← Chapters

အခန်း ၃၇

Vol. 4 Ch. 37

အခန်း ၃၇

Vol. 4 Ch. 37

Chapter 37

နိမ့်ကျသော နေရာတွင် နေရသူများအတွက် တောင်ထိပ်မှ မြင်ရသော အရာများမှာ ကျောက်ခဲများသာ ဖြစ်သည်။

သူမမှာ ဘယ်လို အမြော်အမြင်မျိုး ရှိနိုင်မည်နည်း။ သူမ သိသည်မှာ တရုတ်စာပေ ဘာသာရပ်သည် ဘက်စုံသုံး၍ရသည်။ အလုပ်ရှာရ မခက်နိုင်ဟု ထင်ခဲ့ခြင်း ဖြစ်သည်။ သူမသည် မာစတာ တက်ချင်သော်လည်း မိသားစုက ခွင့်မပြုပေ။ သူမ ကိုယ်တိုင် ပိုက်ဆံရှာပြီးတက်မည်ဟု ပြောသော်လည်း သူတို့က နားမလည်ကြပေ။

ဘွဲ့ရပြီးနောက် အလုပ်ရှာရသည်မှာ အလွန်ခက်ခဲသည်။ တက္ကသိုလ်တွင် ဆရာလက်မှတ် ရထားသော်လည်း မြို့ကြီးများတွင် ဆရာမလုပ်ရန်မှာ မလွယ်ကူပေ။ သူမသည် ကျေးလက်သို့လည်း ပြန်မသွားချင်ပေ။

"ကျွန်မ ကျောင်းတုန်းက ဆရာတွေပြောဖူးတဲ့ အတွင်းရေးမှူး အလုပ်ကို စဉ်းစားမိတယ်၊ ကုမ္ပဏီ တော်တော်များများက အတွင်းရေးမှူးဆိုတာ သူဌေးရဲ့လျှို့ဝှက်ချစ်သူ ဆိုတာကို အရိပ်အမြွက် ပြောကြတယ်၊ သာမန် အလုပ်တစ်ခုရဖို့တောင် ဒီလောက်ခက်ခဲနေတဲ့ ဒီလောကကြီးမှာ အသက်ရှင်ရတာ တကယ်ကို ပင်ပန်းပါတယ်"

ချောင်တယ်၏ကုမ္ပဏီကို သွားလျှောက်စဉ်ကလည်း သူမ မျှော်လင့်ချက် မထားခဲ့ပေ။ သို့သော် အလုပ်ရှင်ကိုယ်တိုင် လာရောက်တွေ့ဆုံပြီး လစာကောင်းကောင်း၊ စားစရိတ်ငြိမ်းဖြင့် ခန့်လိုက်သောအခါ သူမ အံ့ဩသွားခဲ့သည်။

"ကျွန်မ အမြဲ သတိထားခဲ့ပါတယ်၊ အစပိုင်းမှာ အဆင်ပြေနေတာက ကျွန်မရဲ့သတိကို လျှော့ချဖို့များလားလို့ ကြောက်ခဲ့တာ၊ ဒါပေမဲ့ လအနည်းငယ်ကြာတဲ့အထိ ဘာမှ မဖြစ်ခဲ့ဘူး၊ အလုပ်ရှင်ကလည်း ကျွန်မကို အစ်ကိုကြီး တစ်ယောက်လိုပဲ ဆက်ဆံခဲ့တယ်၊ ဒါပေမဲ့..."

