ချလိုက်ပြီး
"ကျွန်တော်က မူးချင်ယောင်ဆောင်ပြီး သူမအပေါ် မှီလိုက်တယ်၊ ကားပေါ်မှာ ကျွန်တော် သူမကို ချစ်တယ်လို့ ဖွင့်ပြောပြီး ကျွန်တော့်ရဲ့အခက်အခဲတွေကို ပြောပြခဲ့တယ်၊ အဲဒီနောက်တော့ ကျွန်တော်တို့ကြားမှာ ပတ်သက်မှုတွေ ဖြစ်ကုန်တာပေါ့"
ထိုအချိန်က အမျိုးသမီး၏ဖြူစင်မှုများကို သူ ပြန်လည်အမှတ်ရသွားပုံရပြီး
"တကယ်တော့ အဲဒီအချိန်က ကျွန်တော် သူမကို တကယ် ချစ်ခဲ့တာပါ၊ လေးနှစ်လုံးလုံး ကျွန်တော်တို့ ဒီလိုပဲ ပတ်သက်ခဲ့ကြတယ်၊ အပြင်မှာဆိုရင် ချစ်သူတွေလိုပါပဲ၊ ဒါပေမဲ့ နောက်ပိုင်း ကျွန်တော့်ဇနီးက သိသွားပြီး လမ်းခွဲဖို့ပြောလာတယ်”
“သူမမှာ ကိုယ်ဝန်ရှိနေပြီ၊ ကျွန်တော်နဲ့ ကျွန်တော့်ဇနီးမှာတော့ ကလေးမရှိဘူး၊ ကျွန်တော် သူမကိုလမ်းခွဲခအဖြစ် ငွေငါးသန်းပေးခဲ့တယ်၊ ကလေးကိုလည်း ဖျက်ချခိုင်းခဲ့တယ်၊ အလုပ်လည်း အသစ်တစ်ခု ရှာပေးခဲ့သေးတယ်၊ ဒီလောက်ဆိုရင် သူမ ဘဝအဆင်ပြေသွားပြီလို့ ကျွန်တော် ထင်ခဲ့တာ၊ သူမ ဒီလို ခုန်ချသွားလိမ့်မယ်လို့ ကျွန်တော် လုံးဝမထင်ထားခဲ့ဘူး"
ဝမ်သိုက်သည် ချောင်တယ်၏ဘေးဘက်သို့ ကြည့်လိုက်ရာ စောစောက မရှိသော အမျိုးသမီး တစ်ယောက်ရောက်နေ သည်ကို တွေ့လိုက်ရသည်။ ဆံပင်အရှည်ကြီးမှာ ခါးအထိ ကျနေပြီး ရုပ်ရည်မှာလည်း တက္ကသိုလ်တစ်ခုခုတွင် လူပြောများမည့် အလှပိုင်ရှင်လေးဖြစ်သည်။
သူမ ဝမ်းဗိုက်ကလေးမှာ အနည်းငယ် ပူနေဆဲဖြစ်ပြီး ချောင်တယ်ဘက်သို့ မျက်နှာစောင်းကာ သွေးကြောများ ယှက်သန်းနေသော မျက်ဝန်းများမှ မျက်ရည်ကြည်များ စီးကျနေပေသည်။
ဝမ်သိုက်သည် စိတ်မကောင်းဖြစ်သွားမိကာ ချောင်တယ်၏ နဖူးကိုလက်ဖြင့် တို့လိုက်ပြီး မန္တန်အချို့ကို ရွတ်ဆိုကာ "လှည့်ကြည့်လိုက်" ဟု ပြောလိုက်သည်။
ချောင်တယ်သည် သတိမဲ့စွာလှည့်ကြည့်လိုက်ရာ သူ့ အိပ် မက်ထဲတွင်သာ ခြောက်လှန့်နေသော၊ လက်တွေ့တွင်လည်း ပုံရိပ်ယောင်အဖြစ်သာ မြင်နေရသော အမျိုးသမီးကို အပြင်မှာကဲ့သို့ ထင်ရှားစွာမြင်လိုက်ရသည်။ သူ အလွန်အမင်း ထိတ်လန့်သွားသဖြင့် နှလုံးပင် ရပ်မတတ် ဖြစ်သွားသည်။
သူသည် မျက်တောင်မခတ်ဘဲ အမျိုးသမီး၏ ပူနေသော ဝမ်းဗိုက်ကို ကြည့်နေမိသည်။ သူမ သေသွား သော်လည်း သူမကမူ အမြဲတမ်း ပွတ်သပ်နေဆဲဖြစ်သည်။ ချောင်တယ်အတွက် ထိုကလေးမှာ သေဆုံးသွားပြီဖြစ်သော်လည်း သူမအတွက်မူ အမြဲ ရှင်သန်နေဆဲပင်။
"ကျွမ်းကျွမ်း..."
ချောင်တယ် တိုးတိုးလေး ခေါ်လိုက်ပြီး လက်ကို ဆန့်ထုတ်ကာ သူမကို ထိတွေ့ရန် ကြိုးစားသော်လည်း သူမ ကိုယ်ကို ဖောက်ထွက်သွားသည်။
ယောင်ကျွမ်းကမူ ခေါင်းငုံ့ကာ မိမိကိုယ်ကိုယ် လှောင်ပြောင်သကဲ့သို့ ရယ်သံစွက်ကာ ရယ်မောနေသည်။ သူမသည် ချောင်တယ်ကို လုံးဝ ဂရုမစိုက်ဘဲ အဝေးတွင် ရပ်နေသော ဝမ်သိုက်ကိုသာ မော့ကြည့်လိုက်သည်။
"မိန်းကလေးဝမ်၊ ကျွန်မရဲ့ အမြင်ကနေ ဖြစ်ပျက်ခဲ့တဲ့ အကြောင်းတွေကိုလည်း ရှင် သိသင့်တယ်လို့ ထင်ပါတယ်"
ယောင်ကျွမ်း၏ကမ္ဘာတွင်မူ ချောင်တယ် ပြောပြခဲ့သော ဇာတ်လမ်းနှင့် လုံးဝခြားနားနေပေသည်။
လွန်ခဲ့သော နှစ်ပေါင်း ၂၆ နှစ်က ယောင်ကျွမ်းသည် ဆင်းရဲသော ကျေးလက်မြို့လေးတစ်မြို့တွင် မွေးဖွားခဲ့သည်။ သူမတွင် ညီမနှစ်ယောက်နှင့် မောင်လေးတစ်ယောက်ရှိပြီး မောင်လေးမှာ အငယ်ဆုံးဖြစ်သည်။ သူမသည် ကျောင်းကိုအပတ် တကုတ် ကြိုးစားတက်ခဲ့ရသည်။
အဘယ်ကြောင့်ဆိုသော် ကျောင်းစာမတော်လျှင် ကျောင်းထွက်ပြီး အိမ်ထောင်ပြုခိုင်းမည်ကို သိသောကြောင့်ဖြစ် သည်။ သူမသည် တက္ကသိုလ်တွင် ဆရာအတတ်သင်ဘာသာ ရပ်ကို ယူခဲ့သည်၊ အကြောင်းမှာ ကျောင်းလခသက်သာသောကြောင့်ပင်။