အရက်ဝိုင်းတွင် သူမအစား အရက်သောက်ပေးခဲ့သည် ဆိုသောအချက်မှာ သူမ အတော်လေးမူးနေသည့် အချိန်မှသာ ဖြစ်သည်။

အလုပ်ရှင်က သူမအပေါ် မဖွယ်မရာ မလုပ်သော်လည်း အရက်ဝိုင်းရှိ အခြားသူများကမူ သူမကို ထိကပါး ရိကပါး လုပ်ကြသည်။ သူမသည် အလုပ်ပြုတ်မည်ကိုကြောက်သဖြင့် သည်းခံခဲ့ရသည်။ ဤမြို့တွင် အလုပ်ကောင်းတစ်ခုရရန် မလွယ်ကူပေ။ အသက်ရှင်ခြင်းဆိုသည်မှာ တစ်ခါတစ်ရံ အရှက်တရားကို မျိုသိပ်၍ဆက်လက်ရှင်သန်နေရခြင်းပင်။

ချောင်တယ်နှင့် ပတ်သက်မှုဖြစ်ခဲ့သော ထိုညကလည်း သူမသည် အခြားသူများ၏လက်ဆော့မှုများကို သည်းခံခဲ့ရသည်။ အရက်တွေ တစ်ခွက်ပြီး တစ်ခွက် သောက်ခဲ့ရပြီး သတိလွတ်တော့မည့် အချိန်မှသာ ချောင်တယ်က ဝင်လာခဲ့ခြင်းဖြစ်သည်။

ထိုစဉ်က ချောင်တယ်၏အသံကို သူမ မှတ်မိနေသည်၊ သူမ ခံစားခဲ့ရသည်မှာ

"သူက တကယ်ကို လူယုတ်မာတစ်ယောက်ပါပဲ"

"ကျွန်တော့် အတွင်းရေးမှူးက ငယ်သေးတယ်၊ တစ်ကိုယ် တည်းသမားလေးပါ။ သူမ အခုလို ဖြစ်နေတာကို ကြည့်ပြီး ခင်ဗျားတို့က သောက်ခိုင်းနေတာ ဘာသဘောလဲ၊ လာ... ကျွန်တော်တို့ အတူတူ သောက်ကြမယ်" ဟု ချောင်တယ်က ပြောခဲ့ခြင်းဖြစ်သည်။

"နောက်တော့ သူပဲ ကျွန်မကို အိမ်ပြန်ပို့ပေးခဲ့တာ၊ အချိန်ကလည်း တော်တော်နောက်ကျနေပြီလေ၊ သူပြောသလိုပဲ ကျွန်မက မူးနေတော့ တစ်ယောက်တည်း တက္ကစီငှားပြန်ဖို့က အန္တရာယ်ရှိနိုင်တယ်၊ ကားငှားရဖို့လည်း ခက်နိုင်တယ် မဟုတ်လား”

“ကျွန်မကိုယ် ကျွန်မ လုံလောက်အောင် သတိထားခဲ့တယ်လို့ ထင်ခဲ့ပေမဲ့ ကိုယ့်ကို ဝါးမြိုချင်နေတဲ့သူကတော့ နည်းလမ်းပေါင်းသောင်းခြောက်ထောင်နဲ့ အမိအရ ဖမ်းစားမှာပါပဲ"

ရှေ့ခန်းနှင့် နောက်ခန်းအကြားတွင် အကာအကွယ်မှန် ရှိနေသည်။ ရှိမနေလျှင်ပင် ကားဆရာက နောက်လှည့်ကြည့်မည်မဟုတ်ပေ။

သူ့လက်များက သူမ ကိုယ်ရှေ့သို့ရောက်လာပြီး ပြင်းထန်လှသော အရက်နံ့များက သူမနှာခေါင်းထဲ တိုးဝင်လာသည်။ နားရွက်နားသို့ ကျရောက်လာသော လေပူများကြောင့် သူမ ရွံရှာမောပန်းလာရသည်။

"ကျွမ်းကျွမ်း၊ နင်က သိပ်မွှေးတာပဲ ကျွမ်းကျွမ်းရယ်၊ သိပ်လှတာပဲ"

ပူနွေးသော နှုတ်ခမ်းအစုံက သူမ ပါးပြင်ထက်သို့ ကျရောက် လာပြီး ပါးမှတစ်ဆင့် လည်ပင်းဆီသို့ နမ်းရှုံ့လာရာ သူမ ရင်ထဲတွင် ဗြောင်းဆန်လာသော်လည်း လွန်ဆန်၍မရချေ။

သူမ တံတောင်ဆွဲဖြင့် သူ့ရင်ဘတ်ကို တွန်းဖယ်သော်လည်း မရခဲ့ချေ။ ထိုစဉ်က သူမသည် အလွန်အမင်းမျှော်လင့်ချက်မဲ့နေခဲ့ရသည်။ သူပြောနေသည့် ချစ်စကားဆိုသည်များကို သူမ မကြားနိုင်သလို မှတ်လည်းမမှတ်မိတော့ချေ။သူမ သိထားသည်မှာ သူမ၏လွန်ခဲ့သော အနှစ်နှစ်ဆယ်ကျော် သက်တမ်းပင်။

အမေဗိုက်ထဲရှိစဉ်ကတည်းက လူတိုင်း၏မျှော်လင့်ခြင်းကို ခံခဲ့ရသည်။ မွေးဖွားလာသော အခါတွင်လည်း သားဦးသမီးဦး ဖြစ်သဖြင့် ညီမလတ်ကဲ့သို့ အနိုင်ကျင့် မခံရဘဲ အခွင့်အရေးအချို့ ရရှိခဲ့သည်။

အထက်တန်းမအောင်ခင် အိမ်က အတင်းအဓမ္မလူလား မြောက်အောင် အိမ်ထောင်ချပေးခြင်းမျိုး မခံခဲ့ရဘဲ ရွေးချယ်ခွင့် ရခဲ့ပေသည်။ သူမ၏စာမေးပွဲရလဒ်က မကောင်းသဖြင့် သူမနှင့် နှိုင်းယှဉ်ကာ ညီမလတ်မှာ အပြစ် တင်ခံခဲ့ရသော်လည်း တကယ်တမ်းတွင် ညီမလတ်က အမှတ်ကောင်းသဖြင့် ထိပ်တန်းကျောင်းသို့ ဝင်ခွင့်ရခဲ့သူ ဖြစ်သည်။

သို့သော်လည်း ငွေနှစ်သိန်းဆိုသော တောင်းရမ်းခကြောင့်သာ ညီမလတ်မှာအရာရာတွင် အသုံးမကျသူဖြစ်သွားပြီး အိမ်ထောင်ပြုခဲ့ရပေသည်။

ရင်ဘတ်ဆီမှ စူးခနဲ နာကျင်မှုကို ခံစားလိုက်ရသည်။ ၎င်းမှာ ချောင်တယ်၏လက်ချက်ပင်။

"ကျွမ်းကျွမ်း၊ ငါ့နောက်ကိုပဲ လိုက်ခဲ့ပါ၊ ငါ နင့်ကို ချစ်နေတာ ကြာပါပြီ၊ ငါ့မိန်းမကသာ ပြဿနာမရှာရင် ငါ ဧကန်အမှန် ကွာရှင်းပြီး နင့်ကိုလက်ထပ်မှာပါ၊ ကျွမ်းကျွမ်း၊ ငါ့နောက်ကို လိုက်ခဲ့ပါ၊ ငါ နင့်အပေါ် ကောင်းပါ့မယ်၊ နင်က ပိုက်ဆံလိုနေတာ မဟုတ်လား၊ နင့်အမေ ဖုန်းဆက်ပြီး ပြောနေတာတွေကို ငါကြားတယ်”

“နင့်မောင်လေး ကျောင်းမှာ လူရိုက်လို့ လျော်ကြေးပေးဖို့ ပိုက်ဆံအရေးပေါ် လိုနေတယ်ဆို၊ သနားစရာကောင်းတဲ့ ကျွမ်းကျွမ်းရယ်၊ နင့်ညီမလေးကို ငွေနဲ့လဲပြီး အိမ်ထောင်ချပေးမယ့်အစား ငါ့နားမှာပဲ နေပါ၊ ငါ နင့်ကို ပိုက်ဆံတွေ အများကြီးပေးပါ့မယ်"

ဟုတ်ပေသည်။ သူမတွင် ပိုက်ဆံအများကြီး လိုအပ်နေ သည်။ ထိုအကျဉ်းထောင်သဖွယ် အိမ်ထဲမှ သူမ ညီမအငယ်လေးကို ကယ်ထုတ်နိုင်ရန်အတွက် လုံလောက်သော ပိုက်ဆံများ လိုအပ်နေပေသည်။

တင်းထားသောလက်မောင်းများမှာ နောက်ဆုံးတွင် လျော့ကျ သွားရတော့သည်။

သူမ အိမ်ကို မည်သို့ပြန်ရောက်ခဲ့သည်ကို မမှတ်မိတော့ချေ။ ရွံရှာဖွယ်ကောင်းလှသော ထိုအတွေ့အကြုံများကို သူမ၏ ဦးနှောက်က ဖျောက်ဖျက်ပစ်လိုက်ပြီဖြစ်ပေသည်။

သူမကိုယ် သူမ ပြောနေမိသည်မှာ ရှင်သန်ချင်လျှင် အရှက်တရားကို မြိုသိပ်ရမည်။ မဖြစ်မနေ ရှင်သန်ရမည်ဖြစ်၍ အရှက်တရားကို ပိုမြိုသိပ်ရမည်ဟူ၍ဖြစ်သည်။

အခက်အခဲများစွာနှင့် အသက် နှစ်ဆယ့်နှစ်နှစ်အထိ ရှင်သန်ခဲ့ရသည်။ အရှက်တရားမဲ့စွာနှင့် အသက် နှစ်ဆယ့်နှစ်နှစ်အထိ နေထိုင်ခဲ့ရသည်။ သူမ မည်မျှအကြိမ်ကြိမ် ထွက်ပြေးခဲ့သည်ကို မမှတ်မိတော့သော်လည်း လွတ်မြောက်ခြင်း မရှိခဲ့ချေ။

တစ်ညတာ ရွံရှာစရာကောင်းခြင်းက တစ်လလုံးရှာမရနိုင်သော ငွေကြေးနှင့် လဲလှယ်နိုင်သည်မှာ အလွန်တန်လှပေသည်။

"ကျွန်မမှာ ပိုက်ဆံရှိလာတယ်၊ အိမ်အတွက် အိမ်တစ်လုံး ဝယ်ပေးခဲ့တယ်၊ ကျွန်မရဲ့ ညီမအငယ်ဆုံးလေးအတွက် နေရောင်ရတဲ့ အခန်းကျယ်ကြီး တစ်ခန်းပေးဖို့ မိဘတွေကို တောင်းဆိုခဲ့တယ်၊ ညီမလေးကတော့ အိမ်က ရောင်းစားတာ မခံရဘဲ ပညာကောင်းကောင်း သင်ခဲ့ရတယ်”

“လွန်ခဲ့တဲ့ နှစ်နှစ်က လီကျိုးတက္ကသိုလ်ကို တက်ခဲ့တယ်၊ ကျွန်မရဲ့ မောင်လေးကတော့ အထက်တန်းမှာ ရန်ခဏခဏဖြစ်လို့ ကျောင်းထုတ်ခံရပြီး အခုတော့ စက်ရုံမှာ အလုပ်လုပ်နေတယ်၊ ကျွန်မကတော့ အရာအားလုံး ကောင်းမွန်လာတော့မယ်လို့ ထင်ခဲ့တာ"

နှစ်အနည်းငယ်မျှ ကြာလာသောအခါ သူမသည် ထုံထိုင်းလာခဲ့ပြီ ဖြစ်သည်။ မြစ်နားမှာ အမြဲလျှောက်နေသူက ဖိနပ်မစိုဘဲ မနေနိုင်ဟူသော စကားအတိုင်းကိုယ်ဝန်ရလာခြင်းဖြစ်သည်။ ဇနီးသည်မှ လာရောက်ပြဿနာရှာခြင်းနှင့် သူ့ဘက်ကအဆက်အသွယ်ဖြတ်ခြင်းတို့မှာ သူမ တွေးထင်ထားသည့်အတိုင်းဖြစ်လာခဲ့ပေသည်။

All Chapters